Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post News, 8th April 2010

          အာဆီယံ ခေါင်းဆောင်များသည် ယနေ့ စတင်မည့် ၂ ရက်ကြာ ညီလာခံတွင် တွေ့ဆုံစဉ် မြန်မာနိုင်ငံက ၎င်း၏ လွတ်လပ် မျှတသော ရွေးကောက်ပွဲ အစီအစဉ်များအား ရှင်းလင်း ပြောကြားခြင်းကို နားထောင်ရန် ဆန္ဒ ပြင်းပြလျက် ရှိသည်။

          "အာဆီယံ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားကို ပြဿနာတွေ ယူဆောင်လာတဲ့ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ပြီးတဲ့ နောက်မှာ မြန်မာအစိုးရက သူတို့ရဲ့ ရွေးကောက်ပွဲ အကြောင်းကို ဘယ်လို ရှင်းလင်း ပြောကြားမလဲ ဆိုတာကို ကျွန်တော်တို့ နားထောင်ကြမယ်" ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြက ယမန်နေ့က ပြောကြားခဲ့သည်။

          ကာဆစ်ပီရိုမြ အပါအဝင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ၎င်းတို့၏ ခေါင်းဆောင်များ တွေ့ဆုံကြမည့် ညီလာခံ အစီအစဉ်များကို ကြိုတင် ပြင်ဆင်ရန် ဗီယက်နမ် မြို့တော်တွင် တွေ့ဆုံ စည်းဝေးနေခြင်း ဖြစ်သည်။

          ရွေးကောက်ပွဲ ဥပဒေ ၅ ချက်ဖြင့် လွတ်လပ်သော ရွေးကောက်ပွဲများ မည်သို့ ကျင်းပမည် ဆိုသည်ကို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီသိန်းစိန် အနေနှင့် ရှင်းလင်း ပြောကြားသင့်သည်ဟု မစ္စတာ ကာဆစ်က ဆိုသည်။

          မြန်မာအစိုးရ ပြဌာန်းခဲ့သည့် ဥပဒေ ၅ ချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေနှင့် အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်၊ လွှတ်တော် ၂ ရပ်အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များ၊ ဒေသ လွှတ်တော်များ စသည်တို့အတွက် သီးခြား ဥပဒေ ၄ ချက်တို့ ဖြစ်သည်။

          နိုင်ငံတကာ အသိုင်းအဝိုင်းကို အဓိက နှိုးဆွရန် စလိုက်သည့် ဥပဒေမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ ဖြစ်ပြီး ၎င်းဥပဒေအရ ပါတီများသည် အစိုးရက အသစ် ခန့်အပ်လိုက်သော ရွေးကောက်ပွဲ ကော်မရှင်ထဲတွင် ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရန် လိုအပ်လျက် ရှိသည်။

          အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်း မရှိစေရန် ဖယ်ထုတ်သည့် အနေဖြင့် ပြစ်ဒဏ် ကျခံနေရသူ မည်သူ တစ်ဦးတစ်ယောက်မှ ပါတီဝင် ဖြစ်ခွင့်မရှိဟု ဥပဒေက တားမြစ်ထားသည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပါတီခေါင်းဆောင်မှာ ၁၄ နှစ်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသည့်အပြင် လွန်ခဲ့သော သြဂုတ်လက အကျယ်ချုပ် ပြစ်ဒဏ်ကို ထပ်မံ သက်တမ်းတိုးခြင်း ခံရသည်။

          ရက်စက် ပြင်းထန်သော ရွေးကောက်ပွဲ ဥပဒေသစ်ကို ကန့်ကွက်သည့် အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု သူမ၏ ပါတီက ကြေညာခဲ့သည်။

          ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မြန်မာအစိုးရက ကြေညာခြင်း မရှိသေးသော်လည်း အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပလိမ့်မည်ဟု အများစုက ခန့်မှန်းထားကြသည်။

          ၎င်းတို့ ကိုယ်ကျိုးစီးပွားများ မရေမရာ ဖြစ်နေသည့် အားလျှော်စွာ မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုနှင့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးကိုသာ ထိုင်းနိုင်ငံက မြင်တွေ့လိုသည်ဟု မစ္စတာကာဆစ်က ပြောကြားခဲ့သည်။

          မြန်မာအစိုးရနှင့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အချင်းချင်းတိုက်ခိုက်နေမှု ကြောင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု ကြီးမားနေသည်၊ နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးလာသော ဒုက္ခသည်များစွာက ထိုင်းနိုင်ငံတွင် ခိုလှုံရန် ကြိုးစားလျက် ရှိသည်။

          မြန်မာအစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဘဲ ဖိနှိပ် ချုပ်ချယ်ထားသည်ဟု ချင်းမိုင်အခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကျော်စွာမိုးက ပြောကြားသည်။

          "အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတလိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး" ဟု ၎င်းက ဆိုသည်။

          မဲဆန္ဒရှင်များ၊ အမတ်လောင်းများ (သို့) အတိုက်အခံ ပါတီများ စသည့် ပါဝင် သက်ဆိုင်သူများကို ချုပ်ချယ်ရန် အဆိုပါ ဥပဒေများကို အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပေးသည်။

          "နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုထားတဲ့ အတိုင်း လာမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့် ရမှာ မဟုတ်ပါဘူး။ အာဆီယံ နိုင်ငံတွေက မြန်မာကို ဝေဖန် ပြစ်တင်ကြမယ် ဆိုတာကိုလည်း သံသယ ဖြစ်မိပါတယ်။ ကျွန်တော့်အနေနဲ့ သေချာတဲ့ အချက်ကတော့ အာဆီယံ ညီလာခံကနေ အမြတ် ထွက်မယ့်သူဟာ ပြည်သူတွေ မဟုတ်ပဲ မြန်မာအစိုးရသာ ဖြစ်တယ် ဆိုတာပါပဲ" ဟု ကျော်စွာမိုးက သုံးသပ် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment