Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၃.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပြည်ခိုင်ဖြိုးပါတီ၌ သမ္မတ ဦးသန်းစိန် ဥက္ကဋ္ဌအဖြစ်ဆက်လက်တာဝန်ယူမှု လွှတ်တော်တွင်မေးမြန်းပြီ
  2. မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများအား စစ်ဆေးမှုများပြုလုပ်နေ
  3. ကာကွယ်ရေးမှအပ အစိုးရဝန်ထမ်းများအတွက် အချိန်ပိုခံစားခွင့်ပေးမည်
  4. ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှထုတ်ပြန်သောအချက်များ အဖြစ်မှန်နှင့်မကိုက်ညီကြောင်း SEAGP ကုမ္ပဏီ ငြင်းဆို
  5. Western Union နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ် ၇ ခုတို့၏ ပြည်ပငွေလွှဲအဝင် ဝန်ဆောင်မှုလုပ်ငန်းစတင်

*************************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပြည်ခိုင်ဖြိုးပါတီ၌ သမ္မတဦးသန်းစိန် ဥက္ကဋ္ဌအဖြစ်ဆက်လက်တာဝန်ယူမှု လွှတ်တော်တွင်မေးမြန်းပြီ

Photo Credit: online

ပြီးခဲ့သည့် ၂၀၁၀ အငြင်းပွားဖွယ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမှုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်လျက်ရှိကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျင်းပ ခဲ့သည် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် "နိုင်ငံတော်သမ္မတ (သို့) ဒုတိယသမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ (သို့) ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ" ပာုပြဋ္ဌာန်းထားသည့်အတွက် အဆိုပါပြဋ္ဌာန်းချက်အား အဓိပ္ပါယ်ဖွင့်ဆိုပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဆိုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က ယင်းဥပဒေအား အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရန် အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ရှိသော်လည်း လက်ရှိအချိန်တွင် အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့အား မဖွဲ့စည်းရသေးသည့်အတွက် ခုံရုံးဖွဲ့ပြီးမှ သာလျှင် အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပုဒ်မ ၃၂၅ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက် သဘောထားများရယူနိုင်ရန်အတွက်  ခုံရုံးပေါ်ပေါက်လာသည့်အချိန်တွင် ပြည်သူ့လွှတ်တော်အနေဖြင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တောင်းခံသွားမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် ခုံရုံးမဖွဲ့စည်းရသေးသည့်အတွက် ယင်းအဆိုအားလွှတ်တော်တွင်း ဆွေးနွေးခွင့်မပြုနိုင်သည့်အပြင် လွှတ်တော် ကိုယ်စားလှယ်အခွင့်အရေး မဆုံးရှုံးစေရေးအတွက် လွှတ်တော်ဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ဋ)၌ "ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ"ပာု ပြဋ္ဌာန်းထားကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------

မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများအား စစ်ဆေးမှုများပြုလုပ်နေ

Photo Credit: Online

လတ်တလောတွင်ပင် ပြည်ထောင်စုဝန်ကြီးနှုတ်ထွက်ထားသော ဝေဖန်မှုအများအပြားဖြင့် ရင်ဆိုင် နေရသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများအား ဒုတိယသမ္မတစိုင်းမောက်ခမ်းဦးဆောင်သော လာဘ်ပေးယူမှုအရေးယူဆောင်ရွက်ရေးကော်မတီက ခေါ်ယူစစ်ဆေးနေပြီး လွှတ်တော်ဆိုင်ရာ ဆက်သွယ်ရေးကော်မတီကလည်း ဌာနတစ်ခုချင်းစီအလိုက် စစ်ဆေးသွားရန်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းကွန်ယက်များတည်ဆောက်နေမှုများတွင် ပစ္စည်းပေးသွင်းသည့်ကုမ္ပဏီနှင့် ပတ်သက်ပြီး အရှုပ်အရှင်းများဖြစ်ပေါ်နေကြောင်း၊ ထိုကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော တရုတ်နိုင်ငံအခြေစိုက် HUAWEI နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများမှာ တစုံတရာထုတ်ဖော်ပြောဆိုမှုများမရှိသေးဘဲ ယင်းအရှုပ်အရှင်းများမှာ လူကြီးများက ခွင့်ပြုချက် ပေးရာတွင် ဖြစ်ပေါ်လာသော ပြဿနာများဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်ဟု သိရသည်။

ထို့အပြင် ကွန်ယက်များချိတ်ဆက်ရာတွင် အသုံးပြုသော နည်းပညာပစ္စည်းများမှာ အရည်အသွေး ပြည့်မီခြင်း မရှိကြောင်း၊ အခြားနိုင်ငံများတွင် အသုံးမပြုသောပစ္စည်းများသာဖြစ်နေကြောင်း၊ တာဝါတိုင်များထောင်ရာတွင်လည်း စနစ်တကျစီစဉ်ပြီးပြုလုပ်ခြင်းမဟုတ်ဘဲ ရသည့်နေရာတွင် အဆင်ပြေသလို ထောင်ထားသည့်အတွက် ဖုန်းလိုင်းများမှာ မိသည့်နေရာတွင်မိ၍ မမိသည့်နေရာမမိဖြင့် ဖြစ်နေကြောင်း၊ ကျားကွက်ပုံစံချ၍ ထောင်မည်ဆိုပါက ယခုကဲ့သို့ တိုင်အရေအတွက် များများထောင်စရာလိုမည်ပင်မဟုတ်ကြောင်း မိုဘိုင်းဖုန်းကျွမ်းကျင် ပညာရှင်တစ်ဦးက ဝေဖန်ထောက်ပြသည်။

HUAWEI ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းအတွက် ဒေါ်လာ သန်း ၃၀၀ လှူဒါန်းထားပြီး မြန်မာ့ဆက်သွယ်ရေး နည်းပညာတိုးတက်မှုအတွက် ရည်ရွယ်၍ ဒေါ်လာ သန်း ၂၀၀ ၊ စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ လှူဒါန်းထားသည်ဟုလည်း သိရသည်။

------------------------------------------------------------------------------------------------

ကာကွယ်ရေးမှအပ အစိုးရဝန်ထမ်းများအတွက် အချိန်ပိုခံစားခွင့်ပေးမည်

ကာကွယ်ရေးဝန်ကြီးဌာနမှအပ ကျန်သောအစိုးရဌာနများမှ ဝန်ထမ်းများအား အချိန်ပိုတာဝန်ထမ်းဆောင်ရာတွင် ထိုက်သင့်သော ခံစားခွင့်များ ပေးအပ်မည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် သတ်မှတ်ရုံးချိန်ဖြစ်သော နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်းသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ရုံးလုပ်ငန်းများ မပြီးပြတ်၍သော်လည်းကောင်း၊ အရေးကြီးလုပ်ဆောင်ရန်ရှိလျှင်သော်လည်းကောင်း တာဝန်ရှိသူနှင့်လိုအပ်သည့်ဝန်ထမ်းအရေအတွက်အား ည ၇ နာရီ တွင် ပြန်လည်ခေါ်ယူကာ တာဝန်ပေးအပ်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အချိန်ပိုတာဝန်ထမ်းဆောင်မှုအတွက် ထိုက်သင့်သော ခံစားမှုများကို ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

အစိုးရဝန်ထမ်းများအား အများပြည်သူအလုပ်ပိတ်ရက်များတွင် မလိုအပ်ပါက တာဝန်ပေးအပ်ခြင်းမပြုလုပ်ရန်နှင့် အရေးပေါ်လိုအပ်ပါက အချိန်အကန့်အသတ်နှင့် လိုအပ်သော ဝန်ထမ်းအရေအတွက်ကိုသာ တာဝန်ပေးအပ်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရုံးးလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရန် သတ်မှတ်ရုံးချိန်အတွင်း မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန်လုပ်ဆောင်ရန် တာဝန်ရှိသူအဆင့်ဆင့်မှ လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် နေပြည်တော်လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ည ၆ နာရီမှ ၈ နာရီအထိ ကျပ်၁၂၀၀၊ ည ၈ နာရီမှ နံနက်အထိ ကျပ် ၁၂၀၀၊ စနေနှင့် တနင်္ဂနွေနေ့များတွင်လည်း ကျပ် ၁၂၀၀ ဖြင့် ရုံးဌာနမှ ပေးအပ်ကြောင်းသိရသည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောင်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး) တွင် လက်ရှိအထိ ဝန်ထမ်းများအတွက် ညဂျူတီတွင် တစ်ဦးလျှင် ၁၆၀၀ ကျပ်ရရှိကြောင်း၊ ယင်းငွေမှာ တိုင်းဒေသကြီး ဘဏ္ဍာငွေမှ ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ ဝန်ထမ်းအများစုက ၎င်းတို့အတွက် သင့်တော်ကောင်းမွန်ပြီး သက်သာချောင်ချိစေရန် မျှော်လင့်ချက် တစ်ခုဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ယင်းအချက်ကို အကြောင်းပြုကာ ဝန်ထမ်းများအကြား အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်မည်ကိုလည်း စိုးရိမ်စရာ ရှိကြောင်း ဝန်ထမ်းအချို့က ထင်မြင်ချက်ပေးကြသည်။

YC

------------------------------------------------------------------------------------------------

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှထုတ်ပြန်သောအချက်များ အဖြစ်မှန်နှင့်မကိုက်ညီကြောင်း SEAGP ကုမ္ပဏီ ငြင်းဆို

Photo Credit: online

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးပြဿနာများဖြစ်ပေါ်စေကြောင်း မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ ထုတ်ပြန်သောစစ်တမ်းမှာ အဖြစ်မှန်နှင့်ကိုက်ညီမှုမရှိသည့် အပြင် ပိုက်လုံးဆိုင်ရာပညာရပ်နှင့်လည်း ကိုက်ညီမှုမရှိကြောင်း အဆိုပါပိုက်လိုင်း တည်ဆောက်နေသည့် SEAGP ကုမ္ပဏီမှ ဇန်နဝါရီလ ၉ ရက်နေ့တွင် ငြင်းဆိုသည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကုမ္ပဏီအနေဖြင့် အဆိုပါကော်မတီမှ ထုတ်ပြန်ထားသည့် အချက်အလက်များအား ပြန်လည်ချေပရန်နှင့် ကုမ္ပဏီဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်စေရန်အတွက် ထိခိုက်သည်ပာုယူဆရသည့် နေရာများအား တာဝန်ယူကွင်းဆင်းစစ်ဆေး၍ အများပြည်သူသိရှိနိုင်စေရန် အကျိုးရလဒ်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုရေးအဖွဲ့(၁၂)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ  ၂၀၁၂ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဒုတိယအကြိမ်ကောက်ယူထားသော စစ်တမ်းထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ပိုက်လိုင်းဖြတ်သန်းရာ ဒေသများဖြစ်သည့် ငဖဲ၊ ရေနံချောင်း၊ တံတားဦး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ကုမ္ပဏီမှ မြေယာလျော်ကြေးများပေးမည်ပာု ကတိပြုထားသော်လည်း ပေးလျော်ခြင်း မရှိသည့်အပြင် ပိုက်လိုင်းစီမံကိန်းဖြတ်သန်းရာဒေသများတွင် ချောင်း၊ မြောင်းနှင့် လမ်းများပျက်စီးခြင်း၊ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ အခြားလှုမှုရေး ပြဿနာများနှင့် မန်းသစ်တော၊ မင်းဘူးမြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်များရှိ သစ်တောကြိုးဝိုင်း အများအပြားပျက်စီး၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း ဖော်ပြပါရှိသည်။

ယင်းအချက်နှင့်ပတ်သက်၍ ကုမ္ပဏီက ပိုက်လိုင်းစီမံကိန်းသည် နိုင်ငံတကာမှအသိအမှတ်ပြုထားသော "ဇီဝညစ်ညမ်းမှုမရှိသော လုပ်ငန်း အမျိုးအစား"ဖြစ်သည့်အတွက် လေထု၊ ရေအရင်းမြစ်နှင့် မြေဆီလွှာစသည့် ညစ်ညမ်းမှုများလည်းမရှိသည့်အပြင် ဆောက်လုပ်ရေးပြုလုပ်နေစဉ် ကာလအတွင်း တူးဖော်ခဲ့သောလယ်ယာမြေများမှာလည်း ပိုက်လိုင်းဆောက်ပြီးသည့်အချိန်၌ နဂိုအတိုင်းပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ ကုမ္ပဏီအနေဖြင့် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီအား နိုင်ငံ၏စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ ပာုတ်၊ မပာုတ် စုံစမ်းသွားမည်ဖြစ်သည့်အပြင် ကုမ္ပဏီမှ ဆက်လက်လုပ်ဆောင်မည့် စုံစမ်းမှုနှင့်တုန့်ပြန်မှုများအားလုံးသည် မြန်မာနိုင်ငံဥပဒေနှင့် အစိုးရမှချမှတ် ထားသော စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံအတွင်းတည်ဆောက်လျက်ရှိသော မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်းသည် မြန်မာ၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ရှိ ကုမ္ပဏီကြီးခြောက်ခုမှ အကျိုးတူပူးပေါင်း၍ တည်ဆောက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာစီမံကိန်းကြီး တစ်ခုဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်း စတင်နိုင်ရန် တရုတ်နိုင်ငံက မျှော်မှန်းထားကြောင်း CNPC မှထုတ်ပြန်ကြေညာခဲ့သည်။

YC

------------------------------------------------------------------------------------------------

Western Union နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ် ၇ ခုတို့၏ ပြည်ပငွေလွှဲအဝင် ဝန်ဆောင်မှုလုပ်ငန်းစတင်

Photo Credit: Online

ကမ္ဘာ့နံပါတ် ၁ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အမေရိကန်အခြေစိုက် Western Union နှင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် ၇ ခုတို့မှချိတ်ဆက်၍ ပြည်ပငွေလွှဲအဝင် ဝန်ဆောင်မှုကိုလုပ်ငန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

Western Union နှင့်ခ်ျိတ်ဆက်၍ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် ၇ ခုမှာ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ယူနိုက်တက် အမရာဘဏ်တို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ Western Union နှင့်ချိတ်ဆက်၍ ပြည်ပငွေလွှဲအဝင် ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ အမိနိုင်ငံသို့ ငွေပြန်ပို့သည့်ကိစ္စရပ်များ အဆင်ပြေသွားစေနိုင်မည်ဖြစ်သည့်အပြင် လက်ရှိဘဏ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး ထူထောင်လျက်ရှိသည့် မြန်မာပုဂ္ဂလိကဘဏ်များအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ပြည်ပငွေလွှဲအဝင်ဝန်ဆောင်မှုများအတွက် Western Union မှ ၇၅ ရာခိုင်နှုန်း၊ ပြည်တွင်းပုဂ္ဂလိကဘဏ်များက ၂၅ ရာခိုင်နှုန်း အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း သိရသည်။

Western Union သည် အာရှပစိဖိတ် ဒေသတွင်း ၁၉ နေရာတွင် ရုံးခန်းများဖွင့်လှစ်၍ ဘဏ်များ၊ နိုင်ငံခြာငွေကြေး လဲလှယ်ရေးနေရာများ၊ လက်လီနှင့် ခရီးသွားလုပ်ငန်းများအပါအဝင် အမျိုးစုံကုန်သွယ်မှုများအတွက် ဝန်ဆောင်မှုကောင်းများ ပေးလျက်ရှိသည့်အပြင် ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာအနှံ့ရှိ သုံးစွဲသူအချင်းချင်းငွေကြေးချိတ်ဆက်မှု ၂၂၆ ဘီလျံ၊ ဖောက်သည်ချင်း ငွေလွှဲမှု အမေရိကန်ဒေါ်လာ ၈၁ ဘီလျံနှင့် စီးပွားရေးဆိုင်ရာ ငွေပေးချေမှု ၄၂၅ ဘီလျံကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

YC                                         

       *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Interview
Document Interview

Snapshot of the item below:
Interview

*

*

၂၂.၁.၂၀၁၃

တွေ့ဆုံမေးမြန်းခန်း

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာမရှိပါဘူး ဟု ဦးဌေးဦးပြော

(ပြည်တွင်း၊ ပြည်ပ မီဒီယာများမှဖော်ပြပြီး အင်တာဗျူးများကို  ပြည်သူများ သိစေရန်အလို့ဌာ Yangon Chronicle မှ ပြန်လည် တင်ပြအပ်ပါသည်။ ယခုအင်တာဗျူးသည် မဇ္စိုမဂျာနယ် အတွဲ (၂)၊ အမှတ် (၁၈) တွင်ဖော်ပြပြီးဖြစ်သည်။)

ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရသူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သော အာဏာရပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ရှိအခင်းအကျင်းရောက်အောင် လုပ်ဆောင်ပေးသွားခဲ့ လွှဲအပ်သွားခဲ့ပြီးနောက် ဝင်ရောက်စွက်ဖက်မှုမရှိတော့ကြောင်း ပြောသည်။

သို့သော် လက်ရှိခေါင်းဆောင်အချို့နှင့် အခါအားလျော်စွာ မိသားစုသဘောတွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်ဟုဆိုသည်။

ပါတီတွင်း အာဏာထက်သူတစ်ဦးဖြစ်သော ဦးဌေးဦးကို ကချင်စစ်ပွဲနှင့် ငြိမ်းချမ်းရေး အခြေအနေ ယခင်အစိုးရခေါင်းဆောင်များနှင့် ပတ်သက်သည်တို့ကို တယ်လီဖုန်းမှတဆင့် မေးမြန်းထားခြင်း ဖြစ်ပါသည်။

မေး။ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့လေ့ရှိတယ်လို့သိရှိရပါတယ်။ လက်ရှိကချင်ဒေသ စစ်ပွဲအပေါ် ဗိုလ်ချုပ်မှူးကြီး    ဘယ်လိုသုံးသပ်ပါလဲရှင်။

ဖြေ။ ဟုတ်ပါတယ်။ တွေ့လေ့ရှိပါတယ်။ ကချင်စစ်ပွဲတွေနဲ့ပတ်သက်လို့ သူလည်း သဘောမကျဘူးပေါ့။ သူလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တာပေါ့။ သူ နိုင်ငံတော်ကို တာဝန်ယူတဲ့ အချိန်တုန်းကလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့တာပဲလေ။ ကျိန်းသေပါတယ်။ စိတ်ရင်းစေတနာ အမှန်နဲ့ကို ဒီအတိုင်းရှိပါတယ်။

 

မေး။ ဦးဌေးဦးအနေကရော ဒီစစ်ပွဲတွေအပေါ် ဘယ်လိုသုံးသပ်ပါသလဲရှင်။

ဖြေ။ ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်တယ်ဆိုရင်တော့ လက်ရှိနိုင်ငံတော် အစိုးရရယ်၊ တပ်မတော်ရယ် နောက်ပြီး ကချင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ ညှိနှိုင်းမှုတွေလုပ်ရမှာပေါ့။ အဓိကကတော့ ကျွန်တော်ထင်ပါတယ် အားလုံးစိတ်ရင်းစေတနာအမှန်နဲ့ ငြိမ်းချမ်းရေးကို လိုလားရမယ်။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။ နောက် နိုင်ငံတော်မှာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့။ ဒီမူဘောင်ထဲကနေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

 

မေး။ ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးဌေးဦးအနေနဲ့ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးရဖို့လုပ်ရာမှာ ပါဝင်ခဲ့ဖူးတာမရှိတာက ထူးဆန်းနေတယ်လို့ ထင်မိပါတယ်။ အနိမ့်ဆုံး ကေအိုင်အို ထိန်းချုပ်ရာ ဒေသကို သွားရောက်ကြည့်ရှုတာမျိုးမရှိခဲ့ပါဘူး။

ဖြေ။ ကျွန်တော်တို့ပါတီက ပါတီဝင်တွေပါတယ်ဆိုရင် ပါတာပါပဲ။ နောက်တစ်ခါ ကျွန်တော်တို့ကို ထောက်ခံသော ပြည်သူတွေပါတယ်ဆိုရင် ပါတာပါပဲ။ ကျွန်တော်တို့ပါတီ အနေနဲ့တိုက်ရိုက်နာမည်ဖော် ပြတာမရှိသော်လည်း ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် ကိုယ်တိုင်က ငြိမ်းချမ်းရေးမှာ နိုင်ငံတော်က ဖွဲ့စည်းတဲ့အထဲမှာဒုတိယဥက္ကဠအနေနဲ့လည်း သူပါဝင်တယ်။ နောက်တစ်ခါ လွှတ်တော်ထဲမှာလည်း ငြိမ်းချမ်းရေးအဖွဲ့မှာသူက ဥက္ကဠပါပဲ။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းတို့လည်း ဝင်ပြီးဆောင်ရွက်ပေးတယ်။ အခုလည်း ဆောင်ရွက်နေကြပါတယ်။ သို့သော်လည်း ကျွန်တော်ကိုယ်တိုင်လုပ်တာထက်စာရင်တော့ ဦးသိန်းဇော် ကကချင်ပြည်နယ်နဲ့ပိုပြီးနီးစပ်ပါတယ်။  သူက ကချင်ပြည်နယ်တာဝန်ခံလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ ဗန်းမော်သားလည်း ဖြစ်ပါတယ်။ သူက ပိုပြီးသင့်တော်ပါတယ်။ ဆိုလိုတာက ပါတီဆိုတာ အမည်မခံသော်လည်း ကျွန်တော်တို့ပါတီဝင်တွေက ဝင်ပြီးဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။

 

မေး။  ကချင်ဒေသနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတာ ဘာများရှိပါသလဲရှင်။

ဖြေ။ ကချင်ဒေသနဲပတ်သက်ပြီးတော့ တည်ငြိမ်အေးချမ်းမှုအရင်ဆုံးရအောင်ဆိုပြီး လွှတ်တော်မှာလည်း အပစ်အခတ်ရပ်စဲဖို့လိုပါတယ်ဆိုတာကို အားလုံး ဝိုင်းထောက်ခံပါတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ ပါတီဝင် ကိုယ်စားလှယ်တွေများပါတယ်။ ကျန်တဲ့ပါတီဝင်တွေလည်း အကုန်ထောက်ခံကြပါတယ်။ အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်။ အပစ်အခတ်တွေမရှိရင်ကောင်းတာပေါ့ဗျာ။ ကျန်တဲ့ အကြောင်းရင်းတွေလည်းရှိနိုင်တာပေါ့။ သို့သော်လည်း ဒါတွေက ညှိနှိုင်းပြီးတော့မှ အပစ်အခတ်ရပ်စဲ ရင်ကောင်းမယ်ဆိုတာ ကျွန်တော်တို့သဘော ဒီအတိုင်းပဲရှိပါတယ်။အခု နိုင်ငံတော်ကလည်း အပစ်အခတ်ရပ်စဲပြီဆိုတာ ထုတ်ပြန်တာတွေ့ရပါတယ်။ ဝမ်းသာပါတယ်။

 

မေး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့တွေ့ခွင့်ရသူ သွားရောက်တွေ့ဆုံလေ့ရှိသူတွေက ဘယ်သူတွေများလဲ သိပါသလားရှင်။

ဖြေ။  ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ အခါအားလျော်စွာ တွေ့တာပါ။ ပုံမှန်သဘောမျိုး မဟုတ်ပါဘူး။ သူလည်း တွေ့ခွင့်ပေးနိုင်တဲ့အချိန်မျိုးမှာ သွားပြီးတွေ့တာပါ။ မိသားစုလိုတွေ့တာပါ။ အလုပ်သဘော မဟုတ်ပါဘူး။

 

မေး။ ဗိုလ်ချုပ်မှူးကြီးက ပါတီခေါင်းဆောင်ကို ပါတီကိစ္စ၊ အစိုးရအဖွဲ့ဝင်ကို အစိုးရကိစ္စ၊ တပ်မတော်ကိစ္စဆို ရင် တပ်မတော်ခေါင်းဆောင်အနေနဲ့ ခွဲတွေ့လေ့ရှိတယ်နဲ့ တူပါတယ်။ ဟုတ်ပါသလားရှင်။

ဖြေ။ ကျွန်တော်သိသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးက ဒီစနစ်ကိုရောက်အောင် သူ ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒီစနစ်ကိုရောက်အောင်လည်း သူကြိုးစားပေးခဲ့တယ်။ သူ ကြိုးစားပေးခဲ့ပြီးတော့ လက်ရှိတာဝန်ယူနေတဲ့သူတွေကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲ လုပ်ပေးခဲ့တယ်။ ပြီးတော့ အစိုးရသစ်ပေါ်လာတယ်။ လွှတ်တော်တွေလည်းပေါ်လာပြီ။ အဲဒီအချိန်ကစလို့ အားလုံးကို လွှဲပေးလိုက်တဲ့သဘောပါပဲ။ ဘာမှဝင်ရောက်စွက်ဖက်တာ မရှိပါဘူး။

 

မေး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်တယ်လို့ပြောထားပြီးပြီ၊ ဦးဌေးဦး အနေနဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်အနေနဲ့ သမ္မတရာထူး မျှော်မှန်းထားတာရှိပါသလား။

ဖြေ။ ကျွန်တော်ကတော့ လက်ရှိအနေအထားထိတော့ မရှိပါဘူး။ လက်ရှိအနေနဲ့ကတော့ ကျွန်တော်ဆောင်ရွက်နေရတဲ့ လူတွေကို အကျိုးရှိအောင် တတ်နိုင်သလောက် ဆောင်ရွက်ပေး နေရတာလေးကိုပဲ ဝမ်းသာပါတယ်။

 

မေး။ ဒါဆိုရင် ပြည်သူအကျိုးအတွက်လုပ်ပေးနေရတာကိုပဲ ပိုပြီးကျေနပ်တယ်လို့ဆိုလိုရမှာပေါ့ရှင်။

ဖြေ။ ကျွန်တော့ အနေနဲ့ကတော့ နေရာတွေထက်စာရင် ကိုယ်လုပ်ဆောင်မှုကိုပဲ အလေးထားပါတယ်။ နေရာတွေရှိပေမယ့်လည်း လုပ်ပေးချင်မှ လုပ်နိုင်တာပေါ့။ နောက်တစ်ခါ အခုအခြေအနေမျိုးက ပိုလွတ်လပ်တာပေါ့။ ပြည်သူကြားထဲလည်း အတူတကွလွတ်လွတ်လပ်လပ် ပြောလို့ဆိုလို့ ဆွေးနွေးလို့ ရတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ပိုပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။

 

မေး။ ၂၀၁၅ ဟာ မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့ အလှည့်အပြောင်း ဖြစ်မယ်ထင်ပါသလား။

ဖြေ။ နိုင်ငံရေးဆိုတာက နိုင်ငံနဲ့ပြည်သူ ပြည်သားတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ အချိန်တွေ၊ ကာလတွေ၊ သတ်မှတ်ချက် မရှိပါဘူး။ အမြဲတမ်းလုပ်နေရမှာပါပဲ။ အခုလည်း အရေးကြီးပါတယ်။ နောင်လည်းအရေးကြီးမှာပါပဲ။ ဒီလိုပဲ ကျွန်တော်မြင်ပါတယ် ။ အချိန်တိုင်းက လုပ်နေရမှာပါပဲ။ စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အချိန်တိုင်း အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

 

မေး။ ပြည်ထောင်စု ကြံခိုင်ရေးပါတီအနေနဲ့ ပါတီတွင်းစွမ်းအင်မြှင့်တင်ရေးတွေ နိုင်ငံအဝှမ်းဘယ်လောက် လုပ်ထားသလဲ။ အားနည်းချက်တွေက ဘာတွေလို့ထင်ပါသလဲ။

ဖြေ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးနဲ့ပတ်သက်လို့ ကျွန်တော်တို့က အရင်အသင်းကို အခြေခံပြီး ဖွဲ့စည်းးတာ ဖြစ်ပါတယ်။ အသင်းတုန်းကလည်း ကျွန်တော်တို့နှစ်သန်းကျော် လေ့ကျင့်ပြီးပါပြီ။ အခုလည်း ပါတီဖြစ်ပြီးနောက်ပိုင်း မြို့နယ်အဆင့်တွေပတ်သက်လို့ အဓိကအားဖြင့်တော့ ရပ်ကျေးစည်းရုံးရေးမှူး တွေကို ကျွန်တော်တို့ လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဗဟိုမှာလည်းကျွန်တော်တို့ လုပ်နေပါတယ်။

 

မေး။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ရော တွေ့ဆုံတာမျိုး ရှိပါသလား။ ကျန်းမာရေးအနေအထားကော ဘယ်လိုနေလဲ။

ဖြေ။ ကျွန်တော်တို့နဲ့ အဆက်အသွယ်တိုက်ရိုက်မရှိပါဘူး။ သို့သော်လည်း နေကောင်းပါတယ်။ နောက်ပိုင်းတော့ မတွေ့ဖြစ်သေးပါဘူး။ ကြာပါပြီ။ ကျန်းမာရေးကောင်းတယ်လို့ပဲ ကျွန်တော်တို့ ကြားရပါတယ်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive