Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၆.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ ရန်ကုန်ရောက် ရခိုင်ရဟန်းသံဃာအပါး ၈၀ကျော် ဆန္ဒပြတောင်းဆို
  1. လက်ပံတောင်းတောင်စီမံကိန်း မြေနေရာတွင် မပြောင်းရွေ့လိုသူများ ဆက်လက်နေထိုင်နိုင်
  2. ဆရာတော်ဦးကောဝိဒဦးဆောင်၍ ဘင်္ဂလားဒေ့ရှ်ရုံးရှေ့တွင် ထပ်မံဆန္ဒပြမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဒီမို ၁၀ပါတီတွင် တိုင်းရင်းသား ၅ပါတပူးပေါင်းမှု လျော့ချမည်
  2. KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရသည့်သတင်းမှာ ကောလဟလသတင်းသာဖြစ်ကြောင်း KBZ ဘဏ် ဒု-ဥက္ကဋ္ဌပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ ရန်ကုန်ရောက် ရခိုင်ရဟန်းသံဃာအပါး ၈၀ကျော် ဆန္ဒပြတောင်းဆို

အောက်တိုဘာလ ၅ရက်နေ့ နေ့လည် ၁နာရီမှစတင်၍ ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးအနီး၌ ရန်ကုန်ရောက် ရခိုင်သံဃာတော် ၈၀နီးပါးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြ၍ ကြေညာချက် ၉ချက်ပါရှိသည့် ၎င်းတို့၏ သဘောထား ကြေညာချက်တစ်စောင်အား ဖတ်ကြားကြောင်း သိရသည်။

"ကျွန်တော်တို့ အခု ဒီဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ ဆန္ဒပြရတယ်ဆိုတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မူဆလင်တွေက ကျွန်တော်တို့ ဗုဒ္ဓဘာသာဘုန်း ကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် အခုလို လာပြီးဆန္ဒပြရတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ၉ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို အခုလာရောက်ဆန္ဒပြတဲ့ ဘုန်းဘုန်းတို့က ဖတ်ပြမှာဖြစ်ပါတယ်။ နောက်ပြီး ဒီလိုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပါတီခေါင်းဆောင်တွေကလည်း ပါဝင်ပြီး နိုင်ငံအသီးသီးကို တောင်းဆိုရန်ဆိုတာကိုလည်း ထည့်သွင်းထားပါတယ်"ဟု ယင်းသို့ ဆန္ဒပြ လှုပ်ရှားမှုတွင်ပါဝင်သည့် သံဃာတစ်ပါးက မိန့်ကြားသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် လာရောက်ဆန္ဒပြကြသည့် မြန်မာနိုင်ငံ တိုင်းရင်းသား ရဟန်းရှင်လူများမှ ၎င်းတို့၏ သဘောထားကြေညာ ချက်များအား နေ့လည် ၁နာရီခွဲကျော်အချိန်ခန့်တွင် မိန့်ကြားခဲ့ပြီး အဆိုပါသဘောထားကြေညာချက်၌ နိုင်ငံတကာမှ ဘာသာရေးလွတ်လပ်မှုကို လေး စားရေး၊ ဂျီဟတ်ဝါဒဖြင့် လူမျိုးရေးဝါးမျိုခြင်း ကမ္ဘာအား(လွှမ်းမိုး)သိမ်းပိုက် ကြိုးစားပယ်ဖျက် ရပ်တန့်ရန်၊ ဘာသာရေးပဋိပက္ခကြောင့် တတိယကမ္ဘာစစ် မဖြစ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် နိုင်ငံခေါင်းဆောင်အသီးသီးနှင့် ပါတီခေါင်းဆောင်များမှလည်း ကာကွယ်စောင့်ရှောက်ပေးရန် ထည့်သွင်းတောင်း ဆိုထားကြောင်း သိရသည်။

ထို့ပြင် ယင်းကြေညာချက်၌ မြန်မာနိုင်ငံတွင်  Organization of the Islamic Cooperation (OIC) ရုံး ဆောက်လုပ်မည်ဆိုသည့်ကိစ္စနှင့် ပတ် သက်၍လည်း လက်မခံကြောင်း ထည့်သွင်းဖော်ပြထားပြီး အောက်တိုဘာလ ၄ရက်နေ့ နေ့လည် ၁နာရီတွင် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အကြမ်းဖက်၊ ဖျက်ဆီးမှုများဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မကွေးကျောင်းတိုက်တွင် သံဃာအပါး ၁၀၀ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရ သည်။

ATM

--------------------------------------------------------------------------------------------------------------------------

လက်ပံတောင်းတောင်စီမံကိန်း မြေနေရာတွင် မပြောင်းရွေ့လိုသူများ ဆက်လက်နေထိုင်နိုင်

ရန်ကုန် ၊အောက်တိုဘာလ ၅။

ကန့်ကွက်သံများရှိနေသော်လည်း ဆက်လက်လုပ်ကိုင်မည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမြေနေရာတွင် မပြောင်းရွေ့လိုသူများ အနေ နှင့် ဆက်လက်နေထိုင်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  စက်တင်ဘာလ ၂၈ ရက်တွင် နယူးယောက်မြို့တွင် ရောက်ရှိနေချိန် ပြည်ပမီဒီယာ တစ်ခုနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ပြောင်းရွေ့လိုတဲ့သူတွေကလဲ ပြောင်းရွေ့နေသလို မပြောင်းချင်တဲ့သူတွေကို မပြောင်းရွေ့ခိုင်းဖို့ ကျွန်တော်ဒီမလာခင် မှာခဲ့ပါတယ်”ဟု သမ္မတ က ဆိုသည်။

လက်ပံတောင်းတောင်စီမံကိန်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ရွာ ၄ ရွာ ရွေ့ပြောင်းပေးခဲ့ရပြီး စီမံကိန်းဝန်းကျင် ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခြင်းများအပေါ် ဒေသခံပြည်သူလူထုမှ မကျေနပ်သည့်အတွက် ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားခဲ့သည်။

လက်ပံတောင်းတောင်စီမံကိန်းအား ရပ်ဆိုင်းမည်မပာုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီဥက္ကဋ္ဌ Mr.Chendefang က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဂရင်းမီးရထားပိာုတယ်၌ မီဒီယာသမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

sweet

--------------------------------------------------------------------------------------------------------------------------

ဆရာတော်ဦးကောဝိဒဦးဆောင်၍ ဘင်္ဂလားဒေ့ရှ်ရုံးရှေ့တွင် ထပ်မံဆန္ဒပြမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ ကိုင်တွယ်မှုညံ့ဖျင်းသောကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူနည်းစု ရဟန်းသံဃာများနှင့် ဗုဒ္ဒဘာသာဝင်များ အကြမ်း ဖက်ခံရခြင်းဖြစ်သဖြင့် အောက်တိုဘာလ ၈ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ဆရာတော်ဦးကောဝိဒမှ ဦးဆောင်ပြီး ရခိုင်အမျိုးသားကွန်ယက်မှ လူငယ်များက ဆန္ဒပြမမှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။

''လူနည်းစုဗုဒ္ဒဘာသာဝင်တွေကို facebook ပေါ်မှာ တင်ထားတဲ့ ပုံတွေကြောင့် အကြမ်းဖက်ခံရတယ်၊ ဒါဟာ ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုင်တွယ် မှု ညံဖျင်းတာပဲ"ဟု ရခိုင်အမျိုသားကွန်ယက်မှ ဗဟိုအလုပ်အမှုဆောင် ကိုမျိုးချစ်က ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ဆရာတော်ဦးကောဝိဒမှ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဆန္ဒပြခွင့်လျှောက်ထားခဲ့ကြောင်း သိရပြီး ခွင့်ပြု ချက်မရရှိပါကလည်း ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

မင်းခဏ့်

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဒီမို ၁၀ပါတီတွင် တိုင်းရင်းသား ၅ပါတပူးပေါင်းမှု လျော့ချမည်

ရန်ကုန်၊ အောက်တိုဘာ ၆။

ပြည်မပါတီ ၅ခုအပါအဝင် ညီနောင်တိုင်းရင်းသားပါတီ ၅ခုနှင့်ဖွဲ့စည်းထားသော ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီ၏ ရှေ့ဆက်သွားမည့်လုပ်ငန်း စဉ်များတွင် တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများကို လျော့ချသွားမည်ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရှိရသည်။

“ဆယ်ပါတီထဲက နုတ်ထွက်တာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့အရေးကို တိုင်းရင်းသားပါတီတွေကပဲ လုပ်နိုင်မှာမို့လို့ ပူးပေါင်းဆောင် ရွက်မှုတွေ ဆက်မလုပ်တဲ့သဘောပါ”ဟု ကျားဖြူပါတီပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဆိုသည်။

အခြားသော တိုင်းရင်းသားပါတီများနှင့်လည်း ညီနောင်တိုင်းရင်းသားပါတီ ၅ပါတီတို့ ပူးပေါင်းဖွဲ့စည်းခြင်းများကို မကြာခင်လပိုင်းအတွင်း ဆောင်ရွက်တော့မည်ဖြစ်ပြီး တိုင်းရင်းသားပါတီပေါင်း ၁၅ ခုခန့် စုစည်းမိမည်ဟုယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မိတ်ဆွေ ၁၀ပါတီဝင် ပြည်မပါတီတစ်ခုဖြစ်သော ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက ၎င်းတို့မိတ်ဆွေပါတီများ စတင်ဖွဲ့စည်းစဉ်ကပင် ပြည်မ ပါတီများနှင့် တူညီသောကိစ္စရပ်များကို ပူးပေါင်းလုပ်ကိုင်ကြပြီး တိုင်းရင်းသားများ၏အရေးကို တိုင်းရင်းသား ၅ပါတီက သီးခြားလုပ်ဆောင်ကြကြောင်း၊ ပူးပေါင်းမှုလျော့ချခြင်းမှာ ၎င်းတို့၏အရေးကိစ္စများကို ပိုမိုဆောင်ရွက်လိုခြင်းဖြစ်ကာ ယင်းပါတီများ၏ မူလရည်ရွယ်ချက်ဖြစ်သဖြင့် အထူးအဆန်းကိစ္စရပ် မဟုတ်ကြောင်း Yangon Chronicle သို့ ရှင်းပြသည်။

ပြီးခဲ့သော လပိုင်းအတွင်းက ABSDFခေါင်းဆောင်ဟောင်း မိုးသီးဇွန်နှင့် မိတ်ဆွေဆယ်ပါတီ အမည်တပ်ကာ တွေ့ဆုံခဲ့ခြင်းအပေါ် တိုင်းရင်းသား ပါတီခေါင်းဆောင်များ သဘောတူညီခြင်းမရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးလှစောက သတင်းမီဒီယာ တစ်ခု၌ ပြောကြားခဲ့သည်။

ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီမှာ ပြည်မပါတီ ၅ ခုဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDF၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်(နုတ်ထွက်သွား)နှင့် တိုင်းရင်းသားပါတီများဖြစ်သော ကျားဖြူပါတီ SNDP၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့ဖြစ်ကာ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ပူးပေါင်းယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့သည်။

SWEET

--------------------------------------------------------------------------------------------------------------------------

KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရသည့်သတင်းမှာ ကောလဟလသတင်းသာဖြစ်ကြောင်း KBZ ဘဏ် ဒု-ဥက္ကဋ္ဌ ပြောကြား

ပြီးခဲ့သည့် စက်တင်ဘာလကုန်နီးပိုင်းမှစတင်၍ မြန်မာနိုင်ငံ၏ နာမည်ကြီးဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဆရာကျောင်း(ခ) ဦးအောင် ကိုဝင်း စစ်ဆေးဖမ်းဆီးခံရသည်ဆိုသည့် သတင်းထွက်ပေါ်ချက်များသည် မဟုတ်မမှန်သည့် ကောလဟလသတင်းများသာဖြစ်ကြောင်း အောက်တိုဘာလ ၅ရက်နေ့ နေ့လည် ၃နာရီခွဲကျော်ခန့်၌ ယခင်ဗဟိုဘဏ်တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ဖူးပြီး ယခုလက်ရှိ ကမ္ဘောဇဘဏ်၏ ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်၏ ရှင်းလင်းပြောကြားချက် အရ သိရသည်။

"ဒီသတင်းက ကောလဟလတွေပါ။ အဖမ်းလည်းမခံရပါဘူး။ စစ်ဆေးမေးမြန်းတာလောက်ပဲရှိတာပါ။ ပြီးတော့ ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ ညနေမှာ MRTV ကနေ တိုက်ရိုက်လွှင့်မယ့် မြန်မာ-ဘရုနိုင်း ဘောလုံးပွဲမှာ သူကိုယ်တိုင် လာကြည့်မှာပါ။ အဲဒီကျရင်တော့ ရှင်းသွားမှာပါ"ဟု ၎င်းက ပြော ကြားသည်။

အဆိုပါ ကောလဟလသတင်းထွက်ပေါ်မှုနှင့် စပ်လျဉ်း၍ KBZ ဘဏ်၏ ဒု-ဥက္ကဋ္ဌမှ ယင်းသို့ မဟုတ်မှန်သတင်းထွက်ပေါ်ရခြင်း၏ အကြောင်းမှာ အခြားပြည်သူတစ်ချို့မှ ငွေအလုံးအရင်းများ ပြန်လည်ထွက်ရှိစေရန်နှင့် ဒေါ်လာဈေးများ ရွှေဈေးများ ပြန်လည်တက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သတင်းထွက်ပေါ်ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ကောလဟလသတင်း ထွက်ပေါ်မှုသည် တစ်နှစ်လျှင် သုံးကြိမ်ခန့်မျှ ထွက်ပေါ်တတ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ရှင်းပြသည်။

"ဒီလိုသတင်းတွေထွက်တယ်ဆိုတာကလည်း ငွေအလုံးအရင်းတွေ အပြင်ကိုပြန်ထွက်လာပြီး ဒေါ်လာဈေးတွေ ရွှေဈေးတွေ ပြန်တက်လာအောင် လုပ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီလိုကောလဟလသတင်းကလည်း တစ်နှစ်ကို သုံးကြိမ်လောက် ထွက်ပါတယ်။ အရေးကြီးတာကတော့ ပြည်သူတွေ အနေနဲ့ ဒီလိုကောလဟလသတင်းတွေကို အထင်မမှားပဲနဲ့ ယုံကြည်ပေးဖို့က အရေးကြီးဆုံးပါပဲ"ဟု ဆိုသည်။

အဆိုပါ ကောလဟလသတင်းနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဘဏ်ရုံးခွဲ၌ ငွေအပ်နှံထားသူ အမျိုး သမီးတစ်ဦးက ၎င်းသည် အောက်တိုဘာလ ၅ရက်နေ့၌ ယင်းမဟုတ်မမှန်သတင်းအား ကြားသိရ၍ မြောက်ဥက္ကလာပမြို့နယ် ဘဏ်ရုံးခွဲသို့ ချက်ခြင်းသွား ရောက်ထုတ်ယူရာ မရသောကြောင့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ရုံးချုပ်သို့ လာရောက်ထုတ်ယူရခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းမှ အမျိုး သမီးတစ်ဦးက ပြောကြားသည်။

"အခုလို KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရတယ်ဆိုတော့ ချက်ခြင်း ငွေထုတ်ဖို့ အပ်ထားတဲ့ မြောက်ဥက္ကလာရုံးခွဲကိုသွားတာ မရတာနဲ့ အခုပြည်လမ်း က KBZ ရုံးချုပ်ကို လာပြီးငွေထုတ်တာပါ။ အခုလိုမျိုး သတင်းအမှန်ကြားရတော့ ဝမ်းသာပါတယ်" ဟု ၎င်းက ဆိုသည်။

၎င်းတို့ ကမ္ဘောဇဘဏ်အနေဖြင့် အောက်တိုက်ဘာလ ၄ရက်နေ့၌ ကမ္ဘောဇဘဏ်ရုံးခွဲအား သုဝဏ္ဏမြို့နယ်၌ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဘဏ်ရုံးခွဲအပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် ၎င်းတို့ ဘဏ်ရုံးခွဲပေါင်း ၇၉ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ကမာရွတ် မြို့နယ် ပြည်လမ်းကမ္ဘောဇဘဏ်၏ မန်းနေးဂျင်းဒါရိုက်တာ ဦးသန်းချို၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်တို့ KBZ ဘဏ်ရုံးခွဲတွေကို ရွာတွေအထိ ဖွင့်သွားဖို့ ရှိပါတယ်။ ပြီးတော့ သူများနိုင်ငံတွေမှာ ATM တွေက ထောင်ကျော်ရှိနေပြီ။ အခု အစ်ကိုတို့မှာက ၈၀လောက်ပဲ ရှိပါသေးတယ်ဆိုတော့ ဘဏ်စနစ်တွေကောင်းမွန်အောင် အများကြီးလုပ်ရဦးမှာ။ ဘဏ်စနစ်တွေကောင်းမှလည်း လုပ်ငန်း ရှင်တွေ အစဉ်ပြေပြေ လည်ပတ်နိုင်ပြီး တိုင်းပြည်တိုးတက်မှာပါ" ဟု ၎င်းက ဆိုသည်။

ထို့နောက် အဆိုပါ ကောလဟလသတင်းထွက်ပေါ်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးရှိဘဏ်များအား အောက်တိုဘာလ ၁ရက်နေ့တွင် ပိတ်လိုက်ခြင်းနှင့် ပတ်သက်၍လည်း ၎င်းတို့အနေဖြင့် ခြောက်လတစ်ခါ ငွေစာရင်း ချုပ်သည့်အတွက်ကြောင့် အောက်တိုဘာလ ၁ရက်နေ့ အား ပိတ်လိုက်ရခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌လည်း ဘဏ်အားလုံးပိတ်၍ ငွေစာရင်းချုပ်ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် ယင်းသို့ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ အဖမ်းခံရခြင်းဆိုသည့် မဟုတ်မမှန်သတင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၆ ရက်နေ့ နေ့လည် ၁နာရီ မှစတင်၍ ဗဟိုဘဏ်၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ရန်ရှိကြောင်း သတင်းရရှိသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“အားလုံးဟာ အန္တရာယ်ကျရောက်တော့မယ်ဆိုရင် ကိုယ်နဲ့မဆိုင်သလိုမနေဘဲ ဘေးမှာရှိနေတဲ့ လူတွေကို လက်တို့ကြပါ။ ပြီးတဲ့အခါမှာ အချင်းချင်း ဒီကွန်ရက်ကြီးကို သယ်ဆောင်သွားပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့ အသံတွေနဲ့ ကန့်သတ်နိုင်မယ့် နည်းတစ်ခုပေးနိုင်မယ်ဆိုရင် ကျွန်တ်ာတို့ကု အန္တရာယ်ပေးနိုင်မယ့် ကျွန်တော်တို့အဝန်းအဝိုင်း ဖျက်ဆီးမယ့်လူတွေကို ကျွန်တော်တို့ ဟန့်တားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီကနေဆက်ကြည့်မယ် ဆိုရင် ကျွန်တော်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆက်နွယ်သွားနိုင်ပါတယ်။ နိုင်ငံတကာစင်မြင့်မှာ ကျယ်ကျယ်လောင်လောင်နဲ့ ကမ္ဘာတည်တဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေကြတဲ့သူတွေဟာ မြန်မာပြည်ရဲ့ပုံရိပ်ဖြစ်တဲ့ ဧရာဝတီရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ဖို့လည်း ခေါင်းထဲထည့်ထားကြပါ”

အောက်တိုဘာ ၆ရက်ထုတ် The Street View ဂျာနယ် အတွဲ (၁) အမှတ် (၃၉) တွင်ပါရှိသည့် “ဧရာဝတီမြစ်ဆုံအတွက် သွေးမအေးကြရန် ပညာရှင်များ တိုက်တွန်း”သတင်းမှ ၈၈ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------

“ကျွန်မတို့နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေကို အမြဲပဲလေ့လာနေတဲ့ ပုဂ္ဂိုလ်တွေသိရမှာကတော့ ဆန္ဒပြဖိုဆိုလို့ရှိရင်လည်း လွယ်ကူသေးတာမဟုတ်ဘူး။ ဥပဒေ အရ ဆန္ဒပြခွင့်ရှိတယ်ဆိုပေမဲ့ ခွင့်ပြုချက်ရမှ ဆန္ဒပြပိုင်ခွင့်ရှိပါတယ်။ ဒါက ကျမက ဆန္ဒပြတာတွေကို အထူးအားပေးချင်တဲ့စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ဒီမိုကရေစီ အခွင့်အရေးတစ်ခုနဲ့ ပတ်သက်လို့တောင်မှ ကျွန်မတို့အခြေအနေက ဒီမိုကရေစီရရှိပြီးသား လူ့အသိုင်းအဝိုင်းတွေနဲ့ မတူဘူးဆိုတာကို ရှင်းပြ ချင်လို့ပြောတာဖြစ်ပါတယ်”

အောက်တိုဘာ၆ရက်ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၃) အမှတ် (၁၀၀) တွင်ပါရှိသည့် “ဒေါ်စုအမေရိကန်ခရီးစဉ် အပြီးသတ်အဖြစ် လော့အိန်ဂျလိစ်မြို့ တွင် မြန်မာမိသားစုများနှင့်တွေ့ဆုံ၍ မေမြန်းသည်များကိုဖြေကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------

“ကိုးရီးယားယဉ်ကျေးမှုတွေ၊ ကိုကာကိုလာ ယဉ်ကျေးမှုတွေ တခြားယဉ်ကျေးမှုတွေအမျိုးစုံ ကျွန်တော်တို့ဆီက ညီငယ်ညီမငယ်တွေက တဖြည်းဖြည်း တိုတိုလာပြီး ကမ္ဘာဆန်လာတဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် ပြည်ပရောက်နေတဲ့မြန်မာတွေက သင်္ကြန်ကျဖို့ကြိုးစားတယ်၊ ရွှေရိုးကဖို့ကြိုးစား တယ်၊ ယိမ်းကဖို့ကြိုးစားတယ်၊ ကရင်ဒုံးယိမ်းကဖို့ ကြိုးစားတယ် အစသဖြင့်၊ ပြည်ပရောက်နေတဲ့ မြန်မာတွေက ကိုယ့်အမျိုးသားသရုပ်ကို ဖော်ပြဖို့ ကြိုး စားနေကြတဲ့အချိန်မှာ ကျွန်တော်တို့ညီငယ်ညီမငယ်တွေက တိုသထက်တိုလာတယ်။ ခေတ်မီတာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရိုးရာယဉ် ကျေးမှုကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ရဲ့ အမျိုးသားသရုပ်ကိုဖော်ပြဖို့ အင်မတန်အရေးကြီးတဲ့ သေရေးရှင်ရေး ကာလမျိုးလို့ ကျွန်တော်မြင်ပါတယ်”

အောက်တိုဘာ ၆ရက်ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၃) အမှတ် (၁၀၀) တွင်ပါရှိသည့် “ကျွန်တော်တို့လူမျိုးများဟာ မြန်မာအလွန်ဆန်ချင်ကြတဲ့အခါ ပါဠိစကားတွေကိုသုံးနှုန်းကြတဲ့အတွက် သမဂ္ဂဆိုတဲ့ဝေါဟာရကို စိုးရိမ်ထိန့်လန့်စရာမလိုပါဘူးဟု ၈၈မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးပြောကြား” သ တင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၆.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထိုင်းစီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားတွင်ရင်းနှီးမြှပ်နှံမှု တိုးချဲ့ရန်တိုက်တွန်း

(5 October 2012ရက်စွဲပါ Bernamaမှ “Thai businessmen uged to expand investment overseas”ကို ဘာသာပြန် ဆိုသည်။)

  1. Obama ကမြန်မာနိုင်ငံနှင့် ပတ်သက်သော ငွေကြေးဥပဒေကို အတည်ပြု

(6 October 2012ရက်စွဲပါ China News Asia မှ Obama signs Myanma finance bill into Laws ကိုဘာသာပြန်ဆိုသည်။)

  1. ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး အကြမ်းဖက်မှုကို မြန်မာသံဃာတော်များ ကန့်ကွက်ဆန္ဒပြ

(AFP Newsမှ 5 Oct 2012ရက်စွဲပါ “Myanmar monks protest anti-Buddhist unrest” ကိုဘာသာပြန်ဆို သည်။)

  1. မြန်မာနိုင်ငံကို အကူအညီပေးရေးအတွက် မှန်ကန်သောလုပ်ဆောင်ချက်များ

(The Straits Times သတင်းစာမှ 3 Oct 2012 ရက်စွဲပါ Rights Moves to help Myanmar ကိုဘာသာပြန်ဆိုသည်)

*********************************

ထိုင်းစီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားတွင် ရင်းနှီးမြှပ်နှံမှု တိုးချဲ့ရန်တိုက်တွန်း

(5 October 2012ရက်စွဲပါ Bernama မှ “Thai businessmen uged to expand investment overseas”ကို ဘာသာပြန် ဆိုသည်။)

The Board of Investment of Thailand(BOI)သည်ထိုင်းနိုင်ငံစီးပွားရေး လုပ်ကိုင်သူများအား ၎င်းတို့နှင့်ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံခြားတွင် တိုး ချဲ့ရန် အားပေးခဲ့ပြီး မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား ကဲ့သို့သော အိမ်နီးချင်းနိုင်ငံ များတွင်၎င်းတို့၏ ဈေးကွက် ဆွဲဆောင်မှုအပေါ် ကြည့်၍ တိုးချဲ့ ရင်းနှီး မြှုပ်နှံရန် တိုက်တွန်းခဲ့ကြောင်း ထိုင်းသတင်း အေဂျင်စီင်္က သတင်းဖော်ပြပါသည်။

BOI ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် Vassana Mututanoutက သောကြာနေ့တွင် သတင်းထောက်များသို့ ပြေကြားရာတွင် သူ၏အေဂျင်စီ သည် ထိုင်းတို့၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အထူးသဖြင့်အောက်ပါ အိမ်နီးချင်း သုံးနိုင်ငံတွင် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ပိုမို လုပ်ဆောင်နိုင်ရန် မြှင့်တင်ပေးသွားမည်ဟု ဆိုသည်။

သူ၏အဆိုအရ ၂၀၀၇မှ၂၀၁၂ အတွင်းထိုင်းစီးပွားရေး လုပ်ငန်းများသည်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ရာတွင် မြန်မာနိုင်ငံတွင် အများဆုံး ဖြစ်ပြီး ဒေါ်လာ(၅.၉၇)ဘီလီယံ၊ ဟောင်ကောင်တွင် ဒေါ်လာ(၃.၇) ဘီလီယံ အသီးသီး ရှိသည်။ ရင်းနှီးမြှုပ်နှံသော နယ်ပယ်များမှာ သတ္ထုတူးဖော်ခြင်း၊ ရေနံ တူးဖော်ခြင်း၊ ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာနှင့် လက်လီလက်ကား ရောင်းဝယ်ရေး နယ်ပယ်များ ဖြစ်ကြောင်းသိရှိရသည်။

ထိုင်းလုပ်ငန်း အများဆုံး အောင်မြင်ရသော လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ စားသောက်ကုန် ထုတ်လုပ်ခြင်း ၊ခရီးသွား လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ် ငန်းများ ဖြစ်ကြောင်း Vassanaက ဖြည့်စွက်ပြောကြားသည်။

--------------------------------------------------------------------------------------------------------------------

Obamaက မြန်မာနိုင်ငံနှင့် ပတ်သက်သော ငွေကြေးဥပဒေကို အတည်ပြု

(6 October 2012ရက်စွဲပါ China News Asia မှ Obama signs Myanma finance bill into Laws ကိုဘာသာပြန်ဆိုသည်။)

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama သည်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကိုထောက်ပံကညီသည့် အနေဖြင့် နိုင်ငံ တကာငွေကြေး အဖွဲ့အစည်းများအပေါ် အမေရိကန် ပံ့ပိုးရာတွင် လွယ်ကူစေမည့် ဥပဒေတစ်ရပ်ကို သောကြာနေ့က လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ဥပဒေကို ပြီးခဲ့သည့်လတွင် ကွန်ဂရက်က သဘောတူ၍ ဆက်လက်ပေးပို့ ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေး ဌာနက ပြောကြားရာ တွင် ယခုဥပဒေကို အတည်ပြုခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ပီပြင်သော စီးပွားရေး မူဝါဒကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး ၊အပယ်ခံ နိုင်ငံအား ကမ္ဘာ့စီးပွားရေးတွင် ပြန်လည်နိုးထ လာနိုင်ရေးအတွက် အထောက်အကူ ပေးနိုင်မည်ဖြစ်သည်။

အမေရိကန် သမ္မတ၏ အမိန့်ဖြင့် အမေရိကန် ကိုယ်စားပြုသူများသည် ဥပဒေ၏ အမိန့်အာဏာ အပ်နှင်းရေးအရ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများ မှတစ်ဆင့် ငွေကြေးအကူအညီများ ကူညီပေးနိုင်မည် ဖြစ်သည်။

“အဲဒီဥပဒေကို အကောင်အထည် ဖော်ခြင်းကြောင့် အဆိုပါ အင်စတီကျူးရှင်းများသည် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွင် ကောင်းမွန်တဲ့ အုပ် ချုပ်ရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတွေ တိုးတက်လာအောင် လုပ်ဆောင်ပေးမယ့် မူဝါဒတွေ လုပ်ဆောင်ချက်တွေကို အမေရိကန်အနေနဲ့ ပုံဖော်ပေးနိုင် စွမ်း ရှိလာမှာ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးဝန်ကြီး Neal Wolinက ပြောကြားခဲ့သည်။

ယခုObama၏ လုပ်ဆောင်ချက်သည် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးမည်ဟု ကြေညာခဲ့ပြီး တစ်ပတ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခုလုပ်ဆောင်မှုကို ကွန်ဂရက်နှင့် ဆက်စပ်၍ ဖော်ဆောင်သည်ဖြစ်ရာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင် အမေရိကန် ခရီးစဉ်တွင် အရေးယူမှုများ ပိတ်သိမ်ပေးရန် တောင်းဆိုခဲ့ပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဝါရှင်တန်သည် ပြီးခဲ့သည့် ဇူလိုင်က မြန်မာ နိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် အရေးယူထားမှုအား ဖယ်ရှားပေးခဲ့သည်။

-------------------------------------------------------------------------------------------------------------------

ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး အကြမ်းဖက်မှုကို မြန်မာသံဃာတော်များ ကန့်ကွက်ဆန္ဒပြ

(AFP Newsမှ 5 Oct 2012ရက်စွဲပါ “Myanmar monks protest anti-Buddhist unrest” ကိုဘာသာပြန်ဆို သည်။)

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မွတ်စလင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် နေအိမ်များကို တိုက်ခိုက်ဖျက်ဆီး ကြခြင်းအပေါ် သံဃာတော် ၁၀၀ခန့်က ရန်ကုန်မြို့တော် တွင်မနေ့က ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တော်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး၏ အပြင်ဘက်တွင် ခေတ္တခဏ ဆန္ဒပြခဲ့ကြသော သံဃာတော်များက “ကမ္ဘာမြေသည် လူတိုင်းအတွက် ဖြစ် သည်။ မွတ်စလင် များအတွက် သာမဟုတ်” “ဗုဒ္ဓဘာသာကို စော်ကားခြင်း ရပ်ဆိုင်းပါ” စသောစာတမ်းများကို ကိုင်ဆောင်ထား ခဲ့ကြသည်။

သံဃာတော်များ လူစုခွဲကြရန် ရဲတပ်ဖွဲ့က တောင်းဆိုပြီးနောက်တွင် ဆန္ဒပြပွဲပြီးဆုံးသွား ခဲ့သည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မူစလင်များအကြား သွေးမြေကျ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော ဇွန်မှစ၍ နှစ်နိုင်ငံနယ်စပ် တစ်လျှောက်တွင် ကြီးထွား လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံမဲ့ လူသားများ ဖြစ်နေကြသော မွတ်စလင် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင် ကြသူများဟု မြန်မာအစိုးရနှင့် ပြည်သူအများစုက သတ်မှတ်ထားကြသည်။

ဖော်ပြပါ ဘုန်းကြီးကျောင်းများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသော အကြမ်းဖက်မှုနှင့် ပတ်သက်၍ လူပေါင်း၃၀၀ခန့် နီးပါးကို ဖမ်းဆီးထားသည် ဟု ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။

--------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံကို အကူအညီပေးရေးအတွက် မှန်ကန်သောလုပ်ဆောင်ချက်များ

(The Straits Times သတင်းစာမှ 3 Oct 2012 ရက်စွဲပါ Rights Moves to help Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန် ပြီးခဲ့သည့် ရက်သတ္တပတ် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ရာတွင် သယ်ဆောင်သွားသည့် သတင်းစကား ဖြစ် သော "မြန်မာ့ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန် မလှည့်နိုင်ပါ" ဟူသည်ကို ယခုအခါ အာရှအစိုးရများ ကောင်းစွာသိရှိ ထားပြီဖြစ်သည်။

သို့သော် အမေရိကန်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၏ ဦးတည်ချက်ဖြစ်သော အခင်းအကျင်းသစ်တစ်ခု ပေါ်ပေါက်ရေးမှာ တစ်မျိုးတစ်ဖုံ ဖြစ် သည်။ စစ်အစိုးရ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိနှိပ်ချုပ်ခြယ်မှု အစရှိသည်တို့ကြောင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီး သံတမန် ဆက်ဆံရေး အဆင့်ချခဲ့သည့် အမေရိကန် ပြည်ထောင်စုသည် ယခုအကြိမ်တွင် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး များကို လုပ်ကိုင် ပေးလာသည်။

အာဆီယံ အစိုးရ များသည်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် နိုင်ငံတစ်နိုင်ငံကို အထီးကျန်ဖြစ်အောင် ပြုလုပ်သည့် နည်းလမ်း များအကြောင်း မည်သည့်အခါကမျှ နက်နက်နဲနဲ မစဉ်းစားခဲ့ကြပေ။ ခုတ်ရာတခြားရှရာတခြား ဖြစ်မည့်အရေး အတွက်မျှသာ စိုးရိမ်ခဲ့ကြသည်က များပါသည်။

သို့သော် အာရှနိုင်ငံများက ရွေးကောက်တင်မြှောက်ခံ မြန်မာအစိုးရက လုပ်ဆောင်နေသည့် ဒီမိုကရေစီ ဖော်ဆောင်ရေး အဆင့်များကို လူသိရှင် ကြား ကျောထောက်နောက်ခံ ပြုနေစဉ် အမေရိကန်နှင့် ဥရောပတို့သည် နောက်ဆုံးအချိန်အထိ ဘေးဖယ်ဆိုင်းနေဦးမည်ဟု သိရှိနားလည်ခဲ့ကြသည်။

 အကြောင်းမှာမြန်မာနိုင်ငံတွင် ခိုင်မာမှုရှိပြီး နောက်ကြောင်းပြန်မလှည့်နိုင်သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပေါ်ထွန်းရန် နည်းလမ်းရှာနေဆဲ ဖြစ်သောကြောင့်ပင်။

မြန်မာခေါင်းဆောင် ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း မိမိအနေဖြင့် တိုင်းပြည်အရေး ကိစ္စများကို ကိုင်တွယ်ဖြေရှင်း ရာတွင် မည်မျှ အတိုင်းအတာအထိ လိမ္မာပါးနပ်မှုရှိသည်ဟူသောအချက်ကိုထုတ်ဖော်ပြသခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောဆိုခဲ့မှု မှာ ၎င်း၏ မြန်မာပြည်တွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး သတင်းစကားများအား တစ်ကမ္ဘာလုံးသို့ ဖြန့်ဝေပေး နိုင်ရေးအတွက် ပလက်ဖောင်း တစ်ခုသဖွယ် ဖြစ်စေခဲ့သည်။

ထို့အတူ Asia Societyဖိုရမ်သို့ တက်ရောက်ပြီး မေးခွန်းများကို ဖြေကြားပေးခဲ့ခြင်းမှာလည်း ရည်ရွယ်ချက်ရှိရှိပင် ဖြစ်သည်။ ပို၍သိသာ ထင်ရှား သည်မှာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဂုရုတစ်ဦးဖြစ်သူ ဟန်နရီ ကစ်ဆင်းဂျားအား ဟီလာရီကလင်တန်နှင့် ဘီလ်ကလင်တန် တို့နှင့်အတူ တွေ့ဆုံခဲ့မှု ပင်ဖြစ် သည်။

သမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန် ပြည်ထောင်စုခရီးစဉ်ကို ကြိုဆိုသောအားဖြင့် သမ္မတ အိုဘားမား အစိုးရက မြန်မာ့ပို့ကုန်ကန့်သတ် ပိတ်ပင်မှုအား ပြန်လည်ဖယ်ရှား ပေးလိုက်ပြီး ကုန်သွယ်မှုများ ပေါ်ပေါက်လာအောင် လမ်းခင်းပေးသည်။

သမ္မတဦးသိန်းစိန်သည် ဘရပ်ဆဲလ်မြို့သို့ သွားရောက်လည်ပတ်ရန်လည်း ဖိတ်ကြားခြင်း ခံထားရသည်။ဥရောပသမဂ္ဂ (အီးယူ)သည်လည်း မြန်မာ နိုင်ငံ နှင့် ဥရောပအကြားကုန်သွယ်ရေးဆက်ဆံမှုများပြန်လည်ပေါ်ထွန်းလာရေးအတွက် လုပ်ကိုင် ဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံတွင်း လူမှုရေးနှင့် နိုင်ငံရေး တရားမျှတမှုများ၊ ကောင်းမွန်သော လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် အထောက် အပံ့ပေးနိုင်မည့် အလုပ်ကိုင်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်စေမည့် ဖွံ့ဖြိုးမှုများကို ကာလကြာရှည်စွာ အသားပေးခဲ့သည်။

အနောက်နိုင်ငံများမှ နိုင်ငံစုံပါ ကော်ပိုရေးရှင်းကြီးများ မြန်မာပြည်တွင်းသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေခြင်းသည် မြန်မာပြည်၌ ကာလကြာရှည်စွာ အခြေချလုပ်ကိုင်နေသည့် အာရှရင်းနှီး မြှုပ်နှံသူများအတွက် ယှဉ်ပြိုင်မှုကြီး တစ်ရပ်ကို ပေါ်ထွန်းစေမည့် သဘောပင် ဖြစ် သည်။ သို့သော် အဆိုပါ ယှဉ်ပြိုင်မှုသည် စီးပွားရေးအတွက် ကောင်းမွန်သည်ဟုပင်ဆိုရပါသည်။ မြန်မာနိုင်ငံတွင်းမှ ထွက်ပေါ်နေသော အရိပ်လက္ခဏာ များမှာလည်း အပြုသဘော ဆောင်လျက်ရှိသည်။

အစိုးရအဖွဲ့တွင်း ရာထူးပြောင်းလဲ ခန့်အပ်မှုများ ပြုလုပ်ရာ၌ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသူများကို အရေးကြီးသော နေရာများတွင် အစားထိုး ခန့်အပ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကြားခံဆက်သွယ် ပေးသူအဖြစ် တာဝန်ယူခဲ့သည့် ဦးအောင်ကြည်အား ပြန်ကြား ရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်မှုမှာ ထင်ရှားသော သာဓကပင်ဖြစ်သည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်က အကယ်၍ လာမည့်၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသာ အနိုင် ရရှိမည်ဆိုပါက မိမိအနေဖြင့် သူမအား သမ္မတအဖြစ် လက်သင့်ခံနိုင်ပါသည်ဟုပင် ပြောဆိုခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် မြန်မာသမ္မတ အဖြစ် တင်မြှောက်ခံရရေး ဟူသည့်ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်တွင် လုံးဝမူတည် လျက်ရှိသည်။

သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ အသေအချာ မစဉ်းစားဘဲ ရမ်းသန်းပြောဆိုမှု တစ်ခုဖြစ်နိုင်သလို မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် အလေးထားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်သော မျိုးချစ်စိတ်ကို အရင်းခံကာ ပြောဆိုမှုလည်း ဖြစ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်က အဆိုပါကိစ္စများကို သူ့ဘာသာသူ ဖြေရှင်းသွားလိမ့်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမအနေဖြင့် တိုင်းပြည်ညီညွတ်ရေး၊ တိုးတက်ဖွံ့ ဖြိုးရေး နှင့် တရားမျှတမှု ရှိရေးအစရှိသည် တို့အတွက် သူမ၏ အောင်မြင်ကျော်ကြားမှုနှင့် ဂုဏ်သတင်း ပျံ့နှံ့မှုတို့ကို အရင်းတည်ကာ စတင်လုပ်ကိုင် သင့်ပြီဖြစ် သည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive