Transparency Myanmar

transparency.myanmar@gmail.com

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် မြန်မာဘာသာဖြင့် နတ်တောင်၊ ထိုင်းဘာသာဖြင့် ဒွိုင်ရာမူး ဟူသော တောင်တစ်ခု ရှိသည်။ ပြီးခဲ့သည့် မတ်လက ထိုင်းနိုင်ငံ မိုင်းရှင်းလင်းရေး ဆိုင်ရာ စင်တာ (TMAC) ၏ အစီအစဉ်ဖြင့် အဆိုပါ နတ်တောင်သို့ လည်ပတ် လေ့လာခွင့် ရခဲ့သည်

      အဆိုပါ ဒေသသည် လက်နက်ကိုင် ပုန်ကန်သူများ တပ်စွဲခဲ့သော တပ်စခန်း တစ်ခုလည်း ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုအခါ ထိုင်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

      "ကျွန်တော်တို့က ထိုင်းနယ်မြေကို အသုံးမပြုဖို့ ပြောတော့ အဲဒီ လက်နက်ကိုင် တပ်ဖွဲ့တွေ အကုန်လုံး နယ်စပ်ကို ဖြတ်ပြီး မြန်မာပြည်ထဲကို ဝင်သွားကြတယ်" ဟု ထိုင်းတော်ဝင် တပ်မတော်မှ ဗိုလ်မှူးကြီး Monkol Pakamma က ပြောပြသည်။

      ကျွန်တော် ရပ်နေခဲ့သည့် နေရာမှာ နှစ်နိုင်ငံ နယ်စပ်ဒေသမှ မီတာ အနည်းငယ်ပင် ဝေးကွာသည့် အတွက်ကြောင့် ကရင်နီတပ်ဖွဲ့များ တပ်စွဲထားသည့် စခန်းများရှိရာ တောင်ကုန်းများကို ရှင်းရှင်းလင်းလင်းပင် တွေ့မြင်ရသည်။ ကရင်နီ တပ်ဖွဲ့သည် မြန်မာအစိုးရနှင့် ကာလ ကြာရှည်စွာ ပဋိပက္ခ ဖြစ်ခဲ့သော အဖွဲ့ ဖြစ်သည်။ နယ်စပ်နှင့် လွန်စွာ နီးကပ်သည့် နေရာတွင်မူ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးတပ် (PONLA) တို့၏ အခြေစိုက်စခန်းများ ရှိသည်။

      အဆိုပါ အုပ်စုနှစ်ခုသည် စစ်ရေးအရ တက်ကြွသော လက်နက်ကိုင် အုပ်စုများ ဖြစ်ကြပြီး ယင်းတို့၏ အခြေစိုက်စခန်း နီးကပ်ရာ နေရာတွင် မြေမြှုပ်မိုင်းများ ထူထပ်စွာ ရှိနေကြောင်း ထိုင်းစစ်တပ်မှ ဗိုလ်မှူးကြီးက ဆိုသည်။ ဒွိုင်ရာမူး တောင်ထိပ်သို့ သွားရောက်လိုပါက အဆိုပါ နယ်မြေကို ကန့်လန့်ဖြတ် ဝင်ရန် လိုအပ်သည်။ အဆိုပါ လမ်းကြောင်းမှ မိုင်းများကို TMAC အဖွဲ့က ရှင်းလင်းထားသည်မှာ သိပ်မကြာသေးပေ။ အဆိုပါ လမ်းကြောင်းသည် ယခင်က ကရင်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့ ထိုင်းနယ်မြေ အနီး အပြန်အလှန် တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော လမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်းကို နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းများ ချထားခဲ့ကြသည်။ အဆိုပါ ဒေသတွင် ထိုင်းရွာသားများနှင့် နယ်စပ် လုံခြုံရေး ကင်းလှည့် တပ်သား တစ်ဦး မြေမြှုပ်မိုင်း နင်းမိခဲ့ပြီးနောက် TMAC က မိုင်းရှင်းပေးခဲ့ခြင်း ဖြစ်သည်။ ဒေသခံပြည်သူ များကလည်း တောတွင်းသို့ သွားရောက်ပြီး သစ်တောထွက် ပစ္စည်းများ ရယူရာတွင် လုံခြုံ စိတ်ချစွာ သွားရောက်လိုကြသည်။

      ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၁၉၉ရ မိုင်းတားဆီးရေး သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုခဲ့သော အရှေ့တောင်အာရှ ဒေသမှ ပထမဆုံးနိုင်ငံ ဖြစ်သည်။ အဆိုပါ သဘော တူညီချက် စာချုပ်အရ နိုင်ငံအတွင်းရှိ မိုင်းများ အားလုံးကို ၁၀ နှစ်အတွင်း ရှင်းလင်းရမည် ဖြစ်သည်။ ဒွိုင်ရာမူးတောင်သို့ သွားသည့် လမ်းကြောင်းမှာ မိုင်းများ ရှင်းလင်းနေပြီ ဖြစ်သည့်တိုင် ကျွန်တော် ရပ်နေခဲ့သည့် နေရာနှင့် နယ်စပ်ဒေသ ကြားတွင် မိုင်းများ ကျန်ရှိနေဆဲပင် ဖြစ်သည်။ "ဒီဘက်အပိုင်းက နေရာတွေမှာ မိုင်းတွေ ရှင်းလင်းပြီးတာ မှန်ပေမယ့်လည်း နယ်စပ်ဒေသမှာ ကျန်တဲ့ မိုင်းတွေ ရှင်းဖို့က မြန်မာနဲ့ ထိုင်းအကြား သဘောတူညီချက် ရမှ ဖြစ်မှာပါ" ဟု ထိုင်းစစ်သား တစ်ယောက်က ကျွန်တော့်ကို ရှင်းပြသည်။ အဆိုပါ နေရာမှ ကျွန်တော်တို့ ထွက်ခွာခဲ့သည့် အချိန်တွင် ဗိုလ်မှူးကြီး Monkol က စိုးရိမ် ပူပန်လျက် ရှိခဲ့သည်။

      "ဒီနေရာ တစ်ဝိုက်မှာ TMAC အဖွဲ့က မိုင်းရှင်းပြီးပြီ ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အနာဂတ် ကာလမှာ အလားတူ အဖွဲ့အစည်း တစ်ခုခုက မိုင်းတွေ ထပ်မထောင်တော့ဘူးလို့ ကျွန်တော် မပြောနိုင်ပါဘူး" ဟု ၎င်းက ဆိုသည်။

      ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံက မိုင်းတားဆီးရေး သဘောတူညီချက် စာချုပ်အရ မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး အတွက် အချိန်တိုး ပေးရန် အဆိုပြုခဲ့သည်။ မိုင်းရှင်းလင်းရေး ကိစ္စနှင့် ပတ်သက်၍ မည်သို့ပင် စေ့စပ် ညှိနှိုင်းမှုများ၊ သဘောတူညီမှုများ ရှိနေခဲ့သော်ငြား နောက်ထပ် မိုင်းအသစ်များ ရှိလာနိုင်သည် ဟူသော ခြောက်လှန့်မှုကို ထိုင်းနိုင်ငံက ခံစားနေရဆဲပင် ဖြစ်သည်။

Landmine and Cluster Munition Monitor တစ်ဦး ဖြစ်သူ Yeshua Moser-Puangsuwan ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment