Alert Net, 3rd August 2010
မြန်မာနိုင်ငံတွင်း နှစ်ရှည်လများ အစာရေစာ မလုံလောက်မှုကို ခံစားရနေပြီး အဆင်းရဲဆုံး ဒေသတစ်ခု ဖြစ်သည့် အလယ်ပိုင်း ခြောက်သွေ့ဇုန်တွင် ၃ နှစ် ဆက်တိုက် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မူလကပင် ပူပြင်းသော ဒေသတွင် အစာရေစာ ငတ်မွတ်မှု ပိုမို ဆိုးဝါးလာနိုင်သည်ဟု မကြာမီ အနားယူမည့် မြန်မာနိုင်ငံမှ ကုလ စားနပ်ရိက္ခာ အေဂျင်စီ အကြီးအကဲက ပြောကြားသည်။
မြန်မာအစိုးရ၏ တင်းကျပ် ချုပ်ချယ်မှုများကြောင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP အနေဖြင့် ဒေသတွင်း မြို့နယ် အနည်းငယ်မျှကိုသာ ကူညီနိုင်ခဲ့ပြီး ပြည်တွင်း စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကယ်ဆယ်ရေး ရိက္ခာ ဖြန့်ဝေရန် ပမာဏကို အကဲဖြတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံ တဝှမ်းတွင် လူ ၁၀ ယောက်လျှင် ၁ ယောက် (သို့) လူဦးရေ ၅ သန်းကျော် နေ့စဉ် ငတ်မွတ်လျက် ရှိသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာအရ သိရှိရသည်။
မြန်မာနိုင်ငံ အကျယ်အဝန်း၏ ဆယ်ပုံ တစ်ပုံခန့် ရှိသော လူဦးရေ ထူထပ်သည့် မိုးခေါင်ရေရှား အပူပိုင်း ခြောက်သွေ့ဇုန်မှ ငတ်မွတ်မှုကို Kaye က ပြောကြားရာတွင် "ဒီကိစ္စက တငွေ့ငွေ့ လောင်နေတဲ့ ပြဿနာ ဆိုပေမဲ့ ပိုဆိုးလာတယ်လို့ အထောက်အထားတွေက ညွှန်ပြနေပါတယ်'' ဟု ဆိုသည်။
"ပထမတော့ မိုးကျ နောက်ကျတယ်၊ ဒီနောက်မှာ မိုးစရွာလာတော့ လယ်သမားတွေလည်း စပြီး စိုက်ပျိုးကြပါတယ်၊ အဲဒီအချိန် နောက်ပိုင်း မိုးရပ်သွားတယ်၊ ပထမဆုံး စိုက်ခဲ့တဲ့ အပင်တွေက ခြောက်ပြီး သေကုန်ပါပြီ" ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ၏ စပါးကျီဟု တစ်ချိန်က ကျော်ာကားခဲ့သည်။ ထိုနိုင်ငံသည် ယခုအခါ ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်နေ၍ ကြီးမားသော အစာရေစာ ငတ်မွတ်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ငတ်မွတ်မှု၏ အကြောင်းရင်းမှာ နယ်မြေဒေသပေါ် မူတည်၍ အမျိုးမျိုး ကွဲပြားလျက် ရှိသည်။
"တိုင်းပြည်မှ စားနပ်ရိက္ခာတွေ ရှိနေပေမဲ့ လိုအပ်တဲ့ နေရာကို မရောက်ပါဘူး၊ တိုင်းပြည်ထဲမှာ ကုန်ပစ္စည်းတွေ၊ တချို့ လူမျိုးစုတွေ ရွှေ့ပြောင်းမှုကို အစိုးရက တင်းကျပ် ချုပ်ချယ်ထားပါတယ်" ဟု Kaye က ဆက်လက် ပြောကြားသည်။
အလယ်ပိုင်း ခြောက်သွေ့ဇုန်မှ သတင်းအချက်အလက် မရနိုင်ခြင်းကြောင့် WFP အနေဖြင့် အာဟာရ လေ့လာမှု အစီရင်ခံစာ အသေးစားများ၊ ဒေသခံပြည်သူတို့၏ စိုးရိမ်ဖွယ်ရာ အာဟာရ ချို့တဲ့မှု အဆင့်အတန်းကို ညွှန်ပြသည့် ပုံပြင်ဆန်ဆန် အထောက်အထားများကိုသာ မှီခို အားထားခဲ့ရသည်ဟု ဆိုသည်။
"အစိုးရက ဒီဒေသကို ပိုပြီး ကူညီစေချင်တယ်လို့ ကျွန်တော်တို့ သိထားပါတယ်၊ ဒါပေမယ့် ဒေသတွင်း မြို့အားလုံးကို ကျွန်တော်တို့ သွားခွင့်ရတဲ့ တိုင်အောင် အကူအညီတွေကတော့ တင်းကျပ်ခြင်း ခံနေရပါတယ်" ဟု Kaye က ပြောကြားသည်။
တစ်ချိန်တည်းတွင် WFP သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံ အခြားဒေသများတွင် စီမံကိန်းများ တိုးချဲ့လျက် ရှိပြီး လာမည့် ၃ နှစ် အတွက် လူဦးရေ နှစ်သန်းကို ကျွေးမွေးရန် ရည်ရွယ်ထားသည်။
ကုလသမဂ္ဂ အဖွဲ့က လာမည့် ၃ နှစ်စာ အစီအစဉ် အတွက် ရန်ပုံငွေ ထောက်ပံ့ရန် ဒေါ်လာ ၁၂၂ သန်းကို အလှူရှင်များထံ တောင်းခံထားသည်။ အလှူရှင်များသည် မြန်မာ၊ ကမ္ဘောဒီးယား၊ နှင့် လာအိုတို့ အကြားမှ ခြားနားမှုကို သိရှိသည့် အားလျှော်စွာ အဆိုပါ ပိုက်ဆံကို ထောက်ပံ့လိမ့်မည်ဟု Kaye က မျှော်လင့်ထားသည်။ ဤကိစ္စမှာ အမှန်ပင် တရားမျှတမှု မရှိပါ၊ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံက လူတစ်ဦးလျှင် ၄ ဒေါ်လာနှုန်း ရရှိသည့် အချိန်တွင် ကမ္ဘောဒီးယားက ၄၇ ဒေါ်လာ လာအိုက ၆၈ ဒေါ်လာ ရရှိခဲ့သည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း နာဂစ် ဒဏ်ခံ ဒေသများ အတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြီးမားမား ထောက်ပံ့နေရဆဲ ဖြစ်သောကြောင့် အရေးပေါ် စားနပ်ရိက္ခာ ရန်ပုံငွေ အတွက် အလှူရှင်များက ပိုက်ဆံ ထုတ်/ မထုတ်ကို ရှင်းလင်းစွာ မသိရသေးပါ။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.