Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် မတ်လ အတွင်း နစ်မြုပ်ခဲ့သော တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားရေးရုံး နှင့် မြောက်ကိုရီးယား အစိုးရ အရာရှိများအကြား တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲထားသော Panmunjom မြို့ကလေးတွင် ဇူလိုင်လ ၁၃ ရက်နေ့၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ အနာဂတ် ကာလတွင် အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးမှုများ ပြုလုပ် လာနိုင်ရေးအတွက် အဓိက ဦးတည်ထားကြောင်း ကုလသမဂ္ဂက ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) က ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကို ပြစ်တင် ရှုတ်ချလိုက်ပြီးနောက် ရက် အနည်းငယ်အတွင်း ယင်းဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်ကြခြင်း ဖြစ်သည်။ သို့သော် လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အပေါ် ပြစ်တင်ရှုတ်ချမှု မပြုလုပ်သေးသည်ကို တွေ့ရသည်။

စစ်သင်္ဘော ချိုနန်သည် မတ်လ ၂၆ ရက်နေ့တွင် နစ်မြုပ်ခဲ့ရာ လူပေါင်း ၄၆ ဦး သေဆုံးခဲ့သည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က မြောက်ကိုရီးယား တော်ပီတိုကြောင့် ချိုနန်စစ်သင်္ဘော နစ်မြုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိုပါ ဖြစ်ရပ်သည် မိမိတို့ တာဝန် မဟုတ်ပါကြောင်း ပြုံးယမ်းအစိုးရက ငြင်းပယ်ထားသည်။

အေးခဲနေသည့် နှစ်နိုင်ငံ ဆက်ဆံရေး

ကုလသမဂ္ဂ ညွှန်ကြားရေးရုံးက ဆွေးနွေးမှုများ ပြုလုပ်ရန် မြောက်ကိုရီးယားက ဇူလိုင်လ ၉ ရက်နေ့တွင် သဘော တူညီခဲ့ကြောင်း ပြောကြားသည်။ ယခု ဆွေးနွေးမှုသည် "ဗိုလ်မှူးကြီးများ အဆင့် တွေ့ဆုံ ဆွေးနွေးမှု" ဖြစ်ပြီး အနာဂတ်ကာလ ဗိုလ်ချုပ်ကြီးများ အဆင့် ဆွေးနွေးမှုများ ထွက်ပေါ်လာရန် ဦးတည်ထားခြင်း ဖြစ်သည်ဟု ကုလ ကြေညာချက်က ဆိုသည်။

ယခုကိစ္စသည် မြောက်ကိုရီးယား၏ သဘောထား ပြောင်းလဲမှုကို ဖော်ကျူးရာ ရောက်သည်ဟု ဆိုသည်။ မြောက်ကိုရီးယား အစိုးရက ယခင်က ဆွေးနွေးမှုများ ပြုလုပ်ရန် ငြင်းဆန်ခဲ့သည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လွန်စွာ ဆိုးရွားသွားသည်။ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး ရပ်ဆိုင်းမှုကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားနှင့် ရှိထားသော အဆက်အသွယ်များ အားလုံးကို ဖြတ်တောက်ထားသည်။

ကုလ လုံခြုံရေးကောင်စီ၏ ကြေညာချက်တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယား၏ လုပ်ဆောင်မှုများကို ချီးမွမ်း ရေးသားထားသည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံအပေါ် ပြစ်တင် ရှုတ်ချထားခြင်း မရှိပေ။

သတင်းထောက်များ အဆိုအရ လုံခြုံရေးကောင်စီ ကြေညာချက်သည် တရုတ်နိုင်ငံ၏ ထောက်ပံ့မှု ရရှိရေး အလို့ငှာ ထုတ်ပြန်သည့် သဘောမျိုး ဖြစ်ကြောင်း သိရသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment