Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၉.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. အီးယူက မြန်မာနိုင်ငံအပေါ်အရေးယူမှုအချို့ ဖြေလျော့

(17 Feb 2012 ရက်စွဲပါ VOA News မှ EU eases Burma sanctions ကို ဘာသာပြန်ဆိုသည်)

  1. ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကတိကဝတ်များအတွက် အဓိကစမ်းသပ်မှုဟု ကုလပြော

(17 February 2012 ရက်စွဲပါ UN News Centre မှ By-election in Myanmar will be key test of commitments to democracy UN ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာပြည်တွင်း ကုလသမဂ္ဂလုပ်ငန်းအပေါ် ကန်သတ်ချက်များဖယ်ရှားပေးသင့်ဟု အထူးသံတမန်တိုက်တွန်း

(Monster and Critics မှ 17 Feb 2012 ရက်စွဲပါ Envoy: Restrictions on UN work in Myanmar should be lifted ကို ဘာသာပြန်ဆိုသည်)

                            *****************************

ဘာသာပြန်သတင်းများ

အီးယူက မြန်မာနိုင်ငံအပေါ်အရေးယူမှုအချို့ ဖြေလျော့

( 17 Feb 2012 ရက်စွဲပါ VOA News မှ EU eases Burma sanctions ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂသည် သောကြာနေ့က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုအချို့ကို ဖြေလျော့ပေးခဲ့သည်။

ဥရောပသမဂ္ဂကောင်စီက ပြောကြားရာတွင် ၎င်းသည် သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် မြန်မာအစိုးရထိပ်တန်းတာဝန်ရှိသူ ၈၇ ဦးအပေါ် ဗီဇာပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးခဲ့သည်ဟု ဆိုသည်။ ထိုသို့ လုပ်ဆောင်ပေးခြင်းမှာ ဇန်နဝါရီလက အစိုးရသည် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွှတ်ပေးခြင်းကြောင့်ဖြစ်သည်။

အီးယူပြောခွင့်ရပုဂ္ဂိုလ် Michael Mann က အစိုးရသစ်နှင့် အီးယူဆက်ဆံရေးအတွက် မျှော်လင့်ချက် ရာသီဥတုများကို ဖော်ပြခဲ့သည်။

“အခုလို အရေးယူမှုတွေ ဖြေလျော့ပေးတာဟာ မြန်မာအစိုးရကို နောက်ထပ်ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ရယ်၊ အကျဉ်းသားတွေ ထပ်မံလွှတ်ပေးဖို့ ကိစ္စတွေမှ အားပေးရာရောက်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်” ဟု Mann က ပြောသည်။ “ အခုကျွန်တော်တို့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ မူဝါဒကို ခြုံငုံသုံးသပ်နေပါတယ်။ လက်တွေ့ဖြစ်ပျက်နေတာ တွေအပေါ် မူတည်ပြီး လာမယ့်လများမှာ ဆုံးဖြတ်ချက်ချသွားမှာပါ” ဟု ၎င်းက ပြောသည်။

မြန်မာအစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဝင်နိုင်ရန် လမ်းဖွင့် ပေးထားသည်။

                                          ************************************************************

ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကတိကဝတ်များအတွက် အဓိကစမ်းသပ်မှုဟု ကုလပြော

(17 February 2012 ရက်စွဲပါ UN News Centre မှ By-election in Myanmar will be key test of comitments to democracy UN ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရ၏ အများလက်ခံမည့် ဒီမိုကရေစီလုပ်ငန်းစဉ်များ အတွက် ကတိကဝတ်များအပေါ် အရေးပါသော စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း အကြီးတန်း ကုလသမဂ္ဂ တာဝန်ရှိသူက ယနေ့ပြောကြားလိုက်ပါသည်။ ထို့ပြင် ၎င်းက ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအားလုံး လုံးဝလွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရေး ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် Vijay Nambiarသည် မြန်မာနိုင်ငံတွင် ခြောက်ရက်တာ ခရီးစဉ်ယနေ့ပြီးဆုံးရာ ၎င်းသည် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လွှတ်တော်အမတ်များ၊ ဒေါ်အောင်ဆန်း စုကြည်၊ လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်း သားအုပ်စုများနှင့် စီးပွားရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံမှုများတွင် Mr.Nambiar က ပြည်တွင်းရော နိုင်ငံတကာကပါ လက်ခံထားသော အစိုးရ၏ ပြုပြင်ပြောင်းလဲမှုနှုန်းကို အဓိပ္ပါယ်ဖွင့်ဆိုပေးမည့် ဦးစားပေးလုပ်ဆောင်ရမည့် အဓိကသုံးခုကို အလေးအနက်ပြောကြားခဲ့သည်ဟု ရန်ကုန်တွင် ထုတ်ပြန်သော သတင်း ကြေညာချက်အရ သိရှိရပါသည်။

ပထမဦးစားပေးမှာ လာမည့်ဧပြီ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲသည် အများလက်ခံနိုင်သည်ဟု လူတိုင်းက မြင်ရန် လုပ်ဆောင်ရမည်ဟု ဆိုပါသည်။

"ဒီလိုလုပ်ရာမှာ ပါတီတွေအားလုံး သာတူညီမျှလွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ဖို့ လုပ်ပေးရပါမယ်။ ကန့်ကွက်တိုင်ကြားမှုတွေ လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းရန်နဲ့ မြင်သာမှုရှိရပါမယ်။ ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ဟာ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် အစိုးရရဲ့ကတိကဝတ်တွေကို စမ်းသပ်မှုမှာ အရေးပါလှပါတယ်" ဟု ၎င်းက ပြောပါသည်။

ဒုတိယဦးစားပေးမှာ ငြိမ်းချမ်းရေးနှင် အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် လက်ရှိကြိုးပမ်းနေမှုများအပေါ် အခြေခံ၍ ဆက်လက် လုပ်ကိုင်သွားရန်ဖြစ်ကြောင်း ဆိုပါသည်။ မကြာသေးမီက ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကြောင့် ယခင်နဲ့မတူ သမိုင်းဝင် အောင်မြင်မှုများရနေကြောင်း Mr.Nambiar က ပြောပါသည်။

"အိုးအိမ်မဲ့ ဖြစ်ရတဲ့ လူတွေရဲ့ လိုအပ်ချက်တွေအပါအဝင် ကချင်ပြည်နယ်ရဲ့ အခြေအနေဟာ တိုးတက်မှုရဖို့ လိုအပ်နေပါတယ်" ဟု ၎င်းက ဆိုပါသည်။ "ဆယ်စုနှစ်ပေါင်းများစွာ ရန်ပွဲတွေ၊ မယုံကြည်မှုတွေရှိခဲ့ပြီးပါပြီ။ ထာဝရငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းဖို့ဟာ အရေးကြီးတဲ့ အချက်ဖြစ်နေပါတယ်" ဟု ၎င်းက ပြောပါသည်။

တတိယဦးစားပေးအနေဖြင့် အထူးအကြံပေးပုဂ္ဂိုလ်က ပြောကြားရာတွင် "အစိုးရဟာ ပြည်သူများလိုအပ်နေသော လူမှုစီးပွားရေး (socio- economics) များကို အမြန်လုပ်ဆောင်ပေးရန် ဖြစ်ပါတယ်။ ဒါမှသာ ပြုပြင်ပြောင်းလဲရေးရဲ့ စစ်မှန်တဲ့အချက်တွေရဲ့ အကျိုးကို ပြည်သူတွေ စတင်ခံစားရမှာ ဖြစ်ပါတယ်" ဟု ဆိုခဲ့ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးရေးသည် ပြည်ထောင်စုအဆင့်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ တာဝန်ယူလုပ်ဆောင်ပေးရမည့် တာဝန်ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

ဦးသိန်းစိန်၏ အစိုးရမှ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ပြောင်းလဲမှုများသည် ယခင်က မကြုံခဲ့ဖူးသည့် အနေအထားတွင်ရှိကြောင်း နိုင်ငံရေးနယ်ပယ်တလွှားမှ ပါဝင်ပတ်သက်သူများက အသိအမှတ် ပြုကြသည်ဟု ၎င်းက မှတ်သားရသည်ဟု Mr.Nambiar က ပြောပါသည်။

၎င်းကသမ္မတနှင့် မြန်မာအာဏာပိုင်များအား ၎င်းတို့၏ တိုင်းပြည်တိုးတက်ရေးအတွက် ဆုံးဖြတ်ချက်များနှင့် ကတိကဝတ်များသည် မြန်မာပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များပြည့်မီစေရန် ဦးတည်ရမည်ဖြစ်ကြောင်း အကြံပြု ခဲ့သည်ဟု ဆိုပါသည်။

"ကျွန်တော့်အတွေ့အကြုံအရ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းမရှိဘဲ၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ ငြိမ်းချမ်းရေးသော်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးသော်လည်းကောင်း မရနိုင်ပါဘူး"ဟု ၎င်းက ဖြည့်စွက်ပြောပါသည်။ "အခုထိ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး တာတို့ အခြားလုပ်ဆောင်ချက်တွေအပေါ် အခြေခံပြီး၊ ယုံကြည်မှု တည်ဆောက်ရန်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ နောက်ထပ် ခြေလှမ်းတွေ လှမ်းဖို့ လိုနေပါသေးတယ်" ဟု ၎င်းက ပြောပါသည်။

Mr.Bambiar က ကုလသမ္မဂသည် မြန်မာအာဏာပိုင်များနှင့် လည်းကောင်း၊ ပြည်သူများနှင့်လည်းကောင်း အလုပ်လုပ်ကိုင်နိုင်ရန် ဆန္ဒပြင်းပြမှုအား ဖော်ပြခဲ့ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းအားလည်း ကုလသမဂ္ဂ အစီအစဉ်များအပေါ် ကန့်သတ်ထားမှုများ ရုပ်သိမ်းပေးပြီး ပြည်သူ လူထု လိုအပ်ချက်များကို လျင်မြန်စွာ   ဖြည့်ဆည်းပေးကြရန် တောင်းဆိုခဲ့ပါသည်။ ယခုအချိန်သည် ထောက်ခံကူညီမှု ခြေလှမ်းများတိုးရန် အချိန်ဖြစ်ပြီး ပြည်သူများဘဝ ပိုမိုကောင်းမွန်ရေးနှင့် ပြုပြင်ပြောင်းလဲရေးများ အဆက်မပြတ်ရရှိရေးအတွက် လက်ရှိမူဝါဒများကို ပြန်လည်ချိန်ညှိရန် လိုအပ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

************************************************************

မြန်မာပြည်တွင်း ကုလသမဂ္ဂလုပ်ငန်းအပေါ် ကန်သတ်ချက်များဖယ်ရှားပေးသင့်ဟု အထူးသံတမန်တိုက်တွန်း

(Monster and Critics မှ 17 Feb 2012 ရက်စွဲပါ Envoy: Restrictions on UN work in Myanmar should be lifted ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အပံ့ပြုနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂအစီအစဉ်များအပေါ် ကန့်သတ်ပိတ်ပင်မှုများကို ဖယ်ရှားပေးသင့်ကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂ သံတမန်က ပြောကြားသည်။

"မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရေရှည်တည်တံ့နိုင်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် အခြေအနေကောင်းတွေ ဖန်တီးတည်ဆောက်နိုင်ဖို့ လက်ရှိမူဝါဒတွေကို ထိန်းညှိပေးရမှာဖြစ်သလို အထောက်အပံ့တွေလည်း တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဗီဂျေ နမ်ဘီးယားက ပြောကြားသည်။

"မြန်မာအစိုးရက ပြည်သူတွေရဲ့ လူမှုစီးပွားရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အင်မတန်အရေးကြီးပါတယ်။ အဲဒါမှ ပြည်သူတွေအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကနေ အကျိုးအမြတ်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက မြန်မာနိုင်ငံသို့ ငါးရက်တာ ခရီးစဉ် ပြီးဆုံးသွားပြီးနောက် ၎င်းကပြောကြားသည်။

အဆိုပါ ကုလသမဂ္ဂသံတမန်၏ ကြေညာပြောဆိုမှုမှာ အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်ရည်ညွှန်းပုံရသည်။ အမေရိကန် ပြည်ထောင်စု သည် ကုလသမဂ္ဂဘတ်ဂျက်၏ ၂၂ ရာခိုင်နှုန်းအတွက် အဓိကထည့်ဝင်နေသောနိုင်ငံဖြစ်သလို မြန်မာပြည်တွင်း ကုလအေဂျင်စီများ အစိုးရ အာဏာပိုင် များနှင့် တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်မှုများကို နှစ်ပေါင်း ၂၀ ကျော်ကြာမျှ ပိတ်ပင်တားဆီးခဲ့သော နိုင်ငံလည်းဖြစ်သည်။ အမေရိကန်၏ အဆိုပါ ကန့်သတ်ပိတ်ပင်မှုများမှာ ယခင်မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ငြင်းဆန်မှုများအတွက်

ဒဏ်ခတ်အပြစ်ပေးသည့် သဘောဖြင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မကြာသေးခင် ၂၀၁၁ ခုနှစ်အတွင်း အာဏာရရှိခဲ့သော မြန်မာအစိုးရသစ်သည် စစ်တပ်လိုလားသော အဖွဲ့တစ်ခု ဖြစ်သည့်တိုင် နှစ်ပေါင်း ၂၀ မျှ  နိုင်ငံတကာအသိုင်းအဝိုင်းတွင် အပယ်ခံဖြစ်ခဲ့သော မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် လုပ်ဆောင်ပြခဲ့သည်။

"မြန်မာပြည်မှာ လတ်တလောလုပ်ဆောင်နေတဲ့ ပြောင်းလဲမှုတွေဟာ နိုင်ငံရေးနယ်ပယ်အသီးသီးက Stakeholder တွေရဲ့ အသိအမှတ် ပြုခြင်းကို ခံရပြီး မထင်မှတ်ထားတဲ့ အဆင့်တစ်ဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်"ဟု မစ္စတာ ဗီဂျေနမ်ဘီးယားက မြန်မာသမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံပြီးနောက် မြန်မာပြည်မှပြန်လည်မထွက်ခွာမီပြောကြားသည်။ ၎င်းသည် ခရီးစဉ်အတွင်း အတိုက်အခံ ခေါင်းဆောင်နှင့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ သူမသည် မကြာမီ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

အနောက်ဒီမိုကရေစီနိုင်ငံကြီးများကမူ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲ၏ ရလဒ်ကိုကြည့်ပြီး မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စံချိန်စံနှုန်းများကိုအကဲဖြတ်ကြမည်ဖြစ်သည်။ ထို့နောက် မြန်မာပြည်အပေါ်သတ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားသင့်၊ မသင့်ကိစ္စကို စဉ်းစားဆုံးဖြတ်မည်ဟုဆိုသည်။

                                                    ************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment