Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁ဝ.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်အံ့ဆဲဆဲအခြေအနေသို့ရောက်

(10 Oct 2011 ရက်စွဲပါ The Australian သတင်းစာမှ “Burma political prisoners amnesty imminent” ကို ဘာသာ ပြန်ဆိုသည်)

 

  1. အတိုက်အခံပါတီ နိုင်ငံရေးလောကထဲပြန်လည်ဝင်ရောက်နိုင်ရေး မြန်မာအစိုးရ စီစဉ်ဟု ဆို

(9 Oct 2011 ရက်စွဲပါ Monster and Critics မှ “Myanmar sets scene for opposition party comeback” ကို ဘာသာပြန်ဆိုသည်)

 

  1. တရုတ်၏ အမျက်ထွက်ခံပြီး အနောက်ကို ဆွဲဆောင်ရန် မြန်မာကြိုးစား

(Channel News Asia မှ 2nd October, 2011 ရက်စွဲပါ "Myanmar risks Chinese anger to woo the West" သတင်းကို ဘာသာ ပြန်ဆိုသည်)

 

  1. မြန်မာမှသည် ဗီယက်နမ်အထိ အရှေ့ဖက်သို့ အိန္ဒိယလှမ်းမျှော်

(The Times of India မှ 8th October, 2011 ရက်စွဲပါ "India Looks east to Vietnam and Myanmar" သတင်းကို ဘာသာပြန်ဆိုသည်)

**************************************************************************

နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်အံ့ဆဲဆဲအခြေအနေသို့ရောက်

(10 Oct 2011 ရက်စွဲပါ The Australian သတင်းစာမှ Burma political prisoners amnesty imminent ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသစ်အနေဖြင့် လာမည့်ရက်ပိုင်းအတွင်း နိုင်ငံရေးအရဖမ်းဆီးထိန်းသိမ်းခံထားရသူများအပါအဝင် အကျဉ်းသားများလွတ်ငြိမ်း ချမ်းသာခွင့်ကို ကြေညာရန် စီစဉ်ထားပြီးဖြစ်ကြောင်း စစ်တပ်သြဇာလွှမ်းမိုးမှုအောက်တွင် ရှိသော မြန်မာအစိုးရအရာရှိကြီးတစ်ဦးက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

"နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မှာပါ။ ဒါပေမဲ့ အကျဉ်းကျခံထားရတဲ့သူတွေအားလုံး လွတ်ငြိမ်း ချမ်းသာခွင့်ရ၊ မရဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး" ဟု အမည်မဖော်ပြလိုသူ အစိုးရအရာရှိတစ်ဦးက ဆိုသည်။ ယခု ရက်အနည်းငယ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိမ့် မည် ဟုလည်း ၎င်းကဖြည့်စွက်ပြောဆိုသည်။

အခြားသော အရာရှိကြီးတစ်ဦးကလည်း အကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်ကို မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် အောက်တိုဘာလ ၁၂ ရက် အိန္ဒိယ နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် မသွားရောက်မီ ကြေညာလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ သတင်းစာဆရာများနှင့် ရှေ့နေများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ခန့်မှန်းခြေ ၂၀၀၀ ခန့်ရှိပြီး အဆိုပါအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန် ပိတ်ဆို့အရေးယူမှုမူဝါဒများ ကျင့်သုံးလျက်ရှိသည့် အနောက်နိုင်ငံများက ဦးစားပေးတောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကျောထောက်နောက်ခံ အရပ်သားအစိုးရသစ်လက်ထက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်မည့် အရိပ်လက္ခဏာများ ထွက်ပေါ် လာပြီးနောက် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သော မျှော်လင့်ချက်များလည်း ပိုမိုကြီးမားလာသည်။ မြန်မာအတိုက်အခံ ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သည်မှာ ယခုဆိုလျှင် တစ်နီးပါးခန့်ရှိပြီဖြစ်သည်။

အငြင်းပွားစရာ ရွေးကောက်ပွဲဖြင့် အာဏာရရှိလာသော မြန်မာအစိုးရသစ်သည် ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ပိုမိုကောင်းမွန်လာအောင်ပြုလုပ်ရန်ကြိုးစားနေသည့်သဘောတွင်ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မြို့တော်၌ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

***************************************************************************

အတိုက်အခံပါတီ နိုင်ငံရေးလောကထဲပြန်လည်ဝင်ရောက်နိုင်ရေး မြန်မာအစိုးရ စီစဉ်ဟု ဆို

(9 Oct 2011 ရက်စွဲပါ Monster and Critics မှ “Myanmar sets scene for opposition party comeback” ကို ဘာသာပြန်ဆိုသည်)

ယခုအခါ မြန်မာအစိုးရ အာဏာပိုင်များသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD အနေဖြင့် အမျိုးသားနိုင်ငံရေး လောက ထဲသို့ ပြန်လည်ဝင်ရောက်နိုင်စေရေးအတွက် ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ရေးဆွဲရန် အလေးအနက်စဉ်းစားလျက် ရှိကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ထွက်ပေါ်လာသော သတင်းပေးပို့ချက်များအရ သိရသည်။

မြန်မာရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြန်လည်ပြင်ဆင် ရန် ဥပဒေကြမ်းတစ်ရပ်အား အဆိုပြုလိုက်ကြောင်း မြန်မာတိုင်းမ်သတင်းဂျာနယ်က ရေးသားဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၎င်း၏ နိုင်ငံရေးပါတီအား တရားဝင်ပါတီ အဖြစ် ပြန်လည်မှတ်ပုံတင် နိုင်ရေး အတွက် ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုထားသည်။

ဤသို့ပြင်ဆင်ပေးမည်ဆိုပါက NLD အနေဖြင့် လာမည့် ဒီဇင်ဘာလ သို့မဟုတ် ၂ဝ၁၂ ခုနှစ် အစောပိုင်းကာလတွင် ကျင်းပဖွယ်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေ ရှိသည်။

NLD သည် ယခင်စစ်အစိုးရက ရေးဆွဲခဲ့သော အဆိုပါရွေးကောက်ပွဲဥပဒေကြောင့် ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။ အကြောင်းမှာ ရွေးကောက်ပွဲဥပဒေက ထောင်ဒဏ်အပြစ်ပေးခြင်း ခံထားရသော ပါတီဝင်များဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်ထား သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထိုဥပဒေ ထွက်ပေါ် လာစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ကျခံနေခဲ့ရပေရာ NLD က ရွေးကောက်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ ကော်မရှင်၌ မှတ်ပုံတင်ခြင်းမပြုခဲ့သော NLD မှာ ၂ဝ၁ဝ ပြည့်နှစ်၊ မေလ တွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခြင်းခံလိုက်ရသည်။

အကျဉ်းချခံထားရသော နိုင်ငံရေးပါတီဝင်များအား ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မှုပိတ်ပင်ခြင်းအား ပယ်ဖျက်ပေးရန် အဆိုပြုထား ကြောင်း သိရသည်။ NLD ပါတီမှပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အကယ်၍ ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးဆွဲမှုကို အတည်ပြုမည်ဆိုပါက လွတ်လပ်နေသော လွှတ်တော်အမတ်နေရာ ၄၈ နေရာအတွက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ အမှုဆောင် ကော်မတီများ ဆွေးနွေးတိုင်ပင်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် ပြန်လည်မှတ်ပုံတင်ရေးအတွက် NLD ၏ နောက်ထပ် တောင်းဆိုချက် တစ်ရပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ခန့်အား လွှတ်ပေးရေး ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ဆိုသည်။ စစ်တပ်ကျောထောက်နောက်ခံ အရပ်သားအစိုးရသစ်နှင့် NLD အကြားဆက်ဆံရေးမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့မှစ၍ တိုးတက် ကောင်းမွန်လာသည်။ တစ်နည်းအားဖြင့် ဆိုပါက အဆိုပါလအတွင်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သည့် နောက်ပိုင်းကာလများ ဆက်ဆံရေးကောင်းမွန်လာခြင်း ဖြစ်သည်။

************************************************************************************

တရုတ်၏ အမျက်ထွက်ခံပြီး အနောက်ကို ဆွဲဆောင်ရန် မြန်မာကြိုးစား

(Channel News Asia မှ 2nd October, 2011 ရက်စွဲပါ "Myanmar risks Chinese anger to woo the West" သတင်းကို ဘာသာပြန်ဆိုသည်)

            မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ် မြစ်ဆုံမီဂါ တမံစီမံကိန်း ရပ်ဆိုင်းထားမှုသည် အစဉ်အလာမဟာမိတ် တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးကို ရင်းကာ အနောက် နိုင်ငံများနှင့် ဆက်ဆံရန် လက်ကမ်းကြိုးစားနေသော မြန်မာအစိုးရထံမှ နောက်ဆုံး ပေါ်ထွက်လာသော အပြောင်းအလဲရောင်နီပင် ဖြစ်သည်။

                တရုတ်တို့ရင်းနှီးမြှုပ်နှံနေသော အကြီးစား ရေအားလျှပ်စစ်စီမံကိန်းကို အနည်းဆုံး နှစ်အတန်ကြာ ရပ်ဆိုင်းထား ရန် ရုတ်တရက် ဆုံးဖြတ် လိုက်မှု သည် ယခင် အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံ၌ ပြည်သူ့သဘောထားကို ရှားရှားပါးပါး လိုက်လျောခြင်းဖြစ်ပြီး အလိုရမက်ကြီးသော အိမ်နီး ချင်း ဘေဂျင်းကို ဒေါသထွက်စေသည်။ ထို့အပြင် အထက်ပါ ဆုံးဖြတ်ချက်သည် မြန်မာ အစိုးရသစ်က ၎င်းအပေါ် ပစ်တင်ဝေဖန်နေကြသော အနောက် နိုင်ငံများ (အရေးယူ ပိတ်ဆို့မှု Sanctions ချမှတ်သူများ)၊ အဖိနှိပ်ခံ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို နောက်ပိတ်ဆုံး ပြသ လိုက်သည့် လိုက်လျောမှု လက္ခဏာတစ်ရပ် ဖြစ်လေသည်။

                အများသိ နာမည် Burma ကို ခေါ်ဝေါ်သုံးစွဲလိုက်သော လန်ဒန် ဥာဏ်ကြီးရှင်အုပ်စု Chatham House မှ အကြီးတန်း သုတေသနပညာရှင် Gareth Price က "လက်ရှိနှစ်ပိုင်းတွေမှာတော့ မြန်မာနိုင်ငံဟာ တရုတ်ကို အားကိုးနေရ တဲ့ ဖောက်သည်လို့ သတ်မှတ်ထားကြတာပါ" ဟု ပြောကြား သည်။

                "'ဒီနိုင်ငံရေး လုပ်ငန်းစဉ်အပြီးမှာတော့ တရုတ်နဲ့ခွာထားဖို့ လိုနေပြီ" ဆိုတဲ့ အနေအထားကို ကျော်လွန်သွားနိုင်ပြီ လို့ သူတို့ (မြန်မာအစိုးရ) ခံစား ယူဆကြပါလိမ့်မယ်။ ဒီတော့ မိတ်ဆွေသစ်တွေလည်းရလာမှာ ဖြစ်သလို Sanctions တွေလည်း ရုတ်သိမ်းသွားလိမ့်မယ်လို့ သူတို့ စဉ်းစားကြ မှာပါ" ဟု Gareth Price က ဆက်လက် ပြောကြားသည်။

                မြန်မာနိုင်ငံမှ နှစ်ပေါင်း ၂၀ ကျော် တပ်မတော်အစိုးရသည် မနှစ်က နိုဝင်ဘာလတွင် ပထမဆုံး ရှားပါး ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေး ပြီးသည့်နောက် မရှေးမနှောင်း မတ်လတွင် သမ္မတ သစ် ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးခဲ့သည်။

                အစပိုင်းတွင် ဝေဖန်သူများက တပ်မတော်၏ ရှေ့ထွက်မင်းသားဟု သတ်မှတ်ခြင်းခံရသော ဦးသိန်းစိန်သည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများစွာကို ပြုလုပ်ရန် ကတိပေးခြင်းဖြင့် လူတကာကို အံ့အားသင့်စေခဲ့သော်လည်း သံသယကြီးသူများကမူ အလွယ်တကူ နောက်ပြန်လန်မသွားမည့် အရာများ လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု စောဒက တက်လျက် ရှိကြသည်။

                မြောက်ပိုင်းကချင်ပြည်နယ်မှ ဒေါ်လာ ၃.၆ ဘီလျံ ရေအားလျှပ်စစ်တမံ စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း စက်တင်ဘာလကုန်က နေပြည်တော်တွင် ကြေညာရာ၌ သမ္မတ ဦးသိန်းစိန်က "အစိုးရသည် ပြည်သူများ၏ ဆန္ဒကို လေးစားရန် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။"

                နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများစွာ ထဲမှ KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့များအကြား မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သော နယ်မြေတွင် တည်ဆောက်နေသော စီမံကိန်းကို ဒေသခံနေထိုင်သူများ ကလည်း တောက်လျှောက်ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

                လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိုမိုလိုက်လျော ခွင့်ပြုလာသည့် အစိုးရသစ်ကို အကဲစမ်းမှုများနှင့်အတူ ဒီမိုကရေစီနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများအကြား မြစ်ဆုံတမံ ဆန့်ကျင်မှု ပိုမိုကြီးထွားလာခဲ့သည်။

                “ဒီရပ်ဆိုင်းမှုဟာ ဘီဂျင်း၊ ဝါရှင်တန်၊ KIA နဲ့ ဒေသခံ ပြည်သူတွေ အပါအဝင် သက်ဆိုင်သူအားလုံးဆီကို အစိုးရက ပေးပို့ချင်တဲ့ အရေးကြီး အချက်ပြမှု တစ်ခုပါ” ဟု London School of Economic မှ သုတေသန ပညာရှင် မောင်ဇာနည်က ဆိုသည်။

                ကချင်ပြည်သူများအတွက်မူ ရာစုနစ်တစ်ဝက် စစ်အုပ်ချုပ်ရေး လက်အောက်အဖိနှိပ်ခံနိုင်ငံ၏ အနှိမ်ခံ တိုင်းရင်းသားများအဖြစ် သူတို့ ရင်ဆိုင် ခဲ့ရသော ရုန်းကန်မှုများ၏ သင်္ကေတအဖြစ် ဤမြစ်ဆုံတမံပေါ်ထွက်လာခြင်း ဖြစ်သည်။

                “ဒီစီမံကိန်းကို ဒီလိုရပ်ဆိုင်းလိုက်တာဟာ ပြည်တွင်းစစ် အသစ်ပြန်ဖြစ်မှာကို စိုးရိမ်ပြီး အလွန်သံသယကြီးနေ ကြတဲ့ ကချင်ပြည်သူတွေဆီကို လက်ကမ်းပေးလိုက်တာပါပဲ” ဟု ပြောကြားသူမှာ Hong Kong University မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ Renavd Egreteav ဖြစ်သည်။ "မြန်မာ အရပ်ဖက် လူ့အဖွဲ့အစည်းရဲ့ နှလုံးသားကို မြစ်ဆုံက နှိုးဆွပေးလိုက်တယ်” ဆိုတဲ့ ဖီလင်ရဲ့စွမ်းပကားကိုလည်း ထင်ဟပ်နေပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

                အမေရိကန်ပြည်ထောင်စုကလည်း မြစ်ဆုံတမံရပ်ဆိုင်းမှုသည် မြန်မာခေါင်းဆောင်များက မြန်မာပြည်သူများ၏ အသံကို နားထောင်နေ ကြောင်း ပြသသည့် အရေးပါသော တိုးတက်မှုတစ်ခုဖြစ်သည်ဟု သုံးသပ်ပြောကြားကာ ချီးကျူး ထောပနာ ပြုလေသည်။

                မြန်မာနိုင်ငံအပေါ် သံတမံရေးညှိနှိုင်းမှုနှင့် အရေးယူ ဒဏ်ခတ်ထားမှု နှစ်မျိုးစလုံးကို ပြိုင်တူချမှတ်ကျင့်သုံးနေသော ဘားရက်အိုဘားမား အစိုးရ ကလည်း အရှေ့တောင်အာရှ ယခင်အာဏာရှင်နိုင်ငံမှ နိုင်ငံရေးအပြောင်းအလဲ လက္ခဏာ များကို ကြိုဆိုဂုဏ်ပြုခဲ့သည်။

                မြန်မာနိုင်ငံသည် တရုတ်နှင့် ဆက်ဆံရေး ထိခိုက်သည့် ရလာဒ် ထွက်ပေါ်လာသည့်တိုင်အောင် ဝါရှင်တန်နှင့် ပိုမိုဆက်ဆံကာ အရေးယူ ပိတ်ဆို့မှု Sanction များ ရုပ်သိမ်းပေးသည်ကို မြင်တွေ့လိုသည့် ဆန္ဒရှိနေပုံရသည်။

                “နေပြည်တော်နဲ့ ဘေဂျင်းအကြား ဆုံးရှုံးလျော့ပါးစရာ အချစ်ဆိုလို့ လုံးဝမရှိပါဘူး၊ ဘေဂျင်းအပေါ် မတတ်သာလို့ မှီခိုနေရတဲ့ ဘဝရောက် အောင် အနောက် Sanction တွေက တွန်းပို့ခဲ့ကြတယ်လို့ နေပြည်တော်က တာဝန်ရှိသူ အများစုက ယုံကြည်ထားကြပါတယ်” ဟု "When China Meets India: Burma and the New Crossroads of Asia;" စာအုပ်ရေးသားသူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ဆိုသည်။

                ထို့အပြင် သြဂုတ်လ အတွင်းက သမ္မတကြီး ဦးသိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းကို အမေရိကန်အစိုးရက အထူးပင် ကြိုဆိုခဲ့သည်။

                ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီး ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အမှန်တကယ် ဆန္ဒရှိသူဟု သူမအနေဖြင့် ယုံကြည် ကြောင်း၊ သို့သော်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်မလား ဆိုသည်ကို ပြောရန် အချိန်စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။

                အနောက်နိုင်ငံအစိုးရများက မြန်မာအစိုးရအား ပြောင်းလဲလိုသည့် ဆန္ဒမှန်ကန်ကြောင်း ပြသသည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် တောင်းဆိုနေကြချိန်တွင် သမ္မတကြီးသည် အစိုးရအဖွဲ့တွင်းမှ သဘောထား တင်းမာသူများ၏ ဟန့်တားမှုနှင့် ရင်ဆိုင်နေရ သည်ဟု အများစုက ယူဆထားကြသည်။

                တချိန်ထဲတွင် ပြည်တွင်းဒီမိုကရေစီရေး၊ ပတ်ဝန်းကျင်ရေး လှုပ်ရှားသူများက မြန်မာအနောက်ဖက် ကမ်းရိုးတန်းနှင့် တရုတ်ကုန်းတွင်းပိုင်း ယူနန်ပြည်နယ်ကို ချိတ်ဆက်နေသော "ဓါတ်ငွေ့ ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ ကားလမ်း၊ ရထားလမ်းများ ပါဝင်သည့် အငြင်းပွားဖွယ် ရည်မှန်းချက်ကြီး လွန်းသော စီမံကိန်းကြီး ရပ်ဆိုင်းရန် တောင်းဆိုလျက် ရှိကြသည်။

                မြန်မာတို့၏ ရုတ်တရက်ရပ်ဆိုင်းမှု ဘေဂျင်းအစိုးရများစွာ အံ့အားသင့်သွားပုံရသည်ဟု သြစတြေးလျ Macquarie University မှ ပညာရှင် ရှောင်တာနဲ (Sean Turnell) က မှတ်ချက်ပေးသည်။

                “တရုတ်တွေက မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့လူသားရင်းမြစ် ဆိုရာ ဆုံးရှုံးမှုကို ဂရုမစိုက်ပဲ စွမ်းအင်နဲ့ သယံဇာတကို နှောင်ကြိုးမဲ့ ဦးဦးဖျားဖျား ထုတ်ယူခွင့်ပြုထားတဲ့ အချက်ကိုပဲ မြန်မာအစိုးရဆီမှာ စောဒကတက်ဖို့ အသုံးပြုပါလိမ့်မယ်” ဟု ၎င်းကပြောကြားသည်။

************************************************************************************

မြန်မာမှသည် ဗီယက်နမ်အထိ အရှေ့ဖက်သို့ အိန္ဒိယလှမ်းမျှော်

(The Times of India မှ 8th October, 2011 ရက်စွဲပါ "India Looks east to Vietnam and Myanmar" သတင်းကို ဘာသာပြန်ဆိုသည်)

              အိန္ဒိယနိုင်ငံသည် ၎င်း၏ အရှေ့မျှော်မူဝါဒ ဂီယာကြီးတင်နေပြီဖြစ်ပြီး လာမည့်အပတ်တွင် အလွန်အရေးကြီးသော ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗီယက်နမ်သမ္မတ ထဂုံတန်ဆန်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ကို နယူးဒေလီက ကြိုဆိုရန် ကြိုတင်ပြင်ဆင်လျက် ရှိသည်။ ၎င်းတို့ နှစ်ဦးသည် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် ဆွေးနွေးပွဲများ ကျင်းပကာ သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးကြတော့မည် ဖြစ်ပေသည်။

                တရုတ်တို့က အနီးကပ် စောင့်ကြည့်နေမည့် အဆိုပါ ခရီးစဉ်များသည် ၄င်းတို့နှစ်နိုင်ငံစလုံး အိမ်နီးချင်း တရုတ် နိုင်ငံနှင့်ပြဿနာများ ကိုယ်စီ ကိုယ်စီ ရှိနေကြချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်ပြင်ကိစ္စအပေါ် သဘောကွဲလွဲမှုကြောင့် ဗီယက်နမ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူချိန်တွင် မြန်မာနိုင်ငံ ကလည်း ကချင်ပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံက လာရောက်တည်ဆောက်နေသော ရေအား လျှပ်စစ်တမံကို လူတိုင်း အငိုက်မိ အံ့အားသင့်သွားအောင် ရုတ်တရက် ရပ်ဆိုင်းပစ်လိုက်သည်။

                ထိုသို့ တရုတ်နိုင်ငံနှင့် ပြဿနာကိုယ်စီရှိနေကြသော်လည်း ဗီယက်နမ်နှင့် မြန်မာနှစ်နိုင်ငံစလုံးသည် ဘေဂျင်းနှင့် ထိထိရောက်ရောက် ဆက်ဆံနေမှုကို ဆက်လက်ထိမ်းသိမ်းနိုင်ရန် ဂရုစိုက်လျက်ရှိနေကြသည်။ သမ္မတ ထဂုံတန်ဆန်၏ နယူးဒေလီခရီးစဉ်နှင့် တိုက်ဆိုင်စွာပင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ငုယင်ဖူထရုံကို တရုတ်ခေါင်းဆောင်များနှင့် တောင်တရုတ်ပင်လယ်ကိစ္စ ဆွေးနွေးရန် ဘေဂျင်းသို့ ဗီယက်နမ်အစိုးရက စေလွှတ် လိုက် လေသည်။

                ထိုနည်းတူစွာပင် မြန်မာဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည်လည်း လာမည့်အပတ် တရုတ် အာဆီယံ ကုန်သွယ်ရေးပြပွဲဖွင့်ပွဲကို တက် ရောက် ရန် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သော်လည်း အမှန်တကယ်မှာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆန္ဒပြမှုများကြောင့် မြစ်ဆုံတမံ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းကို ရှင်းလင်းထုချေရန်သာ ဖြစ်သည်။

                အရှေ့တောင်အာရှ၏ စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်သော ဗီယက်နမ်နိုင်ငံသည် အိန္ဒိယအတွက် ဆွဲဆောင်မှု ရှိသော လုပ်ဖော်ကိုင်ဖက်နိုင်ငံ ဖြစ်နေခြင်းသည် မဟာဗျူဟာမြောက်ရှုထောင့်နှင့် လုံးဝ ပတ်သက်ခြင်းမရှိပါ။ သို့သော်လည်း နှစ်နိုင်ငံအကြားဆွေးနွေးမှုများတွင် ကာကွယ်ရေးနှင့် မဟာဗျူဟာမြောက် ကိစ္စများက အဓိကပါဝင်မည့် အလားအလာရှိနေသည်။ အမေရိကန်တို့ ယခင်က အသုံးပြုခဲ့သော မဟာဗျူဟာမြောက် အရေးကြီး ဒေသ ကမ်ရန်း ပင်လယ်အော်နှင့် နီးနီးကပ်ကပ်တည်ရှိသည့် နာထရန် ဆိပ်ကမ်းကို အိန္ဒိယအား ဗီယက်နမ်က အသုံးပြုခွင့် ပေးထားသည်။ ဗီယက်နမ် သည် ဗိုလ်ကျစိုးမိုးသော တရုတ်ကို ထိထိရောက်ရောက် တန်ပြန်ရန်အတွက် ကမ်ရန်း ပင်လယ်အော်သို့ နိုင်ငံခြားသဘောင်္များ ဝင်ခွင့်ကို ယခုနှစ် အစောပိုင်းကမှ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

                အိန္ဒိယနိုင်ငံသည် ယခုအခါ ၎င်း၏အသေးစားနျူကလီးယား ဓါတ်ပေါင်းဖိုများနှင့် ဟနွိုင်းကတောင်းဆိုထားသော ဘရာမော့စ် ဆူပါခရုစ် ဒုံးကျည်များ ရောင်းချပေးရန် စဉ်းစားနေသည် ဟူသော သတင်းများနှင့် အတူ ဗီယက်နမ်နှင့် ရေတပ်ဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးတက်လာလျက်ရှိသည်။ အဆိုပါကိစ္စကို လတ်တလော ကမ်းလှမ်းထားဆဲဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

                ဗီယက်နမ်သမ္မ၏ ခရီးစဉ်ပြီးလျှင်ပြီးချင်း မြန်မာသမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်ကို အိန္ဒိယက ကြိုဆိုဧည့်ခံမည် ဖြစ်သည်။ ယခုခရီးစဉ်သည် ဦးသိန်းစိန် အာဏာရရှိပြီးနောက် ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပေမည်။ နယ်စပ် ဖြတ်ကူး လှုပ်ရှားနေသော အိန္ဒိယ သူပုန်များအား နှိမ်နင်းရာတွင် အိမ်နီးချင်း မြန်မာတို့က တက်တက်ကြွကြွကူညီမှု နှင့်အတူ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လျက်ရှိသည်။ အိန္ဒိယသည် မြန်မာနိုင်ငံ၌ ဘက်စုံမြစ်ကြောင်း ဖွံ့ဖြိုးရေးစနစ် တစ်ခုကို ရင်းနှီးမြှုပ်နှံထားသော်လည်း မြန်မာနိုင်ငံအတွင်း တရုတ်တို့ ကြီးမားစွာ ရောက်ရှိနေခြင်းကို တန်ပြန်ရန် မျှော်လင့်နိုင်ခြင်း မရှိခဲ့ပါ။

                ထိုအချိန်တွင် လူထု၏ ကန့်ကွက်ဆန့်ကျင်မှုများကြောင့် မြန်မာအစိုးရက တရုတ်တို့လာရောက် တည်ဆောက်နေသော မြစ်ဆုံတမံကို ရပ်ဆိုင်း ထားရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ဘေဂျင်းကို အမျက်ဒေါသ ထွက်စေခဲ့သည်။

                မြန်မာလူထု၏ ကန့်ကွက်မှုများကို တန်ပြန်ချေဖျက်သည့် အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီအာဘော် "ပြည်သူ့နေ့စဉ်" သတင်းစာက နိုင်ငံခြား မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် မြန်မာပြည်သူများက ကန့်ကွက် ကြခြင်း ဖြစ်ကြောင်း ပစ်တင်စွပ်စွဲခဲ့သည်။

                လက်ရှိနှစ်ပိုင်းများအတွင်း မြန်မာ့စီးပွားရေး တည်ဆောက်မှုတွင် တရုတ်ကုမ္ပဏီများက တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ခေတ်မီနည်းပညာနှင့် ကိရိယာ များကို ပမာဏများစွာ ပံ့ပိုးကူညီခဲ့ကြသည်။ မြန်မာနိုင်ငံမှ လူထုသဘောထားကို လေ့လာကြည့်ပါက NGO အဖွဲ့အတော်များများက အစိုးရကို ယုံကြည်မှု မရှိကြသလို၊ နိုင်ငံခြားမီဒီယာများ၏ သြဇာ လွှမ်းမိုးမှုကို ခံနေရသောကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှင့် သက်ဆိုင်သည့် ကောင်းသတင်း များကို တင်ပြသူ အလွန့် အလွန် နည်းပါးပါသည်။ စီမံကိန်း၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမှာ ပြောပလောက်အောင် မရှိပါဟု ကာကွယ် ပြောကြား ခဲ့သည်။

*********************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment