Transparency Myanmar

transparency.myanmar@gmail.com

အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သော လာအိုနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးသည် လာမည့် ရက်သတ္တပတ် အတွင်း အမေရိကန် ပြည်ထောင်စုသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဉ်သည် လာအို နိုင်ငံခြားရေး ဝန်ကြီး တစ်ဦးအတွက် ဗီယက်နမ် စစ်ပွဲ ပြီးဆုံးသည့် အချိန်မှ စ၍ အမေရိကန်သို့ ပထမဆုံး သွားရောက်သည့် ခရီးစဉ် ဖြစ်သည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုက အရှေ့တောင် အာရှဒေသတွင်း အမေရိကန် သြဇာ လွှမ်းမိုးမှုကို ပြန်လည် တည်ဆောက်လိုကြောင်းလည်း သံတမန်များက ဆိုသည်။

လာအို နိုင်ငံခြားရေး ဝန်ကြီး Thong Sisoulith (ဒုတိယ နိုင်ငံခြားရေး အဖြစ်လည်း တာဝန် ယူထားသူ) သည် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်တွင် ရက် အတန်ကြာ နေထိုင်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့်လည်း တွေ့ဆုံဖွယ် ရှိသည်ဟု သံတမန်များက AFP သတင်းဌာနသို့ ပြောကြားသည်။

ယင်းခရီးစဉ်သည် ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကွန်မြူနစ်များ သိမ်းပိုက်ခဲ့သည့် ၁၉၇၅ ခုနှစ် နောက်ပိုင်း လာအို အဆင့်မြင့် အရာရှိတစ်ဦး အနေဖြင့် ပထမဆုံးအကြိမ် ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် စစ်ပွဲ အကူအညီဖြင့် ကွန်မြူနစ်များက လာအိုနိုင်ငံကို သိမ်းပိုက်ခဲ့သည်။ ယခုအခါ ဗီယက်နမ် အစိုးရမှာ အမေရိကန် ကျောထောက် နောက်ခံ ပေးမှုကို ရယူထားသည်။

လာအို-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကို ကြည့်လျှင် မည်သည့် အခါကမျှ ဆိုးဆိုးရွားရွား မရှိခဲ့ပေ။ သို့သော် ဗီယက်နမ် စစ်ပွဲအတွင်း အမေရိကန် တပ်ဖွဲ့များကို အကူအညီ ပေးခဲ့သော ဟမ်မုံ တိုင်းရင်းသား လူမျိုးစုများအပေါ် လာအိုအစိုးရက ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဝါရှင်တန် အစိုးရက စိုးရိမ် ပူပန်မိသည်ဟု ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ရာ နှစ်နိုင်ငံ ဆက်ဆံရေး နှစ်အတန်ကြာ တင်းမာခဲ့ဖူးသည်။

သို့သော် ၂၀၀၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုက လာအိုနိုင်ငံနှင့် ပုံမှန် ကုန်သွယ်ရေး တစ်ရပ်ကို စတင် ထူထောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်သို့ အရောက်တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက လာအိုနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသော ကုမ္ပဏီများ အပေါ် ငွေထုတ်ချေးမှု ကန့်သတ် ပိတ်ပင်ထားမှုကို ပယ်ဖျက်ပေးခဲ့သည်။

ယခုအခါ တရုတ်နိုင်ငံက အာဆီယံ ဒေသတွင်း သြဇာ လွှမ်းမိုးမှုကို ချဲ့ထွင်ရန် နည်းလမ်း ရှာဖွေလျက် ရှိသကဲ့သို့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ဖူးသည့် အိမ်နီးချင်း လာအိုနိုင်ငံနှင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားလျက် ရှိသည်။ တရုတ် ဒုတိယ သမ္မတ Xi Jinping သည် ပြီးခဲ့သည့် ဇွန်လအတွင်း လာအိုနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သေးသည်။ တရုတ် အစိုးရက လာအို အခြေခံ အဆောက်အအုံများတွင် ရင်းနှီး မြှုပ်နှံမည်ဟု ကတိကဝတ် ပြုထားသည်။ အကြောင်းမှာ တရုတ်ထွက်ကုန်များ ဒေသတွင်း အဓိက ကျသော ထိုင်းနိုင်ငံသို့ တင်ပို့ရာ၌ လာအိုကို သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုလိုသောကြောင့် ဖြစ်သည်။

NY Times မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment