Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန်အစိုးရ၏ အကူအညီပေးရေး အေဂျင်စီဖြစ်သော USAID သည် မြန်မာ စစ်အစိုးရအပေါ် ထားရှိသည့် အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှု မူဝါဒကို ချိုးဖောက်ခဲ့ သည် ဟူသော US Campaign for Burma(USCB) ၏ စွပ်စွဲပြောဆိုချက်များကို ပယ်ချလိုက်သည်။

USAID သည် အာဆီယံအဖွဲ့၏ စီမံကိန်းတစ်ခုဖြစ်သော ASEAN Competitive Enhancement (ACE) ကို ငွေကြေးရန်ပုံငွေ ထောက်ပံ့ပေးလျက်ရှိကြောင်း အမေရိကန်ပြည် ထောင်စု၊ ဝါရှင်တန်မြို့အခြေစိုက် USCB က ပြီးခဲ့သည့် မတ်လတွင် ထုတ်ဖော်စွပ်စွဲပြောဆိုသည်။

အဆိုပါ ACE စီမံကိန်း သည် အရှေ့တောင်အာရှ နိုင်ငံများ၏ ခရီးသွား လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ရာ ယင်းစီမံကိန်းကို ထောက်ပံ့ခြင်း သည် အမေရိကန်-မြန်မာ ဆက်ဆံရေး မူဝါဒကို ချိုးဖောက်မှု တစ်ခုဖြစ်သည်ဟု USCB က စွပ်စွဲ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စုက ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခြင်း ခံထားရသည်။ တိုရစ်ဇင် (ခရီးသွားလုပ်ငန်း) အပေါ် ပိတ်ဆို့အရေးယူမှု မှာ အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှု အစီအစဉ်ထဲတွင် ပါဝင်ခြင်း မရှိသည့်တိုင် USCB အပါအဝင် အခြားသော ဆော်သြရေး အုပ်စုများက အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ တိုရစ်ဇင် လုပ်ငန်းကိုပါ သပိတ်မှောက် ပိတ်ဆို့ရန်  တောင်းဆို ခဲ့ကြသည်။

USAID က အာဆီယံ၏ ACE စီမံကိန်းအား ငွေကြေးထောက်ပံ့နေမှုသည် အမေရိကန် မူဝါဒ ချိုးဖောက်မှု တစ်ရပ်ဖြစ်ရာ အဆိုပါကိစ္စကို ကွန်ဂရက်လွှတ်တော်က စိန်ခေါ် ဖြေရှင်းပေးသင့်ကြောင်း USCB အဖွဲ့မှ ဒါရိုက်တာ Jennifer Quigley က TTR Weekly ခရီးသွား ဝက်ဘ်ဆိုက်သို့ ပြောကြားသည်။

"အမေရိကန်ကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူတဲ့ မူဝါဒရဲ့ အနှစ်သာရဆိုတာ မြန်မာစစ်အစိုးရ လက်ထဲမှာ အမေရိကန်ဒေါ်လာတွေ ရှိမနေစေဖို့ပါပဲ" ဟု မစ္စ Jennifer Quigley က ပြောသည်။

USAID ၏ ဆက်သွယ်ရေး အရာရှိ Hal Lipper က USCB ၏ စွပ်စွဲပြောဆိုချက်များကို ကာကွယ် ပြောဆိုသည်။ USAID သည် အာဆီယံအဖွဲ့က ဒေသကြီးတစ်ခုလုံး အတွက် ရန်ပုံငွေပေးရန် တောင်းဆိုခဲ့သောကြောင့် ထောက်ပံ့ခဲ့ခြင်းသာ ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တိုရစ်ဇင်အပေါ် ပိတ်ဆို့အရေးယူရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော အငြင်းအခုန်မှာ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ ဝန်ဆောင်မှုများ အများစုသည် အစိုးရပိုင်များ ဖြစ်သည့် အတွက်ကြောင့် ကမ္ဘာလှည့် ခရီးသည်များ၏ ငွေကြေးများသည် နောက်ဆုံးတွင် စစ်အစိုးရ၏ အိပ်ကပ်ထဲသို့သာ ရောက်ရှိသွားသည် ဟူသော အချက်ပင် ဖြစ်သည်။

ပို၍ဆိုပါက အချို့သော လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့များက မြန်မာနိုင်ငံရှိ အပန်းဖြေ စခန်းကြီးများနှင့် ဟိုတယ်ကြီးများသည် အဓမ္မ စေခိုင်းခြင်းခံရသော လုပ်သားများဖြင့် တည်ဆောက် ထားသောကြောင့်ဟု စွပ်စွဲပြောဆို နေကြသောကြောင့်ပင် ဖြစ်သည်။

နေအိမ် အကျဉ်းချခံထားရသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် စစ်အစိုးရ အုပ်ချုပ်မှု လက်အောက်သို့ ရောက်ရှိနေသော နိုင်ငံကို လာရောက် လည်ပတ်ခြင်း မပြုရန် ယခင်က တိုက်တွန်း ပြောဆိုခဲ့ဖူးသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ တဖြည်းဖြည်းချင်း ပြုလုပ်လာပြီးနောက် ခရီးသွား လုပ်ငန်းအပေါ် ထားရှိသည့် သူမ၏ သဘောထားမှာ ပျော့ပျောင်းလာသည့် သဘောမျိုး ဖြစ်လာသည်။

မြန်မာ့ခရီးသွား လုပ်ငန်း မြှင့်တင်လိုသော အုပ်စုများကမူ ဤလုပ်ငန်းသည် မြန်မာ နိုင်ငံသားများ၊ ဒေသခံများနှင့် ထိတွေ့ ဆက်ဆံမှုကိုသာ ဖြစ်ပေါ်စေကြောင်း၊ သို့အတွက်ကြောင့် နှစ်ကာလ ကြာမြင့်စွာ အထီးကျန် ဖြစ်နေသော အနေအထားမှ လွတ်မြောက်အောင် အထောက်အပံ့ ဖြစ်စေကြောင်း တိုက်တွန်း ပြောဆိုခဲ့ကြသည်။

လက်ရှိအနေအထားတွင် ခရီးသွားအခန်းကဏ္ဍသည် ဂျီဒီပီ၏ ၀ ဒဿမ ၇ ရာခိုင်နှုန်းတွင် ရှိသည်။ သဘောတရားမှာ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများ၏ သက်ရောက်မှုမှာ အနည်းငယ်သာ ရှိသည်။

မြန်မာက အာဆီယံ အပါအဝင် အာရှစီးပွားရေး အင်အားကြီးများဖြစ်သော တရုတ်၊ အိန္ဒိယ တို့နှင့် ကုန်သွယ်ရေး လုပ်ကိုင်လာပြီးနောက် အမေရိကန် စီးပွားရေး ပိတ်ဆို့အရေးယူမှု၏ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု များမှာ တဖြည်းဖြည်းချင်း လျော့နည်းလာသည် ကို တွေ့ရပါသည်။
DVB သတင်းဌာနမှ သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment