Transparency Myanmar

transparency.myanmar@gmail.com

Date: 20 - Nov – 2009, Bloomberg

          ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး တောင်းဆိုခဲ့ပြီးနောက် အစိုးရနှင့် အတိုက်အခံ ပါတီများ ကြားတွင် တွေ့ဆုံဆွေးနွေးမှု စတင်နိုင်ရန် အလားအလာ ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားပါသည်။

          နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အဆိုပါ ပေးစာနှင့် ပတ်သက်၍ ကြားသိခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ရှေ့ရှုသော ဆွေးနွေးမှုများ စတင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ian Kelly က ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

          နိုဝင်ဘာ (၁၁) ရက် နေ့စွဲဖြင့် ပေးစာတွင် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားပြီး၊ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု သူမက ပြောဆိုခဲ့ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ AP က ဖေါ်ပြထားပါသည်။

          မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာစေရေးအတွက် မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်ဆံ ဆွေးနွေးရန် အိုဘားမား အစိုးရက ကြိုးစားလျက် ရှိပါသည်။ နိုဝင်ဘာ (၁၅) ရက်က စင်္ကာပူတွင် ကျင်းပသော အမေရိကန် - အာဆီယံ အစည်းအဝေးတွင် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ထုတ်ဖေါ် ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော် သတင်းများက ဆိုပါသည်။

          အမေရိကန် ပြည်ထောင်စုသည် မြန်မာအစိုးရနှင့် ဆွေးနွေးမှု အသစ်တစ်ခုကို စတင်နေပြီး၊ အကြောင်းအရာမှာ "လွတ်လပ် ပွင့်လင်းသော နိုင်ငံရေးစနစ်ကို ဖွင့်လှစ်ရန်" မြန်မာ အာဏာပိုင်များအား တိုက်တွန်းခြင်း ဖြစ်သည်ဟု Kelly က ပြောကြားပါသည်။

          ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ကို လွှတ်ပေးရန် ၎င်းက တောင်းဆိုထားပါသည်။

          လွန်ခဲ့သော (၁၄) နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော Kurt Campbell ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည်    (၁၄) နှစ်ကြာ အထိန်းသိမ်းခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပါသည်။ လာမည့်နှစ် ရွေးကောက်ပွဲတွင် သူမအား ဘေးဖယ်ထားရန် ရည်ရွယ်၍ အစိုးရက သူမ၏ အကျယ်ချုပ် ပြစ်ဒဏ်ကို (၁၈) သက်တမ်းတိုးထားပါသည်။

          မြန်မာအစိုးရနှင့် ဆက်ဆံမှု အနည်းငယ် တိုးတက်လာသော်လည်း အိုဘားမားက အရေးယူ ပိတ်ပင်မှုကို ချမှတ်ထားဆဲ ဖြစ်သည်။

          အဝေဖန်ခံနေရသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများနှင့်  ပတ်သက်၍ အမေရိကန်က တင်ပြထားသော ဆုံးဖြတ်ချက်ကို ယမန်နေ့က ကုလသမဂ္ဂတွင် မဲခွဲ ဆုံးဖြတ်ခဲ့ပါသည်။

          လူ့အခွင့်အရေး ချိုးဖောက်သော အစိုးရအား ပြင်းထန်စွာ ရှုတ်ချထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုထားသော ဆုံးဖြတ်ချက်ကို ထောက်ခံမဲ (၉၂) မဲ၊ ကန့်ကွက်မဲ (၂၆) မဲ၊ ပျက်ကွက်မဲ (၆၅) မဲ ဖြင့် အတည်ပြုခဲ့သည်ဟု သိရှိရပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment