Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၂.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ယမန်နှစ်တွင်း မြန်မာသို့ ကမ္ဘာလှည့်တိုးရစ် တစ်သန်းကျော်ဝင်ရောက်

(Telegraph သတင်းစာမှ 21 Jan 2013 ရက်စွဲပါ Burma sees a record one million tourists ကိုဘာသာပြန်ဆိုသည်)

  1. မဟာဗျူဟာလုံခြုံရေး တိုင်ပင်ညှိနှိုင်းမှုများ တရုတ်-မြန်မာနှစ်နိုင်ငံ ပြုလုပ်

( People’s Daily China မှ 21 Jan 2013 ရက်စွဲပါ China, Myanmar hold strategic security consultation ကိုဘာသာပြန်ဆိုသည်)

  1. ကချင်အတွက် အစိုးရ၏ အပစ်အခတ်ရပ်စဲရန်ကြေညာချက် ကုလအတွင်းရေးမှူးချုပ်ကြိုဆို

(20 Jan 2013 ရက်စွဲပါ UN News Centre မှ “Myanmar: Ban Welcomes announcement of ceasefire in Kachin state, follow implementation” ကို ဘာသာပြန်ပါသည်။)

***************************************************************

ဘာသာပြန်သတင်းများ

ယမန်နှစ်တွင်း မြန်မာသို့ ကမ္ဘာလှည့်တိုးရစ် တစ်သန်းကျော်ဝင်ရောက်

(Telegraph သတင်းစာမှ 21 Jan 2013 ရက်စွဲပါ Burma sees a record one million tourists ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် ဦးရေ တစ်သန်းကျော်ခန့် စံချိန်တင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနှင့်ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀၁၁ ခုနှစ်တွင် ဝင်ရောက်သော တိုးရစ်ဦးရေမှာ ၈၁၆၀၀၀ ဖြစ်ရာ ယမန်နှစ်(၂၀၁၂ခုနှစ်) တွင် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ စံချိန်တင်များပြားခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း တိုရစ်ဇင်လုပ်ငန်းမှ ဝင်ငွေရရှိမှုမှာ ၆၇ ရာခိုင်နှုန်းခန့် သိသိသာသာမြင့်တက်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ယင်းလုပ်ငန်းမှ ဒေါ်လာ ၃၁၉ သန်းရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၅၃၄ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကိန်းဂဏန်းများကဆိုသည်။ ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးစဉ် အစုလိုက်အပြုံလိုက်ဝင်ရောက်လာခြင်းမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီး မြန်မာ့နိုင်ငံရေး ပွင့်လင်းလာခြင်းကြောင့်ဖြစ်သည်။

စစ်အာဏာရှင်အုပ်ချုပ်မှုစနစ်အောက်သို့ ရောက်ရှိနေစဉ်ကာလအတွင်း ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှုမပြုကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ သို့သော် ယခုအခါ သူမ၏ ရပ်တည်ချက်သဘောထား ပျော့ပျောင်းလာချိန်တွင် တိုးရစ်များ လာရောက်ကြရန် တိုက်တွန်းသည်။

ယခုလို ကမ္ဘာလှည့်ခရီးသွား ဦးရေတိုးတက်မှု လျင်မြန်စွာဖြစ်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင်း အခြေခံအဆောက်အဦ ကောင်းများပေါ်ထွန်းရေးနှင့်ပတ်သက်၍ စိုးရိမ်စရာများကိုဖြစ်ပေါ်စေသည်။

ခရီးသွားလုပ်ငန်းကုမ္ပဏီများက ပုဂံမြို့ရှိ ဘုရားပုထိုးများ၊ ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာဆိုင်ရာ စေတီနှင့်အဆောက်အဦများ၊ မန္တလေးမြို့ရှိ ရှေးဟောင်းအဆောက်အအုံများ အစရှိသည်တို့ကိုလှည့်လည်ကြည့်ရှုနိုင်ရေးအတွက် ခရီးစဉ်သစ်များဖြင့် ကမ္ဘာလှည့်ခရီးသည်များကို မိတ်ဆက်ပေးကြသည်။ သို့သော် သတင်းပေးပို့ချက်များအရ တိုးရစ်များ အဆင်ပြေချောမွေ့စွာနေထိုင်ရေးမှာ အခက်အခဲများနှင့်ကြုံတွေ့ နေရကြောင်းသိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ဟိုတယ်အခန်းပေါင်း ၂၅၃၅၈ ခန်းရှိရာ ရန်ကုန်မြို့ရှိ အခန်းစုစုပေါင်းမှာ ၈၁၅၂ ခန်းသာဖြစ်သည်။ နာမည်ကျော်လူကြိုက်များသည့် မြို့များဖြစ်သော ပုဂံတွင် ဟိုတယ်ခန်းပေါင်း ၂၀၉၇ ခန်း၊ ညောင်ရွှေ(အင်းလေး)တွင် ၉၃၇ ခန်းမျှသာရှိသည်။ လုပ်ငန်းအတွေ့အကြုံရင့်ကျက်သော ဧည့်လမ်းညွှန်ဦးရေမှာလည်း နည်းပါးလျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်း Telegraph Travel ကဏ္ဍကရေးသားဖော်ပြခဲ့သော သတင်းတစ်ပုဒ်တွင် "မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက နိုင်ငံခြားသားပိုင်ဟိုတယ်များအနေဖြင့် ဟိုတယ်ခန်းငှားရမ်းမှုနှုန်းထားကို တစ်ရက်လျှင် ဒေါ်လာ ၁၅၀ ထိသာ အများဆုံးကောက်ခံရန် ညွှန်ကြားထားသည်" ဟုပါရှိသည်။ ဟိုတယ်ခန်းများအဆမတန်ရှားပါးမှုကြောင့် ဈေးနှုန်းများ အလွန်အမင်းမြှင့်တင်ကောက်ခံပါက တိုင်းပြည်၏ ဂုဏ်သိက္ခာထိခိုက်မည်ကို စိုးရိမ်သောကြောင့် အဆိုပါ ဝန်ကြီးဌာနက ယင်းသို့တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

သို့သော် ဟိုတယ်လုပ်ငန်းရှင်များက ယခုကဲ့သို့ ဈေးနှုန်းထိန်းချုပ်မှုများမည်သို့ပင်ပြုလုပ်နေသော်လည်း အစိုးရအနေဖြင့် ဟိုတယ်ခန်းများ အလွန်အမင်းနည်းပါးနေသည့် ပြဿနာကို ဖြေရှင်းပါက ပို၍အဆင်ပြေချောမွေ့မည်သာဖြစ်ကြောင်းပြောကြားသည်။

မြန်မာနိုင်ငံသို့ဝင်ရောက်သော တိုးရစ်များမှာ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးဖြစ်သည်။ ယခုအခါ ဆိုက်ရောက်ဗီဇာထုတ်ပေးမှုလုပ်ငန်းစဉ် စတင်နေပြီဖြစ်ရာ ၂၀၁၃ ခုနှစ်အတွင်း တိုးရစ်ဝင်ရောက်မှုဆက်လက်မြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကမူ ယခုနှစ်တွင်း တိုးရစ် ၁ ဒဿမ ၅ သန်းထိဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

---------------------------------------------------------------------------------------------------------------------

မဟာဗျူဟာလုံခြုံရေး တိုင်ပင်ညှိနှိုင်းမှုများ တရုတ်-မြန်မာနှစ်နိုင်ငံ ပြုလုပ်

( People’s Daily China မှ 21 Jan 2013 ရက်စွဲပါ China, Myanmar hold strategic security consultation ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် ကချင်တိုင်းရင်းသားများအရေးကိစ္စကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်နိုင်မည်ဖြစ်သလို တရုတ်-မြန်မာနယ်စပ် ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) မှ ဒုတိယစစ်ဦးစီးချုပ် Qi Jianguo ကပြောကြားသည်။

မစ္စတာ Qi Jianguo သည် ဇန်နဝါရီလ ၂၀ ရက်နေ့၊ မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပပြုလုပ်သော ပထမအကြိမ် တရုတ်-မြန်မာ တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာလုံခြုံရေးတိုင်ပင်ညှိနှိုင်းပွဲ၌ အထက်ပါအတိုင်း သုံးသပ်ပြောဆိုခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ဒုတိယစစ်ဦးစီးချုပ် Qi Jianguo သည် မြန်မာနိုင်ငံမှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် ဒေသတွင်းလုံခြုံရေ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး အစရှိသည်တို့ကို အသေးစိတ်ဆွေးနွေးပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် မဟာဗျူဟာလုံခြုံရေး တိုင်ပင်ညှိနှိုင်းမှုကိုအောင်မြင်စွာကျင်းပနိုင်ခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်နိုင်ခြင်းပင်ဖြစ်သည်ဟု Qi Jianguo ကပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်သွားရာတွင် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှဖြစ်မှု၊ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားကိုရှေးရှုမှု အစရှိသည့်သဘောတရားများကို အခြေခံသွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနှစ်နိုင်ငံ ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို တည်ထောင်ကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ဖြစ်ထွန်းအောင် လုပ်ကိုင်သွားဖြစ်ကြောင်း ၎င်းကပြောသည်။

မစ္စတာ Qi Jianguo သည် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံမှုပြုသလို မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်းတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက “နိုင်ငံတကာတွင် အခြေအနေများမည်သို့ပင်ပြောင်းလဲစေကာမူ၊ နှစ်နိုင်ငံပြည်တွင်း အခြေအနေများမည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်-မြန်မာပေါက်ဖော်ဆက်ဆံရေးမှာ ခိုင်မြဲစွာရှိခဲ့ကြောင်း၊ တရုတ်နှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ထိန်းသိမ်းထားနိုင်ရေးသည် မြန်မာပြည်သူများ၏ ရွေးချယ်မှုပင်ဖြစ်ပါကြောင်း” ပြောကြားသည်။

တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မဟာဗျူဟာလုံခြုံရေး တိုင်ပင်ညှိနှိုင်းမှုကြောင့် နှစ်နိုင်ငံတပ်မတော်တို့အကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုထွန်းကားလာနိုင်ကြောင်း၊ ထိုသို့ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိခြင်းသည် မဟာဗျူဟာ ဆက်သွယ်ရေးနှင့် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအင်အားကောင်းမွန်ရေးအတွက် အထူးပင် အရေးကြီးပါကြောင်း ပြောကြားသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံကြားတွင်ရှိထားသော ဆက်ဆံရေးသည် တပ်မတော်နှစ်ရပ် အနေဖြင့် ပူးတွဲကြိုးပမ်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရင်းနှီးရေးခိုင်မာအောင် လုပ်ဆောင်သွားလိမ့်မည်ဟု ယုံကြည်ကြောင်းဖြင့်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။

---------------------------------------------------------------------------------------------------------------------

ကချင်အတွက် အစိုးရ၏ အပစ်အခတ်ရပ်စဲရန်ကြေညာချက် ကုလအတွင်းရေးမှူးချုပ်ကြိုဆို

(20 Jan 2013 ရက်စွဲပါ UN News Centre မှ “Myanmar: Ban Welcomes announcement of ceasefire in Kachin state, follow implementation” ကို ဘာသာပြန်ပါသည်။)

မြန်မာအစိုးရက မကြာသေးမီက ကြေညာခဲ့သော ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုခဲ့ပြီး လက်တွေ့စစ်မြေပြင်တွင် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှုနှင့် ပတ်သက်သော သတင်းများကို ဆက်လက်စောင့်ကြည့်နေကြောင်း ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ယနေ့ပြောကြားလိုက်ပါသည်။

“၎င်းက မိမိကိုယ်ကို မိမိယုံကြည်မှုတိုးစေပြီး၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုများမှတဆင့် ကချင်ပြည်နယ်တွင် ထာဝရငြိမ်းချမ်းရေးရမည့် အခြေအနေများကို အလေးအနက်ကြိုးစားဖန်းတီးရန် နှစ်ဖက်စလုံးအားတောင်းဆိုပါသည်” ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

“၎င်းအနေဖြင့် အဆိုပါဒေသမှ အရပ်သားများအား လူသားချင်းစာနာသော အကူအညီများပေးနိုင်ရေး ပြန်လည်လုပ်ဆောင်ရန်လည်း တောင်းဆိုခဲ့ပါသည်” ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှ အာဏာပိုင်များသည် ကချင်သူပုန်များအား သုံးပတ်ဆက်တိုက် စစ်ဆင်ရေးပြုလုပ်ပြီးနောက် အပစ်အခတ်ရပ်စဲရေးအတွက် သောကြာနေ့က ကြေညာခဲ့သည်ဟု  သတင်းများက ဖော်ပြခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း (၇၅၀၀၀) ခန့်နေအိမ်များကို စွန့်ခွာထွက်ပြေးကြရပါသည်။

ပြီးခဲ့သည့် ကြာသာပတေးနေ့က မြန်မာနိုင်ငံသို့ လေးရက်ကြာသွားရောက်ခဲ့သော အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအတွက် အထူးအကြံပေး Vijay Nambiar က နှစ်ဖက်စလုံးအား တင်းမာမှုများလျှော့ကျအောင် လုပ်ဆောင်ရေး၊ တွေ့ဆုံဆွေးနွေးမှု ပြန်လည်လုပ်ဆောင်ရေး၊ဒုက္ခသည်များအား လူသားချင်းစာနာသော အကူအညီများပေးအပ်မှု သေချာစေရေးများကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

ကချင်ပြည်နယ်တွင် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရေးနှင့် ပတ်သက်၍ Nambiar က အစိုးရအာဏာပိုင်များနှင့် တွေ့ဆုံရာတွင် ပြောကြားရာ၌ ထိုကိစ္စမှာ အဖွဲ့နှစ်ခုကြားတွင်သာ ညှိနှိုင်းရမည့်ကိစ္စဖြစ်ပြီး ကုလသမဂ္ဂအနေဖြင့် လက်ရှိသဘောထားကွဲလွဲမှုများ၊ တင်းမာမှုမြင့်တက်နေမှုများသည် လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အားနည်းမသွားစေရန် သို့မဟုတ် လက်ရှိနိုင်ငံတကာက အပေါင်းလက္ခဏာဆောင်သော အမြင်များကို ထိခိုက်မှုမရှိစေရန် လိုလားကြောင်းဆိုခဲ့ပါသည်။

Nambiar က ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ကာ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အေဂျင်စီများ ကချင်ဒေသတွင် လူသားချင်းစာနာသော အကူအညီများပိုမိုပေးနိုင်ရေး တောင်းဆိုခဲ့ပါသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် လက်အောက်မှ လူသားချင်းစာနာသော အရေးကိစ္စများအ တွက် Under-Secretary-General ဖြစ်သူ Valerie Amos က ပြီးခဲ့သည့် ဒီဇင်ဘာလ မြန်မာနိုင်ငံခရီးစဉ်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ကချင်ဒေသမှ ဒုက္ခသည်များ အထူးသဖြင့် ယခုဆောင်းရာသီတွင် လူသားချင်း စာနာသော အထောက်အပံ့များ လုံလောက်အောင်မရရှိမှုအတွက် စိုးရိမ်ကြောင်းပြောဆိုခဲ့ပါသည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment