Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၁.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာနိုင်ငံ၏ ပရမ်းပတာဖြစ်နေသော ငွေကြေးကို အသေအချာစောင့်ကြည့်၍ “အရှင်မျှောရမည်”ဟု စတစ်ဂလစ် အကြံပေး

(Global Post မှ 20 Feb 2012 ရက်စွဲပါ Patrick Winn ၏ Economist: Burma should 'float' its chaotic currency with heavy overweight ကို ဘာသာ ပြန်ဆိုသည်)

  1. NLD တိုင်ကြားမှုကြောင့် မြန်မာနိုင်ငံတွင် မဲဆွယ်လူထုစုဝေးမှုနှင့် ပတ်သက်၍ ကန့်သတ်ထားမှုများ ရုတ်သိမ်း

(Global Post မှ 20 Feb 2012 ရက်စွဲပါ Priyanba Boghani ရေးသားသော Burma lifts rally ban after Aung San Suu Kyi's Party complains ကို ဘာသာ ပြန်ဆိုသည်)

  1. နိုင်ငံတကာလေဆိပ်သစ် နှစ်ခု တိုးချဲ့ရန် မြန်မာစီစဉ်

(News Kerala မှ 20 Feb 2012 ရက်စွဲပါ Myanmar to build two new international airports ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့စီးပွားရေး အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပညာရှင်များသုံးသပ်

(Business Recorder မှ 19 Feb 2012 ရက်စွဲပါ Myanmar economic promise faces risk: experts ကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************************

မြန်မာနိုင်ငံ၏ ပရမ်းပတာဖြစ်နေသော ငွေကြေးကို အသေအချာစောင့်ကြည့်၍ “အရှင်မျှောရမည်” ဟု စတစ်ဂလစ် အကြံပေး

(Global Post မှ 20 Feb 2012 ရက်စွဲပါ Patrick Winn ၏ Economist: Burma should 'float' its chaotic currency with heavy overweight ကို ဘာသာ ပြန်ဆိုသည်)

ရင်းနှီးမြှုပ်နှံသူအများစုက အန္တရာယ်ကြီးသည်ဟု မှတ်ယူကာ ရှောင်ကြသည့် ပရမ်းပတာဖြစ်နေသော ငွေကြေးတစ်ခုအား သင်မည်သို့ လက်ခံမည်နည်း။ မည်သို့ တိုးတက်လာအောင် လုပ်ဆောင်မည်နည်း။

အဓိကစောင့်ကြည့်မှုများဖြင့် အရှင်မျှောထားလိုက်ပါ။ အထက်ပါ အကြံပြုချက်ကို မကြာမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်က ဝေါလ်စထရိဂျာနယ်သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိ တရားဝင်ငွေကြေးမှာ "ကျပ်" ဖြစ်ပြီး ငွေလဲလှယ်နှုန်းပေါင်းများစွာဖြင့် ရှုပ်ထွေးလျက် ရှိသည်။ မှောင်ခိုဈေးကွက်တွင် တွင်တွင်ကျယ်ကျယ်ရောင်းဝယ်မှုများလည်း ရှိနေသည်။ လက်ရှိငွေကြေးစနစ်သည် အကျင့်ပျက်ခြစားမှု ဖြစ်ရန် အလွန်လွယ်ကူကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ အဆိုအရ သိရှိရသည်။

"ကုမ္ပဏီများသည် ယင်းတို့၏ 'ကျပ်' ငွေများကို အမြန်ဆုံးလဲလှယ်ပစ်ကြသည်" ဟု ၂ဝ၁ဝ အစီရင်ခံစာက ဆိုသည်။ ယခုကဲ့သို့ ပြဿနာများ ပြည့်နှက်နေသည့် ငွေကြေးသည် ကာလကြာရှည် အထီးကျန်ဖြစ်နေသည့် နိုင်ငံအား ခေတ်မီအောင် ပြုလုပ်ရာတွင် အဓိကခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

'ကျပ်' ကို လွတ်လပ်စွာ အရှင်မျှောထားခြင်းသည် မိုက်မဲခြင်းပင် ဖြစ်လိမ့်မည်ဟု စတစ်ဂလစ်က ဝေါစထရိဂျာနယ်သို့ ပြောသည်။ သို့ဆိုလျှင် ယင်း၏ အကြံပြုမှုသည် အဘယ်နည်း။

"ဝင်ထိန်းပေးမည့် အရှင်မျှောခြင်း (Managed Float) ကို ဖော်ဆောင်ပါ" ဟု ဆိုသည်။ အစိုးရက မှန်မှန် ဝင်ရောက်ထိန်းကျောင်းရမည်ဟု ဆိုသည်။ ထိုလမ်းကြောင်းဖြင့် နိုင်ငံခြားအကူအညီများ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက ယင်း၏တန်ဖိုးကို သတ်မှတ်ပြီးဖြစ်သွားလိမ့်မည်ဟု အကြံပေးသည်။ တာဝန်ရှိသူများက တန်ဖိုးများစွာ မတက်လာစေရန် ဝင်ရောက်စွက်ဖက်ထိန်းညှိနိုင်ပြီး ပို့ကုန်များကို ပြိုင်ဆိုင်နိုင်အောင် ထိန်းပေးထားရမည် ဖြစ်သည်။

**************************************************************************

NLD တိုင်ကြားမှုကြောင့် မြန်မာနိုင်ငံတွင် မဲဆွယ်လူထုစုဝေးမှုနှင့် ပတ်သက်၍ ကန့်သတ်ထားမှုများ ရုတ်သိမ်း

(Global Post မှ 20 Feb 2012 ရက်စွဲပါ Priyanba Boghani ရေးသားသော Burma lifts rally ban after Aung San Suu Kyi's Party complains ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အာဏာပိုင်များသည် ရွေးကောက်ပွဲစည်းရုံးရေး လူထုစုဝေးမှုများအတွက် ပိတ်ပင်ထားမှုများကို တနင်္လာနေ့က ပယ်ဖျက်ပေးခဲ့သည်။ ထိုသို့ ပယ်ဖျက်ပေးခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေးအတွက် လူထုအစည်းအဝေးပြုလုပ်ရန် နှောင့်နှေးမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်ကြားခဲ့အပြီး နာရီအနည်းငယ်အကြာတွင် ဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ အဆိုအရ သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားရာတွင် ယင်းတို့၏ပါတီသည် အခက်အခဲများစွာကို ရင်ဆိုင်ရကြောင်း၊ လူထုစုဝေးရန် နေရာတောင်းခံရာတွင် အတည်ပြုချက် ရရန် ခက်ခဲခြင်းများ ရှိကြောင်း ဘီဘီစီက သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင်လျှင် လာမည့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၈ နေရာရှိသည့်အနက် တစ်နေရာ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဦးဉာဏ်ဝင်းက ပြောကြားရာတွင် "ကျွန်တော်တို့ လိုချင်တာ တရားမျှတတဲ့ယှဉ်ပြိုင်မှုပါပဲ။ ဒါပေမဲ့ ကန့်သတ်မှုတွေက တိုးလာပါတယ်။ အဲဒီတော့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတမယ်လို့ ပြောရခက်လာပါတယ်" ဟု ရန်ကုန်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဘီဘီစီ၏ အဆိုအရ သိရှိရသည်။ ယင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)အားလည်း အခြေခံအဆောက်အဦနှင့် လျှပ်စစ်မီးများ အဆင့်မြှင့်ပေးရန် ကတိပေးခြင်းများသည် မဲဝယ်ခြင်းများဖြစ်ကြောင်း စွပ်စွဲခဲ့သည်ဟု ရိုက်တာ၏အဆိုအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် NLD အား သတင်းစာရှင်းလင်းပွဲ ပြုလုပ်အပြီး နာရီအနည်းငယ် အကြာတွင် ဆက်သွယ်ပြီး မဲဆွယ်စည်းရုံးရေးအတွက် လူထုစုဝေးမှုနှင့် ပတ်သက်၍ ကန့်သတ်ချက်အချို့ ဖယ်ရှားပေးပြီးဖြစ်ကြောင်း ရိုက်တာက ဆိုသည်။ ဦးဉာဏ်ဝင်းက အေအက်ဖ်ပီသို့ ပြောကြားရာတွင် "သူတို့ ကန့်သတ်ချက်တွေ ရုတ်သိမ်းသွားပါပြီ။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် စည်းရုံးလို့ရပါပြီ။ ဒါဟာအရေးကြီးတဲ့ ပြောင်းလဲမှုပါ။ ကျွန်တော်တို့ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နိုင်ပါသေးတယ်" ဟု ပြောသည်။

*******************************************************************************

နိုင်ငံတကာလေဆိပ်သစ် နှစ်ခု တိုးချဲ့ရန် မြန်မာစီစဉ်

(News Kerala မှ 20 Feb 2012 ရက်စွဲပါ Myanmar to build two new international airports ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် နိုင်ငံတွင်း နိုင်ငံတကာလေဆိပ်သစ်နှစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ယင်းအတွက် ဂျပန်နှင့် စင်ကာပူမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ကမ်းလှမ်းနေသည်ဟု ကြားသိရသည်။

ထပ်မံ တည်ဆောက်မည့် လေဆိပ်သစ်များမှာ ပဲခူးဒေသရှိ ဟံသာဝတီနိုင်ငံတကာ လေဆိပ်နှင့် တောင်ပိုင်း တနင်္သာရီကမ်းရိုးတန်း ထားဝယ် ရေနက်ဆိပ်ကမ်းဒေသမှ ထားဝယ်နိုင်ငံတကာ လေဆိပ်တို့ ဖြစ်လာဖွယ်ရှိသည်။ ယင်းကဲ့သို့ စီစဉ်နေသော လေဆိပ်သစ်နှစ်ခုအနက် ရှိရင်းစွဲ ထားဝယ်ပြည်တွင်းလေဆိပ်ကို အမေရိကန် ဒေါ်လာ ၄ သန်း အကုန်အကျခံကာ ၃ နှစ်အတွင်း နိုင်ငံတကာလေဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်မည်ဟု ပြည်တွင်း လေကြောင်းဦးစီးဌာန တာဝန်ရှိသူများ ပြောကြားသည့်အတိုင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံတကာလေဆိပ် ၃ ခု (ရန်ကုန်၊ တံတားဦး၊ နေပြည်တော်) အပြင် ပြည်တွင်းသုံး လေဆိပ် ၂၉ ခုရှိသည်ဟု ဆိုသည်။

************************************************************************

မြန်မာ့စီးပွားရေး အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပညာရှင်များသုံးသပ်

(Business Recorder မှ 19 Feb 2012 ရက်စွဲပါ Myanmar economic promise faces risk: experts ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများက ရင်းနှီးမြှုပ်နှံလိုသူများကိုဆွဲဆောင်လျက်ရှိရာ သဘာဝသယံဇာတ ပေါကြွယ်ဝသော မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်း နယ်ပယ်သစ် တစ်ခုအဖြစ် ရှုမြင်ခြင်းခံလာရသည်။ သို့သော်လည်း ပျက်ယွင်းနေသော ငွေကြေးစနစ်နှင့် ညံ့ဖျင်းလှသော ဘဏ်လုပ်ငန်း စနစ်များကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေး စေနိုင်ကြောင်း လေ့လာဆန်းစစ်သူပညာရှင်များက သုံးသပ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာ စီးပွားရေးပညာရှင်များ ဆွေးနွေးပွဲတွင် နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့ရာမှ ပွင့်လင်းမှုများဖြစ်ပေါ်လာခြင်းကြောင့် မြန်မာ့စီးပွားရေး အလားအလာကောင်းများအပေါ် ယုံကြည်မှုများရရှိခဲ့ကြသည်။

မြန်မာနိုင်ငံသည် ရေနံနှင့် တွင်းထွက်ပစ္စည်းများကဲ့သို့သော သဘာဝရင်းမြစ်များပေါကြွယ်ဝသည့်တိုင် နှစ်ပေါင်းများစွာ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ခဲ့ရသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်စရာ လုပ်ငန်းများစွာ ရှိနေသည်။ မြန်မာပြည်သည် တစ်ချိန်တစ်ခါက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကောင်းမွန်စွာလုပ်ကိုင်နိုင်ခဲ့ခြင်းကြောင့် "အာရှ၏ စပါးကျည်"အဖြစ်သတ်မှတ်ခံခဲ့ရဖူးသည်။ သို့သော် နှစ်ပေါင်း ၅၀ မျှ စစ်တပ် တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့စဉ် ကာလအတွင်း စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုများနှင့်ကြုံတွေ့ခဲ့ရသည်။ ယနေ့အခါတွင်မူ မြန်မာအစိုးရသစ်က နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုတိုးမြှင့်လုပ်ဆောင်လာရာ မြန်မာပြည်အနေဖြင့် အခွင့်အလမ်းသစ်များနှင့် အကျိုးအမြတ်များ ရယူနိုင်မည့် အနေအထားသို့ ရောက်ရှိလာသည်။ ပထဝီသဘောအရ အင်အားကြီး တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြားတည်ရှိနေခြင်းကလည်း မြန်မာနိုင်ငံကို မဟာဗျူဟာအရ အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်စေသည်။

"မြန်မာနိုင်ငံဟာ သူ့ရဲ့အနေအထားကောင်းတွေကြောင့်အရ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်ပါတယ်။ အဓိက ပြဿနာက အတိတ်ကာလမှာ ရင်းနှီးမြှုပ်နှံမှုအနည်းငယ်သာရှိခဲ့တာပါ။ ဒါပေမဲ့လည်း အလားအလာကောင်းတွေပြန်ပေါ်လာပြီဖြစ်ပါတယ်" ဟု နိုဗယ်လ် ဆုရှင် စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်က အဆိုပါ နိုင်ငံတကာစီးပွားရေးပညာရှင်များ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ယမန်နှစ်အတွင်းအာဏာရရှိခဲ့သော လက်ရှိမြန်မာအစိုးရကို ယခင်စစ်အစိုးရမှ စစ်ဗိုလ်ချုပ်ကြီးများ အဓိက ချုပ်ကိုင်ထားသော်လည်း အစိုးရ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများစွာကို လုပ်ကိုင်ခဲ့သည်။ အဆိုပါ လုပ်ရပ်များကြောင့် အနောက်နိုင်ငံများက မြန်မာအပေါ်ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးရန် အလေးအနက်စဉ်းစားနေပြီဖြစ်သည်။

မြန်မာအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့် ၈ နှစ်ပေးမည့်အစီအစဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထုတ်ဖော် ကြေညာခဲ့သည်။ အကြောင်းမှာ အနောက်နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများက ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် တာစူနေကြသောကြောင့်ဖြစ်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ကမူ မြန်မာနိုင်ငံသည် "တိုးတက်မှုအလားအလာကောင်းများ မြင့်မားနေသည့်နိုင်ငံ" ဟု ညွှန်းဆိုပြီး ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ် အတွင်း စစ်မှန်သော ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၅ ဒဿမ ၅ ရာခိုင်နှုန်းသို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းသည်။

သို့သော် ငွေကြေးပြုပြင်ပြောင်းလဲမှုမှာ တိုင်းပြည်အတွက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်နေသည်။ မြန်မာပြည်၏ တရားမဝင် ငွေကြေး လဲလှယ်မှုနှုန်းမှာ တရားဝင်ငွေကြေး လဲလှယ်မှုနှုန်းထက် အဆ ၁၀၀ ခန့် မြင့်မားနေသည်။ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်က နိုင်ငံခြားငွေကြေး ပေါင်းစည်းမှုသာမက နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းထား လျော့ကျရန်လည်းလိုအပ်ကြောင်း သတိပေးပြောဆိုသည်။ ထိုသို့ ညီမျှမှုမရှိသော နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းထားများကြောင့် စီးပွားရေးယှဉ်ပြိုင်မှုကို ထိခိုက်စေကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ၂၀၀၃ ခုနှစ် အဓိကအကျပ်အတည်းကြီးပြီးဆုံးသွားသည့် နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၌ စစ်မှန်သော ဘဏ်လုပ်ငန်းစနစ် မရှိသလောက် ဖြစ်ခဲ့သည်။ ဗြိတိန်အခြေစိုက် စီးပွားရေးစွန့်စားမှု လေ့လာ စောင့်ကြည့်သည့်အဖွဲ့ ဖြစ်သော Maplecroft အဆိုအရ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေစနစ်မရှိသည့် အဆိုးဝါးဆုံးသောနိုင်ငံဖြစ်ခဲ့ကြောင်းသိရသည်။

******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment