Transparency Myanmar

transparency.myanmar@gmail.com

BBC News, 8th July 2010

တရုတ်နိုင်ငံသည် အခြေခံ သယံဇာတများကို ရောင်းချခြင်း အတွက် အခွန်ငွေကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တညီတည်း ဖြစ်စေမည် ဟု အတည်ပြု ပြောကြားခဲ့သည်။

ထို့အတွက် အနောက်ဖက် Xinjiang ပြည်နယ်တွင် အခွန် ၅ % စမ်းသပ် ကောက်ခံပြီး၊ အဆိုပါ အခွန်ငွေကို ဒေသဆိုင်ရာ အစိုးရထံသို့ ပေးသွင်းစေခဲ့သည်။

Beijing သည် အခြား ကုန်ကြမ်းပစ္စည်းများ အပေါ်တွင်လည်း အခွန်ငွေ ကောက်ခံရန် စီစဉ်လျက် ရှိရာ၊ အခွန် နှုန်းထားများကိုမူ ကွဲပြားလိမ့်မည် ဖြစ်ကြောင်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

"အခုလို ပြုပြင် ပြောင်းလဲ လိုက်တဲ့ အတွက် သယံဇာတ ပေါတဲ့ အနောက်ဖက် ဒေသတွေက ဒေသဆိုင်ရာ အစိုးရတွေရဲ့ ဘတ်ဂျက်မှာ ဝင်ငွေ သိသိသာသာ တိုးလာမှာပါ'' ဟု တရုတ် စီမံကိန်း အေဂျင်စီမှ Du Ying က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မကျင့်သုံးမီ၊ တရုတ်နိုင်ငံ၏ အနောက်ဖက် ဒေသ တိဗက် အပါအဝင် အခြား ပြည်နယ်များတွင် တညီတညွတ်တည်း စတင် အသုံးပြုမည် ဖြစ်ရာ၊ ကျောက်မီးသွေး ရောင်းချခြင်း အတွက်ပါ တိုးချဲ့ ကောက်ခံမည် ဖြစ်သည်။

ဒေသဆိုင်ရာ တောင်းဆိုမှုများ

ယခု သယံဇာတ အခွန်ငွေသည် ဒေသဆိုင်ရာ အစိုးရ ဘဏ္ဍာရေး ဆိုင်ရာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် တောင်းဆိုမှုကို ဖြည့်ဆည်းပေးသည့် သဘော ရှိသည်။

Xinjiang ပြည်နယ်သည် သယံဇာတ ရောင်းဝယ်ရေးက အရေးပါသည့် အလျောက် ယခင်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းဝယ်မှု အတွက် အခွန်ငွေ ရှိပြီး ဖြစ်သော်လည်း ယခု အခွန်ငွေ စည်းမျဉ်း အသစ်ဖြင့် အစားထိုး အသုံးပြုမည် ဖြစ်သည်။

ယခု ကောက်ခံမည့် ရောင်းခွန်ကြောင့် ကြီးမားသော အနောက်မြောက် ဒေသ၏ အခွန်တော်ငွေ ပိုမို တိုးတက် ရရှိလာလိမ့်မည် ဟု Mr. Du က ပြောသည်။

Xinjiang ပြည်နယ်တွင် မွတ်ဆလင် အများစု နေထိုင်ပြီး၊ တိုင်းရင်းသား Uighur များ၏ ဒေသလည်း ဖြစ်သည်။

အိမ်နီးချင်း တိဗက်ကဲ့သို့ပင် Xinjiang တွင် မကြာသေးမီ နှစ်များအတွက် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နှင့် လွတ်လပ်ရေး အတွက် အကြမ်းဖက်နည်းဖြင့် တစ်မျိုး၊ အကြမ်းမဖက်သော နည်းဖြင့် တစ်ဖုံ ဆန္ဒပြမှုများ တိုးတက် ပြုလုပ်လာသည်။

ယခု အခွန်ငွေများကို စက်မှု ဖွံ့ဖြိုးရေးနှင့် မြို့ပြ တိုးတက်ရေး အတွက် မြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များကို ထိုဒေသသို့ လာရောက် အခြေချကြသည့် တရုတ် တိုင်းရင်းသားများနှင့် လက်တွဲ လုပ်ဆောင်ကြရမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သယံဇာတ အခွန် ကောက်ခံမှုကို ဒေသဆိုင်ရာ အစိုးရများက ကြိုဆိုကြလိမ့်မည်ဟု ယူဆရပြီး၊ ၎င်းတို့က Beijing ဗဟို အစိုးရသည် ၎င်းတို့၏ ချေးငှားမှုများတွင် ကန့်သတ်မှုများ ပြုလုပ်သည်ဟု မြင်လာကြသောကြောင့် ဖြစ်သည်။

တရုတ်က အခြေပစ္စည်း ပူဖောင်း (a real estate bubble) ပေါက်မည်ကို စိုးရိမ်နေရသည့် အချိန်တွင် တရုတ်ဒေသ ဆိုင်ရာ အစိုးရများသည် နိုင်ငံပိုင်မြေများ အပေါ်မှ ငွေချေးယူမှုများ ပြုလုပ်ခဲ့သည်။

၎င်းတို့တွင် နိုင်ငံတကာ ဘဏ်များမှ ငွေချေးယူမှုများ အချို့ကိစ္စများတွင် ရှိခဲ့ရာ Beijing အာဏာပိုင်များက တရားမဝင်ကြောင်း ပြောခဲ့သည်။

စွမ်းအင် ဈေးနှုန်းများ

မကြာသေးမီက တရုတ်ငွေ လဲလှယ်နှုန်း မူဝါဒ ပြောင်းလဲခဲ့ခြင်းကြောင့် မိမိဒေသသုံး စွမ်းအင်နှင့် ရောင်းဝယ်ရေး ပစ္စည်းများ၏ ဈေးနှုန်းတွင် သက်ရောက်မှုများ ရှိခဲ့ရာ ယခု အခွန်ငွေကြောင့် ထိုသက်ရောက်မှု အတိုင်း ဖြစ်လာဦးမည် ဟု ယူဆရသည်။

ယခု ပြောင်းလွယ် ပြုလွယ် ရှိလာသော ယွမ်မူဝါဒသည် လာမည့် လများ အတွင်း တရုတ်ငွေမှာ ဒေါ်လာထက် စာလျှင် တန်ဖိုးတက်လာမည် ဟု မျှော်လင့်ရသည်။

ထို့ကြောင့်ပင် ရောင်းဝယ်ရေး ပစ္စည်းများ တန်ဖိုးနှင့် စွမ်းအင် တင်သွင်းမှုများ တန်ဖိုး သက်သာ လာမည် ဖြစ်သည်။ တရုတ် စီးပွားရေးသည် ကုန်ပစ္စည်း ရောင်းဝယ်မှုနှင့် စွမ်းအင် တင်သွင်းမှု အပေါ်တွင် များစွာ မှီခိုနေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment