Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၆.၅.၂၀၁၁

ပြည်တွင်းသတင်းများ

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု  ဘဏ်လုပ်ငန်းအပါအဝင် မြှင့်တင်မည်

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စီးပွားရေးအပြောင်းအလဲများကိုပါ မြင်တွေ့လာရပြီဖြစ်လေသည်။ ယခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှုပမာဏကိုနှစ်ဆ မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းဆောင်ရွက်မှု တွင် ဘဏ်လုပ်ငန်းများပါ ပါဝင်ကြောင်းသိရသည်။

လက်ရှိမြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေး၌ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ခန့်တင်ပို့နေမှုမှ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှစ်ဆခွဲ မြှင့်တင်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးဆောင်ရွက်မှုများကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအချင်းချင်း ကုန်သွယ်ဆောင်ရွက်လျှက် ရှိသည့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု၌ လက်ရှိ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ရှိရာမှ နောင်နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်မှုတွင် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ အထိမြှင့်တင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားကြောင်း သိရသည်။

ဘဏ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုများတွင် လုပ်ငန်းဆိုင်ရာငွေကြေးပမာဏမြှင့်တင်ရန် မြန်မာ့နိုင်ငံရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဆိုနာလီဘဏ်တို့က သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိအခြေအနေ၌ ဘင်္ဂလားဒေ့ရှ်ရှိဘဏ်များသည် မြန်မာဘဏ်များနှင့် L/Cs ဖွင့်ထားနေမှုကို တတိယနိုင်ငံများမှတစ်ဆင့်ဆောင်ရွက်လျှက်ရှိရာ အချိန်ကာလနှင့် ငွေကြေးလွှဲပြောင်းမှုများတွင် ကုန်ကျစရိတ်များ ပိုမိုကုန်ကျလျှက် ရှိကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေချောမွေ့မှုရှိနိုင်စေရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဘဏ်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။  

(အတွဲ-၃၊ အမှတ်-၁၆၊ ၄ မေလ ၂၀၁၁ မြန်မာပို့စ်ပါ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုပမာဏ နှစ်ဆခွဲမြှင့်တင်ရန်စီစဉ် အရောင်းအဝယ် ပမာဏ မြှင့်တင်ရေးနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများပါဝင်မည်။)

********************************************************************************************************

စင်္ကာပူ၊ ကိုရီးယားနိုင်ငံများနှင့် မြန်မာပူးပေါင်း၍ ရေနံတူးမည်

မြန်မာနိုင်ငံရှိ ထားဝယ်တနင်္သာရီ ဒေသများ၌ သဘာဝဓာတ်ငွေ့ရေနံ ရှာဖွေတူးဖော်ရာတွင် မြန်မာ-စင်္ကာပူနှင့် ကိုရီးယားနိုင်ငံတို့မှ ပူးပေါင်း၍ သဘာဝ ဓာတ်ငွေ့ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း၊ ကိုရီးယားနိုင်ငံ (Korea Myanmar Development (KMDC) ) ကုမ္ပဏီနှင့် စင်္ကာပူနိုင်ငံ Brilliant Oil Corporation(BOC)) ကုမ္ပဏီများနှင့်အတူ ကမ်းလွန်ပင်လယ်လုပ်ကွက်များ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်မှုကို လုပ်ကိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းစတင်ဆောင်ရွက်မည့် နေ့ရက်ကို အတိအကျမသိရသေးကြောင်း သိရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် နိုင်ငံတကာပို့ကုန်ဈေးကွက်၌ သဘာဝဓာတ်ငွေ့ဈေးကွက်မှာ အကြီးဆုံးပင်ဖြစ်ကြောင်းသိရသည်။ ပြည်ပ နိုင်ငံများ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများမှာ ကုန်းတွင်းပိုင်းတွင် ၄၉ ခု၊ ကမ်းလွန်ပင်လယ်ပြင်တွင် ၂၆ ခုရှိကြောင်းသိရသည်။

ကမ္ဘာ့ရေနံဈေးကွက်မြင့်တတ်ပြောင်းလဲလာမှုများလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့် ရေနံဈေးကွက်မှာ ပိုမိုရရှိလာကြောင်း၊ ယခင် မြန်မာနိုင်ငံ၏ ရေနံဈေးကွက်မှာ အဓိကအနေဖြင့်ထိုင်းနိုင်ငံတစ်နိုင်ငံတည်းသာရှိသော်လည်း ယခုအခါ တရုတ်၊ စင်္ကာပူ နှင့် တောင်ကိုရီးယား နိုင်ငံများသို့ပါ ဈေးကွက်ချဲ့ထွင်၍လုပ်ကိုင်လာကြကြောင်းသိရသည်။

(အမှတ်-၂၅၆၊ ၆ မေလ ၂၀၁၁ မော်ဒန် ပါ စင်္ကာပူ၊ ကိုရီးယားတို့နဲ့ ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မည် မှ)

********************************************************************************************************

ကျောင်းပြင်ပ မူလတန်းအဆင့်ပညာသင်ကြားမှု ကုမ္ပဏီများထောက်ပံ့မည်

၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်မှ စတင်၍ မြန်မာ့ပညာရေးကဏ္ဍ၌ ရန်ကုန်တိုင်းဒေသကြီးရှိ အသက် ၁၀နှစ်မှ ၁၄ နှစ်အတွင်း မူလတန်း ကျောင်းမနေနိုင်သူများနှင့် ကျောင်းပညာသင်ကြားနိုင်ခြင်းမရှိသောကလေးငယ်များအား ပြင်ပမူလတန်း ပညာသင်ကြားမှုတွင် တတ်ရောက်နိုင်ရန် စီးပွားရေး ကုမ္ပဏီများက ငါးမြို့နယ်လျှင်ကုမ္ပဏီတစ်ခုကျ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီချိန်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၀)မြို့နယ်တွင် ယင်းထောက်ပံ့ရေးအစီအစဉ်အားစတင်မည် ဖြစ်ကြောင်းသိရသည်။ ယင်းပြင်ပမူလတန်းသင်ကြားမှုကို ကျောင်းချိန်ပြင်ပချိန်များတွင် စတင်မည်ဖြစ်ပြီး တစ်နှစ်လျှင်နှစ်တန်းကျ သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ်၌ အသက် ၁၀ နှစ်မှ ၁၄ နှစ် မူလတန်းကျောင်းမပြီးသူများနှင့် ကျောင်းမနေဖူးသည့်ကလေးများကို စာရင်းကောက်ယူရာတွင် ကလေးပေါင်း ၅၀၀ ကျော်ရှိကြောင်း၊ ယင်းကလေးများအတွက် ကုမ္ပဏီများမှ ပြင်ပကျောင်းနေနိုင်ရန် ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တတ်ရောက်မည့် ကလေးငယ်များ၏ စာအုပ်စာတမ်းကြေး၊ ဆရာမဋ္ဌားရမ်းခများနှင့် ကျောင်းပစ္စည်းအပြည့်အစုံအား ကုမ္ပဏီများမှ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးကပြောကြားခဲ့သည်။

အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကျောင်းမပြီးသေးသည့် ကလေးများနှင့် ကျောင်းနေဖူးခြင်းမရှိသည့်ကလေးငယ်များ၏ ကျောင်းပြင်ပ သင်ကြားရေးကို သင်ရိုးညွှန်းတမ်းများဖြင့် ဆရာ၊ ဆရာမ များကသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး စာသင်ကြားမှုပုံစံမှာ စာတွေ့၊ လက်တွေ့များအပြင် ကလေးများ စဉ်းစားတွေးခေါ်ပုံများကို စနစ်တကျဖြင့် နည်းစနစ်မှန်ကန်စွာ သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

ကျောင်းစဖွင့်မည့်ရက်မှာ ဇူလိုင်လထဲတွင်ဖြစ်ကြောင်း၊ ကျောင်းစဖွင့်သည့်အချိန်၌ စတင်မှသာ လူစာရင်းအတိအကျရရှိနိုင်မည်ဖြစ်ကြောင်း၊ စာသင်ချိန် နာရီပေါင်း ၂၀၀ ကျော်သတ်မှတ်ပေးထားကြောင်း၊ အစိုးရကျောင်းများကဲ့သို့ တစ်နှစ်တစ်တန်း မပာုတ်ပဲ တစ်နှစ်လျှင် နှစ်တန်း တက်ရမည် ဖြစ်သည့်အတွက် နှစ်နှစ်သင်ယူပြီးပါက လေးတန်းသို့ရောက်သွားနိုင်ကြောင်း၊ ယင်းပညာရေးစနစ်သည် အချိန်တိုပညာရေး စနစ်ဖြစ်သော်လည်း ကျောင်းကြီးများကဲ့သို့ပင် သင်ကြားသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ထမ်းကပင်ဆက်လက်ပြောကြားခဲ့သည်။

မိသားစုစားဝတ်နေရေးမပြေလည်မှုကြောင့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြားအခြေခံဆိုင်များတွင် အလုပ်ဝင်ရောက် လုပ်ကိုင်လျှက်ရှိသည့် ကလေးများအတွက်လည်း ဆရာများမှ အချိန်ညှိယူ၍သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ်အတွင်းမှ ပညာရေး ဝန်ထမ်း ဆရာတစ်ဦးကပြောကြားခဲ့သည်။

(အတွဲ-၁၊ အမှတ်-၇၊ ၆ မေလ ၂၀၁၁ မြန်မာပို့စ်(ဂလိုဘယ်) ပါရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းပြင်ပမူလတန်းအဆင့် ပညာသင်ကြား မှုအား ကုမ္ပဏီတစ်ခုလျှင် ငါးမြို့နယ်တာဝန်ယူဆောင်ရွက်ပေးမည်မှ)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပါတီနှင့် နိုင်ငံရေးသတင်းများ

မြန်မာအစိုးရ အာဆီယံဥက္ကဋ္ဌတာဝန်ယူရန်အသင့်ဖြစ်

၂၀၀၆ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံမှ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အာဆီယံဥက္ကဋ္ဌတာဝန်နေရာအား နောင်လာမည့် ၂၀၁၄ ခုနှစ်၌ မြန်မာအစိုးရမှ တာဝန်ယူရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း အကြောင်းကြားစာအား အာဆီယံမှ အတည်ပြု ရယူထားပြီဖြစ်ကြောင်း အာဆီယံအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် ကပြောကြားခဲ့သည်

မေလ ၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျာကာတာ၌ ကျင်းပမည့် (၁၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံမှ ဥက္ကဋ္ဌ တာဝန်ယူရန် ခွင့်ပြုချက် ဆွေးနွေးမှုရှိမရှိကို မိမိအနေဖြင့်မသိရှိကြောင်း ဒေါက်တာဆူရင်ပစ်ဆူဝမ်ကပြောကြားခဲ့သည်။

ယင်းအာဆီယံထိပ်သီးစည်းဝေးပွဲသို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ တတ်ရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။  မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအလှည့်ကျတာဝန်ယူရန် ကိစ္စရပ်အား အာဆီယံ (၁၀)နိုင်ငံမှ ခေါင်းဆေင်များက ဆုံးဖြတ်ပါလိမ့်မည်ပာု ၎င်းက ပြောခဲ့သည်။

အာဆီယံဥက္ကဋ္ဌတာဝန်ယူရန်  အလှည့်ကျတာဝန်ပေးခြင်းခံထားရသော နိုင်ငံများမှာ ၂၀၁၂ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံမှလည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် လာအိုနှင့် မြန်မာနိုင်ငံတစ်နိုင်ငံက အလှည့်ကျ တာဝန်ပေးအပ်ခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံဥက္ကဋ္ဌတာဝန်ပေးအပ်ခြင်း မခံရသေးသော်လည်း ကြိုတင်ပြင်ဆင်မှုအနေဖြင့်  နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာ ခန်းမ၌ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်၌ ဖွင့်လှစ်ရန်အာဆီယံအတွင်းရေးမှူးရုံးနှင့် အစည်းအဝေးခန်းမ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

(အတွဲ-၇၊ အမှတ်-၂၁၊ ၉ မေလ ၂၀၁၁ The Voice ပါ ဥက္ကဋ္ဌတာဝန်ယူရန်မြန်မာအစိုးရအသင့်ဖြစ်ကြောင်း အာဆီယံအတည်ပြု မှ)

********************************************************************************************************

မီဒီယာကော်နာများ စာအုပ်နှင့် ဂျာနယ်လက်ကားဖြန့်ချိရာ ဌာနများ မဖြစ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလဆန်းက ဖွင့်လှစ်လိုက်သော မီဒီယာကော်နာများသည် စာအုပ်နှင့်ဂျာနယ် လက်ကားဖြန့်ချီရာဌာနများ ဖြစ်လာနိုင်ခြင်း မရှိကြောင်း မီဒီယာကော်နာဆိုင် ဖွင့်လှစ်ထားသူများမှဆိုသည်။

ကျောက်တံတားမြို့နယ်တွင် မီဒီယာကော်နာဆိုင် ဖွင့်လှစ်ထားရှိသူတစ်ဦးက “စာပေနှင့်စာနယ်ဇင်းက လုပ်ချင်တာက မီဒီယာကော်နာ ဆိုင်တွေက နေ့စဉ်ထုတ် ဂျာနယ်တွေ၊ စာအုပ်တွေကို လက်ကားဖြန့်ချီတဲ့ နေရာတွေ အဖြစ်လုပ်ချင်တာ ဂျာနယ်လက်ပွေ့သမားတွေက ရွှေဂုံတိုင်တို့၊လမ်း ၃၀ တို့မှာ ဂျာနယ်ပုံမှန်ယူနေတာ အစဉ်အလာဖြစ်နေပြီဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ဒီအစဉ်အလာကို ချိုးဖျက်ဖို့ကလည်း မလွယ်လောက်ဘူး။” ဟုဆိုသည်။

နေ့စဉ်ထုတ် ဂျာနယ်များအား ဂျာနယ်တိုက်များမှ မီဒီယာကော်နာများသို့ တိုက်ရိုက်လာရောက် ဖြန့်ဖြူးရန် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ ကြံရွယ်ခဲ့သော်လည်း ဂျာနယ်အချို့နှင့်ညိနှိုင်း ဆောင်ရွက်ရာတွင် အဆင်ပြေမှု မရှိခဲ့ခြင်းကြောင့် ဂျာနယ်လက်ကားဖြန့်ဖြူးသည့် ဆိုင်များမှတဆင့်  နေ့စဉ်ထုတ် ဂျာနယ်များ သွားရောက်ယူငင်ကာ ရောင်းချရန် စီစဉ်ခဲ့ရသည်ဟု သိရသည်။

“ ဂျာနယ်တိုက်က ကားက ဆိုင်ရှေ့မှာဖင်ထိုးပြီး ဂျာနယ်တွေလာချပေးဖို့ စီစဉ်တာတွေ လုပ်ခဲ့တယ်တော့ကြားတယ်။ နာမည်ကြီး ဂျာနယ်တွေနဲ့ ညှိနှိုင်းမှု အဆင်အပြေတော့မဖြစ်လာဘူးလေ။ အခုမှစထွက်တဲ့ဂျာနယ်တစ်ချို့ရယ်၊နာမည်မရသေးတဲ့ဂျာနယ်တစ်ချို့ရယ်ကတော့ မီဒီယာကော်နာ ဆိုင်တွေကို ဂျာနယ်အစောင်ရာဂဏန်းလောက် လာပေးပြီး၊ တစ်ပတ် ရှင်းစနစ်နဲ့ ရောင်းချဖို့ လာပေးတာတွေရှိတယ်”ဟု မီဒီယာကော်နာမှ ဆိုင်ဝန်ထမ်း တစ်ဦးက ဆိုသည်။

မီဒီယာကော်နာများတွင် ရောင်းချသောဈေးနှုန်းသည် လက်ပွေ့ရောင်းချသူများမှ ရောင်းချသောဈေးနှင့် ၁၀၀ ကျပ်နီးပါးကွာဟသော်လည်း လက်ပွေ့အရောင်းသမားများ၏ ဂျာနယ်ရောင်းရနှုန်းမှာ ကျဆင်းသွားခြင်းမရှိကြောင်း ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ရှိ ဂျာနယ်လက်ပွေ့ ရောင်းချသူများမှ ဆိုသည်။ရန်ကုန်မြို့တွင်းခြောက်မြို့နယ်တွင် မီဒီယာကော်န်ာဆိုင်ပေါင်း ၂၉ ဆိုင်အား မေလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

(ကျော်စွာ)

********************************************************************************************************

တောင်သူလယ်သမား အသိပညာ ဖွံဖြိုးမှုသင်တန်း ဖွင့်လှစ်မှု အောင်မြင်ဟုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပထမဆုံးအကြိမ် ကြီးမှုးဖွင့်လှစ်သော တောင်သူလယ်သမား အသိပညာဖွံဖြိုးမှု သင်တန်းအား ဖွင့်လှစ်မှုသည် အောင်မြင်မှု ရရှိခဲ့ကြောင်း ဒီချုပ်မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

အဆိုပါ သင်တန်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံးဖြစ်သည့် တောင်သူလယ်သမားထုအား လယ်ယာ စိုက်ပျိုးရေးနှင့် ပက်သက်ဆက်နွယ်သည့် အခန်းကဏ္ဍများ ၊နည်းပညာဗဟုသုတ များတိုးတက်စေရေးအတွက် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူမှ ဆက်လက် ပြောကြားသည်။

ယင်း တောင်သူလယ်သမား အသိပညာဖွံဖြိုးမှု သင်တန်းအား စီစဉ်သူတစ်ဦးက  “ဒီသင်တန်းကို နောက်တစ်ခေါက် ပြန်ဖွင့်ဖို့ရှိပါတယ်။ တက်ရောက်လာတဲ့ လယ်သမားတွေကလည်း သင်တန်းရဲ့ သင်ကြားမှုတွေကို အာရုံစူးစိုက်တာတွေ့ရတော့ ကျွန်တော်တို့တော်တော်လေး အားရပါတယ်။ သူတို့အတွက် အသုံးတည့်တဲ့ သင်ခန်းစာက ဓာတ်မြေသြဇာ အသုံးပြုပုံကို သေချာသင်ကြားပေးတာ လို့ ပြောပါတယ်” ဟု ဆိုသည်။

ယင်းသင်တန်းအား ဧပြီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး၊ မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်းနှင့် စိုက်ပျိုးရေးပညာရှင် ဦးအောင်ကြည်ညွန့်တို့က  လယ်ယာ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဓာတ်မြေသြဇာတို့အား အကျိုးရှိစွာ အသုံးချပုံ၊လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တိုးတက်ပြောင်းလဲ လာသော  စိုက်ပျိုးမှုနည်းပညာများ စသည့် ပညာရပ်ဆိုင်ရာ ဗဟုသုတများကို အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ တောင်သူလယ်သမား ၃၈ ဦး အား ပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းဂျာနယ်များမှ ကောက်နှုတ်ချက်များ

"ကုမ္ပဏီဆယ်ခုတင်သွင်းခွင့်ရထားတော့ ကုမ္ပဏီအလိုက်တင်သွင်းရမယ့် ဘဏ်တွေမသိသေးလို့ ဈေးမကပ်သေးတာ။ သူတို့ စာရင်းဖွင့်တဲ့ ဘဏ်တွေမှာ ငွေသွင်းပေးရမှာမို့ ကုမ္ပဏီအလိုက်ဘဏ်တွေ အပြောင်းအလဲရှိနိုင်တယ်" ဟု စားအုန်းဆီလုပ်ငန်းရှင်များ အသင်းမှ အမှုဆောင်တစ်ဦးကပြောသည်။

သို့သော်လက်ရှိကာလတွင် ပြင်ပစားအုန်းဆီဈေးကွက်၌ တစ်ပိသာလျှင် ကျပ် ၂၄၀၀ နှုန်းဖြင့် မေလတလလုံး အတွက်ကြိုပွိုင့်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း စားအုန်းဆီဈေးကွက်မှ သတင်းရရှိသည်။

လက်ရှိကာလတွင် အနည်းဆုံး တန်ချိန်သုံးထောင်ကျော်တင်သွင်းနိုင်သည့် ပြင်ပစီးပွားရေးလုပ်ငန်းရှင် ၁၀ဦးကို ဧပြီ ၂၃ ရက်မှစကာ တင်သွင်းခွင့် ပြုပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က UMFCCI အသင်းချုပ် အကြိမ်(၂၀) မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မေ ၅ ထုတ် 7DAY NEWS အတွဲ(၁၀) အမှတ်(၇) တွင်ပါသည့်" ကုမ္ပဏီဆယ်ခုကို စားအုန်းဆီတင်သွင်းခွင့်ပြုထား" သတင်းမှ ကောက်နှုတ်ချက်

********************************************************************************************************

"မှတ်ပုံတင်ဖို့လိုနေသေးတဲ့ အလုပ်သမားပေါင်း ငါးသိန်း၊ ခြောက်သိန်းခန့်(လာအိုနှင့် ကမ္ဘောဒီးယားအပါအဝင်) ကို ခပ်မြန်မြန် ဒီကိစ္စလုပ်ခိုင်းရ ပါလိမ့်မယ်။ ဒါ့ပြင် ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားပေါင်းကလည်း တစ်သန်းကနေ နှစ်သန်းအထိ ရှိနေမယ်လို့ ကျွန်တော်တို့ မှန်းထားတာကြောင့် မှတ်ပုံတင်ဖို့ နောက်ထပ်ရက်သတ်မှတ် ပေးရတာပါ"

မေ ၆ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၆) တွင်ပါသည့် "မြန်မာအလုပ်သမားများ မှတ်ပုံတင်ရေးကိစ္စ အရှိန်မြှင့် လုပ်နေဟု ထိုင်းဝန်ကြီးချုပ်ဆို" သတင်းမှ မစ္စတာအဘီဆစ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************************

"ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး အီးယူကိုလည်း လျှော့ဖို့တောင်းဆိုမယ်။ ဒါ့ပြင် ထိပ်ပိုင်းတာဝန်ရှိသူတွေကိုလည်း ပြောင်းလဲမှုပြုလုပ်ဖို့ တိုက်တွန်းသွားမယ်။ သမ္မတရဲ့ မိန့်ခွန်းအတိုင်း တစ်ဆင့်ပြီး တစ်ဆင့်အကောင်အထည် ဖော်ပေးဖို့ တိုက်တွန်းသွားမှာဖြစ်တယ်။ လုပ်သင့်တဲ့အချိန်မှာ မလုပ်သေးရင် ထပ်မံတိုက်တွန်းသွားမှာဖြစ် တယ်။ တစ်ဖက်ကိုလျှော့ဖို့တောင်းဆိုပြီး တစ်ဖက်ကိုလည်း လက်တွေ့လုပ်ပြခိုင်းဖို့ တိုက်တွန်းသွားမယ်"

မေ ၆ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၆) တွင်ပါသည့် "အီးယူ၏ ကုန်သွယ်ရေးဆိုင်ရာ သက်သာ လျှော့ပေါ့ပေးရေးစနစ် ပြန်လည်ထားရှိရန် ပါတီများတောင်းဆို" သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော် ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************************

"ဖုန်းကိုခါးပိုင်နှိုက်ပြီး ငွေညစ်တာနဲ့ကြုံရရင် ရဲကိုတိုင်သင့်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းရင်မလိုလားအပ် တဲ့ပြဿနာတွေကို ပိုကြုံရနိုင်တယ်။ ငွေညစ်ပြီဆိုတာနဲ့ ချိန်းတဲ့နေရာမသွားခင်သက်ဆိုင်ရာကိုအကြောင်းကြား စောင့်ဖမ်းသင့်တယ်။ အဲဒီလိုမျိုး ဖမ်းဆီးနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်" ဟုလုံခြုံရေးဝန်ထမ်းတစ်ဦးက အကြံပေးခဲ့ပါသည်။

"အခုနောက်ပိုင်းမှာ ဂျီအက်စ်အမ်ဖုန်းရော၊ ငါးသိန်းတန်ဖုန်းကိုပါသုံးစွဲတဲ့ သူတွေများလာတယ်။ အဲဒီအခါမှာ  ဖုန်းပိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ဖုန်းကို လိုင်းကားစီးတဲ့အခါမျိုးနဲ့ လူစည်ကားတဲ့နေရာတွေသွားလာတဲ့အခါမျိုးမှာ သတိမထားမိဘဲ ဖုန်းခါးပိုက်နှိုက်ခြင်းကို ခံရပါတယ်။ အဲဒီအခါ ခါးပိုက်နှိုက်က ဖုန်းကိုဖွင့်ထားပြီ ဖုန်းပိုင်ရှင်က ပြန်ဆက်တဲ့အခါကျမှ ငွေညစ်တောင်းယူတာမျိုးတွေ ရှိနေပါတယ်"ဟု လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောပါသည်။

မေ ၆ ထုတ် Bi Weekly အတွဲ(၄) အမှတ်(၅) တွင်ပါသည့် "ဂျီအက်စ်အမ်ဖုန်းများသာမက ငါးသိန်းတန်ဖုန်းများကို ခါးပိုက်နှိုက်၍ ငွေညစ်မှုများရှိလာကြောင်း သိရ" သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ခွဲခြားနှိုင်းယှဉ် ပျားနှင့် ယင်

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက ရွှေဥမင်ဓမ္မသုခတရားရိပ်သာတွင် တရားစခန်းဝင်ရောက်အားထုတ်ဖြစ်ခဲ့ ပါသည်။ တရားစခန်း ထိုင်နေစဉ် ကာလအတွင်း ရွှေဥမင်တရားရိပ်သာ၏ ပဓာနနာယကအဖြစ် တာဝန်ယူစောင့် ရှောက်ပေးလျက်ရှိသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကယောဆရာတော်ကြီး ၏ သြဝါဒဆုံးမစကားတရားတော် များကို နားကြားခွင့်ရခဲ့သည်မှာ ထူးခြားသော ဆုလာဘ်တစ်ခုအဖြစ် ခံယူမိပါ၏။ ယောဆရာတော်ကြီးမြွက် ကြားခဲ့သော သြဝါဒများအနက် သင်္ကြန်အတက်နေ့က ဟောကြားဆုံးမခဲ့သည့် သင်္ကြန်အောင်ပွဲတရားတော်တွင် အဖွဲ့အစည်းများနှင့်ပတ်သက်၍ ပျားနှင့်ယင်ကောင်ကို ဥပမာထားဆုံးမသွားခဲ့သည့် သြဝါဒစကားမှာ ရိပ်သာအဖွဲ့အစည်းများသာမက နိုင်ငံလူ့အဖွဲ့အစည်းများအတွက်ပါ အလွန်တန်ဖိုးရှိအသုံးဝင်လှသဖြင့် ထပ်ဆင့် ဖောက်သည်ချလိုပါသည်။

အဟိတ်တိရစ္ဆာန်လောက၌ အုပ်စုဖွဲ့၍ နေထိုင်သော ပိုးမွှားများရှိကြရာတွင် ယင်ကောင်နှင့် ပျားတို့လည်း အပါအဝင်ဖြစ်သည်။ တိရစ္ဆာန်ပင် ဖြစ်သော်ငြားလည်း အသိပညာချင်းမတူကြသည့်အတွက် ယင်နှင့် ပျား တို့အကြားအနေအထိုင်အပြုအမူ ဂုဏ်သတင်းတို့ကခြားနားလှသည်။

ယင်ဆိုသည့်အကောင်များကား ခံယူချက်နတ္တိ၊ အသိပညာကင်းမဲ့လှသည်။ အညှီ၊ အပုပ်၊ အညစ်အ ပတ်များကိုမှ မက်မက်မောမော နှစ်သက်သည်။ အညစ်အကြေးများပေါ်၌ အုံ၍ခဲ၍ တစ်ကောင်ပေါ်တစ်ကောင် ထပ်၊ ကျပ်ညပ်တိုးဝှေ့လုယက်ကာ ရှာဖွေစားသောက်ကြသည်။ ငါတစ်ကောင် ဝဖို့ အရေးသာ အလေးထားကာ ဘယ်သူသေသေ-ငတေမာပြီးရော စိတ်ဓာတ်ရှိပြီး ကိုယ့်ဝမ်းဝလျှင် အစာပုပ်မှခွာကာ နား၍ကောင်းသော နေရာရွေး၍ နှပ်နေတက်သည်။ အပုပ်အစပ်နေရာများတွင် ပျော်မွေ့ပေါက်ဖွားကာ ရောဂါပိုးများကိုလည်း စေတနာ့ ဝန်ထမ်းသယ်ယူ ပို့ဆောင်ဖြန့်ဝေ တတ်သေးသည်။ မိမိအဖွဲ့အစည်းကိုလည်း မချစ်ခင်။ ပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးမပေးကြောင်း 'ယင်ကောင်'ကိုလည်း ကောင်းကျိုးမပေး သောကြောင့် 'ယင်ကောင်'ဆိုလျှင် အားလုံး က ဝေးဝေးရှောင်လိုကြသည်။ 'ယင်မနားအောင် ဖုံးအုပ်ထား ယင်မနားစေနဲ့' ဟု သတိပေးကြသည်။ ယင်မ ပေါက်ဖွားရအောင် သုတ်သင်ဖယ်ရှားကြသည်။ လူတို့၏အမြင်၌ ယင်ကောင်ဟူသည် ပိုလျှံသတ္တဝါအန္တရာယ် ကောင်၊ ရွံ့မုန်းစရာအတိဖြစ်သည်။

ပျားကောင်ကား ထိုသို့မဟုတ်၊ ခံယူချက်အသိတရားရှိသည်။ ပျားအုံတစ်အုံတည်းတွင် မိသားစုစိတ် ဓာတ်ဖြင့် ညီညီညွတ်ညွတ် စုစုစည်းစည်း နေထိုင်ကြသည်။ အပုပ်အစပ်၊ အညစ်အကြေးတို့ကိုဝေးဝေးမှ ရှောင်သည်။ လှသောမွှေးသောပန်းပွင့်များအကြား၌သာ ကျက်စားသည်။ ပန်းဝတ်မှုန်ကို စား၍ ပန်းဝတ်ရည်ကို သောက်သည်။ သို့သော် ပန်းပွင့်တို့ကိုမဖျက်ဆီးတက်သည့်အပြင် ဝတ်မှုန်ကူးခြင်းးကိုပင်ဆောင်ရွက်ပေးလိုက် သေးသည်။ ပန်းဝတ်ရည်ကို သောက်သုံးသည်ဟုဆိုသော်လည်း ကိုယ်ရကိုယ်ယူ ကိုယ်ရှာသမျှ တစ်ကောင်တည်းစားသုံးသည်မဟုတ်။ ရှာ၍ရသမျှ ပန်းဝတ်ရည်ကို နှုတ်ခံတွင်း၌ငုံ၍ ပျားအုံရှိရာသို့သယ်သွားပြီးမှ ပျားရည် အဖြစ်ပြောင်းလဲထုတ်လုပ်ကာ စုဆောင်းမျှဝေစားသုံးခြင်းဖြစ်သည်။ ပျားတို့ ထုတ်သော ပျားရည်မှာလည်း ချိုမြသည်။ အဟာရပြည့်ဝ၍ ဆေးဖက်ဝင်သောကြောင့် လူတို့ပင်ခုံခုံမင်မင်မက်မက်မောမော လိုက်လံရှာဖွေစု ဆောင်းကြရသည်။ လောကဓာတ်ပညာတက်ကျွမ်းကျင်နိုင်နင်းလှပါသည်ဆိုသော ဉာဏ်ကြီးရှင်လူသားများမှာ ပျားရည်ကိုပင် တူအောင်တု၍ မထုတ်နိုင် သေးပေ။ စင်စစ်၌ ပျားရည်ဝယ်ယူရာ၌ အတု၊ အစစ်ခွဲခြားရသည် ဆိုခြင်းများလည်း လူကသာပျားရည်ကို သကြားစသည် ရော၍ အတုလုပ်ခြင်းဖြစ်၏။ ပျားတို့ကား မိမိတို့၏ ပျားရည်ကို မည်သည့်အခါမျှ အတုလုပ်လေ့မရှိ၊ ဝယ်သူတို့က လူလူချင်းကို စိတ်မချသော်လည်း ပျားတို့ကိုမူ စိတ်ချလေးစားသည်။ ပျားတို့က ပျားရည်ကို သိုလှောင်ခြင်းမှာ မိမိတစ်ဦးတည်းသာ မောင်ပိုင်စီးဖို့မဟုတ်။ အများနှင့် ဝေငှကာ ရေရှည်အတွက် မျှတစွာစားသုံးဖို့ဖြစ်သည်။ ထို့အပြင် အနာဂတ် မျိုးဆက်သစ် ပျားလောင်းများကို တိုက်ကျွေးပြုစုရန်လည်းဖြစ်သည်။

ပျားတို့အလုပ်လုပ်ရာ ဝတ်ရည်စုဆောင်းရာ ပျားအုံတည်ဆောက်ရာ လုပ်ငန်းကိစ္စအားလုံးတို့၌လည်း ဟဲ့တစ်ချက်ငေါက်ရန်မလို။ နောက်မှ လိုက်၍ တွန်းအားပေးမည့်သူမရှိ။ ကိုယ့်တာဝန်ကိုယ်သိ၍ ကျေပွန်အောင် လုပ်ကိုင်ကြ၏။ ပျားအုံကို ရန်ပြုသူပေါ်လာလျှင်လည်း မည်သူကမျှ တိုက်တွန်း နှိုးဆော်ရန်မလို။ ပျားအားလုံး ထွက်၍ အသက်ပေးကာကွယ်ကြသည်။ မျိုးချစ်စိတ်အပြည့်ရှိကြသည်။ ထို့ကြောင့် ပျားတို့၏ အဖွဲ့အစည်းကို လေ့လာပါက စနစ်တကျ တည်ဆောက်၍ စုစုစည်းစည်းနေထိုင်ကြသော ပျားအုံသည် ညီညွတ်ခြင်းကိုပြ၏။ အကြိမ်ကြိမ်အဖန်ဖန် ပန်းနှင့် ပျားအုံလူသား ဆန်ခက်စုစည်းအပ်သော ပျားရည်တို့သည် ပျားတို့၏ မိသားစုစိတ် ဓာတ်၊ အမျိုးချစ်သော စိတ်ဓာတ်၊ မေတ္တာဖြင့် ထုံးမွှမ်းဖွဲ့စည်းအပ်သော အဖွဲ့အစည်း စိတ်ဓာတ်ကိုပြ၏။ ဤသို့ ခံယူချက်၊ အသိစိတ်၊ မျိုးချစ်စိတ်၊ ပညာအမြော်အမြင်တို့နှင့် ပြည့်စုံသောပျားအဖွဲ့အစည်းကား ဘာသာဘာဝ အသိတရားဖြင့် တည်ဆောက်နိုင်၏။

ဤသို့လျှင် ယင်ကောင်နှင့် ပျားအဖွဲ့အစည်းနှစ်ခုကြား ခြားနားချက်များကို ဆရာတော်ကြီးက ရှင်းလင်း နှိုင်းယှဉ်ဆုံးမပြီးနောက် လူ့အဖွဲ့ အစည်းတို့၏ အောင်မြင်တိုးတက်မှုနှင့် စပ်လျဉ်းသည့်အချက်လေးရပ်ကိုလည်း ထုတ်ဖော်ဟောကြားတော်မူခဲ့ရာ ယင်းတို့မှာ 'သည်းခံခြင်း၊ သနားခြင်း၊ သူတစ်ပါးကောင်းသတင်းအပေါ် ဝမ်း မြောက်ခြင်း၊ မေတ္တာစိတ်ထားခြင်း' တို့ဖြစ်ကြ၏။

ယခုအခါတွင် ကမ္ဘာတစ်လွှားရှိ နိုင်ငံအများကိုလေ့လာကြည့်မည်ဆိုလျှင် ယင်ကောင်အဖွဲ့အစည်းနှင့် တူသောနိုင်ငံများ၌ အချင်းချင်းအာဏာလု၊ စားခွက်လု၊ မနာလို၊ ဝန်တို၊ ဒေါသ၊ လောဘ၊ မောဟပွားကြကာ စစ်မီးပွားလျက်ရှိကြသည်ကို တွေ့နိုင်၏။

ပျားကောင်ကဲ့သို့ အမျိုးသားစိတ်ဓာတ်ဖြင့် ဆင်ခြင်တုံဉာဏ်အမြော်အမြင်ရှိရှိ၊ စည်းစည်းလုံးလုံး၊ ညီညီ ညာညာစည်းကမ်းရှိစွာ တာဝန်သိစွာ ကြိုးစားကြသော လူ့အဖွဲ့အစည်းများ၌ကား အချိန်တိုအတွင်း၌ပင် နိုင်ငံ အေးအေးချမ်းချမ်းနှင့် တိုးတက်ဖွံ့ဖြိုးလာခဲ့ကြသည်။ သဘာဝ ကပ်ဘေးကြီး များနှင့် ရင်ဆိုင်ရချိန်၌ပင် စည်းကမ်း ရှိရှိ၊ စိတ်ဓာတ်ကြံ့ခိုင်တည်ငြိမ်စွာဖြင့် ကြိုးပမ်းကျော်လွှားခဲ့ကြသည်ကို တွေ့ရ၏။

မြန်မာနိုင်ငံ၌လည်း ခေတ်သစ်၊ စနစ်သစ်ဖြင့် မင်္ဂလာနှစ်သစ်အတွင်းသို့ ကူးပြောင်းရောက်ရှိလာချိန်ဖြစ် လေရာ မိမိတို့နိုင်ငံကို အမှန်တကယ် တိုးတက်ကြီးပွားချမ်းသာစေလိုသည်ဆိုလျှင် ယင်ကောင်နှင့် တူသော အဖွဲ့အစည်းမဖြစ်စေဘဲ ပျားနှင့်တူသော လူ့အဖွဲ့အစည်းဖြစ်ရန် ကိုယ်စီခံယူချက် အသိတရားဖြင့် ကြိုးပမ်းသွား ကြရမည်ဖြစ်ပါတော့သည်။

(ဦးကိုကိုလှိုင်ရေး ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၇၊ အမှတ် ၁၅မှ ကူးယူဖော်ပြသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment