Transparency Myanmar

transparency.myanmar@gmail.com

www.newagebd.com, 10th July 2010

မြန်မာနိုင်ငံကို ဖြတ်သန်း၍ စစ်တကောင်းနှင့် ယူနန်ပြည်နယ် ကူမင်းကို ဆက်သွယ်မည့် ၃ နိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်ရေးကို မြန်မာနိုင်ငံက သဘောတူလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက မျှော်လင့်လျက် ရှိသည်။

မြန်မာနိုင်ငံသို့ ဝန်ကြီးချုပ် ရှိတ်ဟတ်ဆီနာ မကြာမီ သွားရောက်မည့် ခရီးစဉ်တွင် ယခုကိစ္စကို ဆွေးနွေးမည် ဖြစ်သည်။

"ကူမင်း အဝေးပြေးလမ်း အတွက် ကနဦး ခြေလှမ်းကို မြန်မာနိုင်ငံက အပြုသဘော ဆောင်၍ တုန့်ပြန်မည် ဟု မိမိတို့ မျှော်လင့်ထားကြောင်း'' နိုင်ငံခြားရေး ဝန်ကြီး ဒစ်ပူးမိုနီ က တနင်္ဂနွေနေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ နယ်ခြားကိစ္စ၊ ရေပြင် နယ်နိမိတ် ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေသော မြန်မာ ရိုဟင်ဂျာများ ကိစ္စ၊ ကုန်သွယ်ရေး ကိစ္စနှင့် ကူမင်း အဝေးပြေးလမ်း ဖောက်လုပ်ရေး ကိစ္စ အပါအဝင် တို့ကို ဝန်ကြီးချုပ် ဟက်ဆီနာ မြန်မာနိုင်ငံသို့ သွားရောက်စဉ် ဆွေးနွေးလိမ့်မည်ဟု သူမက ပြောကြားသည်။

အဆိုပြုထားသော ကီလိုမီတာ ၉၀၀ အဝေးပြေးလမ်းသည် မြန်မာနိုင်ငံကို ဖြတ်သန်းကာ စစ်တကောင်းနှင့် ကူမင်းကို ဆက်သွယ်မည် ဖြစ်ပြီး ၃ နိုင်ငံ အကြား ကုန်သွယ်ရေး တိုးတက်ရေးကို ရည်ရွယ်သည်။

ထို့အပြင် ဒေသတွင်း ဆက်သွယ်မှု ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူ ပြုမည် ဖြစ်ပြီး စစ်တကောင်း ဆိပ်ကမ်းကို ချဉ်းကပ်လိုသော တရုတ်နိုင်ငံအတွက် အခွင့်အလမ်းများ ဖန်တီးပေးမည် ဖြစ်သည်။

ဝန်ကြီးချုပ် ဟက်ဆီနာသည် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း မြန်မာ အာဏာပိုင်များက ၎င်းတို့ စီစဉ်ထားသော ရွေးကောက်ပွဲပြီးမှသာ လက်ခံရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ခြင်းကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ဖြစ်ဖွယ် ရှိသော ရွေးကောက်ပွဲများကို ယခုနှစ် အတွင်း ကျင်းပရန် စိုင်းပြင်းနေသော်လည်း အစိုးရက ယခုတိုင် ကျင်းပမည့်ရက်ကို သတ်မှတ်ခြင်း မရှိသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment