Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၆.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်မှ ရွှေမှော်ဝန်းအမည်ဖြင့် လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်း
  2. တပ်မတော်ပိုင်မြေ ၁၁ နေရာ ဌားရမ်းလုပ်ကိုင်ရန် စီးပွားရေးအင်အားကြီး ကုမ္ပဏီများအား ရွေးချယ်
  3. နိုင်ငံခြားငွေဖြင့် လစာရရှိသည့် ပြည်တွင်းဝန်ထမ်းများ အခွန်သက်သာခွင့် သက်တမ်း တိုးမြှင့်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တောင်သူလယ်သမားတွေရဲ့ဘဝကိုဘယ်တော့မှ မမေ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
  2. ဒေါက်တာတူးဂျာအား ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကော်မရှင်မှ ခွင့်ပြု

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်မှ ရွှေမှော်ဝန်းအမည်ဖြင့် လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်း

ဇန်နဝါရီ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် စစ်ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းဒေသအား ကူညီထောက်ပံ့ပေးရန်အတွက် ရွှေမှော်ဝန်းအမည်ဖြင့် လူမှုရေး အဖွဲ့အစည်းတစ်ခုအား စတင်တည်ထောင်ခဲ့သည်ဟု သိရသည်။

“ဒီအဖွဲ့အစည်းမှာ ဦးခင်ညွန့်ရဲ့ ငယ်ဆရာ ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးတင့်ဆွေကို နာယကနေရာ ပေးထားတယ်။ ပြီးတော့ သူတို့ မိသားစုတွေဖြစ်တဲ့ သူ့ရဲ့ဇနီး ဒေါ်ခင်ဝင်းရွှေရယ်၊ သားဖြစ်တဲ့ ဦးဇော်နိုင်ဝင်းနဲ့ သူရဲ့ရာမတစ်ဦးဖြစ်တဲ့ ဒေါ်တင်တင်နွယ်တို့လည်း ပါဝင်ဖွဲ့စည်း ထားတယ်”ဟု ယင်းအဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးမှ ပြောကြားသည်။

ဦးခင်ညွန့်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံသောအခါတွင် မိမိ၏မိသားစု စားဝတ်နေရေးအတွက် အရင်ဆုံးဦးစားပေးလုပ်ဆောင်ရမှာဖြစ်တယ်ဟု ပြောသွားသောကြောင့် သီတဂူဆရာတော်အရှင် ဒေါက်တာဉာဏိဿရမှ လိုအပ်လျှင်သုံးစွဲနိုင်စေရန် သိန်း ၂၅အား ပေးသွားခဲ့သည်ဟုလည်း သိရသည်။

“ဦးခင်ညွန့်က သီတဂူဆရာတော်ပေးတဲ့ ငွေတွေကို မသုံးသင့်ဘူးဆိုပြီး သူ့မှာရှိတဲ့ ပိုက်ဆံ ၇၅သိန်းပေါင်း သိန်း ၁၀၀ မတည်ပြီးတော့ သူဟာ ကျောက်တန်းမြို့ကိုသွားပြီးတော့ အဲဒီမှာရှိတဲ့ ဥက္ကဋ္ဌာရာမကျောင်းမှာ ဒီရွှေမှော်ဝန်းဆိုတဲ့ လူမှုအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်တာပါ”ဟု အထက်ပါ ပုဂ္ဂိုလ်မှ ထပ်မံပြောကြားသည်။

ယင်းရွှေမှော်ဝန်းအဖွဲ့အစည်းအား စတင်ဖွဲ့စည်းသည့်နေ့တွင် ဇေကမ္ဘာဦးခင်ရွှေမှ သိန်း ၅၀၀နှင့် ထွဋ်ခေါင် ဆောက်လုပ်ရေးလုပ်ငန်းမှ သိန်း ၁၀၀လှူဒါန်းခဲ့သေးပြီး မတည်ငွေအပါအဝင် ထိုလှူဒါန်းငွေများအား ရွှေမှော်ဝန်း လူမှုကူညီရေးအဖွဲ့အမည်ဖြင့် မြဝတီဘဏ်တွင် စာရင်းဖွင့်ထားသည်ဟု လည်း ပေါ်ပြူလာနယူးဂျာနယ်မှ ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ရွှေမှော်ဝန်းအမည်ရှိ လူမှုရေးအဖွဲ့အစည်းတွင် ဦးညွန့်ဆွေ(စာရေးဆရာ မောင်ဆွေသက်)၊ စာရေးဆရာ ချစ်စံဝင်း၊ ဒေါက်တာရဲနိုင်ဝင်း၊ ဇေကမ္ဘာကုမ္ပဏီမှ ဦးခင်ရွှေ၊ ဦးစိန်ထွန်းအောင်၊ ဦးစိုးဝင်း၊ ဦးမြင့်စိန်၊ ဦးအေးသိန်းနှင့် ဦးဖေသောင်းတို့ကိုလည်း နာယကစာရင်းထဲတွင် ထည့်သွင်း ထားကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

တပ်မတော်ပိုင်မြေ ၁၁ နေရာ ဌားရမ်းလုပ်ကိုင်ရန် စီးပွားရေးအင်အားကြီး ကုမ္ပဏီများအား ရွေးချယ်

မြန်မာနိုင်ငံရှိ တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံ ၁၁ နေရာအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ရှည်ဌားရမ်း လုပ်ကိုင်ခွင့် ရရှိနိုင်စေရန် လေလံခေါ်ယူရာ၌ ပြည်တွင်းရှိ စီးပွားရေး အင်အားကြီးကုမ္ပဏီ အများစုကို လုပ်ကိုင်ရန် ရွေး ချယ်ခဲ့ကြောင်း သိရသည်။

တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံ ၁၁ နေရာ ဌားရမ်းလုပ်ကိုင်ခွင့်ရရှိရေး လေလံခေါ်ယူရာတွင် ကုမ္ပဏီ ၂၇၆ ခုမှ လုပ်ကိုင်ခွင့်ရရှိရေး အဆိုပြုလွှာတင်သွင်းခဲ့ပြီး ၎င်း အဆိုပြုလွှာတင်သွင်းခဲ့သည့် ကုမ္ပဏီများထဲမှ ၇၁ ခုအား တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများ နှစ်ရှည်ဌားရမ်း လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများ ဌားရမ်းလုပ်ကိုင်ခွင့်ရရှိရေး ရွေးချယ်ခံခဲ့ရသည့် ကုမ္ပဏီ ၇၁ ခုတွင် ပြည်တွင်းရှိ အင်အားကြီးကုမ္ပဏီ အများစုပါဝင်ပြီး ထူးကုမ္ပဏီ၊ ကမ္ဘောဇဘဏ်လီမီတက်၊ အေးရှားဝေါလ် ကုမ္ပဏီ၊ တောင်ဝင်ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ဂမုန်းပွင့် စီးတီးမတ် စသည်တို့ ပါဝင်ကြောင်း သိရသည်။

ယခုကဲ့သို့တပ်မတော်ပိုင်မြေ လုပ်ကိုင်ခွင့်ရရှိရေး လေလံခေါ်ယူရာတွင် ရွေးချယ်ခံခဲ့ရသည့် ကုမ္ပဏီများအား BOTစနစ်ဖြင့် တန်းတူ လုပ်ကိုင်ခွင့်များ ပေးသွားမည်ဖြစ်ပြီး တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများကို နှစ် (၃၀) ဌားရမ်းလုပ်ကိုင်၍ ထပ်မံလုပ်ကိုင်လိုပါက ထပ်မံ သတ်တမ်းတိုး ၁၅ နှစ်၊ နှစ်ကြိမ်ပြုလုပ်နိုင်ကြောင်း သိရသည်။

ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များမှ နှစ်ရှည်ဌားရမ်း လုပ်ကိုင်ခွင့်ရရှိရန် လေလံခေါ်ယူထားသည့် တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံ မြေကွက်များမှာ ဒဂုံမြို့နယ် ပြည်လမ်း၊ ပြည်ထောင်စုရိပ်သာမြေ ၂၁.၉၀ ဧကနှင့် အဆောက်အအုံ ၄၂ လုံး၊ ဒဂုံမြို့နယ် ယောမင်းကြီးရိပ်သာမြေ ၁.၈၆၉ ဧကနှင့် အဆောက်အအုံ ၅ လုံး၊ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း အမှတ်(၁) မော်တော်ယာဉ်တပ်ရင်း(နေရာပောာင်း)၊ မြေတိုင်းကွက်အမှတ်-၆၁၊ မြေ ၂၂.၀၃၂ ဧကနှင့် အဆောက် အအုံ ၄၉ လုံး၊ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(နေရာပောာင်း) မြေတိုင်းရပ်ကွက် အမှတ် -၆၃၊ နယ်မြေ-၂၊ မြေ ၂၁.၉၂၅ ဧကနှင့် အဆောက်အအုံ ၃၁ လုံး၊ ရွှေတိဂုံဘုရားလမ်း နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (နေရာပောာင်း)၊ မြေတိုင်းရပ်ကွက်အမှတ်-၆၃၊ နယ်မြေ ၃၊ မြေ ၉.၀၁၅ ဧကနှင့် အဆောက်အအုံ ၁၃ လုံး၊ (အရာရှိရိပ်သာ ငါးထပ်အဆောက်အအုံ အပါအဝင်)၊ ရွှေတိဂုံဘုရားလမ်း တပ်မတော်စစ်သမိုင်းပြတိုက် (နေရာပောာင်း)၊ မြေတိုင်းရပ်ကွက် အမှတ်-၄၅ဒီ၊ မြေ ၉.၀၂၈ ဧကနှင့် အဆောက်အအုံ ၅ လုံး၊ တောင်ဥက္ကလာ ဂေါက်ကွင်း၊ ဒဂုံဂေါက်ကွင်းတို့ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားငွေဖြင့် လစာရရှိသည့် ပြည်တွင်းဝန်ထမ်းများ အခွန်သက်သာခွင့် သက်တမ်း တိုးမြှင့်

ပြည်တွင်း၌ အလုပ်လုပ်ကိုင်၍ နိုင်ငံခြားငွေဖြင့် လစာရရှိသည့် ဝန်ထမ်းများ၏ ဝင်ငွေစုစုပေါင်းအပေါ် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းပေးဆောင်ရာမှ ၂ ရာခိုင်နှုန်း လျှော့ပေါ့သက်သာခွင့် သက်တမ်းကို ၂၀၁၁ ခုနှစ်ပိုင်းတွင် ခြောက်လ သက်သာခွင့်ပေးထားရာမှ ယခု ၂၀၁၂ ခုနှစ်တွင် ထပ်မံ၍ သက်တမ်းတိုးမြှင့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမိန့်ကြေညာစာအမှတ် ၅၃/ ၂၀၁၂ ဖြင့် နိုင်ငံခြားငွေဖြင့် လစာရရှိသည့် ပြည်တွင်းနေနိုင်ငံသားများ၏ ဝင်ငွေခွန်သက်သာခွင့် ခြောက်လသက်တမ်း ထပ်မံတိုးမြှင့်ပေးခဲ့ပြီး ယခုတိုးမြှင့်လိုက်သည့် ဝင်ငွေခွန် သက်သာခွင့်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ထိ နိုင်ငံခြားငွေဖြင့် လစာရရှိသည့် ပြည်တွင်းနေနိုင်ငံသားများ အခွန်သက်သာခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေဖြင့် လစာရရှိသည့် ပြည်တွင်းနေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက “ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားငွေနဲ့ လစာရရှိတဲ့ ဝန်ထမ်းတွေရဲ့ အခွန်တွေကို သက်သာခွင့်ပြုသက်တမ်းကို တိုးမြှင့်ပေးလိုက်တဲ့အတွက် ဘာပဲပြောပြော ကျွန်တော်တို့ အသက်ရှုချောင်သွားတာပေါ့။ အရင်လို အခွန်ကို အပြည့်အဝ ပေးရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ခက်ခဲနိုင်သေးတယ်။ ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးကို ကျေးဇူးတင်ပါတယ်” ပာု ပြောကြားသည်။

ထို့ပြင် နိုင်ငံခြားငွေဖြင့် လစာရရှိသည့် ပြည်တွင်းနေ နိုင်ငံသားများအား အခွန်သက်သာခွင့် ပေးသကဲ့သို့ မကြာသေးမီ ကာလအတွင်းက ပြည်တွင်းပို့ကုန်ကဏ္ဍ မြင့်တက်လာနိုင်စေရန် ပြည်တွင်းထွက် ကုန်ပစ္စည်းအချို့အား ပို့ကုန်ခွန် ကင်းလွတ်ခွင့်ကို သက်တမ်းခြောက်လ ထပ်မံတိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

ပို့ကုန်ခွန်ကင်းလွတ်ခွင့် ခြောက်လ သက်တမ်းထပ်မံတိုးမြှင့်ပေးခဲ့သည့် ပြည်တွင်းပို့ကုန်များမှာ ဆန်၊ ပဲ အမျိုး မျိုး၊ ပြောင်း၊ နှမ်း၊ ရော်ဘာကဲ့သို့ လယ်ယာထွက် ရေထွက်ကုန်များ၊ ငါး၊ ပုဇွန်၊ ဂဏန်းကဲ့သို့ ရေချိုရေငန်ထွက်ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ (ကန့်သတ် ကုန်ပစ္စည်းများမှအပ)နှင့် သစ်ဝါးကြိမ်တို့နှင့် ပြုလုပ်ထားသော တန်းဖိုး မြှင့်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တောင်သူလယ်သမားတွေရဲ့ဘဝကိုဘယ်တော့မှ မမေ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

တောင်သူလယ်သမားများ နေထိုင်ကြသော လှည်းကူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ် တောင်သူလယ်သမားများ၏ ဘဝကို ဘယ်တော့မှမမေ့ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

တောင်သူလယ်သမားရဲ့ဘဝ မြှင့်တင်ရေးအတွက် အခုကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို လေ့လာပြီးတော့ စဉ်းစားနေပါတယ်။ တောင်သူ လယ်သမားများ အားမငယ်ပါနဲ့ စိတ်မပျက်ပါနဲ့ အခုကမ္ဘာ့ရဲ့အခြေအနေအရဆိုလို့ရှိရင် လက်ရာထွက်ပစ္စည်းတွေရဲ့ တန်ဖိုးတွေဟာ တက်နေပါတယ် ဆိုတဲ့ အားပေးစကားပြောပါရစေ” ဟု ပြောကြားသည်။

အစိုးရမှလည်း တောင်သူလယ်သမားများ ဘဝနေထိုင်မှု အဆင်ပြေစေရေးအတွက် ပြည်တွင်း၌ ဆန်းစပါးဈေး မကျစေရန် ဆန်ဈေးကို ထိန်းညှိနိုင်သည့် အရံဆန် အမြောက်အများကို သိုလှောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

လယ်သမားအရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် အတည်ပြုပြဌာန်းလိုက်သည့် မြေယာဥပဒေမူကြမ်းသည် တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အခိုင်အမာ ပြဌာန်းထားသော ဥပဒေများ မပါရှိသည့်အတွက် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် တောင်သူလယ်ကမား အရေး လုပ်ဆောင်သူများနှင့် နိုင်ငံရေးအင်အားစုများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သမ္မတဟောင်း ဒေါက်တာမောင်မောင် ကလည်း ၁၉၄၈ ခုနှစ်တွင် “မြန်မာလယ်သမားများက ကြီးမြတ်တယ်လို့ ကျုပ်ကမြင်တယ်။ ဒီအမြင်ကတော့ ကျုပ်မပြောင်းလဲတော့ဘူး” ဟုပြောဆိုခဲ့ဖူးသည်။

လယ်သမားအရေးသမိုင်းတွင်လည်း ဆရာစံသည် ၁၉၃၀ ခုနှစ်တွင် ဆင်း ရဲချို့တည့်ကြသည့် သာယာဝတီနယ်မှ လယ်သမား  သူပုန် များကို ဦး ဆောင်ပြီး  အင်္ဂလိပ် နယ်ချဲ့စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ သည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် လယ်ရာလုပ်ငန်းကို မှီခိုလုပ်ဆောင်နေသူများဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ဒေါက်တာတူးဂျာအား ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကော်မရှင်မှ ခွင့်ပြု

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလကိုယ်စားလှယ်အနေဖြင့် ကချင်ပြည်နယ် မိုးကောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာမနန်းတူးဂျာအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ  ဖေဖော်ဝါရီ ၁၄ရက်နေ့၌ ခွင့်ပြုလိုက်ကြောင်း သိရသည်။

၎င်းသည် ကချင်ပြည်နယ် လွတ်လပ်ရေးအဖွဲ့ (KIO)မှ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၀ရွေးကောက်ပွဲ၌ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ပါတီ(KSPP) အနေဖြင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်လျှောက်ခြင်း အား ပြုလုပ်ခဲ့သော်လည်း ကော်မရှင်မှ ခွင့်မပြုသောကြောင့် ဝင်ရောက်မပြိုင်ခဲ့ရသူတစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။

“ကျွန်တော်ကတော့ လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးဆိုင်တဲ့ အဆိုတွေ၊ ပြီးတော့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုစေမယ့် အဆိုတွေကို တင်သွင်းသွားမှာ ဖြစ်တယ်။ အခု အစိုးရသစ်နဲ့ ကချင် လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေမှာလည်း အခြေအနေရလဒ်ကောင်းတွေ ဖြစ်နေတာကြောင့် ကျွန် တော်ကတော့ ကြိုဆိုပါတယ်” ဟု ၎င်းမှ ထပ်မံပြောကြားသွားသည်။

မိုးကောင်းမဲဆန္ဒနယ်တွင် ဒေါက်တာမနန်းတူးဂျာအပါအဝင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဦးရေ ငါးဦးရှိပြီး ယင်းငါးဦးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ ကျားဖြူပါတီတို့ ဖြစ်သည်ဟုသိရှိရပြီး မဲပေးနိုင်သူဦးရေ သောင်းချီရှိသည်ဟုလည်း သိရသည်။

ATM

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တခြားနိုင်ငံတွေမှာတော့ လွှတ်တော်အမတ်တွေကအစ ဒီကိစ္စကို အကျုံးဝင်တာတွေ့ရတယ်။ ဒီမှာတော့ ဘာဖြစ်လို့ အုပ်ချုပ်ရေးက အမြင့်ဆုံး သုံးယောက်ကိုပဲ ပြောထားတာလဲဆိုတာတော့ မသိဘူးပေါ့။ ကျွန်တော်တို့ အမြဲကြားဖူးတာပဲ။ အာရှနိုင်ငံတွေ တော်တော်များများမှာ ရှိတယ်။ တခြား နိုင်ငံတွေမှာလဲ ရှိတယ်။ ကြားဖူးမှာပေါ့။ ဌာနတစ်ခုမှာ အကြီးအကဲ ရာထူးတစ်ခုယူမယ်ဆိုရင် လွှတ်တော်မှာသွားပြီး အစစ်ခံရမယ်။ သူရဲ့ ပြောပုံဆိုပုံ အယူအဆတွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေကို လွှတ်တော်က ကျွမ်းကျင်တဲ့သူတွေက အဲဒီသူကိုမေးပြီးမှ အဲဒီသူကို ဝန်ကြီးချုပ် ခန့်တယ်။ တရားသူကြီးချုပ် ခန့်တယ်။ ကာကွယ်ရေးဝန်ကြီး ခန့်တယ်။ စစ်ဦးစီးချုပ် ခန့်တယ်။ ဒါတွေက အလကားမဟုတ်ဘူးဗျ။ အတွေ့အကြုံအရ လူဆိုတာ အာဏာရရင်၊ ရထားရရင် ပြောင်းသွားနိုင်တယ်ဗျ။ Check and Balance ပေါ့။ သူကိုယ်ချည်း လုပ်တာမဟုတ်ဘူး။ ကိုယ့်ကိုလည်းလုပ်ပေါ့။ Clean Government ဖြစ်ဖို့အတွက်က ဒါက နံပါတ်တစ်အချက်ပါ။ ဒီလို နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေက ပိုင်ဆိုင်မှုတွေကို စာရင်းပြုစုပြီးပို့ရမယ် ဆိုကတည်းက သူရဲ့ နောက်ခံ၊ သူရဲ့လုပ်ရပ်တွေနဲ့ ဆီလျှော်မျှတတဲ့ ဝင်ငွေဝင်လမ်း သူ့ဆီမှာ ရှိရမယ်ဆိုတဲ့ သဘောတရား ဒီမှာတွေ့တယ်”

ဖေဖော်ဝါရီ ၁၆ ထုတ် ရန်ကုန်တိုင်း(မ်) အတွဲ အတွဲ (၈) အမှတ် (၇) တွင်ပါသည့် “Clean Government ပီပြင်ရေး ဓနဥစ္စာ အသိပေး” သတင်းဆောင်းပါးမှ ဥပဒေပညာရှင် ဦးသန်းမော်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီနေ့ခရိုင်ကော်မရှင်အဖွဲ့ခွဲက ပယ်လိုက်တယ်။ ဒါကြောင့် နောက်တစ်ပတ်ထဲမှာ တိုင်းကော်မရှင်ကို အယူခံဝင်မယ်။ တိုင်းကော်မရှင်က ပယ်ရင် ဗဟိုကိုတက်မယ်။ ဗဟိုကပယ်ရင် လွှတ်တော်တင်မယ်။ ကျွန်တော်က အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေအရ ကန့်ကွတ်ခဲ့တယ်။ မကိုက်ညီတာ တွေကို တင်ပြကန့်ကွတ်ခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည် ဘက်ကလည်း ပြန်ပြီး ဖြေရှင်းတာ ကျွန်တော်တို့ဘက်က မပြည့်စုံဘူးဆိုပြီလေ။ ခရိုင်ကတော့ ပယ်လိုက်တယ်”

ဖေဖော်ဝါရီ ၁၆ ထုတ် ရန်ကုန်တိုင်း(မ်) အတွဲ အတွဲ (၈) အမှတ် (၇) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်အား ပြိုင်ဘက် ပါတီကိုယ်စားလှယ်လောင်း၏ ကန့်ကွတ်မှု တောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲက ပလပ်”   သတင်းမှ ညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေး ပါတီမှ ကော့မှူးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လစာတွေတိုးတာကို ကျွန်တော်ကတော့ သုံးကြိမ်လောက် ကြုံဖူးတယ်။ ကျွန်တော်တို့က အစိုးရဝန်ထမ်းလဲ မဟုတ်၊ ကုမ္ပဏီဝန်ထမ်းလဲမဟုတ်ဘဲ အပြင်လုပ်ငန်းလုပ်တဲ့ ပြည်သူဆိုတော့ လစာတိုးတာကို တိုက်ရိုက်မခံစားဘူး။ ဒါပေမဲ့ လစာတိုးတာရဲ့နောက်ကွယ်က ကုန်ဈေးနှုန်းတွေ လိုက်တက်တာ ကိုတော့ ခံစားရပါတယ်။ လစာတိုးတာက အတိုးပြလိုက်တဲ့ သဘောပဲလို့ ထင်တယ်။ ဝန်ထမ်းတွေမှာ ထူးထူးခြားခြား ပိုလျှံသွားတာ မတွေ့ရဘူး။ အဲဒီတော့ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းတွေ မတက်အောင်လို့တော့ ထိန်းချုပ်ပေးဖို့လိုပါတယ်။ လစာနဲ့အတူ လိုက်တိုးဖို့စောင့်နေတဲ့ ယာဉ်စီးခတွေလဲ ရှိနေသေးတယ်။ အဲဒါကြောင့် ကျွန်တော်အနေနဲ့ကတော့ လစာတိုးတာကို ဝမ်းသာပါတယ်။ ဒါပေမဲ့ ပိုက်ဆံတွေ ပိုပေးရတာပဲရှိပြီးတော့ ဒုံရင်းကဒုံရင်း မဖြစ်စေချင်ဘူး”

ဖေဖော်ဝါရီ ၁၄ ထုတ် THE FLOWER NEWS အတွဲ (၈) အမှတ် (၇) တွင်ပါသည့် “နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းအပေါ် သူတို့၏ အမြင်များ” သတင်းမှ ကိုလင်းအောင်ပြည့် (ဓာတ်ပုံဆရာ၊ ဒီဇိုင်နာ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြောတော့ မိုးထိုးတော့ မြေကြီးမဖြစ်စေဖို့

**************************************

ဆောင်းပါးကဏ္ဍ

ပြောတော့ မိုးထိုးတော့ မြေကြီးမဖြစ်စေဖို့

မောင်ဝံသ

 (ဖေဖော်ဝါရီ ၁၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၂) မှ ထုတ်ယူဖော်ပြသည်)

ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အစိုးရကဦးဆောင်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အများက နားလည်ထားကြပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အဲဒီဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ အရှိန်အဟုန်ဟာ နှေးနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်ဗျ။ ဒါ့အပြင် အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း  တစ်ခါတစ်ခါ အားတက်သရောတွေ တွေ့လိုက်ရ၊ တစ်ခါတစ်ခါ အားပျက်စရာ အားမရစရာ တွေ့လိုက်ရဆိုတာမျိုးတွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတဲ့အပေါ် ဝေဖန်မှုတွေနဲ့ သင်္ကာမကင်းဖြစ်မှုတွေ လည်း ရှိနေသေးတယ်ဗျာ။

ဒီချုပ်ခေါင်းဆောင်ရဲ့ သဘောထားအမြင်

အထူးသဖြင့် အစိုးရရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမှတ်ချက်တွေကလည်း ပြည်သူတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေတယ်ဗျ။

ပြီးခဲ့တဲ့ လွတ်လပ်ရေးအောင်ပွဲနေ့က ဝါရင့်နိုင်ငံရေးသမားကြီးတွေက ဦးစီးပြုလုပ်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ လက်မှတ်နဲ့ ထွက်ပေါ်လာတဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပတ်သက်ပြီး “ကျွန်မကတော့ သမ္မတကြီးဦးသိန်းစိန်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အမှန်တကယ်ပဲ လုပ်ချင်တဲ့ဆန္ဒရှိသူလို့ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဆိုတာက သမ္မတကြီးတစ်ယောက်တည်း ရှိတာမှ မဟုတ်ဘဲ”လို့ ပြောခဲ့တယ်ဗျ။

ဒါ့အပြင် NLD ဒီချုပ်ပါတီက ထုတ်ဝေတဲ့ ဒီလှိုင်းစာစောင်အတွဲ (၁)၊ အမှတ်(၂)မှာလည်း “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်။ တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာအောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်ဗျ။

 မယုံသေးသူတွေကိုအပြစ်မတင်

ကျွန်တော်တို့ စာရေးဆရာ၊ သတင်းစာဆရာမီဒီယာသမားတွေ အပါအဝင် ပြည်သူတွေကိုယ်တိုင် မြင်တွေ့ကြား သိနေကြရဆဲဖြစ်တဲ့ အားတက်စရာတွေ ကြားထဲက အားပျက်စရာဖြစ်ရပ်တွေ သတင်းတွေနဲ့ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလိုမျိုးသုံးသပ်ချက်တွေအပြင် အချို့အချို့သောသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းပြတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်နေဆဲ၊ မလိုလားကြောင်း လူအများရှေ့ အတိအလင်း ပြောနေကြဆဲ အခြေအနေတွေကို ပေါင်းစပ်လိုက်တဲ့အခါ တောင်တက်လမ်းမှာ မောင်းနှင်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီမော်တော်ကား ကြီးနောက်ကို ပြန်လိမ့်သွားမယ့် အန္တရာယ် လုံးလုံးလျားလျား မရှိတော့ပါဘူးလို့ စိတ်ချလက်ချ မယုံနိုင်သေးတာကို အပြစ်မတင်တော့ ဘူးဗျာ။

 

ပြည်သူ့ခေတ် မုခ်ဦးမှာ

ဒါပေမယ့် ဘာပဲပြောပြောသမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ အစ၊ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းလိုက်တာအလယ်၊ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ သံဃာတော်တွေ အပါအဝင် ယုံကြည်ချက်အကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် ပြန်လွှတ်ပေးလိုက်တာအဆုံး ပြည်သူ့ဆန္ဒကို လေးစား အသိအမှတ်ပြုတဲ့ အစိုးရရဲ့လုပ်ရပ်တွေ၊ တပ်မတော်အကြီးအကဲ အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ အကြိမ်ကြိမ် အထပ်ထပ်ပေးခဲ့တဲ့ “နောက်ကို ဘယ်တော့မှ ပြန်မလှည့်တော့ပါဘူး”ဆိုတဲ့ ကတိစကားတွေ အပါအ၀င် ပေးထားချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ (လူကြောင့် ဖြစ်တဲ့ ကြမ္မာဆိုးနဲ့ နောက်တစ်ကြိမ် ထပ်မကြုံရတော့ဘူးဆိုရင်) ဒီမိုကရေစီပြည်သူ့ခေတ်သစ်ရဲ့ မုခ်ဦးမှာ ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်ဗျာ။

ပြည်သူတွေရဲ့ ဒီမိုကရေစီအသိရေချိန်

ဒါကြောင့် လောလောဆယ်မှာဒီမိုကရေစီ ဝန်းကျင်အနေအထား ပီပီပြင်ပြင် ဖြစ်မလာသေးပေမယ့် အနှေးနဲ့ အမြန်ဆိုသလို ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီမြင်ကွင်းများကို ပိုမိုမြင်တွေ့လာတော့မှာ သေချာနေတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံဒီမိုကရေစီပန်းတိုင်ဆီသို့ ချီတက်ရာမှာ ခြေလှမ်းမြန်ခြင်း၊ နှေးခြင်းဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီ အသိပညာရေချိန် မြင့်ခြင်းနိမ့်ခြင်းနဲ့ တိုက်ရိုက်အချိုးကျမှာ ဖြစ်တယ်ဗျ။

အမှန်တရားသည်သာအင်အား

ဒီမိုကရေစီကိုအလေးမထားတဲ့ ခေတ်စနစ်နဲ့နိုင်ငံမှာ “အင်အားသည်သာအရာရာ” (Might is Right) သဘော တရားကြီးစိုးပေမယ့် ဒီမိုကရေစီပြည်သူ့ခေတ်မှာတော့ “အမှန်တရားသည်သာအင်အား” (Right is Might) သဘောတရားတွင် ကျယ်လာမှာ ဧကန်မလွဲပါပဲဗျ။ ဒီတော့ အနာဂတ် မြန်မာနိုင်ငံမှာ အမှန်တရား လက်ကိုင်ထားသူများသာလျှင် ပြည်သူတွေကိုယ်စား နိုင်ငံရဲ့အရေးအရာတွေကို စီမံခန့်ခွဲ ပိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ပြည်သူတွေက အမှန်တရား လက်ကိုင်ထားပြီးသူတို့အကျိုးအတွက် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်သူ၊ တရားကို သိရုံသာသိသူ မဟုတ်ဘဲ အမှန်တကယ် လက်တွေ့လိုက်နာကျင့်ကြံသူ၊ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသူ၊ ရိုးသားဖြောင့်မတ် တည်ကြည်ပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံသူတွေရဲ့ လက်ထဲကိုသာသူတို့ရဲ့ ကံကြမ္မာကိုအပ်နှံမှာ ဖြစ်တယ်ဗျ။

 

မဟတ္တမဂန္ဓီကြီးရဲ့ ဆုံးမစကား

ဒီနေရာမှာအပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့သူဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ကျွန်တော် မကြာခင်က ဖတ်ခဲ့ရတဲ့ စာစုလေးတစ်ခု အကြောင်း ပြောပြချင်တယ်ဗျ။ အဲဒီစာစုကိုဒီနှစ် ဇန်န၀ါရီလထုတ် မြတ်မင်္ဂလာစာစောင်ရဲ့ အယ်ဒီတာ့အာဘော်မှာ ဖတ်ခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဘ၀တစ်ကွက်အကြောင်း ဖြစ်ပါတယ်။

တစ်နေ့မှာ အမျိုးသမီးတစ်ဦး သူ့သားငယ်ကိုလက်ဆွဲပြီး ဂန္ဓီကြီးဆီ ရောက်လာတယ်။ ကိစ္စက သားငယ်ဟာ သကြားလုံး အစားများပြီး ချောင်းတွေ ဆိုးနေတဲ့အတွက် ကူညီဆုံးမပေးဖို့ ဂန္ဓီကြီးကို လာရောက်မေတ္တာရပ်ခံတာပါ။ ဂန္ဓီကြီးက နောက်တစ်လကြာမှ လာပါဆိုပြီးပြောလိုက်လို့ အဲဒီသားအမိ ပြန်သွားကြတယ်။ နောက်တစ်လကြာတော့ ရောက်လာတယ်။ ဒီအခါကျတော့ ဂန္ဓီကြီးက ကလေးကို သကြားလုံးတွေ သိပ်မစားဖို့ ချစ်ခင် ကြင်နာချိုသာစွာနဲ့ ဆုံးမလိုက်တယ်။ ကလေးကလည်း ဂန္ဓီကြီးရဲ့စကားကို လိုက်နာပါမယ်လို့ ရိုရိုသေသေ ပြန်ပြောတယ်။ ကလေးအမေက ဒီဆုံးမ စကားကို ပထမအခေါက်လာတုန်းကတည်းက ဘာကြောင့်မပြောတာလဲလို့ မေးတယ်။ ဂန္ဓီကြီးဟာ အဲဒီတုန်းက သူကိုယ်တိုင် အချိုတွေ လွန်လွန်ကဲကဲ စားနေမိခဲ့တဲ့အချိန်မို့ မပြောခဲ့တာဖြစ်တယ်။ သူတို့သားအမိ ပြန်သွားချိန်ကစပြီး သူ အချိုလျှော့စားခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူကိုယ်တိုင် အချို လျှော့စားနေသူတစ်ယောက်အဖြစ် လိပ်ပြာသန့်သန့်နဲ့ ကလေးကို အချိုလျှော့စားဖို့ ဆုံးမရဲခဲ့တာဖြစ်တယ်လို့ ပြန်ဖြေခဲ့တယ်။

 

လျှာအရိုးမရှိ လျှောက်ပြောစရာမဟုတ်

ဒီဖြစ်ရပ်ကလေးကနေ ဥပဒေသထုတ်ယူမယ်ဆိုရင် လာတော့မယ့် ဒီမိုကရေစီခေတ်မှာ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ထမ်းဆောင်သွားကြဖို့ အားခဲထားကြတဲ့ (တစ်နည်း)လာတော့မယ့် ဒီမိုကရေစီရွေးကောက်ပွဲ တသီတသန်းကြီးမှာ ပြည်သူတွေဆီကနေသူတို့ကို တရားဝင်ကိုယ်စားပြုခွင့် သို့မဟုတ် ထောက်ခံမဲတောင်းကြဖို့ ရည်ရွယ်ချက်ရှိကြတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမားတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ရပ်ရနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။

ဒီမိုကရေစီခေတ်မှာ “လုပ်နိုင်သလောက်ပဲပြော၊ ပြောပြီးရင် ဖြစ်အောင်လုပ်”တဲ့ နိုင်ငံရေးသမားတွေကို အထူးလိုအပ်တယ်။ “ပြောတော့ မိုးထိုးတော့ မြေကြီး”လူစားတွေကိုမထောက်ခံမိဖို့ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ကိုယ်တိုင်က အချိုတွေစားနေပြီး လက်အောက်ငယ်သားတွေ ကိုတော့ အချိုစားတာ မကောင်းဘူးလို့ ပြောတတ်သူတွေကို ရှောင်ရမှာ ဖြစ်တယ်။ အဂတိလိုက်စားမှု ပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်က အမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှမရှိစေရ၊ လက်ညှိုးမကောင်းလက်ညှိုး လက်မ မကောင်းလက်မ၊ လက်သင့်ရာ စားတော်ခေါ် ဝေစားမျှစားစီးပွားရေး မဖြစ်စေရစတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြော နေရမှာ မဟုတ်ကြောင်းပါဗျ။

**************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs