Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းများစွာ ပူးပေါင်း တည်ထောင်ထားသည့် ကော်ပိုရေးရှင်းကြီး ဖြစ်သော Siam Cement Group(SGC) သည် အိမ်နီးချင်း မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ရရှိရန် ရှာဖွေလျက် ရှိကြောင်း The Nation သတင်းစာက ဖော်ပြသည်။ SGC သည် အထူးသဖြင့် ကုန်ပစ္စည်းများနှင့် ဘိလပ်မြေ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံ လုပ်ကိုင်ခွင့် ရရှိရန် ကြိုးပမ်း ရှာဖွေနေခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဈေးကွက် အတွင်းသို့ ဝင်ရောက်မှုသည် ၂၀၁၅ ခုနှစ်မှ စ၍ အာဆီယံ ဒေသတွင်း စက်မှု လုပ်ငန်းများတွင် ဦးဆောင်သူ ဖြစ်လာရေး ဟူသော SGC ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း SCG ၏ အမှုဆောင် အရာရှိချုပ် Kan Trakulhoon က ပြောသည်။

ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ လွန်ကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ပိုမို တည်ငြိမ်လာမည်ဟု မျှော်လင့်ရသည်။ မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ အတွက် ပိုမို တံခါးဖွင့် လာပေးသောကြောင့် ထိုင်း စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ အနေဖြင့် မြန်မာ့ဈေးကွက် အတွင်းသို့ ဝင်ရောက်ကာ စီးပွားရေး အခွင့်အလမ်းများ ပိုမို ရှာဖွေလာကြမည် ဖြစ်ကြောင်း Kan Trakulhoon က သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံရေး အခွင့်အလမ်းများ ရှာဖွေနေကြသည့် ထိုင်းကုမ္ပဏီများထဲတွင် SGC လည်း တစ်ခုအပါအဝင် ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ တောင်ပိုင်းဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပြီး တစ်ဖက်တွင် ထိုင်းနိုင်ငံနှင့်လည်း မဟာမဲခေါင် ပူးတွဲ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် နှစ်နိုင်ငံအကြား လမ်းပန်း ဆက်သွယ်ရေးစနစ် ပိုမို ကောင်းမွန်အောင် လုပ်ကိုင်လျက် ရှိသည်။ သို့အတွက်ကြောင့် အကယ်၍သာ မြန်မာနိုင်ငံ ဈေးကွက်တွင်းသို့ SGC  ဝင်ရောက်ပါက တရုတ်နိုင်ငံ အထိပါ ဈေးကွက် ချဲ့ထွင်သွားနိုင်မည် ဖြစ်သည်ဟု Kan Trakulhoon က ဆိုသည်။

SGC ၏ စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီသည် ယခုလအတွင်း မြန်မာနိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဈေးကွက် အလားအလာများကို မိမိတို့ ကုမ္ပဏီ အနေဖြင့် စစ်တမ်း ကောက်ယူ လေ့လာသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"မြန်မာနိုင်ငံဟာ SGC ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် အလားအလာတွေ အများကြီး ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဘိလပ်မြေနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာပါ" ဟု Kan က ထပ်လောင်း ပြောဆိုသည်။

SGC သည် ၂၀၁၅ ခုနှစ်မှ စ၍ အာဆီယံ ဒေသတွင်း စက်မှုလုပ်ငန်းများတွင် ဦးဆောင်သူ တစ်ဦး ဖြစ်လာရန် ရည်မှန်းချက် ထားရှိထားသည်။ လက်ရှိ အနေအထားတွင် SGC ၏ အခွန်ငွေ ၈ ရာခိုင်နှုန်းမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအို အစရှိသော အာဆီယံ နိုင်ငံများတွင် လည်ပတ် လုပ်ကိုင်မှုများမှ ရရှိနေခြင်း ဖြစ်သည်။ SGC ၏ အဓိက မဟာဗျူဟာမှာ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ တိုးချဲ့သွားရေးပင် ဖြစ်သည်။

မိမိတို့ ကုမ္ပဏီသည် ဒေသတွင်း စက္ကူ ဈေးကွက်နှင့် ဆောက်လုပ်ရေး ပစ္စည်း ဈေးကွက်တို့တွင် ထိပ်တန်းနေရာမှ ဦးဆောင်လျက် ရှိကြောင်း၊ မိမိတို့ ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်ရေးအတွက် အာဆီယံ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမို ရရှိအောင် ကြိုးစားရဦးမည် ဖြစ်ကြောင်း အမှုဆောင် အရာရှိချုပ်က ပြောသည်။

"အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ကျွန်တော်တို့ SGC ဟာ ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ခိုင်မာတဲ့ ကော်ပိုရေးရှင်းကြီး တစ်ခုအဖြစ် အသိအမှတ် ပြုစေလိုပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

The Nation သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment