Earth Times, By Peter Janssen, 12th July 2010
ဒေါက်တာ စင်သီယာအောင်သည် ၁၉၈၈ ခုနှစ်က ရန်ကုန်တွင် စစ်တပ်၏ ချေမှုန်းမှုကြောင့် တောထဲတွင် ဆယ်ရက်ခန့် ဖြတ်သန်းပြီး ထိုင်းနိုင်ငံ နယ်စပ်သို့ ထွက်ပြေးလာခဲ့ပြီး၊ မဲဆောက်တွင် လအနည်းငယ် နေရန် စီစဉ်ခဲ့ဖူးသည်။
ယခု အနှစ်နှစ်ဆယ် ကြာသော အခါ သူမ၏ မယ်တောင် (Mae Tao) ဆေးခန်းသည် နယ်စပ် အဖွဲ့အစည်းကြီး တစ်ခုအသွင် ရှိနေကာ ဝန်ထမ်း (၆၃၄) ဦးခန့်ထားပြီး နေ့စဉ်လူနာ (၂၀၀၀) ကျော်အား ငှက်ဖျားရောဂါမှ စ၍ ခြေဖြတ်လက်ဖြတ် အထိ တာဝန်ယူ ကုသပေးလျက် ရှိနေသည်။
သူမ၏ မြန်မာ စစ်ပြေး ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေး စောင့်ရှောက်ပေးသော လုပ်ငန်းမှာ မည်သူမျှ မလုပ်သေးသော အလုပ် ဖြစ်ပြီး၊ အများတကာက အသိအမှတ် မပြုဘဲ မနေနိုင်ခဲ့ပေ။ သူမသည် Ramon Magsaysay ဆုအပါအဝင် နိုင်ငံတကာ ဆုပေါင်း တစ်ဒါဇင်ခန့် ရရှိထားပြီး ဖြစ်ကာ၊ ၂၀၀၅ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ဆန်ကာတင် စာရင်း ပါခဲ့ဖူးသည်။
ဒေါက်တာ စင်သီယာသည် ဆေးခန်းကို ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး၊ ယာယီ သစ်သား တဲလေး တစ်လုံးဖြင့် သာမိုမီတာများကို rice cooker တွင် ထည့်၍ ပိုးသတ်ပြီး စတင်ခဲ့ရာ ယခုအခါ သစ်သားတဲများ ဖြစ်နေဆဲ ဖြစ်သော်လည်း ကုတင် (၁၅၀) ဆန့် လူထု ဆေးရုံကြီး ဖြစ်လာသည်။ ဓါတ်ခွဲခန်း၊ ဆေးဆိုင်၊ ခြေတု လက်တု ဋ္ဌာန၊ ရှေ့ဦး သူနာပြု လေ့ကျင့်ရေး အစီအစဉ်များ၊ စာသင်ကျောင်း စသည်များ ပါဝင်သည်။
ဆေးခန်း၏ လူနာတစ်ဝက် နီးပါးခန့်မှာ မဲဆောက်နှင့် အနီးဝန်းကျင်တွင် နေထိုင်ကြသော ရွှေ့ပြောင်း လုပ်သားများနှင့် သူတို့၏ မိသားစုများ ဖြစ်ကြသည်။ မဲဆောက် ဝန်းကျင်တွင် မြန်မာ နှစ်သိန်းခန့်သည် မည်သည်မျှ မသေချာ မရေရာသော အခြေအနေတွင် နေထိုင် အသက်ရှင် နေကြရသည်။
ကျန်သော လူနာ တစ်ဝက်မှာ နယ်စပ်ကို ဖြန်လာပြီး သူမ၏ ဆေးခန်းသို့ လာပြသော လူများ ဖြစ်သည်။
"အကူအညီ လာတောင်းတဲ့လူတွေ တစ်နေ့ထက် တစ်နေ့ များများ လာပါတယ်။ ကျွန်မတို့ဆီမှာ ပြင်းပြင်းထန်ထန် ဖြစ်တဲ့ ရောဂါသည် အများစုဟာ မြန်မာနိုင်ငံတွင်းက လာကြပါတယ်'' ဟု သူမက ပြောသည်။
သူမ၏ ဆေးခန်းသို့ လာသမျှ လူများသည် စစ်ပွဲကြောင့်၊ မြေမြှုပ်မိုင်းကြောင့်ချည်း လာကြသူများ မဟုတ်ပေ။ အချို့မှာ မြန်မာနိုင်ငံ၏ ဆိုးဝါးသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြောင့် သူမ၏ ဆေးခန်းသို့ လာရောက်သူများလည်း ပါဝင်သည်။
မြဝတီမှ အသက် (၁၅) နှစ်ရှိ ဝါယာထူးသည် သံလွင်မြစ်ကို ဖြတ်၍ ၎င်း၏ ခြေထောက်မှ အနာများကို လာကုခြင်း ဖြစ်သည်။
"ဗမာဆေးရုံတွေ သွားဖို့ ကျွန်တော့်မှာ ပိုက်ဆံ မရှိပါဘူး။ ဗမာ ဆေးရုံတွေက ကောင်းပါတယ်။ ဒါပေမဲ့ ပိုက်ဆံရှိမှ သူတို့က လက်ခံတယ်'' ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ (၄၈) နှစ်ခန့် အုပ်ချုပ်လာပြီးသည့်နောက် အရှေ့တောင် အာရှတွင် အချမ်းသာဆုံး နိုင်ငံများစာရင်းမှ ဝေးကွာလာခဲ့ပြီး လက်ရှိတွင် ဒေသတွင်း၌ အညံ့ဖျင်းဆုံး ကျန်းမာရေးနှင့် ပညာရေးစနစ်တို့ ရှိနေသည်။
"မြန်မာနိုင်ငံမှာ ပြည်မမှာကိုက ကျန်းမာရေး စနစ်က ညံ့ဖျင်းလှပါတယ်။ ပိုက်ဆံရှိတဲ့ လူပဲ ကျန်းမာရေး စောင့်ရှောက်မှု ရနိုင်တယ်'' ဟု ဒေါက်တာစင်သီယာမောင် က ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရက်ရက်စက်စက် အုပ်ချုပ်မှုများကြောင့် အပယ်ခံနိုင်ငံဖြစ်နေခြင်းကြောင့်၊ နိုင်ငံခြား အကူအညီ အနိမ့်ဆုံး ရရှိသော နိုင်ငံများ စာရင်းတွင် ပါဝင်ပြီး၊ နှစ်စဉ် လူတစ်ဦးလျှင် (၂) ဒေါ်လာအောက်သာ အကူအညီ ရရှိပါသည်။
မယ်တောင်ဆေးခန်း လုပ်ငန်းများသည်ပင် နိုင်ငံခြား လှူးဒါန်းငွေများဖြင့် ရပ်တည်နေရခြင်း ဖြစ်သည်။ သူမ၏ ဆေးခန်းတွင် နှစ်စဉ် လည်ပတ်သော ဘတ်ဂျက်၏ ၉၅ % ဖြစ်သော ဒေါ်လာ ၃ သန်းခန့်ကို နိုင်ငံခြား အလှူငွေများမှ ရရှိကြောင်း၊ ကျန်ငွေမှာ လူနာများ မှတ်ပုံတင်ကြေး တစ်ဦးလျှင် တစ်ဒေါ်လာ ကောက်ခံခြင်းဖြင့် ရရှိကြောင်း၊ ဒေါက်တာ စင်သီယာမောင်က ပြောသည်။
သူမ၏ လူနာများမှာ နှစ်စဉ် ၅-၁၀ % တိုးနေသည်။ ယခုနှစ်တွင် ဆေးခန်း၌ ဘတ်ဂျက် လျော့နည်းမှုနှင့် ကြုံတွေ့ရမှုကြောင့် အစား အသောက် အခမဲ့ ကျွေးခြင်းနှင့် အခြား တိုးတက် လုပ်ဆောင်မည့် လုပ်ငန်းများ ရွှေ့ဆိုင်းထားခြင်းဖြင့် လုံလောက်အောင် စီမံခန့်ခွဲနေရသည်။
ရေရှည်အားဖြင့် ယခုအခါ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အစိုးရက ကတိပေးထားခြင်းကြောင့် စိုးရိမ်မှုများ ပိုမိုလာသည်။ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတလိမ့်မည် ဆိုသည်ကို လူအနည်းငယ်ကသာ မျှော်လင့်ကြသော်လည်း၊ ရွေးကောက်ပွဲ အပြီး ရလဒ်အားဖြင့် အကူအညီ ပေးမှုများသည် မြန်မာနိုင်ငံတွင်းသို့သာ တိုးပေးပြီး၊ နယ်စယ်ရှိ လုပ်ငန်းများ အပေါ်တွင် လျော့နည်းသွားမည်ကို စိုးရိမ်ရသည်။
"အမှန်တကယ်ပါပဲ။ အလှူရှင် အများစုက နိုင်ငံတွင်းကိုပဲ ပို့ပေးချင်ကြတာ။ နယ်စပ်မှာ သိပ် မပေးချင်ကြဘူး။ အခု ရွေးကောက်ပွဲ အပြီးမှာလဲ ဒီအတိုင်းပဲ ဆက်သွားလိမ့်မယ် ထင်တယ်'' ဟု ဘန်ကောက် အခြေစိုက် ဥရောပ သံတမန် တစ်ဦးက ပြောသည်။
နယ်စပ် တလျှောက် အခြေစိုက်သော မြန်မာနိုင်ငံ ပြည်ပရောက် နိုင်ငံရေး အုပ်စုများကို ပေးသော အလှူငွေများမှာလည်း ရပ်သလောက် ဖြစ်နေပြီ ဖြစ်ရာ၊ ရွေးကောက်ပွဲ အပြီးတွင် ထိုအုပ်စုများမှာ လှုပ်ရှားမှု ရပ်သလောက် ဖြစ်သွားမည်ဟု မျှော်လင့်ရသည်ဟု သတင်းတစ်ခုက ဆိုသည်။
ပို၍ စိုးရိမ်စရာ ကောင်းသော အချက်မှာ နယ်စပ်ရှိ စီမံကိန်းများ ဖြစ်သော ကျန်းမာရေး စောင့်ရှောက်မှုများ၊ မြန်မာ ရွှေ့ပြောင်း လုပ်သားများ၏ ကလေးငယ်များအတွက် ဖွင့်ထားသော ကျောင်း (၆၀) ကျော်နှင့် အလုပ်သမား ကာကွယ် စောင့်ရှောက်ရေး အုပ်စုများ အပေါ် သိသိသာသာ ထိခိုက်မှုများ ရှိလာမည် ဆိုသော အချက် ဖြစ်သည်။ မဲဆောက် တစ်ခုတည်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော NGO (၁၃၀) ကျော် ရှိသည်။
"ဒါဟာ အကြီးအကျယ် စိုးရိမ်ရမယ့် အချက်ပဲ'' ဟု Human Rights Watch မှ မြန်မာ့အရေး ကျွမ်းကျင်သူ David Mathieson က ပြောသည်။
"ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ ဒီအခြေခံ ပြဿနာတွေဟာ ပြောင်းသွားမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ပြီးတာနဲ့ မြန်မာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း လုပ်သားတွေဟာ မြန်မာနိုင်ငံကို ပြန်သွားကြမှာ မဟုတ်ပါဘူး။ ထိုင်းအစိုးရကတော့ ပြန်သွားစေချင်တာပေါ့'' ဟု David က ပြောသည်။
ထိုင်းနိုင်ငံသည် ၎င်း၏ မြေပေါ်ရှိ မြန်မာ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သား နှစ်သန်းခန့်နှင့် ပတ်သက်၍ ရွေးကောက်ပွဲ အပြီး မည်သို့ ကိုင်တွယ်ရမည် ဆိုသည့် မူဝါဒမှာ မဆုံးဖြတ်ရသေးပေ။
ထိုင်းအစိုးရလည်း အခြားအစိုးရများ နည်းတူ ရွေးကောက်ပွဲ အပြီးကို စောင့်ကြည့်လျက် ရှိသည်။ စောင့်ကြည့် လေ့လာသူ အများစုကမူ စစ်တပ်ကို ထောက်ခံသော အစိုးရ တစ်ခုသာ ပေါ်လာဖွယ် ရှိကြောင်း ပြောဆိုနေသည်။
"ရွေးကောက်ပွဲ ပြီးရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘာလုပ်ရမယ် ဆိုတာ ပိုမို ရှင်းလင်းလာပါလိမ့်မယ် '' ဟု Back Pack Health Workers Team မှ အမှုဆောင် ဒါရိုက်တာ Mahn Mahn က ပြောသည်။ အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံတွင်း ကျန်းမာရေး လုပ်သားများ လေ့ကျင့်ပေးရေး အစီအစဉ်ကို မယ်တောင် ဆေးခန်းနှင့် အတူ လုပ်ကိုင်နေသော အဖွဲ့ ဖြစ်သည်။ "ရွေးကောက်ပွဲကြောင့် ဘာမှ ဖြစ်မလာတာတွေလည်း ပိုမို ပြတ်သားလာပါလိမ့်မယ်'' ဟု ၎င်းက ပြောသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.