Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 13th July 2010

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် တရားမျှတမှု ရှိမည် မဟုတ်၍ အလွန်အမင်း စိုးရိမ် ပူပန်လျက် ရှိသည်ဟု အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး အဓိက အတိုက်အခံ NLD ပါတီဝင်ဟောင်းများအား ရွေးကောက်ပွဲ ဝင်ခွင့် ပေးခဲ့သည့် အစိုးရ၏ လုပ်ဆောင်မှုသည် စာဖွဲ့လောက်သော အရာမဟုတ်ဟု ပြောဆိုခဲ့သည်။

မြန်မာ စစ်ဖက် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီကို ဖျက်သိမ်းခဲ့သော်လည်း အဆိုပါ ပါတီဝင်ဟောင်း အချို့ကို ပါတီ နာမည်သစ် တစ်ခုဖြင့် ရွေးကောက်ပွဲ ဝင်ရန် ယခင်အပတ်က ခွင့်ပြုခဲ့သည်။

"ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ပူပန်နေမှုက မပြောင်းလဲပါဘူး။ ဒါဟာ ချို့ယွင်းချက် အပြစ်အနာတွေ များတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလို့ ကျွန်တော်တို့ ယူဆပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowley က သတင်းထောက်များအား ပြောကြားသည်။

"ယခင် NLD ပါတီဝင်တွေရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားရမှာပါ။ အခု မြန်မာနိုင်ငံမှာ ဆက်တိုက် ဖြစ်ပျက်နေတဲ့ အရာတွေဟာ လွတ်လပ် မျှတပြီး တရားဝင် အသိအမှတ်ပြု ထိုက်တဲ့ ရလဒ်နဲ့ ဆင်ဆင်တူဖို့တောင် အလှမ်းဝေးလှတဲ့ အတွက် ကျွန်တော်တို့ မျှော်လင့်ချက် တစ်စုံတစ်ရာ မထားဘူးဆိုတာ အသေအချာပါပဲ" ဟု ၎င်းက ဆိုသည်။

NLD ပါတီက ရွေးကောက်ပွဲ ဝင်ခြင်းသည် စစ်အုပ်ချုပ်ရေးကို တရားဝင် အသိအမှတ်ပြုရာ ရောက်သည်ဟု ယုံကြည်သဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် စီစဉ်ခဲ့ကြသည်။

NLD ပါတီ အနိုင်ရသော်လည်း အာဏာ မရခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ဖွယ် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ထိုအချိန်က စ၍ အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

အစိုးရက NDF ပါတီသစ်ကို မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်းသည် အတိုက်အခံများကို အတော်အတန် သွေးကွဲစေခဲ့ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လွှမ်းမိုးမှု အားနည်းသွားစေခဲ့သည်ဟု နိုင်ငံရေးသမား အချို့က ယုံကြည်နေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment