Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၅.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်းသာ ပြည်လည်ရွေးချယ်ရေးခံရသည့်အတွက် သင်္ဃန်းကျွန်းတွင်ဆန္ဒပြ
  2. မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် ဆိုးကျိုးများကိုကာကွယ်ရန်လိုအပ်ချက်များရှိ

နိုင်ငံရေးသတင်း

  1. အမျိုးသမီးဝန်ကြီးများ ယခုထက်ပိုမိုထားရေးခန့်ထားရေး အဆိုတင်
  2.  အုပ်ချုပ်ရေးကဏ္ဍတွင် အမြင့်ဆုံးအာဏာရရှိရန် NLD ကြိုးစားမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်းသာ ပြည်လည်ရွေးချယ်ရေးခံရသည့်အတွက် သင်္ဃန်းကျွန်းတွင်ဆန္ဒပြ

သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုး ရွေးချယ်ရာတွင် ယခင်အုပ်ချုပ်ရေးမှုဟောင်းသာ ပြန်လည်နေရာရရှိသည့် အတွက် ရပ်ကွက်နေပြည်သူများအနေဖြင့်  ရပ်ကွက်အုပ်ချုပ်ရေးမှုးသစ် ရွေးချယ်မှုနှင့် ကြီးကြပ်ရေး အဖွဲ့ကိုပြန်လည် ဖွဲ့စည်းပေးရန် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီက တောင်ဆိုဆန္ဒပြမှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။

အုပ်ချုပ်ရေးမှုး ရွေးချယ်ခံရသူ၏ တပည့်တစ်ဦးက သူ၏ဆရာကိုရွေးရန်တယ်လီဖုန်းနှင့် ဆက်သွယ်စည်းရုံးပြီး၊ မဲထည့်လျှင်ငွေကျပ် ငါးသောင်းပေးမည်ဟုစည်းရုံးကြောင်း၊ လက်ရှိကိစ္စသည်ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူးအဖွဲ့၏အားနည်းမှုကြောင့် အများလက်မခံ သူကို ရွေးချယ်ခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်းကို  ဆန္ဒပြသူ ဦးညွန့်ဝေက ပြောကြားကြောင်းသိရသည်။

ဆန္ဒပြသူများသည် တရားမျှတမှုမရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးချယ်မှုကို ကန့်ကွက်ကြောင်း၊ အများ အကျိုးသယ်ပိုးနိုင်ခြင်းမရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူး ၅ ဦးအလိုမရှိ၊ သမ္မတကြီးရဲ့ စေတနာရပ်ကွက်အဆင့် မြို့နယ်အဆင့်တာဝန်ရှိသူ များကြောင့်မပျက်စီးပါစေနှင့် စသောပိုစတာများ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာကြွေးကြော်ပြီးစီတန်းလှယ့်လည်ဆန္ဒပြကြောင်းသိရသည်။

YC

------------------------------------------------------------

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် ဆိုးကျိုးများကိုကာကွယ်ရန်လိုအပ်ချက်များရှိ

ပိုက်လိုင်းတစ်လျှောက်ရှိ နေရာများတွင်ဖြစ်ပေါ်တက်သော ပိုက်လိုင်းအတွင်းမှ ရေနံယိုစိမ့်မှုနှင့် ရေနံပိုက်လိုင်းပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကိုကြိုတင်ကာကွယ်တွက်ဆထားမှုများမရှိကြောင်းကို ပိုက်လိုင်းသွယ်တန်းရာ ဒေသခံများ၊ ပညာရှင်များနှင့် အဖွဲ့အစည်းများက ဝေဖန်သုံးသပ်ကြကြောင်း သိရသည်။

အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှတင်ပို့လာသည့်ရေနံများနှင့် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ တင်ပို့မည့် သဘာဝဓာတ်ငွေ့စီမံကိန်းတလျှောက်ရှိ ပိုက်လိုင်းစီမံကိန်းများတွင် ဖြစ်ပေါလာနိုင်သောပြဿနာများနှင့် ဒေသခံများ၏ အကျိုးစီးပွားများကို ဖြေရှင်းပေးရာတွင် အားနည်းချက်များရှိကြောင်းကို ဒေသခံများနှင့် ပညာရှင်အဖွဲ့အစည်းများက ထောက်ပြဝေဖန်ပြောဆိုကြသည်။

ပိုင်းလိုင်းစီမံကိန်းတွင် စွမ်းအင်ဝန်ကြီးဌာနမှ ၄၉.၁ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံ CNPC မှ ၅၀.၉ ရာခိုင်နှုန်းကို ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဋ္ဌေးကပြောကြားခဲ့သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်သည်ဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့် ရေနံစည်တစ်စည် ဖြတ်သန်းခမှာ ၁ ဒေါ်လာသာရရှိမည် ဖြစ်ရာအာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တရုတ်နိုင်ငံသို့ယခင် ရေနံတင်ပို့မှုနှုန်းကုန်ကျစရိတ်၏ ၂၁ ရာခိုင်နှုန်းထက်ပင် နည်းပါကြောင်းကို ကျောက်ဖြူမှလူမှုရေးအဖွဲ့အစည်းတစ်ခုမှ ကိုထွန်းလွင်က ပြောကြားကြောင်းသိရသည်။

အဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ခုနှစ်မြို့နယ်ကို ဖြတ်သန်းသွားရာတွင် ပိုက်လိုင်းမြှုပ်နှံရာ ဒေသခံများ၏လယ်မြေများနှင့်သီးနှံပင်များ ပျက်စီးမှုများနှင့် ထိုင်သင့်သော လျော်ကြေးများလည်းမရရှိခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက မကွေးတိုင်းဒေသကြီး၊ မြစ်ခြေတိုက်နယ်ပိုင်၊ ညောင်လှရွာအနီး တွင်သက်တမ်း ၁၀ နှစ်ကျော်ရှိ ကျောက်ခွက်-အရာတော် ရေနံပိုက်လိုင်းသည် ၁၀ လက်မခန့် ပေါက်ကွဲမှုဖြစ်ပွားရာ ရေနံလာခပ်ယူသူ ဒေသခံအများစု မီးလောင်ဒဏ်ကြောင့် ဒဏ်ရာရသူနှင့်သေဆုံးသူများရှိခဲ့သည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

အမျိုးသမီးဝန်ကြီးများ ယခုထက်ပိုမိုထားရေးခန့်ထားရေး အဆိုတင်

အမျိုးသမီးများကို ပြည်ထောင်စုအဆင့်ဝန်ကြီးများခန့်အပ်ရာတွင် ယခုထက်ပိုမိုခန့်အပ်နိုင်ရေးအဆိုကို လာမည့်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်းကို ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောကြားကြောင်းသိရသည်။

သမ္မတအနေဖြင့် ပြည်ထာင်စုဝန်ကြီးများခန့်အပ်မည်ဆိုပါက ဝန်ကြီးများခန့်အပ်ရာတွင် ၃၀ ရာခိုင်နှုန်းကို အမျိုးသမီးဝန်ကြီးများ ခန့်အပ်နိုင်ရေး အတွက်ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။

ယနေ့အချိန်အထိ အမျိုးသမီးအခွင့်အရေးများနှင့် သက်ဆိုင်သည်အကြောင်းကို လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပရှိဆွေးနွေးမှုများ တွင်လည်း  ထင်ရှားစွာမမြင်ရကြောင်းကို အမျိုးသမီးအခွင့်အရေးများ ဆောင်ရွက်          နေသောငြိမ်းချမ်းရေးဖောင်ဒေးရှင်းမှ ဒေါ်ချင်းချင်းက ပြောကြား ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ထာင်စုလွှတ်တော်တစ်ရပ်လုံးအနေဖြင့်အမျိုးသမီးပါဝင်မှုမှာ ၄.၅ ရာခိုင်နှုန်းသာရှိပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဒေါ်မြတ်မြတ်အုန်းခင် တစ်ဦးသာလျှင် အမျိုးသမီးပြည်ထောင်စုဝန်ကြီးအဖြစ် ပထမဆုံးအမျိုးသမီး ဝန်ကြီးဖြစ်ကြောင်းသိရသည်။

YC

--------------------------------------------------------------

 အုပ်ချုပ်ရေးကဏ္ဍတွင် အမြင့်ဆုံးအာဏာရရှိရန် NLD ကြိုးစားမည်

လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် နိုင်ငံ၏အမြင့်ဆုံးအာဏာရရှိရန် ဖေဖော်ဝါရီလတွင်ကျင်းပမည့် ပါတီဗဟိုညီလာခံတွင် ဗဟိုကော်မတီများကို ပြန်လည်ဖွဲ့စည်းပြီး ပါတီဝင်လူငယ်များ၏ အရည်အသွေးကို ပြန်လည်မြှင့်တင်သွားမည်ဖြစ်ကြောင်းကို ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြောင်းသိရသည်။

အဆိုပါ ပါတီဗဟိုညီလာခံတွင် ဗဟိုကော်မတီ၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့များကိုပြန်လည်ဖွဲ့စည်းပြီး၊ ပါတီရှေ့ ဆက်သွားမည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် အနိုင်ရရှိရေးအတွက် ဗဟိုအလုပ်မှုဆောင်များမှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီအတွင်းဖြစ်ပေါ်နေသော ပြဿနာများကိုလည်း ပါတီအထွေထွေညီလာခံပြီးသည့် အချိန်တွင်ဖြေရှင်း ဆောင်ရွက် သွားမည်ဖြစ်ကာ ယခုအချိန်တွင်ညီလာခံပြီးစီးရေးကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အင်အားရှိသောနိုင်ငံရေးပါတီကြီးတစ်ခုအနေဖြင့် ခေါင်းဆောင်တစ်ဦးတစ်ယောက်တည်းပေါ်တွင် မှီခိုနေမည့်အစား ပါတီဝင်များအားလုံး အနေဖြင့် အရည်အချင်းပြည့်မှီသူများဖြစ်အောင် ဆောင်ရွက်သင့်ကြောင်းနိုင်ငံရေးလေ့လာသူ အချို့ကသုံးသပ်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ပါတီ၏ ရပ်ကွက်၊ ကျေးရွာအဆင့် ဥက္ကဋ္ဌ ရွေးချယ်ပွဲညီလာခံများ တွင်ပြဿနာများရှိခဲ့သည်။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြန်မာနိုင်ငံနဲ့ စီးပွားရေးစတင်ဆောင်ရွက်တော့မယ်ဆိုရင် ပထမဆုံးရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ပုံမှန်စနစ်ကျပြီးသား စည်းမျဉ်း၊စည်းကမ်း မူဘောင်မရှိသေးတာပါ၊ ကုန်သွယ်မှုပြုလုပ်မယ်ဆိုရင်လဲ ဒီဘက်ကကုန်ပစ္စည်းတွေကို မှတ်ပုံတင်စာရင်းသွင်းဖို့နဲ့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေဟာ အခုအချိန်ထိ အလွယ်တကူ မသိရှိနိုင်သေးပါဘူး။ မမြင်ရတဲ့ စိန်ခေါ်မှုတွေအတွက် ကျွန်တော်တို့ရင်းနှီးမြှုပ်နှံဖို့ မသေချာပါဘူး"

(ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၃) တွင်ပါရှိသော "မြန်မာနိုင်ငံဘက်က လိုအပ်ချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ တွေဝေဟုဆို" သတင်းမှ စင်ကာပူ အခြေစိုက် Kino Biotech ရဲ့ အမှုဆောင်ဒါရိုက်တာချုပ် Ting Yen Hock ၏ပြောကြားချက်အားကောက်နှုတ်ချက်)

-------------------------------------------------------------------------------

"လွှတ်တော်က အဓိကလုပ်ရမှာကတော့ အမျိုးသားစီမံကိန်းပါ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေကို အောင်မြင်အောင်တာဝန်ယူ၊ တာဝန်ခံပြီးလုပ်ပါမယ်ဆိုတဲ့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို စောင့်ကြည့်စစ်ဆေးဖို့ပါပဲ။"

(ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၃) တွင်ပါရှိသော "ယခုတကြိမ်လွှတ်တော် စီမံကိန်းတွေနဲ့ ဘတ်ဂျက်တွေကို အတည်ပြုမည်" သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်)

-----------------------------------------------------------------------------

"ကာယကံရှင်တွေဖြစ်တဲ့ အစိုးရနဲ့ KIA ကြားမှာ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တော့ရှိတာပေါ့။ ဒါပေမယ့် ဝင်ရောက်စေ့စပ်တဲ့သူတွေကလည်း အထင်ကရပုဂ္ဂိုလ်တွေမှ အဆင်ပြေမယ်။ ဥပမာပြောမယ်ဆိုရင် နိုင်ငံရေးအရ ကျွမ်းကျင်သူတွေ နိုင်ငံရေးနယ်ပယ်ကို ပိုသိတဲ့သူမျိုးဆိုရင် ပိုကောင်းပါတယ်။ အဝေးရောက် ကချင်တိုင်းရင်းသားတွေကတော့ ဒေါ်အောင်ဆနိးစုကြည်ကို ရင်ကြားစေ့ဝင်ရောက်ဖို့ တောင်းဆိုကြတာကို သတင်းမှာ ကျွန်တော်ကြည့်လိုက်ရပါတယ်။"

(ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၉ ) အမှတ် (၃) တွင်ပါရှိသော "ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် တပ်မတော်နှင့် KIA တို့အကြား စေ့စပ်ညှိနှိုင်းသူအဖြစ် ဒေါ်အောင်ဆန်းစုကြည် အားအများစုက လိုလား" သတင်းမှ KIA ဒုတိယဥက္ကဟောင်း ဒေါက်တာတူးဂျာ ၏ပြောကြားချက်အား ကောက်နှုတ်ချက်)

*********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၄.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် မျှော်လင့်ချက်ရှိလာ

(13 Jan 2013 ရက်စွဲပါ Jakarta Globe မှ Myanmar deposits hope in Bank overhaul ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံသို့ ICRC အကြီးအကဲ ပထမဆုံးအကြိမ်ရောက်ရှိ

(The Daily Star မှ 13 Jan 2013 ရက်စွဲပါ “Red Cross head makes first-ever visit to Myanmar” သတင်းကိုဘာသာပြန်ပါသည်)

  1. ရဟတ်ယဉ်ပျက်ကျမှုအပေါ် သူပုန်တို့၏ ပြောဆိုမှုမမှန်ကန်ဟု တပ်မတော်ငြင်းဆို

(Channel News Asia မှ 13 Jan 2013 ရက်စွဲပါ “Myanmar army , rebel trade claims over helicopter crash” သတင်းကို ဘာသာပြန်ပါသည်)

**************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် မျှော်လင့်ချက်ရှိလာ

(13 Jan 2013 ရက်စွဲပါ Jakarta Globe မှ Myanmar deposits hope in Bank overhaul ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည်အာရှ၏ လာမည့် စီးပွားရေးကြယ်ပွင့်ဖြစ်လာရန် ကြိုးစားလျှက်ရှိရာ ၎င်း၏ရှေးကျပြီး ယုံကြည်မှုမရရှိသည့် ဘဏ်စနစ်အား အစအဆုံးပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံခြားဘဏ်များ၊ ဘဏ်ခွဲဖွင့်နိုင်ရေးကို လမ်းခင်းပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးမည်၊ ဥပဒေနှင့်ပတ်သက်၍ လာမည့်ရက်သတ္တပတ်များတွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်ပါသည်။ ယခင် စစ်အစိုးရလက်ထက်က ဆိုးရွားစွာမှားယွင်းအုပ်ချုပ်မှုများ ဆယ်စုနှစ်နှင့်ချီ၍ ရှိခဲ့ရာမှ ယခုပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာမှု၏ နောက်ဆုံးလုပ်ဆောင်လာမှုတစ်ခု ဖြစ်ပါသည်။

ယခုလုပ်ဆောင်မှုများမှာ မြန်မာနိုင်ငံ၏ အားနည်းနေသော ဘဏ်လုပ်ငန်းကဏ္ဍကို အားကောင်းစေရန်နှင့် ဖြေလျှော့မှုများပြုလုပ်ပြီး ငွေကြေးကဏ္ဍကို ကျယ်ပြန့်လာအောင် လုပ်ဆောင်သည့် ပထမခြေလှမ်းဖြစ်ကြောင်း သုတေသနအုပ်စုဖြစ်သည့် HIS Global Insight မှ စီးပွားရေးပညာရှင် Rajiv Biswas ၏ အဆိုအရသိရှိရပါသည်။

မြန်မာနိုင်ငံတွင်ငွေများကို ဘဏ်တွင်မထားဘဲ ရွှေဝယ်စု၍ စုသည့် ဓလေ့ရှိပြီး မကြာခဏ ပြဿနာဖြစ်၍ ဘဏ်များအပေါ် သံသယများရှိ နေခြင်းနှင့် ပတ်သက်သော ရှုပ်ထွေးမှုများကို ပြသသည့် သဘောလည်းဖြစ်နေပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိအားဖြင့် ပုဂ္ဂလိကဘဏ် (၁၉) ခုရှိပြီးအစိုးရဘဏ် (၄) ခုရှိပါသည်။ သို့သော် အဆိုပါ အစိုးရဘဏ်များမှာ ငွေအရင်းအနှီး အားနည်းကြောင်း Vrions and Partners အကြံပေး ကုမ္ပဏီမှ ဒါရိုက်တာ Romain Cailloud ကပြောပါသည်။

ချေးငွေသက်တမ်းကို တစ်နှစ်သာသတ်မှတ်ထားခြင်း၊ အတိုးနှုန်းကို ပုံသေသတ်မှတ်ထားခြင်း စသည့် တင်းကြပ်သောစည်းမျဉ်းများဖြင့် ဗဟိုဘဏ်က ချုပ်ကိုင်ထားရာ ပုဂ္ဂလိကဘဏ်များကြားတွင်  ပြိုင်ဆိုင်မှုကို ဇက်ကြိုးသပ်ထားသည့်သဖွယ် ဖြစ်ကြောင်း ၎င်းကပင်ပြောပါသည်။

နိုင်ငံပိုင်ဘဏ်များမှာမူ အဆိုပါစည်းမျဉ်းအတိုင်းမဟုတ်ပေ။ သို့သော် ငွေချေးသူများ နည်းပါးစေရန် အတိုးနှုန်းတန်ဖိုးကိုမြှင့်၍ အကဲဖြတ်ထားပါသည်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူပိုင်သိမ်းခဲ့ရာ စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များ တသီးတခြားစီ ဖြစ်သွားခဲ့ပါသည်။ ဆိုရှယ်လစ်မူဝါဒဖြင့် အကောင်အထည်ဖော်ပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပေါင်းလျှင် (၉) ဂဏန်းရသော ငွေစက္ကူများ ထုတ်ဝေခြင်းကဲ့သို့သော မဆီမဆိုင်လုပ်ရပ်များပင်ရှိခဲ့ပါသည်။

ထိုအထဲတွင် အမေရိကန်၏ ငွေကြေးဆိုင်ရာ အရေးယူမှုများထပ်ဆောင်းလိုက်သောအခါ အခြေအနေပိုမိုဆိုးရွားခဲ့ရပါသည်။ သို့သော် အမေရိကန်အရေးယူမှုမှာ ၂၀၁၁ ခုနှစ်တွင် စစ်အစိုးရပြီးနောက် ပြုပြင်ပြောင်းလဲရေးများကြောင့် အချို့တစိတ်တပိုင်း ရုတ်သိမ်းသွားခဲ့ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဘဏ်စနစ်မှာ ပြန်လည်၍ နလံမထူနိုင်သေးပေ။

၂၀၀၃ ခုနှစ်တွင် အကြီးအကျယ် အထိနာခဲ့ရာဘဏ်(၃)ခု ပြိုလဲခဲ့ပါသည်။

‘ကျပ်’ ငွေရှားပါးသွားခဲ့ကာ စီးပွါးရေးကို ချိနဲ့လာစေရုံမက ပြည်သူလူထု၏ အယုံအကြည်ကင်းမဲ့မှုကို ဖြစ်စေခဲ့ပါသည်။

“ကျွန်မကတော့ ဘဏ်တွေမှာ ငွေမစုဘူး” ဟုသူနာပြုဆရာမတစ်ဦးဖြစ်သူ ဒေါ်လှလှ ကပြောပါသည်။ “ငွေစုတဲ့အနေနဲ့ အနည်းဆုံးတော့ ကျွန်မရတနာတွေ ဝယ်ဝတ်နိုင်ပါတယ်” ဟုဆိုပါသည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း (၆၀) ရှိသည့်အနက် တစ်သန်းမှ နှစ်သန်းသာ ဘဏ်ကို အသုံးပြုကြသည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးရဲမင်းဦး ကပြောပါသည်။

နောက်ထပ်အဓိက ပြဿနာတစ်ခုမှာ ဘဏ်ခွဲများနည်းပါးခြင်းပင် ဖြစ်ပါသည်။

မြန်မာပြည်တလွှားဘဏ်ခွဲများ (၄၀၀) ခန့်သာရှိသည်ဟု ဦးရဲမင်းဦးက ဆိုပါသည်။ မြန်မာနိုင်ငံနှင့် အရွယ်အစားရော လူဦးရေပါ တူညီသည့် ပြင်သစ်တွင် ဘဏ်ခွဲပေါင်း (၃၉၀၀၀) ကျော်ရှိပါသည်။

“လူအများစုက ဘဏ်ဆိုတာ သူတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေကြပါတယ်” ဟု ၎င်းက ဆိုပါသည်။ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်ရန် ဘဏ်ခွဲများပိုမိုဖွင့်ရန် တိုက်တွန်းထားပါသည်။

ဘဏ်စနစ်အလုပ်မဖြစ်ပါက အသက်သေနေသော တိုင်းပြည်၏ စီးပွါးရေး အသက်ပြန်ဝင်လာရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရန် မလွယ်ကူကြောင်း ပညာရှင်များကပြောပါသည်။

“ပုဂ္ဂလိကဘဏ်တွေဟာ နိုင်ငံတကာစံနှုန်းနဲ့ အညီ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီနိုင်ခြင်း မရှိပါဘူး” ဟု ငါးလုပ်ငန်းအဖွဲ့မှ ဒုဥက္ကဠ ဦးနှင်းဦး ကပြောပါသည်။

မြန်မာနိုင်ငံ၏ ကြီးမားသော ပြောင်းလဲမှုများတွင် ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်သို့ ရွေးကောက်ခြင်းခံရခြင်း၊ တိုင်းပြည်၏ အမျိုးမျိုးဖြစ်နေသော ငွေလဲလှယ်မှုနှုန်းကို တစ်ခုတည်း ဖြစ်အောင်ပြုလုပ်နိုင်ခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြုနိုင်ခြင်း အပါအဝင် စီးပွါးရေးကို ပြန်လည်နိုးထအောင် စတင်လုပ်ဆောင်နိုင်ခဲ့ပါသည်။

သို့သော် ATM စက်အနည်းငယ်ရှိလာခြင်းနှင့် ခရက်ဒစ်ကဒ်အချို့သုံးနိုင်ခြင်းမှလွဲ၍ ဘဏ်လုပ်ငန်းတွင်တိုးတက်မှုအနည်းငယ်သာရှိသေးကြောင်း ဦးနှင်းဦး ကပြောပါသည်။

ပြောင်းလဲမှုအတွက်မျှော်လင့်ချက်မှာ ငွေကြေးတောင့်တင်းပြီး စက်မှုနည်းပညာများပါလာမည့် နိုင်ငံခြားဘဏ်ကဏ္ဍ ဖွင့်လှစ်လာမှုအပေါ် မူတည်နေပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများ တစ်ဆင့်ပြီးတစ်ဆင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာလက ပြောကြားခဲ့သည်ကို IMF ဝက်ဆိုဒ် တွင်ဖော်ပြထားပါသည်။

ပထမအဆင့်အနေဖြင့် နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်းဘဏ်များ ဖက်စပ်ထူထောင်ခြင်းဖြင့် စတင်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများအပြည့်အဝ ဖွင့်ခွင့်ရရေး မျှော်မှန်းထားရန် ဖြစ်ပါသည်။

လောလောဆယ်အားဖြင့် နိုင်ငံခြားဘဏ်များသည် ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိဘဲ ကိုယ်စားလှယ်ရုံးများသာ ဖွင့်ခွင့်ရှိပါသည်။

HIS မှ Biswas က ပြောကြားရာတွင် လွှတ်တော်သည် ဖက်စပ်ဘဏ်များထူထောင်ရေး အတွက် ယခုနှစ်တွင် မီးစိမ်းပြဖွယ်ရှိပြီး၊ ၂၀၁၅ တွင် နိုင်ငံခြား ဘဏ်ခွဲများ ဖွင့်ခွင့်ရနိုင်သည်ဟု ဆိုပါသည်။

ယခုလောလောဆယ် ဘဏ်ကဏ္ဍတွင် တံခါးမဖွင့်သေးခြင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းတွင် နိုင်ငံခြားငွေ အရင်းအနှီး၊ နည်းပညာနှင့် တီထွင် ဖန်တီးမှုများ အားကောင်းရေးအတွက် အတားအဆီးဖြစ်နေပါသည်ဟု ၎င်းကဖြည့်စွက်ပြောပါသည်။

--------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ ICRC အကြီးအကဲ ပထမဆုံးအကြိမ်ရောက်ရှိ

(The Daily Star မှ 13 Jan 2013 ရက်စွဲပါ “Red Cross head makes first-ever visit to Myanmar” သတင်းကိုဘာသာပြန်ပါသည်)

နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အကြီးအကဲသည်သမ္မတဦးသိန်းစိန်နှင့် အခြားတာဝန်ရှိသူများအားတွေ့ဆုံရန်အတွက် ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့တွင်ရောက်ရှိလာပါသည်။

ICRC ကြေညာချက်တွင် ပီတာမော်ရာက “မြန်မာအစိုးရဟာ ကျွန်တော်တို့နဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း အကြောင်းကြားခဲ့ပါတယ်” ဟုပြောကြားသည်။

“ဒါဟာ မြန်မာအစိုးရနဲ့ ကျွန်တော်တို့ ဆက်ဆံရေးခိုင်မာရေး၊ ညှိနှိုင်းဆွေးနွေးရေး ကိစ္စတွေမှာ သိသိသာသာရှေ့တိုးလာတဲ့ ခြေလှမ်းပါပဲ” ဟု ၎င်းကဆိုပါသည်။

မြန်မာအာဏာပိုင်များသည် မကြာသေးမီကာလပိုင်းများအတွင်း ပြုပြင်ပြောင်းလဲမှုများကို တစ်သီတစ်တန်း ပြုလုပ်ခဲ့သည်။ ပြီးခဲ့သော တစ်နှစ်လုံး ကိစ္စရပ်များစွာတွင် အပြုသဘောတိုးတက်မှုများဖြစ် ပေါ်ခဲ့ပြီး မြန်မာပြည်သူများကို ICRC ၏ ဆောင်ရွက်ချက်များဖြင့် အကျိုးပြုနိုင်ခဲ့သည်ဟု ပီတာမော်ရာက ပြောကြားသည်။

အပြန်အလှန်အကြမ်းဖက်မှု ဘေးဒဏ်သင့်ခဲ့သော ပြည်သူများအား ICRC ကကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်သို့ ပီတာမော်ရာ သွားရောက်ရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။

ICRC အကြီးအကဲသည် မြန်မာအစိုးရတာဝန်ရှိသူများနှင့် အစည်းအဝေးကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး ICRC ဝန်ထမ်းများကို အကျဉ်းထောင်များသို့ သွားရောက်ခွင့်ပြုမည့် အစိုးရ၏ မကြာသေးမှီက ကြေညာချက်နှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အဓိကရုဏ်းဖြစ်ပွားပြီး အချိန်တိုအတွင်းမှာပင် ICRC ကမြန်မာကြက်ခြေနီအသင်းနှင့်အတူ ဘေးဒဏ်သင့် အိုးမဲ့ အိမ်မဲ့ ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် အလားတူ ပဋိပက္ခ ဘေးသင့်နေသော ကချင်နှင့်ကရင်ပြည်နယ်များမှ ဒုက္ခသည်ပြည်သူများကိုလည်း ထောက်ပံ့ကူညီရန် အဆင်သင့်ရှိသည်ဟု ICRC ကပြောကြားသည်။

---------------------------------------------------------------------------------------------------------------------------

ရဟတ်ယဉ်ပျက်ကျမှုအပေါ် သူပုန်တို့၏ ပြောဆိုမှုမမှန်ကန်ဟု တပ်မတော်ငြင်းဆို

(Channel News Asia မှ 13 Jan 2013 ရက်စွဲပါ “Myanmar army , rebel trade claims over helicopter crash” သတင်းကို ဘာသာပြန်ပါသည်)

စစ်မက်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ဟယ်ရီကော့ပတာ တစ်စင်းပျက်ကျမှုကြောင့် တပ်ဖွဲ့ဝင်သုံးဦး သေဆုံးသွားသည်ဟု မြန်မာနိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်လိုက်ပြီး ၎င်းရဟတ်ယာဉ် ပစ်ချခံရခြင်းဖြစ်သည်ဟူသော သူပုန်တို့၏ ပြောကြားမှုကို ငြင်းဆိုခဲ့ပါသည်။

တပ်မတော်ရဟတ်ယာဉ်သည် သောကြာနေ့က လုံခြုံရေးနှင့် အုပ်ချုပ်စီမံရေးတာဝန်ထမ်းဆောင်နေစဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် ရဟတ်ယာဉ် အစိတ်အပိုင်းများ ပျက်စီးသွားခဲ့ပြီး ပိုင်းလော့ နှစ်ဦးနှင့် ပျံသန်းရေးတပ်ကြပ်ကြီးနှစ်ဦးတို့ တိုင်းပြည်အတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနကို ကိုကား၍ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရတပ်နှင့် ကေအိုင်အေတပ်ဖွဲ့အကြားတိုက်ပွဲများ ပြင်းထန်လာမှုသည်မြန်မာ့နိုင်ငံရေး ပြူပြင်ပြောင်းလဲမှုကို ဂုဏ်သရည်ညှိုးစေပြီး ပြီးခဲ့သောဒီဇင်ဘာလကစ၍ မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်နေခြင်းကို ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ပြစ်တင် ဝေဖန်ခဲ့ကြသည်။

၎င်းရဟတ်ယဉ်ကို လေကြောင်းတိုက်ခိုက်မှုနှင့် တပ်ဖွဲ့ဝင်ရွှေ့ပြောင်းမှုအတွက် အသုံးပြုနေခြင်းဖြစ်ပြီး ကေအိုင်အေ၏ ပစ်ခတ်မှု ထိမှန်သွားပြီးနောက် အစိုးရတပ်ထိန်းချုပ်နယ်မြေတွင် ပျက်ကျသွားခြင်းဖြစ်သည်ဟု ကေအိုင်အေတပ်ဖွဲ့က ပြောကြားထားသည်။

ကေအိုင်အေ၏ နိုင်ငံရေးဌာနခွဲ ပြောရေးဆိုခွင့်ရှိသူဂျိမ်းလမ်ဒေါင်က “ကေအိုင်အေက ပစ်ချတယ်ဆိုတာ မှန်ပါတယ်။ အရေးပေါ်ဆင်းတာ မဟုတ်ပါဘူး” ဟု AFP သို့ ပြောကြားပါသည်။

AFP သတင်းဌာနအနေဖြင့် အစိုးရ၏ ပြောဆိုမှု (သို့) ကေအိုင်အေ ၏ပြောဆိုမှု မှန်/မမှန် ကို စုံစမ်းအတည်ပြုရန် မဖြစ်နိုင်ပါ။

ယခုသတင်းပတ်များအတွင်း ကချင်ပြည်နယ်၌ တိုက်ပွဲများပြင်းထန်လာခြင်းသည် ဒေသတွင်းငြိမ်းချမ်းရေး အားထုတ်မှုများကို အနှောင့်အယှက် ဖြစ်စေမည့် အလားအလာရှိသည်ဟု အကဲခတ်လေ့လာသူများက သတိပေးပြောဆိုနေပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုဖြင့် နာမည်ကောင်းရရန် ရည်မှန်းထားသော မြန်မာအစိုးရသစ်သည် အခြားလက်နက်ကိုင်အုပ်စုကြီးများနှင့် အပစ်ရပ်စဲမှုပြုလုပ်နိုင်ခဲ့သော်လည်း တရုတ်တို့မျက်စိကျနေသော ကချင်ပြည်နယ်မှ ကေအိုင်အေတပ်ဖွဲ့နှင့် အကြိမ်ကြိမ်ဆွေးနွေးမှုများတွင်မူ သိသာသော တိုးတက်မှု မရရှိနိုင်သေးပါ။

ကချင်လက်နက်ကိုင်များက “မြန်မာအစိုးရသည် အပစ်ရပ်ရေးနှင့်တပ်ဆုတ်ရေးကိုသာ ဖိအားပေးဆွေးနွေးရန်ကြိုးစားနေပြီး၊ နိုင်ငံရေး အခွင့်အရေး ပိုပေးရန် ကာလကြာတောင်းဆိုထားမှုများကို ဖြေရှင်းဆောင်ရွက်ခြင်းမရှိ” ဟု ပြစ်တင်ဝေဖန်ထားပါသည်။

သမ္မတဦးသိန်းစိန်ကမူ “မြန်မာ့တပ်မတော်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြုသဘောဖြင့်ပါဝင်ရန် ဖြစ်နိုင်သမျှအရာရာကို လုပ်ဆောင် ခဲ့သည်” ဟု ကာကွယ်ပြောဆိုခဲ့ပြီး နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ဖော်ပြပေးခဲ့သည်။

သို့သော်လည်း ၂၀၁၀ ဒီဇင်ဘာလက တပ်မတော်ထိုးစစ်များရပ်ဆိုင်းရန် သမ္မတက ညွှန်ကြားမှုကို စစ်တပ်ကသိသိသာသာ လစ်လျူရှုခဲ့ပြီးနောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် သမ္မတ၏ ထိန်းချုပ်နိုင်မှု အနေအထားကို အကဲခတ်လေ့လာသူများက သံသယရှိလာခဲ့ကြသည်။

မြန်မာ့ရေးရာကျွမ်းကျင်သူ အချို့ကမူ ကန့်လန့်ကာနောက်ကွယ်မှ အကြီးအကဲဟောင်းသည် အစိုးရနှင့် စစ်တပ်ကို သီးခြားစီခွဲ၍ ကြိုးကိုင်နေပုံရသည်ဟု မှတ်ချက်ပေးပြောဆိုထားကြသည်။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive