Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, 5th April 2010

မြန်မာ့ အတိုက်အခံ ပါတီ NLD အဖွဲ့ဝင်များသည် ပါတီက မျှော်လင့်ထားသော မေ ၇ ရက် ဖျက်သိမ်းမှု နောက်ပိုင်းတွင် ဒီမိုကရေစီ လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု NLD ဝါရင့် ခေါင်းဆောင် ဦးဝင်းတင်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံရေး ပါတီများသည် လာမည့် ရွေးကောက်ပွဲ အတွက် မေ ၇ ရက် အထိ မှတ်ပုံတင်ခွင့် ရှိသော်လည်း NLD ၏ ဗဟို အလုပ် အမှုဆောင် ကော်မတီက မှတ်ပုံ မတင်ရန် မတ်လ ၂၉ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းကြောင့် NLD ပါတီကို ပိတ်ပင်လိုသည့် အစိုးရ အတွက် လမ်းပွင့်သွားပြီ ဖြစ်သည်။

"ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ကျွန်တော်တို့ ပါတီဝင်တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုကို ဆက်လုပ်သွားကြမှာပါ" ဟု ဦးဝင်းတင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဒုတိယ ဥက္ကဌ ဦးတင်ဦးတို့ကို ဗဟိုပြု၍ ကွန်ယက် တစ်ခု ဖွဲ့စည်းကာ ဒီမိုကရေစီ အရေးကို ဆက်လက် လှုပ်ရှားရန် ဦးဝင်းတင် နှင့် အခြား ဗဟို ကော်မတီဝင် နှစ်ဦး ဖြစ်သော ဦးအုံးကြိုင်၊ ဦးဟံသာမြင့် တို့က နိုင်ငံတဝှမ်းရှိ ပါတီဝင်များကို အဆိုပြုထားသည်။

သို့ရာတွင် ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သူ ဦးခင်မောင်ဆွေကမူ "အစိုးရ နှင့် ထိပ်တိုက် ရင်ဆိုင်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားမည် ဖြစ်၍ ယင်းအဆိုပြုချက်ကို ငြင်းပယ်သည်" ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သည့် အတွက် ပြည်သူလူထုအား တောင်းပန်သည့် ကြေညာချက်ကို ပါတီက အင်္ဂါနေ့တွင် ထုတ်ပြန်မည်ဟု ဦးခင်မောင်ဆွေက ဆက်လက် ပြောကြားသည်။ "ပြည်သူသို့ မေတ္တာ ရပ်ခံချက်" ဟု ခေါင်းစဉ် တပ်ထားသော်လည်း အမှန်တကယ်ကမူ ပြည်သူလူထုကို တောင်းပန်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

မတ်လ ၂၉ ရက် ဆုံးဖြတ်ချက် ချပြီး နောက်ပိုင်း ပထမဆုံး ကျင်းပသည့် အစည်းအဝေးတွင် ပါတီ၏ ပိုင်ဆိုင်မှု နှင့် ဘဏ္ဍာရေး ကိစ္စများကို ကြီးကြပ်မည့် ၁၇ ဦး ကော်မတီ ဖွဲ့စည်းရန် ဗဟို အလုပ် အမှုဆောင် ကော်မတီက ဆုံးဖြတ်ခဲ့သည်။

NLD ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက "မေလ ၇ ရက် နောက်ပိုင်းမှာ တစုံတရာ ဖြစ်လာနိုင်တဲ့ အတွက် ပါတီကို ကြိုတင် ပြင်ဆင်ထားပါ" ဟု ပြောကြားသည်။

အထက်ပါ ကော်မတီကို ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ဦးဆောင်မည်ဟု သိရသည်။

ပါတီ အနေဖြင့် မေ ၇ ရက် နောက်ပိုင်းတွင် မည်သို့ ဆက်လုပ်မည် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။ အချို့ ပါတီဝင်များမှာ ရွေးကောက်ပွဲ ဝင်ရန် အတွက် ကိုယ်ပိုင်ပါတီများ ဖွဲ့ရန် အလားအလာ ရှိသည်ဟု NLD သတင်း ရပ်ကွက်မှ ကြားသိရသည်။

ရွေးကောက်ပွဲ ဝင်ရန် နှင့် ပါတီ မှတ်ပုံတင်ရန် လိုလားသော CEC အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဒေါက်တာ သန်းငြိမ်းက ပြောကြားရာတွင် "မေလ ၇ ရက် နောက်ပိုင်း ပါတီဝင်တွေရဲ့ လှုပ်ရှားမှုတွေကို NLD ပါတီရဲ့ လှုပ်ရှားမှုလို့ သတ်မှတ်လို့ မရပါဘူး။ တစ်ဦးချင်း သီးသန့် လှုပ်ရှားမှုတွေလို့ပဲ သတ်မှတ်ရ ပါလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment