Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၀.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တစ်ဦးပြောကြားတဲ့ နိုင်ငံ၏ ပကတိအခြေအနေ

*****************************************

ဆောင်းပါးကဏ္ဍ

ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တစ်ဦးပြောကြားတဲ့ နိုင်ငံ၏ ပကတိအခြေအနေ

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးဖြစ်စဉ်တွင် လက်ရှိအာဏာရှိနေသော နိုင်ငံတော်အကြီးအကဲများ၏ အခန်းကဏ္ဍကို မြန်မာ့နိုင်ငံ ရေးသုံးသပ်သူအချို့က အရေးမပါသယောင် ရေးသားပြောဆိုနေမှုများကို တွေ့မြင်နေရပါမည်။ အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသွား သော နိုင်ငံများတွင် တည်ဆဲအီလစ်များ၏ ပြုပြင်ပြောင်းလဲမှုအပေါ် သဘောထားမှာ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေမြဲဖြစ်သည်။ မြန်မာနိုင်ငံ၏ တည်ဆဲအီလစ်များတွင် ပြုပြင်ပြောင်းလဲမှုကိုလိုလားသူများရှိသလို၊ သဘောထားတင်းမာသူများလည်း ရှိပါသည်။ အစိုးရသစ်တက်ပြီး ၁၀လအတွင်း နိုင်ငံရေး ဖြစ်ထွန်းမှု အရပ်ရပ်မှာ ပြုပြင်ပြောင်းလဲမှုကို လိုလားသူများက ဦးဆောင်သွားသည့်အချက်ကိုတော့ မျက်ကွယ်ပြု၍မရနိုင်ပါ။ သဘောထား တင်းမာကြသူများသည်လည်း အပြောင်းအလဲကို လုပ်ဆောင်မှဖြစ်တော့မည်ဟူသော အသိရှိနေကြပြီး ဖြစ်သည့်အလျှောက် ပြည်သူများရော၊ နိုင်ငံတကာကပါ ထင် မှတ်မထားသည့် အပြောင်းအလဲများ ဆက်တိုက်ဆိုသလို မြန်မြန်ဆန်ဆန်ဖြစ်ပေါ်ခဲ့သည်။

အစိုးရနှင့် လွှတ်တော်အတွင်းရှိအပြောင်းအလဲကို လိုလားသည့်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များကို ပြည်သူများက အစပထမ၌ သံသယ ဖြင့်စောင့်ကြည့်နေခဲ့ရာမှ ယခုအခါတွင် အမှန်စင်စစ်ဖြစ်သည်ဟူသော သဘောထားများ ရှိလာနေပြီဖြစ်သည်။ စစ်တပ်တွင်ရော၊ အစိုးရတွင်ရော သြဇာကြီးမားသည်ဟု နာမည်ရှိသည့် ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်း၏ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော မိန့်ခွန်းသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ပကတိအခြေအနေနှင့် အနီးစပ်ဆုံးရှိလှသည်ဟု ပြည်သူများက ကောက်ချက်ချကြသည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်၍ သုံးသပ် ပြောကြားသွားသော မိန့်ခွန်းဖြစ်ပါသည်။

မိန့်ခွန်းတွင် ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ ဝန်ထမ်းများရဲ့ လက်ရှိရနေကြသော လုပ်ခ၊ လစာ၊ စရိတ်နဲ့ ချီးမြှင့်ငွေများဟာ ယနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ် နေရေး၊ လူမှုရေးအတွက် လောက်ငှစွာမရှိကြပါ။ ဒါကြောင့် ကျွန်တော်တို့တင်ပြချက်သည် ယနေ့ဝန်ထမ်းများ၏ လုပ်ခ၊ လစာ၊ စရိတ်နဲ့ ချီးမြှင့်ငွေ များအား ထိုက်သင့်သလို အလျင်အမြန်တိုးပေးရန် လိုအပ်တယ်ဆိုတဲ့အချက်ကို ထောက်ပြခြင်းပဲ ဖြစ်ပါတယ်” ဟုပြောကြားသွားခဲ့ပါသည်။ စာရေးသူ အနေဖြင့် ယင်းတင်ပြချက်ကို ကောင်းမွန်သန့်ရှင်းပြီး စွမ်းဆောင်ရည်မြင့်မားသည့် အစိုးရတစ်ရပ်ဖြစ်ပေါ်ဖို့ အခြေခံအကြောင်းတရား ဖြစ်သည်ဟု သုံးသပ်မိပါသည်။ တနည်းဆိုရလျှင် အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုသဘောအရ မက်လုံးပေးအပ်ခြင်းသာဖြစ်ပါသည်။ ထိုက်သင့်သော လုပ်ခလစာ၊ အရည်အချင်းအလိုက် ရာထူးတိုးမြှင့်ပေးခြင်းတို့ကိုမူဝါဒချမှတ် လုပ်ဆောင်နိုင်မှသာလျှင် စွမ်းဆောင်ရည် မြင့်မားသည့် လူ့သားအရင်းအမြစ်ကို မဟာဗျူဟာကျကျ အသုံးချပြီး နိုင်ငံအကျိုးစီးပွား ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

မက်လုံးများဖြင့်(ဆုပေးစနစ်ဖြင့်) လူတော်ရှာဖွေသည်မှာ မှန်ကန်သည့်မူဝါဒဖြစ်သော်ငြားလည်း တော်သည့်လူကို ကောင်းမွန်နေဖို့ဆိုရာတွင် ယင်းနှင့်အတူဒဏ်ပေးသည့်စနစ်ကိုပါ ပူးတွဲကျင့်သုံးအကောင် အထည်ဖော်ဆောင်နိုင်ရမည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း ယင်းသဘောပင် ကိုပင်“အူမတောင့်မှ သီလစောင့်နိုင် မှာဖြစ်သလို၊ အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူတာဝန်ပဲဖြစ်ပြီး၊ သူတရားကိုသူစီရင် သွားမှာပဲဖြစ်ပါ တယ်။ တစ်ဖက်က အခွင့်အရေးနဲ့ သက်သာချောင်ချိရေး၊ အခြားတစ်ဖက်က စည်းကမ်းနဲ့ ဥပဒေ အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာမယ်။ Clean ဖြစ်လာမှ Good Governance လုပ်လာနိုင်မှာ”……။ ဆက်လက်ပြီး “ အချို့ဌာနများမှ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများကလည်း လုပ်ခလစာနည်းတာကို အကြောင်းပြုပြီးလက်ဘက်ရည်ဖိုး၊ အလှူငွေနဲ့ စာရွက်စာတမ်းကြေးများတောင်းယူခြင်းနဲ့ အခြားမလျှော်ကန်သော လာဘ်ပေး လာဘ်ယူ ဆန်သည့် ပြုမှုဆောင်ရွက်ခြင်းများနေရာအနှံ့၊ ဌာနအများစုလိုလိုပင် တစ်ခုမဟုတ်တစ်ခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ဝမ်းနည်းစွာ ကြားသိနေရပါသည်” ပြောကြားသွားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးပကိအခြေအနေမှာ နိုင်ငံရေးအကန့်အသတ်များကြောင့် လုပ်ကွင်းလုပ်ကွက် အနည်းငယ်သာရှိသည့် စီးပွားရေးမျိုးသာ ဖြစ်ပါသည်။ နိုင်ငံ၏ အရင်းအမြစ်များကိုလည်း အစိုးရပိုင်လုပ် ငန်းကြီးများက အဓိက လုပ်ဆောင်ကြပါသည်။ ပုဂ္ဂလိကပိုင်ပြုရေး ဥပဒေ ခိုင်ခိုင်မာမာမရှိခြင်းနှင့် ပွင့်လင်းမြင် သာမှု အားနည်းခြင်းတို့မှာ ဈေးကွက်စီးပွားရေးတွင် သိသင့်သိထိုက်သော သတင်းအချက်အလက်အများကို အမှောင်ချ ထားသလိုဖြစ်နေပြီးပုဂ္ဂလိကပိုင်း၏ အခန်းကဏ္ဍကိုလည်း အားနည်းသွားစေသည်။ အရာရာကို နိုင်ငံ တော်ကသာ တာဝန်ယူရလျှင် အစိုးရ၏ လက်တံမှာ အတော်ရှည်မှာဖြစ်သောကြောင့် ကုန်ကျစရိတ်လည်းကြီး သလို ထိရောက်မှုလည်း နည်းသွားမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ လွှတ်တော် ဥက္ကဋ္ဌက “အချို့သော စီမံကိန်းများ ဆောင်ရွက်ရာတွင် စီးပွားရေးတွက်ခြေကိုက်မှုတစ်ခုတည်းကို မကြည့်ဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု (EIA)၊ လူမှုဘဝအကျိုးသက်ရောက်မှု (SIA)၊ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု (SIA) အစရှိသည့် အစရှိသော စူးစမ်း လေ့လာမှုများမှာ တစ်ပါတည်းဆောင်ရွက်သင့်ပါတယ်။ စီမံကိန်းအမှား များကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စက်ရုံသာပြီးစီး ကျွမ်းကျင်လုပ်သားမရှိ၊ လုပ်သားမလုံလောက်၊ စက်ရုံသာပြီးစီး လျှပ်စစ်ဓာတ်အားမလိုလောက်၊ လျှပ်စစ်ဓာတ်အားမရ၊ စက်ရုံသာပြီးစီး စွမ်းအင်(ခေါ်) ဂက်(စ်)မလုံလောက်၊ ဂက်(စ်)မရ၊ အခြားလိုအပ်သောလောင်စာစွမ်းအင်များမရ၊ ကုန်ကြမ်းများမလုံလောက်၊ ကုန်ကြမ်းများမရ၊ ထွက်လာသော ကုန်ပစ္စည်းများ၏ အရည်အသွေး ဈေးနှုန်းများမယှဉ်နိုင်၍ ဝယ်ယူမှုနည်းပါးခြင်းကြောင့် စွမ်းအင်ပြည့် မလည်ပတ်နိုင်ခြင်း၊ ရပ်ထားရခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မိမိတို့ ပြည်ထောင်စုကိုယ်စားလှယ်များက သတိမူ သုံးသပ်ဆုံးဖြတ်ရမယ့် အချက်များဖြစ်ပါတယ်” ဟုပြောကြားသွားခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မိန့်ခွန်းပါအချက်များမှာ အပေါ်ယံကြည့်လျှင် နိုင်ငံတွင်ဖြစ်ပေါ်နေသော လူမှုရေး၊ စီးပွားရေး ပကတိ အခြေအနေ များကို ပြုပြင်ရန် အလေးထား သုံးသပ်ရမည့်အချက်များကို ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်းနှိုးဆော်သည့် သဘောဖြစ် သော်လည်း သေချာစမ်းစစ်ကြည့်လျှင် အုပ်ချုပ်ရေး၏ မထိရောက်သောစီမံကိန်းဆောင်ရွက်ချက်များကိုထိန်းကျောင်းရန်နှင့် ဒီမိုကရေစီစနစ် အ သက်ဝင်အောင် လုပ်ဆောင်ကြရန် ပြောကြားသွားခြင်းပင်ဖြစ်သည်။ မနှစ်က နိုင်ငံရေးအပြောင်းအလဲများ များ ခဲ့သလိုယခုနှစ်သည်လည်း စီးပွားရေး အပြောင်းအလဲများများမည့် သဘောပင်ဖြစ်သည်။

နိုင်ငံရေးအပြောင်းအလဲများတွင် နိုင်ငံရေးစေတနာမှာ အဓိကဖြစ်သော်လည်း စီးပွားရေးပြုပြင်လဲမှုတွင်တော့ နိုင်ငံရေးစေတနာအပြင် ပညာ၏အခန်းကဏ္ဍမှာရှေ့တန်းရောက်အရေးပါလာလိမ့်မည်ဖြစ်သည်။

**********************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment