Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဘားအံ အုပ်ချုပ်ရေးမှူးမှ လာဘ်စားမှုများ ဖြစ်ပေါ်
  2. ရမည်းသင်း၌ တတိယမြောက်နေ့အဖြစ် ရွှေလုပ်သားများ ထပ်မံဆန္ဒပြ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အာရှဒေသဆိုင်ရာ လုံခြံရေးညီလာခံ၌ ကာကွယ်ရေးဝန်ကြီးမှ နျူကလီးယားကိစ္စ အတိအလင်းပြောကြား
  1. ဒီချုပ်ဥက္ကဋ္ဌ မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိသော်လည်း ဒုက္ခသည်ပြည်သူများနှင့် တွေ့ဆုံဟောပြောခွင့်မရရှိ

သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

ဘားအံ အုပ်ချုပ်ရေးမှူးမှ လာဘ်စားမှုများ ဖြစ်ပေါ်

ကချင်ပြည်နယ် ဘားအံမြို့ အမှတ် (၉) ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ ဆိုးရွားစွာ လာဘ်စားမှု့ကြောင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ နေရကြောင်း ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

“ဂျာနယ်တွေထဲမှာ ရေးထားတာက ရပ်ကွက်လူကြီးတွေ လာဘ်စားလို့ မရဘူးဆိုပြီး ကျွန်တော်တို့ ရပ်ကွက်လူကြီး ဦးမိုးအောင်က လစဉ်ကြေး တောင်ကောက်တယ် မပေးရင် မနေနိုင်အောင်ကိုလုပ်တာ ဘယ်သူကမှလည်း အရေးမယူဘူး”ဟု ဘားအံမြို့ အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူ အငြိမ်း စား တရားသူကြီး ဦးမြင့်စိုးက ဆိုသည်။

ဘားအံမြို့ အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူအား လစဉ်ကြေးအဖြစ် တစ်အိမ်ထောင်ကို (၁၀၀၀) ကျပ် ပေးဆောင်ရသည်။ အဆိုပါ လစဉ်ကြေးအား ပုံမှန် မဖြစ်မနေ ပေးကြရသည်။ ရပ်ကွက်ရံပုံငွေဟုဆိုကာ တောင်းခံခြင်းဖြစ်သော်လည်း ရပ်ကွက် အတွက် ကုန်ကျခံ ပြုပြင်ပေးခြင်းမရှိပဲ အုပ်ချုပ်ရေးမှူး၏ ကိုယ်ရေးကိုယ်တာအတွက်သာ အသုံးပြုနေကြောင်း သိရသည်။

“ပြောတော့ ရပ်ကွက်ရံပုံငွေတဲ့ ရပ်ကွက်ထဲမှာ တစ်ခုခုဆိုရင် ငွေထပ်ကောက်တယ် ။ ဧည့်စားရင်းတိုင်ရင်တောင် ပိုက်ဆံပေးမှရတယ်။ မပေးရင် စာရင်းမသွင်းပေးဘူး” ဟု အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဦးဇော်မင်းဦးက ဆိုသည်။

အဆိုပါရပ်ကွက်တွင် ဧည့်စာရင်းနှင့် နေထိုင်သူများသည် အများစုမှာ လက်လုပ်လက်စားများ ဖြစ်ကြသည်။ စားဝတ်နေရေး အဆင်မပြေချိန်များ တွင် ငွေမပေးနိုင်သည့်အတွက် ဧည့်စာရင်းမတိုင်ဖြစ်သည့် ရက်များလည်း ရှိသည်။ ရပ်ကွက်အတွင်း နေထိုင်သူများက ဧည့်စာရင်းတိုင်လိုသော်လည်း ငွေမပေးလျှင် တိုင်ခွင့်မပြုတာကြောင့် မတိုင်ကြရကြောင်း သိရသည်။

“ပိုက်ဆံမရှိလို့  ဧည့်စာရင်းမတိုင်ဖြစ်တဲ့ နေ့တွေဆိုရင် ဧည့်စာရင်းစစ်ပြီး တစ်ယောက်ကို ဒဏ်ငွေ ၅၀၀၀ ပေးရတယ် ဒါလည်း သူပဲယူတာ” ဟု အဆိုပါ ရပ်ကွက်တွင်နေထိုင်သူ ဦးကျော်ဇံက ဆိုသည်။

အဆိုပါရပ်ကွက်တွင် နေထိုင်သူများသည် ရပ်ကွက်ထောက်ခံစာလိုအပ်လျှင်တောင် ငွေ ၅၀၀ အနည်းဆုံးးပေးမှ ရသည်။ နိုင်ငံတော်အစိုးရက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာဘ်စားမှုရှိခဲ့လျှင် ထိထိရောက်ရောက် အရေးယူမည်ဆိုသော်လည်း အဆိုပါ အုပ်ချုပ်ရေးမှူးမှာ ယခုအချိန်ထိ နေရာရရှိ နေပြီး စိတ်ကြိုက်လာဘ်စားနေဆဲဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

အလင်းရောင်

-----------------------------------------------------------------------------------------------------------------------------------

ရမည်းသင်း၌ တတိယမြောက်နေ့အဖြစ် ရွှေလုပ်သားများ ထပ်မံဆန္ဒပြ

ရမည်သင်းအနီးရှိ မိုးထိမိုးမိဒေသ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလီမိတက်ရှေ့တွင် ရွှေလုပ်သားများမှ မေလ ၁ ရက်နေ့ နေ့လည်မှ စတင်၍ တတိယမြောက်နေ့အဖြစ် ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ပွဲလုံခြုံရေးတာဝန်ခံ ကိုနိုင်ဝင်း၏ ပြောကြားချက်အရ သိရှိရသည်။

"ကျတော်တို့ ဒီမှာ ရင်းနှီးမြုပ်နှံခဲ့တာ ခြောက်လကျော်ရှိပါပြီ။ ကုမ္ပဏီနဲ့က ငါးနှစ်စာချုပ်ရှိတယ်။ လယ်တွေအိမ်တွေ ရောင်းချပြီးတော့ လာရောက် ရင်းနှီးမြုပ်ခဲ့ရတာခုမှ သူတို့က ဒီနေရာတွေကိုသိမ်းပြီး သူတို့ဝန်ထမ်းလုပ်ဆိုတော့ တရားမျတမူမရှိဘူးပေါ့ဗျာ"ဟု ဆန္ဒထုတ်ဖော်သူတဦးမှ ပြောကြား သည်။

တောင်းဆိုချက်ငါးချက်ဖြင့် တောင်းဆိုခဲ့ပြီး အဓိကတောင်းဆိုချက်များမှာ လေးပေကျင်းများပြန်လည်ရရှိရေး၊ လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ပပျောက်ရေး၊ ဒီမိုကရေစီစီးပွားရေးစနစ် အောင်မြင်ရေးတို့ဖြစ်ကြောင်း၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ယခုလ ၁ရက်နေ့တွင် ၎င်းတို့၏ စည်း မျဉ်းစည်းကမ်းများကိုသာချပြပြီး၊ တောင်းဆိုချက်များ လုံးဝလိုက်လျောမူမရှိသေးကြောင်း၊ ဆန္ဒထုတ်ဖော်မူများကို မိမိတို့တောင်းဆိုချက်များမရမခြင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုနိုင်ဝင်းမှ ထပ်မံပြောကြားသည်။

ယင်းအလုပ်သမားဆန္ဒပြပွဲသို့ ILOနှင့် မိတ္ထီလာမှ ကြားဖြတ်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်မြင့်မြင့်အေးတို့မှ လာရောက်ကူညီမှုများရှိပြီး အလုပ်သမားများအကျိုးအတွက် ညှိနှိုင်းဆောင်ရွတ်ပေးနေကြောင်းသိရသည်။

PL

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အာရှဒေသဆိုင်ရာ လုံခြံရေးညီလာခံ၌ ကာကွယ်ရေးဝန်ကြီးမှ နျူကလီးယားကိစ္စ အတိအလင်းပြောကြား

ဇွန်လ ၂ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ကျင်းပသည့် Shangri-La Dialogue ခေါ် အာရှဒေသဆိုင်ရာ လုံခြုံရေးညီလာခံသို့ မြန်မာနိုင်ငံမှ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးလှမင်းမှ နျူကလီးယားစွမ်းအင်စီမံကိန်းနှင့် ပတ်သက်၍ ရပ်ဆိုင်းလိုက်ခြင်းအား အတိအလင်းပြောကြားသွား ကြောင်း သတင်းရရှိသည်။

အဆိုပါညီလာခံ၌ ယခင် စစ်တပ်အုပ်ချုပ်စဉ်ကာလ၌ ယင်းနျူကလီးယားစွမ်းအင် စီမံကိန်းလုပ်ဆောင်ခဲ့ခြင်းများရှိခဲ့ပြီး ယခု အရပ်သားအစိုးရ လက်ထက်၌ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ယင်းစီမံကိန်းနှင့် သုတေသနလုပ်ရခြင်း ရည်ရွယ်ချက်မှာလည်း နျူကလီးယားစွမ်းအင် ထုတ်လုပ်ခြင်းမျိုးမဟုတ် ကြောင်း ၎င်း၏ မိန့်ခွန်းထဲ၌ ထည့်သွင်းပြောကြားသည်။

ထို့နောက် ၎င်းမှ မြန်မာနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုရှိနေခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးအား ပွင့်လင်းမြင်သာသည့်ပုံစံဖြင့် ပြောဆိုသွားကြောင်း သိရသည်။

ထို့ပြင် ယင်းညီလာခံသို့ အမေရိကန်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီး Leon Panetta လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအား ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်ပြီး ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားမည်ဆိုပါက ၎င်းတို့အနေဖြင့် နှစ်နိုင်ငံပူးပေါင်း၍ စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်းထဲ၌ ထည့်သွင်းပြောကြားသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ညီလာခံသို့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနမှ ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ နိုင်ငံပေါင်း ၂၇နိုင်ငံတက်ရောက်ကြောင်း သတင်းရရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဒီချုပ်ဥက္ကဋ္ဌ မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိသော်လည်း ဒုက္ခသည်ပြည်သူများနှင့် တွေ့ဆုံဟောပြောခွင့်မရရှိ

မေလ ၂၉ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံနယ် စပ်ရှိ ဒုက္ခသည်စခန်းအချို့နှင့် အလုပ်သမားအချို့အား တွေ့ဆုံဟောပြောမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနိုင်ငံနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်း တစ်ခုဖြစ်သည့် မေလဒုက္ခသည်စခန်းသို့ မေလ ၂ရက်နေ့၌ သွားရောက်ခဲ့ပြီး ယင်းစခန်းရှိ အလုပ်သမားများနှင့် ဒုက္ခသည်ပြည်သူများအား အကြောင်း ကြောင်းကြောင့် တွေ့ဆုံခဲ့ခြင်းမရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်ထဲမှာတော့ မယ်လဒုက္ခသည်စခန်းကိုသွားပြီး အဲဒီကအလုပ်သမားတွေနဲ့ သူ့ကိုအရမ်းတွေ့ချင်နေကြ တဲ့ ဒုက္ခသည်တွေကို အားပေးစကားပြောမယ်ဆိုပြီး ခရီးစဉ်ထဲမှာ ထည့်သွင်းထားတယ်လို့တော့ ကြားတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သူက အဲဒီ ဒုက္ခသည်စခန်းက စခန်းလူကြီးတွေနဲ့ တွေ့ပြီး ချက်ချင်းမဲဆောက်လေဆိပ်ကို တစ်ခါတည်းသွားတာ။ ကျွန်တော်တို့လည်း အဲဒီစခန်းမှာ သတင်းယူလို့မရ ခဲ့ဘူး"ဟု ပြည်ပသတင်းမီဒီယာတစ်ဦးက ဆိုသည်။

၎င်းသည် ထိုင်းနိုင်ငံနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းအား သွားရောက်ခဲ့သော်လည်း ယင်းစခန်းရှိ ၎င်းအား မြင်တွေ့ချင်ကြသည့် ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများနှင့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများသည် တွေ့ခွင့်မရရှိခဲ့ကြသည့်အတွက် ဝမ်းနည်းမှု များ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းဒုက္ခသည်စခန်းရှိ မြန်မာအလုပ်သမားတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"ကျွန်တော်တို့တွေကတော့ ကိုယ့်နိုင်ငံက ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုလို့ မျှော်နေတာပေါ့။ ဒါပေမယ့် သူက ဒုက္ခသည်စခန်းက စခန်းလူကြီးတွေနဲ့တွေ့ပြီး ပြန်သွားတယ်။ အရိပ်တောင်မမြင်လိုက်ရဘူး။ အဲဒီအပေါ်မှာလည်း တော်တော်စိတ်မကောင်းဖြစ်မိ တယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ယင်းသို့ တွေ့ဆုံခွင့်မရရှိသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနှင့်အကြား မျက်နှာပျက်စရာကိစ္စများ ဖြစ်ပွားမည်စိုးသောကြောင့် ၎င်း၏ ဒုက္ခသည်စခန်းရှိ မြန်မာအဖွဲ့အစည်းအချို့နှင့် အလုပ်သမားများအား ဟောပြောတွေ့ဆုံမည့်အစီအစဉ်အား ဖျက်သိမ်းလိုက်ရခြင်းဖြစ်ပြီး နိုင်ငံတ ကာသတင်းထောက်များမှ သတင်းယူခွင့်ကိုပါ တားမြစ်ခဲ့ကြောင်း နိုင်ငံခြားမီဒီယာအချို့၏ ဖော်ပြချက်အရ သိရှိရသည်။

ထို့ပြင် ၎င်း၏ ပြည်ပသို့ ပထမဦးဆုံးလေ့လာရေး ခရီးစဉ်ဖြစ်သည့် ထိုင်းနိုင်ငံနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုအပေါ် ထိုင်းနိုင်ငံမှ အရာရှိတစ် ချို့မှ ဘဝင်မကျမှုများဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံခြားသတင်းဌာနတစ်ချို့မှလည်း ယင်းခရီးစဉ်အပေါ် အစီအစဉ်များနှင့် ပတ်သက်၍လည်း သိပ်မနှစ်သက်ကြ ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ချို့၏ သတင်းဖော်ပြချက်များအရ သိရှိရပြီး ၎င်းသည် မယ်လဒုက္ခသည်စခန်းမှအပြန် မဲဆောက်လေဆိပ်သို့သွားရာ လမ်းကြောင်းပေါ်ရှိ ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းနှင့် ပညာသင်ကျောင်းသို့ ဝင်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

"ပထမ သူက ဒေါက်တာ စင်သီယာမော်ဆေးခန်းကို ဝင်မယ်လို့ လုပ်ထားတာ။ ဒါပေမယ့် မဝင်ပဲနဲ့ မဲဆောက်လေဆိပ်ကို သူ့ယာဉ်တန်းက မောင်းထွက်သွားတာတွေ့လိုက်ရမယ်။ အားလုံးကတော့ တွေ့ချင်လို့မျှော်နေကြတဲ့သူတွေချည်းပဲ။ သူနဲ့တွေ့ရင်လည်း နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး ပြောဖို့ရှိတယ်လို့ ပြောတယ်"ဟု ယင်းဆေးခန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် မဲဆောက်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်သွားခဲ့ပြီး မေလ ၂ရက်နေ့ ညနေ လေယာဉ် ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်တွင်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့မှ လာရောက်နှုတ် ဆက်ခြင်းများရှိကြောင်း သတင်းရရှိသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“‘ဒီနေ့ ဆွေးနွေးတဲ့ပွဲမှာ အဓိက ဆွေးနွေးတာကတော့ တိုက်ပွဲဖြစ်ပွားနေသော ဒေသများတွင်ရှိသော နှစ်ဖက်တပ်စခန်းတွေကိစ္စကို အဓိက ဆွေးနွေး သွားတာဖြစ်ပြီး နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့တာဆိုတော့ ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းဖြစ်တယ်လို့ပဲ မှတ်ချက်ပေးလိုတယ်”

ဇွန်လ ၄ရက်နေ့ထုတ် The Street View ဂျာနယ် အတွဲ ၁ အမှတ် ၂၁ တွင်ပါရှိသည့် “ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် KIO အဖွဲ့မှ တာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံ”သတင်းမှ KIO အဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးအယ်ခွန်းအောင်၏ ပြောကြားချက်အား ကောက်နှုတ် ဖော်ပြချက်

-----------------------------------------------------------------------------------------------------------------------------------

The Voice: i Pay ကတ်ကို ပြည်တွင်းရေကြောင်းမှာ အလွယ်တကူအသုံးပြုလို့ရနိုင်ပါ့မလား။ အခက်အခဲရှိနိုင်လား။

UHL: အဲဒီတော့ ပြည်တွင်းရေကြောင်းမှာ i Pay ကတ်သုံးဖို့က ဘုန်းကြီးကျောင်းမှာ ဘီးရောင်းသလို ဖြစ်နေတယ်။ i Pay ကတ်ဆိုတာက တစ်ယောက် စာကိုပဲ တွက်ချက်ထားတာ။ ပြောရမယ်ဆိုရင် ပုံသေခရီးကို ပုံသေနှုန်းထားနဲ့ ကြိုတင်ငွေပေးတဲ့စနစ်ပဲ။ ပြည်တွင်းရေကြောင်းမှာ သွားလာနေတဲ့ ခရီးသည်တွေက လူတစ်ဦးတည်းမဟုတ်ဘူး။ ကုန်တွေ၊ တန်ဆာတွေပါတယ်။ လူခ၊ တန်ဆာခ၊ လက်ဆွဲတစ်နိုင် တန်ဆာခတွေ အများကြီးရှိတာ။ i Pay ကတ်မှာ အဲဒီဝန်ဆောင်မှုအဆင့်တွေ မပါဘူး။ ပြည်တွင်းရေကြောင်းက လက်ရှိဝန်ဆောင်မှုပေးနေတဲ့စနစ်နဲ့ ကိုက်ညီတဲ့နည်းပညာ i Payမှာ မပါသေးဘူး။ ပြည်တွင်းရေကြောင်းမှာက ဥပမာပြောရမယ်။ ဆယ်မိုင်ကို တစ်ရာကျတယ်ဆိုရင် မိုင်တစ်ရာကို တစ်ထောင်ကျတယ်ဆိုပါစို့။ ဒါပေမဲ့ ခရီးရှည်သွားတဲ့ အတွက် လျှော့ပေးလိုက်တယ်။ ရှစ်ရာလောက်ပဲ ကျတာမျိုးပေါ့။ အဲဒီလို ဝန်ဆောင်မှုတွေ ပေးနေတာပါ။ ဒါကြောင့် လုပ်ငန်းသဘောအရ ကိုက်ညီမှုမရှိပါ ဘူး။ ပြည်တွင်းရေကြောင်းမှာသွားလာနေတဲ့ လယ်သမားကြီးတွေကရော ကြိုတင်ငွေဖြည့်တာတို့၊ Password ပြောင်းတာတို့ သူတို့ဘယ်လိုလုပ်မလဲ။ ကိုယ်တောင်မှ ကတ်ဝယ်သုံးတာ Password ပြောင်းရမယ်ဆိုလို့ သူတို့ Ststionကို သွားပြတာ။ ဟိုဟာပြော ဒီဟာပြောနဲ့ နောက်တော့ ပြောင်းပြီး သွားပြီတဲ့။ အဲဒီလို Password ပြောင်းရမယ်၊ ဘယ်ခလုတ်နှိပ်၊ ဘာလုပ်၊ ကြိုတင်ငွေဖြည့်ဆိုတာတွေကို လယ်သမားကြီးတွေကရော လုပ်နိုင်မှာတဲ့လား။

ဇွန်လ ၄ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ ၈ အမှတ် ၂၄ တွင်ပါရှိသည့် “i Pay ကတ် ပြည်တွင်းရေကြောင်းမှာ အသုံးပြုဖို့က ဘုန်းကြီးကျောင်းမှာ ဘီးလာရောင်းသလိုဖြစ်နေတယ်”သတင်းမှ ပြည်တွင်းရေကြောင်းမှ မန်နေဂျာ ဦးထိန်လင်းနှင့် တွေ့ဆုံမေးမြန်းခြင်းမှ ကောက်နှုတ် ဖော်ပြချက်

-----------------------------------------------------------------------------------------------------------------------------------

*************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ၂၀၁၃ ဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပရန် မြန်မာ၏ ဖိတ်ကြားချက်ကိုကမ္ဘာ့စီးပွားရေးဖိုရမ် လက်သင့်ခံ

(AP သတင်းဌာနမှ 2 May 2012 ရက်စွဲပါ WEF accepts 2013 Nay Pyi Taw venueoffer ကိုဘာသာပြန်ဆိုသည်)

  1. မဆင်မခြင် အကောင်းမြင်မှုများကိုရှောင်ရှားရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

(BBC သတင်းဌာနမှ 2 June 2012 ရက်စွဲပါ Suu Kyi Warns on Burma 'Optimism' ကို ဘာသာပြန်ဆိုသည်)

  1. မျက်နှာနှစ်ခု နှင့် ထိုင်းနိုင်ငံ

(31-May-2012 ရက်စွဲပါ The Diplomet မှ Luke Hunt ရေးသားသော Thailand's two faces ကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

၂၀၁၃ ဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပရန် မြန်မာ၏ ဖိတ်ကြားချက်ကိုကမ္ဘာ့စီးပွားရေးဖိုရမ် လက်သင့်ခံ

(AP သတင်းဌာနမှ 2 May 2012 ရက်စွဲပါ WEF accepts 2013 Nay Pyi Taw venueoffer ကိုဘာသာပြန်ဆိုသည်)

၂၀၁၃ ခုနှစ်တွင် ကျင်းပရန်ရှိသည့် ဖိုရမ်အား နေပြည်တော်၌ ကျင်းပရန် မြန်မာနိုင်ငံ၏ ဖိတ်ကြားမှုကို ကမ္ဘာ့စီးပွားရေးဖိုရမ်က လက်သင့်ခံလိုက် ပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF)ကို တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ Klaus Schwab က မြန်မာနိုင်ငံတွင် သိသာထင်ရှားမှုရှိသော တိုးတက်ဖြစ်ထွန်း မှုများ ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း၊ သို့သော် ထပ်မံလုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များစွာ ကျန်ရှိနေသေးကြောင်း ပြောကြား သည်။

"မြန်မာနိုင်ငံရဲ့ ဖိတ်ကြားမှုကို ကျွန်တော်တို့လက်သင့်ခံလိုက်ပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာကျင်းပမယ့် ဖိုရမ်ကျရင် ဧည့်ဝတ်ကျေပွန်မှုတွေ အများ ကြီး ရရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်။ မြန်မာပြည်မှာ စဉ်ဆက်မပြတ် ဖြစ်မယ့်တိုးတက်ဖြစ်ထွန်းမှုတွေ တွေ့မြင်ရလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်"ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သုံးရက်တာကျင်းပသွားသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ နောက်ဆုံးနေ့ရက်တွင် ပြောကြားသည်။

ကမ္ဘာတစ်ဝန်းမှ စီးပွားရေးခေါင်းဆောင်နှင့် လုပ်ငန်းရှင် ၆၄၀ ကျော်တက်ရောက်ခဲ့သည့် အဆိုပါဖိုရမ်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ရာ အားလုံး၏ စိတ်ဝင်စားမှုခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်မှာမူ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဖိုရမ်တွင် မြန်မာနိုင်ငံရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများသည် အဓိကဆွေးနွေးစရာ အကြောင်းအရာ ဖြစ်ခဲ့သည်။ သို့သော် ယခုနှစ် ဆွေးနွေပွဲ သဘောတရားမှာ "ချိတ်ဆက်မှုများဖြင့် ဒေသတွင်းအနာဂတ်ကို ပုံဖော်ခြင်း" ဟူသော ခေါင်းစဉ်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများသည် လာမည့်နှစ် WEF အတွက် အသင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးရာတွင် အခြေခံ ပြည်သူ့ဝန်ဆောင်မှုများ ပေါ်ထွက် ရေး၊ လူနေမှုအဆင့်အတန်းများနှင့် အခြေခံ အဆောက်အဦးများ တိုးတက်ကောင်းမွန်ရေး၊ လူမှုသာတူညီမျှဖြစ်ရေး အစရှိသည့် ပြုပြင်ပြောင်းလဲမှုများကို ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အကူအညီပေးထောက်ပံ့ရန် ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစရှိသည်တို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု ဦးသန်းဌေးကဆိုသည်။ လတ်တလောအနေအထားတွင် စီးပွားရေးလုပ်ငန်းများ အဆင် ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရေးအတွက် ငွေကြေးပြုပြင် ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု ၎င်း၏အဆိုအရသိရသည်။ မြန်မာနိုင်ငံ သည် ရေနံ၊ သဘာဝဓာတ် ငွေ့အစရှိသည့် သဘာဝသယံဇာတများပေါကြွယ်ဝသောနိုင်ငံဖြစ်သည့်တိုင် အခြားသော စွမ်းအင်ဆိုင်ရာ ထုတ်ကုန်များကို ပြည်ပမှ မှာယူတင်သွင်းနေရဆဲပင်ဖြစ်ကြောင်း၊ အကြောင်းမှာ ဓာတ်ဆီထုတ်လုပ်မှုမှာ စရိတ်စက မြင့်မားသောကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

WEF ၏ ပူးတွဲဥက္ကဌ က အာဆီယံနှင့် ဒေသဆိုင်ရာနိုင်ငံများ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်မှုများက ဧရာမ အခွင့်အလမ်းကြီးများကို ဖော် ဆောင်ပေးသည်မှာ မှန်သော်လည်း စိန်ခေါ်မှုများကား ကျန်ရှိနေဆဲဖြစ်သည် ဟူသော အချက်ကို သဘောတူကြောင်း ပြောဆိုသည်။

GDF Suez ဒ အမှုဆောင်အရာရှိချုပ် Gerard Mestrallet က ဒေသတွင်း တစ်ခုတည်းသော ဈေးကွက်ဖန်တီးရေးမှာ ကြိုဆိုထိုက်သည့် ကိစ္စတစ်ခုဖြစ်သော်လည်း ချိတ်ဆက်လုပ်ကိုင်မှုပေါ်ပေါက်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။

"ဒီကိစ္စက ဒေသတွင်းနဲ့ အခြားကမ္ဘာ့နိုင်ငံတွေအကြား ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်အောင် ဟန့်တားမယ်လို့မထင်မိပါဘူး။ ဒေသတွင်းနဲ့ ကျန်ရှိတဲ့ကမ္ဘာ့နိုင်ငံတွေ ချိတ်ဆက်မိအောင် လုပ်ကိုင်ဖို့လိုအပ်ပါတယ်" ဟု ၎င်းက ဆိုသည်။

စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်မှုမှာ အာရှဒေသ၏ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး စီးပွားရေးတိုးတက်မှုက ပြည်သူ အများစုကို အကျိုးအမြတ် ဖြစ် ထွန်းစေရေးအတွက် မဖြစ်မနေဆောင်ကြဉ်းပေးရန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။ "လူတိုင်းအတွက် အလုပ်အကိုင်ဖန်တီးပေးမှုဆိုတာ အဓိက ကျတဲ့ မေးခွန်းပဲဖြစ်ပါတယ်"

ထိုင်း PTT Plc ကုမ္ပဏီ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် Pailin Chuchottaworn က အာဆီယံအတွက် စိန်ခေါ်ချက်မှာ ယုံကြည်မှုနှင့် သတ္တိရှိမှု လိုအပ်ချက်ပင်ဖြစ်ကြောင်းပြောဆိုသည်။ ယုံကြည်မှုမရှိဘဲ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းအပြည့်အဝ ဖြစ်ထွန်းရေးမှာ ခက်ခဲမည် ဖြစ် သည်ဟု ၎င်းကဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

မဆင်မခြင် အကောင်းမြင်မှုများကိုရှောင်ရှားရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

(BBC သတင်းဌာနမှ 2 June 2012 ရက်စွဲပါ Suu Kyi Warns on Burma 'Optimism' ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်အပေါ် မဆင်မခြင်သဘောဖြင့် အကောင်းမြင် စိတ်ထားရှိခြင်းမျိုးကို သတိပြုသင့် သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ မိန့်ခွန်းပြောဆိုရာတွင် "မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် နောက်ကြောင်းပြန်မလှည့်နိုင်သည့် အနေအထားမျိုးသို့ မရောက်ရှိသေးကြောင်း" ၎င်းက ပြောဆိုသည်။ ထို့အတူ မိမိအနေဖြင့် ကိုယ်စားလှယ်အဖြစ် တက် ရောက်လျက်ရှိသည့် ပါလီမန်လွှတ်တော်ဟူသည်မှာလည်း ဒီမိုကရေစီအလေ့အထများနှင့် ဝေးကွာနေဆဲပင်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း မြန်မာပြည်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်ကြောင်း၊ အလုပ်အကိုင်ဖန်တီးပေးမှုနှင့် သင် တန်းပို့ချမှုတို့သည် မြန်မာလူငယ်ထုအတွက် လွန်စွာအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"ကျွန်မအနေနဲ့ ရှင်တို့ဘာလုပ်ရမယ်ဆိုတာကိုပြောဖို့ ဒီကိုရောက်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့တတွေ ဘာတွေလိုအပ်နေတယ် ဆိုတာကိုပြောမှာပါ"ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စတင်ပြောဆိုခဲ့သည်။ ၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း ၂၀ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသူများအနေဖြင့် သာမန်မြန်မာပြည်သူလူထု၏ လူမှုဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် လိုအပ်ချက်များကို သိရှိထားသင့်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။ "ကျေးဇူးပြု၍ ကျွန်မတို့အတွက် လေးလေးနက်နက်စဉ်းစားပေးကြပါ"

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ ဂုဏ်ပြုပြောဆိုမှုများစွာလည်း ဖြစ်ပေါ်ခဲ့သည်။ ၎င်းသည် စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ မြန်မာ့ပြုပြင်ပြောင်းလဲမှုများအပေါ် သတိထားစောင့်ကြည့်ရန်လည်း တိုက်တွန်းပြောဆိုသည်။ လက်ရှိ ပြုပြင်ပြောင်းလဲမှုများ၏ နောက်ကွယ်တွင် စစ်တပ်ပါဝင်ပတ်သက်မှု ရှိ၊ မရှိဟူသောကိစ္စမှာ ရှင်းရှင်းလင်းလင်းမရှိသေးကြောင်း၊ သို့အတွက်ကြောင့် နိုင်ငံတ ကာအသိုင်းအဝိုင်းအနေဖြင့် "မဆင်မခြင် အကောင်းမြင်မှု" မျိုး ရှောင်ရှားကြရန် တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို အားပေးအားမြှောက်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သို့သော် စစ်မှန်သည့် တရားဥပဒေမူဘောင်နှင့် လွတ် လပ်မှုရှိသော တရားစီရင်ရေးစနစ်တို့ မပေါ်ပေါက်သေးကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကို စီးပွားရေးအရ အမီလိုက်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် အဂတိလိုက်စားမှုများကို ဦးစားပေး တိုက်ဖျက်မှ သာဖြစ်နိုင်ကြောင်း နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အဂတိလိုက်စားမှုများနှင့် သာတူညီမျှမဖြစ်မှုတို့ကို ထပ်မံ ဖြစ်ထွန်း စေမည့်ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံအနေဖြင့် မလိုအပ်ပါကြောင်းလည်း ပြောကြားသည်။ "အလုပ်အကိုင်တွေရရှိစေဖို့အတွက် ကျွန်မတို့အနေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လိုပါတယ်"

ဖြစ်ပေါ်လာမည့် အလုပ်အကိုင်သစ်များ ရရှိနိုင်ရန် မြန်မာလုပ်သားများ အဓိကလိုအပ်သည်မှာ အရည်အသွေး လေ့ကျင့်ပျိုးထောင်ပေးမှုသာ ဖြစ် သည်ဟု ဆိုသည်။

"အခြေခံအရည်အချင်းတွေ ရှိထားဖို့အတွက် အင်မတန်လိုအပ်နေပါတယ်။ အဆင့်မြင့်သင်တန်းတွေထက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေကို ကျွန်မတို့ပိုလိုအပ်ပါတယ်"ဟု ဆိုသည်။

အဆင့်မြင့်ပညာရေးကို ၎င်းအနေဖြင့်ပို၍တန်ဖိုးထားသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်၏ လိုအပ်ချက်ကို လက်တွေ့ ကျသည့် နည်းလမ်းဖြင့် ထည့်သွင်းစဉ်းစားသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ် မြန်မာပြောင်းရွှေ့လုပ်သားများ အများဆုံးနေထိုင်သည့် ဆမတ်ဆတ်ခွန်ပြည်နယ်သို့ သွားရောက်ကာ မြန်မာလုပ်သားများနှင့်တွေ့ဆုံခဲ့ရာ ထောင်ပေါင်းများစွာက သူမကို ကြိုဆိုခဲ့ကြသည်။

--------------------------------------------------------------------------------------------------------------------------------

မျက်နှာနှစ်ခု နှင့် ထိုင်းနိုင်ငံ

(31-May-2012 ရက်စွဲပါ The Diplomet မှ Luke Hunt ရေးသားသော Thailand's two faces ကို ဘာသာပြန်ဆိုသည်။)

ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံသည် သတင်းခေါင်းစဉ်များတွင် နှစ်ကြိမ်နေရာယူခဲ့ပါသည်။ ဘန်ကောက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၄ နှစ်အတွင်း သူမ၏တိုင်းပြည်မှ ပထမဆုံးအဖြစ် ပြည်ပသို့ ခရီးထွက်ရာတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံခဲ့ခြင်းကြောင့် အများ၏ ချီးကျူးမှုကို ခံခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ရွှေ့ပြောင်းလုပ်သားများထံ သွားရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့၏ အကြောင်းများ ကို နာထောင်ခဲ့ပြီး၊ ကျန်းမာရေးကဲ့သို့သောကိစ္စများကို အာရုံပြုခဲ့သည်။

သူက လုပ်သားများအား ၎င်းတို့၏ကိစ္စများကို ထိုင်းအာဏာပိုင်များထံ တင်ပြမည်ဖြစ်ကြောင်းနှင့် လာမည့် ဂျီနီဗာတွင် ကျင်းပမည့် နိုင်ငံတကာ အလုပ်သမားကွန်ဖရင့်၌လည်း တင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံကလည်း သူ့အကျိုးစီးပွားနှင့် ယှဉ်၍ စဉ်းစားမှုများရှိသည်။ မြန်မာနိုင်ငံသည် တံခါးဖွင့်လှစ်ပြီး ဒီမိုကရေစီအတွက် ကတိက၀တ်များ ပေး လာသောအခါ၊ အာဆီယံနိုင်ငံများသည် ၂၀၁၅ခုနှစ်တွင် ပေါ်ပေါက်လာတော့မည့် အာဆီယံစီးပွားရေးအသိုင်းအ၀ိုင်းတွင် မြန်မာနိုင်ငံပါဝင်နိုင်ရေးအတွက် မနေမနား ကြိုးစားလျက် ရှိကြသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံအတွက် ဈေးပေါသော လုပ်အားအရင်းအမြစ်များအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ရာ ၎င်း တို့အိမ်ပြန်မည်ကို ထိုင်းနိုင်ငံက စိတ်ပူပါသည်။ မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်မှာမူ တခဲနက်ကြိုဆိုခြင်းကို ခံခဲ့ရသည်။

အထက်ပါ လုပ်ဆောင်ချက်မှာ ထိုင်းနိုင်ငံက ၎င်းတို့ လူမျိုးတစ်ဦးကို ပြစ်ဒဏ်ပေးခြင်းနှင့် ခြားနားသော တွေ့ကြုံရမှု ဖြစ်သည်။ ဘန်ကောက်တရား ရုံးသည် ထိုင်းအမျိုးသမီး ChiranuchPremchaipornအား ကွန်ပြူတာရာဇ၀တ်မှု ကျူးလွန်သည်ဟုဆိုကာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပါသည်။ ထောင် ဒဏ်ကိုရှစ်လလျော့ချပြီး ယာယီရုတ်သိမ်းပေးခဲ့သည်။ Chiranuch သည် Prachatai တွင် အွန်လိုင်းသတင်းစာစောင်မှ ၀က်ဆိုဒ်မန်နေဂျာ ဖြစ်သည်။

သူမကျူးလွန်ခဲ့သည့်ပြစ်မှုမှာ အွန်လိုင်းပေါ်မှ အချို့တိုင်းပြည်၏ တော်ဝင်မိသားစုကို ထိပါးသည့် မှတ်ချက်များကို အချိန်မီ ဖျက်ပစ်နိုင်မှုမရှိ၍ဟု ဆိုပါသည်။ တစ်နည်းအားဖြင့် တော်ဝင်မိသားစုများကို စော်ကားသည့် ပြစ်မှုမျိုးဖြစ်ပြီး၊ တရားဥပဒေအရ ထိုင်းနိုင်ငံတွင် လွတ်လပ်စွာဖော်ထုတ်ခွင့်ကို စမ်း သပ်မှုတစ်ခုပင် ဖြစ်ပါသည်။

အမှန် ထိုပြစ်မှုအတွက် Chiranuch သည် ထောင်ဒဏ် အနှစ်နှစ်ဆယ်ပင် ကျနိုင်ပါသည်။ သို့သော် ထိုင်းဝန်ကြီးချုပ်၏ အတွင်းရေးမှူးထံသို့ တယ် လီဖုန်း SMS လေးခု ၀င်ရောက်လာပြီး ထိုင်းဘုရင်အပေါ် ဆန့်ကျင်ဝေဖန်ထားမှုနှင့် ပတ်သက်၍ သာမန်အလုပ်လုပ်ကိုင်နေသူ ၆၆ နှစ်ရှိ Ampon Tangnoppakul အား ထောင်ဒဏ် အနှစ်နှစ်ဆယ်ချခဲ့ရာ Ampon မှာ ၎င်းမသိရသောပြစ်မှုအတွက် ခံခဲ့ရပါသည်။ ၎င်းသည် ထောင်ထဲတွင် ပါးစပ်ကင်ဆာ ဖြင့် သေဆုံးသွားခဲ့ခြင်းကြောင့် တရားရုံးသည် Chiranuch အပေါ် လျော့ပေါ့သော ပြစ်ဒဏ် ချခဲ့ခြင်းဖြစ်ပါသည်။ တော်ဝင်မိသားစုအား ကာကွယ်သည့် ဥပ ဒေတွင် ထိုင်းဘုရင်အပေါ် မတရားရေးသားခြင်း၊ စော်ကားခြင်းများကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ သို့သော်ဝေဖန်သုံးသပ်သူများက ၎င်းတို့ကို နိုင်ငံရေးသမားများနှင့် ၎င်းတို့ကို ထောက်ခံသူများက ၎င်းတို့၏ အတိုက်အခံများကို ပါးစပ်ပိတ်သွားစေရန် အသုံးချခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုင်း ဘုရင်ဘူမိဘောကဘုရင်အပေါ် ဝေဖန်မှုများကို မဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

Chiranuch သည် အဘီဆစ် စတင်လုပ်ဆောင်ခဲ့သည့် အွန်လိုင်းမီဒီယာတွင် ဘုရင်ကို ဆန့်ကျင်သည်ဟု အစိုးရက ယူဆရသော ပါဝင်မှုများကို နှိမ်နင်းစဉ် အဖမ်ခံခဲ့ရသည်။ သို့သော် သူမက အပြစ်မရှိကြောင်း လျှောက်ထားနိုင်မည်ဟု ထင်ခဲ့ပြီး၊ အင်တာနက်တွင် ဆင်ဆာတည်းဖြတ်မှုနှင့် တတိယလူ က တင်ထားသော မှတ်ချက်များကို ၀က်ဆိုဒ်အော်ပရေတာမှ တာဝန်ရှိ၊ မရှိဆိုသည့်အပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံသည် လွန်ခဲ့သည့် ၆ နှစ်အတွင်း နိုင်ငံရေးအရ လှုပ်ခတ်မှု ကြီးမားစွာဖြစ်ခဲ့ရာ ရှပ်နီ၊ ရှပ်ဝါများ၏ အားပြိုင်မှုတွင် ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့် ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် လာရောက်လည်ပတ်မှုသည် ထိုင်းနိုင်ငံအတွက် အကောင်းဆုံး ဥပမာပေးရန်နှင့် လေကောင်းလေသန့် ပေးရန် လိုပါသည်။ သို့သော် Chiranuch အပေါ် အဆုံးအဖြတ်မျိုးကြောင့် ထိုင်းနိုင်ငံကို ကောင်းမွန်သည်ဟု အဆင့်သတ်မှတ်ရန် ခဲယဉ်းသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs