Transparency Myanmar

transparency.myanmar@gmail.com

အမျိုးသား ဒီမိုကရေစီ အဖွဲ့ (NLD)က ၂၀၁၀ ဒီမိုကရေစီ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ၏ အမြင်နှင့် ရပ်တည်မှုကို သိရှိရန် စုံစမ်း မေးမြန်းလျက် ရှိကြောင်း စုံစမ်း မေးမြန်းလျက် ရှိကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ၏ Special Branch(SB) အဖွဲ့မှ ထောက်လှမ်းရေး အရာရှိများက စစ်ကိုင်းတိုင်း၊ ရွှေဘို အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများထံသို့ သွားရောက်ပြီး နိုင်ငံရေး အမြင်များကို မေးမြန်း စုံစမ်းနေကြကြောင်း နာဂစ် ဆိုင်ကလုန်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သောကြောင့် ယင်းအကျဉ်းထောင်တွင် ဖမ်းဆီး အကျဉ်းချခံထားရသော မယဉ်ယဉ်ဝိုင်း၏ အစ်မဖြစ်သူ အဆိုအရ သိရသည်။

"သူ့(မယဉ်ယဉ်ဝိုင်း)ကို NLD ရွေးကောက်ပွဲ ဝင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်သလဲလို့ မေးကြတယ်။ သူကလည်း NLD ရဲ့ ရပ်တည်မှုက ဘာလဲဆိုတာတောင် မသိဘူးလို့ ဖြေခဲ့တယ်လို့ ပြောတယ်" ဟု မယဉ်ယဉ်ဝိုင်း၏ အစ်မဖြစ်သူ မမိုးက ပြောကြားသည်။ မမိုးသည် ပြီးခဲ့သည့် မေလအတွင်း မယဉ်ယဉ်ဝိုင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရွှေဘို အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံခဲ့သည်။ အဆိုပါ ရွှေဘို အကျဉ်းထောင်တွင် မယဉ်ယဉ်ဝိုင်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၂ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရသည်။

"ပြီးတော့ ထောက်လှမ်းရေး အရာရှိကြီးတွေက NLD ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြပြီး သူ့ကို ပေးဖတ်တယ်။ ပြီးတော့ သူဘယ်လို ထင်သလဲဆိုတာကို ပြောခိုင်းတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရွှေဂုံတိုင် ကြေညာစာတမ်းကို NLD ပါတီက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ယင်း ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊  ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရေး၊ NLD နှင့် စစ်အစိုးရ အကြား ဒိုင်ယာလော့ခ် စတင် ပြုလုပ်ရေး  အစရှိသည်တို့ကို တောင်းဆို ထားသည်။

ထောက်လှမ်းရေး အရာရှိများက ၎င်းတို့ SB အဖွဲ့မှ ဖြစ်ကြောင်း အသိပေး ပြောဆိုပြီး အကျဉ်းထောင်ထဲမှ နိုင်ငံရေး အကျဉ်းသားတိုင်းကို တွေ့ဆုံ မေးမြန်းကြကြောင်း မမိုးက ဖြည့်စွက် ပြောဆိုသည်။  ယင်းသို့ NLD ၏ ရွေးကောက်ပွဲ သပိတ်မှောက်မှုနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားများကို ထောက်လှမ်းရေး အရာရှိများ သွားရောက် တွေ့ဆုံ မေးမြန်းရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ စစ်အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိတ်ကျေနပ်မှု ရယူနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိရာ သဘောထား ပျော့ပျောင်းသော နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီ ဦးစားပေး လွှတ်ပေးရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။

မြန်မာ တစ်နိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းစာ ဆရာများ၊ ရှေ့နေများ၊ သံဃာတော်များ၊ လူမှုကယ်ဆယ်ရေး လုပ်ကိုင်သူများ အပါအဝင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၅၀ ဦး ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ မယဉ်ယဉ်ဝိုင်းမှာ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခ ရောက်သူများကို အကူအညီ ပေးခဲ့ရာ စစ်အစိုးရက တရားမဝင်သော အသင်းအဖွဲ့များဆိုင်ရာ အက်ဥပဒေဖြင့် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အကျဉ်းထောင်သို့ သွားရောက်ပြီး မယဉ်ယဉ်ဝိုင်းနှင့် တွေ့ဆုံစဉ် စကား ပြောဆိုမှုများကို SB မှ အရာရှိနှစ်ဦးက အသံသွင်းစက်ဖြင့် ဖမ်းယူခဲ့ကြောင်း မမိုးက ပြောကြားသည်။ သို့သော် မြန်မာ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများက အလားတူ မေးမြန်းမှုမျိုး ပြုလုပ်မှု မရှိသေးကြောင်း ပြောကြားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် ဖမ်းဆီး အကျဉ်းချ ခံထားရေသော အကျဉ်းထောင်သို့ သွားရောက်ခဲ့သော်လည်း အထူး ထောက်လှမ်းရေး အဖွဲ့မှ အရာရှိများ လာရောက် မေးမြန်းမှုများ မရှိသေးကြောင်း ၎င်း၏ ညီမဖြစ်သူက ပြောကြားသည်။

"သူ့(ကိုဋ္ဌေးကြွယ်)ရဲ့ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ NLD နဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး သူ့ဆီကို လာမေးတာ မရှိသေးပါဘူး" ဟု ၎င်းက ပြောကြားသည်။ "သူ့ရဲ့ သဘောဆန္ဒကတော့ ရွေးကောက်ပွဲမှာ နိုင်ငံရေးသမားတွေ အားလုံး ပါဝင်ပြီး မျှမျှတတ ဖြစ်ဖို့ပါပဲ။ နိုင်ငံရေး သမားတိုင်း ပါဝင်ခွင့် မရတဲ့ ရွေးကောက်ပွဲမျိုးကို သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်" ဟု ဆိုသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment