Transparency Myanmar

transparency.myanmar@gmail.com

3 Feb 2010

မြန်မာနိုင်ငံ၏ ဆန်စပါး အဓိက ထွက်ရှိရာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း အခန်းကဏ္ဍသည် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရဆဲ ဖြစ်ပြီး ယခုအခါ ကြီးမားသော ငွေကြေး လိုအပ်ချက်ဖြင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ လယ်သမား ထောင်ပေါင်းများစွာ အတွက် နိုင်ငံတကာက ဘဏ္ဍာရေး အထောက်အပံ့များ ပေးမည်ဟု ကတိကဝတ်များ ပေးခဲ့သော်လည်း ယနေ့ အချိန်အထိ အကူအညီ တစ်စုံတစ်ရာမျှ မရရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာသော အထောက်အပံ့များ ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဆိုပါသည်။

''ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အထောက်အပံ့တွေ နည်းပါးနေပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားသလောက် ဘဏ္ဍာရေး အကူအညီတွေ မရခဲ့ပါဘူး '' ဟု (UNOCHA) မှ ဌာန ကိုယ်စားလှယ်  Bishow Parajili   က ပြောပါသည်။

နာဂစ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ပေးအပ်မည့် ငွေမှာ ဒေါ်လာ သန်း ၇၀၀ ဖြစ်သော်လည်း ယနေ့ အချိန်အထိ ဒေါ်လာ ၂၁၅ သန်းသာ ရရှိသေးသည်။ လှူဒါန်းငွေ အတော်များများကို နာဂစ်ဒဏ်သင့်ခဲ့သော လူထောင်ပေါင်း များစွာနှင့် အိုးအိမ်မဲ့ သွားသူများ အတွက် နေအိမ် ဆောက်လုပ်ပေးသည့် လုပ်ငန်းများတွင် အသုံးပြုခဲ့သည်။

ထို့အတွက်ကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည် တည်ဆောက်ရေး၊ သေကြေ ပျက်စီးခဲ့ ကျွဲနွား တိရိစ္ဆာန်များ ပြန်လည်အစားထိုး မွေးမြူနိုင်ရေး၊ ငါးဖမ်းလုပ်ငန်း အတွက် လိုအပ်သော ပစ္စည်းများ ထောက်ပံ့ရေး၊ စီးပွားရေး လုပ်ငန်း အသေးစားများ ပြန်လည် ထူထောင်ရေးတို့ကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် အသက်ရှင် ကျန်ရှိသူများသည် အလုပ်အကိုင်များ၊ ငါးဖမ်းလှေ နှင့် ပိုက်များ လိုအပ်လျက် ရှိသည်ဟု Bishow Parajuli က အစီရင်ခံစာ အတွက် ထည့်သွင်း ရေးသားခဲ့ပါသည်။

(Irrawaddy သတင်းဋ္ဌာန၏ Irrawaddy Delta Farmers Starved of cash to Rebuild after Nargis ကို ဘာသာပြန်ဆိုပါသည်။ )

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment