Transparency Myanmar

transparency.myanmar@gmail.com

နယ်မြေ ပိုင်နက်ကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အငြင်းပွား နေသော ကျွန်းအနီးတွင် တောင်ကိုရီးယားက လက်နက်များဖြင့် အမှန်တကယ် ပစ်ခတ်မှုများ ပါဝင်သော စစ်ရေး လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်မည် ဆိုပါက မိမိတို့ အနေဖြင့် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက သတိပေး ပြောကြားလိုက်သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း ဌာန ဖြစ်သော KCNA က တောင်ကိုရီးယားသည် ရေကြောင်း ပိုင်နက်ဆိုင်ရာ အငြင်း ပွားနေရသော Yeonpyeong ကျွန်းပေါ်တွင် လက်နက် ပစ်ခတ်မှုများ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။ တောင်ကိုရီးယား နိုင်ငံက အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာထားသည်။

"အဆိုပါ လုပ်ရပ်သည် စစ်လက်နက် အင်အား၊ ထိုးစစ်ဆင် တိုက်ခိုက်မှု၊ ကျယ်ပြန့်မှု အတိုင်းအတာ စသည်ဖြင့် ဆိုပါက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ထက် ပိုမို ဆိုးရွားသော အခြေအနေ တစ်ရပ် ဖြစ်သည်" ဟု KCNA က ဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က တောင်ကိုရီးယား ကျွန်းကို အမြောက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းသည် တောင်ကိုရီးယား၏ ရန်စမှုကို လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားက ဆိုသည်။ တောင်ကိုရီးယားက မိမိ နယ်မြေကို ထပ်မံ တိုက်ခိုက်လာပါက ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကတိပြု ပြောဆိုပြီးနောက် မြောက်ကိုရီးယားက ယင်းသို့ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။ မြောက်ကိုရီးယားက တောင်ကိုရီးယား အပေါ် အမြောက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းသည် ကိုရီးယားစစ်ပွဲ ပြီးဆုံးသည့် နောက်ပိုင်း ပထမဆုံး ဖြစ်သည်။

မြောက်ကိုရီးယား၏ အဓိက မဟာမိတ် ဖြစ်သော တရုတ်နိုင်ငံက မြောက်ကိုရီးယားသည် တင်းမာမှုများ ပြန်လည် လျော့ကျသွားအောင် နေထိုင်သွားမည်ဟု ကတိကဝတ် ပြုထားကြောင်း ပြောကြားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ လျှော့ချရေးတွင် ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ တရုတ်ပြည်သို့ အလည် အပတ် ရောက်ရှိနေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ်စတိန်း ဘတ်ဂ်အား တရုတ် နိုင်ငံက ယင်းသို့ အကြံပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန် သံတမန် Bill Richardson ကလည်း ပြဿနာ ဖြေရှင်းသော သံတမန် ခရီးစဉ် အဖြစ် ပြုံယမ်းသို့သွားရောက်လည်ပတ်ပြီး ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ လျှော့ချနိုင်အောင် ကြိုးပမ်းခဲ့သေးသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်  Dai Bingguo က ကိုရီးယား ကျွန်းဆွယ် အရေးကိစ္စကို ပူးပေါင်း ဖြေရှင်းကြရန် အမေရိကန် သံတမန် စတိန်းဘတ်ဂ်ကို ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် Xinhua သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment