Transparency Myanmar

transparency.myanmar@gmail.com

ဟိုတုန်းက သင်္ကြန်နဲ့ အခု သင်္ကြန်
သန်းစိုးလှိုင်
ဧပြီ ၁၈၊ ၂၀၁၀
၂၀၁၀ သင်္ကြန်မြင်ကွင်းများ
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ဖြစ်တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းက လမ်းသွယ်တခုမှာပါ။ ဒီနှစ် သင်္ကြန် အကျနေ့ညပါ။ အချိန်က ည၇နာရီခွဲ ၀န်းကျင်ရှိနေပါပြီ။ မအေးအေးခိုင်ဟာ ၂လမ်း ၃လမ်းကျော်မှာ ရှိတဲ့အင်တာနက်ဆိုင် ဖွင့်လား မဖွင့်လားဆိုတာကို ကြည့်ဖို့ရာ အတွက် အိမ်ကနေ စက်ဘီးနဲ့ ထွက်လာပါတယ်။ ညနေ ၆နာရီကျော်ပြီမို့လို့ ဘယ်သူမှ ရေမလောင်းတော့ဘူးလို့ ယုံကြည်ပြီး ရေချိုးပြီး အ၀တ်အစားလဲလာပါတယ်။ စက်ဘီးနင်းလို့ထွက်ခါစ လမ်းတလမ်းကျော်သာသာမှာ လမ်းနဘေးမှာ မူးနေဟန်တူတဲ့ လူငယ်တအုပ်က ရေပုံးတွေဘေးမှာချပြီး ရပ်နေကြပါတယ်။
ဒီအချိန်ကြီးမှာတော့ ရေမလောင်းတန်ဘူးလို့ ယူဆပေမယ့် သူစက်ဘီး အနားအရောက်မှာ ရေပုံးကိုယူပြီး အားနဲ့လှမ်းလောင်းလိုက် ပါတော့တယ်။ မအေးအေးခိုင် အနေနဲ့စိတ်တော်တော်လေး ဆိုးပြီး ဒီအချိန်ကြီးမှာ ရေလောင်းရသလား၊ ညနေ ၆နာရီကျော်နေပြီ မသိဘူးလားလို့ ပြောတဲ့အခါမှာ အဆိုပါ လူငယ်အုပ်က ရင့်သီးတဲ့ စကားလုံး၊ ရန်စတဲ့စကားလုံးတွေနဲ့ ပြန်ပြောပါတယ်။ သူအနေနဲ့ ရင်ဆိုင်ပြီး ဆက်စကားများနေရင် တဘက်က လူငယ်အုပ်က အလျော့ပေးမယ့်ပုံ မပေါ်တာလို့ အခြေအနေကို သဘောပေါက်ပြီး ရှေ့ဆက်မသွားတော့ပဲ အိမ်ကိုသာ ပြန်လှည့်လာပါတော့တယ်။
သူ့အဖြစ်ကို အိမ်မှာပြန်ပြောပြတဲ့အခါ အိမ်သူအိမ်သားတွေက နေ့ခင်းကလည်း မိန်းကလေးတဦး စက်ဘီးစီးလာတာကို ရေပုံးနဲ့ မျက်နှာကိုလှမ်းပက်တာကြောင့် စက်ဘီးလဲပြီး မိန်းကလေးခမျာ ကတ္တရာလမ်းပေါ် လဲကျသွားတယ်လို့ ပြောပြကြပါတယ်။
အခုအဖြစ်ဟာ ရန်ကုန်မြို့မှာရော အခြားသော မြို့ကြီးတွေမှာပါ ယခုနောက်ပိုင်း ကြုံတွေ့နေရတဲ့ အခြေအနေပါ။ သင်္ကြန် အကျနေ့ နေ့ခင်းမှာပဲ ရန်ကုန်မြို့ ဦးချစ်မောင်လမ်းနဲ့ ဂွတ္တလစ်ဈေးဆုံတဲ့ မီးပွိုင့်ဒေါင့်မှာ နာရေး ပို့ဖို့ရာအတွက်သွားကြမယ့် ကားတန်းဟာ သင်္ကြန်ရေပက်ခံမဏ္ဍပ်ရှေ့ ပိတ်နေတဲ့ကားတွေကြောင့် ရှေ့မတိုးနိုင်ပါဘူး။ ယာဉ်ထိန်းရဲတွေလည်း ဘယ်လိုမှ ရှင်းလင်းလို့ မရတာကြောင့် ဒီအတိုင်း ရပ်ကြည့်နေလိုက် ကြပါတယ်။ ကားတန်းထဲမှ ဆလွန်းကားတစ်စီးမှာ နာရေးအတွက်သွားမယ့် သံဃာတော်နဲ့ နာရေးပို့သူတွေ စီးနင်းလာကြပါတယ်။ လမ်းပိတ်လို့ စောင့်နေရတဲ့  အဆိုပါဆလွန်းကား ဘေးမှန်တွေကို ပိတ်ထားပေမယ့် ဘေးမဏ္ဍပ်မှ ရေပက်သူတွေ မီးသတ်ပိုက်နဲ့မှန်ကို အတင်းထိုးနေကြပါတယ်။ ကားမှန်ဟာ မီးသတ်ပိုက်ကြောင့် ခါရမ်းနေပါတယ်။ ကားထဲမှာ သံဃာပါသလား၊ ရေပက်ခံကားလား၊ အခြားသော ကိစ္စနဲ့လာတဲ့ကားလား ဆိုတာကို ရေပိုက်နဲ့ထိုးသူတွေ သိသလား မသိလားတော့ မပြောတတ်ပါ။ အချိန်အတန်ကြာမှ အဆိုပါလူအုပ်ထဲမှ တဦးက မြင်ပြီးရေပိုက်ထိုးသူတွေကို လှမ်းတားခဲ့ပါတယ်။
မြန်မာပြည်ရဲ့ သင်္ကြန်ဟာ သင်္ကြန်ရေကစားသူတွေကိုသာ ရေပက်တာမဟုတ်တော့ပဲ  ရေမကစားပဲ အခြားသော ကိစ္စနဲ့ မသွားမဖြစ်သွားလာသူတွေကိုပါ နာကျင်အောင်၊ ကသိကအောင့်ဖြစ်အောင် ချောင်ပိတ်ပြီး ရေပက်နေကြတဲ့ အဖြစ်ရောက်နေကြပြီလားလို့ အခုလိုအဖြစ်ကို ကြုံတွေ့ရသူတွေက မေးခွန်းထုတ်လာကြ ပါတယ်။
ရန်ကုန်မှာ သင်္ကြန်အကြို မတိုင်မီ တရက်အလိုလောက် ကတည်းက ဘတ်စကား စပါယ်ယာအချို့က ဖြတ်သွားတဲ့ အခြားဘတ်စကားပေါ်မှ ခရီးသည်ကို ရေဗူးတွေနဲ့ လှမ်းပက်သွားတာလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ သင်္ကြန်ကာလ မရောက်သေးလို့ မမျှော်လင့်ထားတဲ့ ခရီးသွားသူတွေရေစိုပြီး ဒုက္ခရောက်ကြ ရပါတယ်။
အထက်ပါ အဖြစ်တွေဟာ ယခုနှစ်ပိုင်း သင်္ကြန်တွေမှာ ကြုံတွေ့နေကြရတဲ့ ပုံရိပ်တွေလိုဖြစ်နေပါပြီ။ သင်္ကြန်တွင်းမှာ ရေမကစားလိုပေမယ့် အကြောင်းကိစ္စ တခုခုရှိလို့ သွားလာချင်သူတွေအတွက် ရေမပက်အောင် တောင်းပန်လို့လည်း မရ၊ တဦးနဲ့တဦး အနေခက်အောင်၊ ကသိကအောင့်ဖြစ်အောင် လုပ်ကြတာက သင်္ကြန်လားလို့ မေးရမယ့်သဘောဆောင်လာပါတယ်။
အတိတ်ကသင်္ကြန်
ဒီလို ပုံရိပ်မျိုးဖြစ်ပေါ်နေတဲ့ ယနေ့ မြန်မာ့ရိုးရာသင်္ကြန်နဲ့ လွန်ခဲ့တဲ့ ၁၅နှစ် အနှစ် ၂၀ ဟိုဘက်က သင်္ကြန်ဘယ်လိုကွာခြား သလဲဆိုတာကို အရင်သင်္ကြန်လည်းမှီ ယခုသင်္ကြန်လည်း ကြုံတွေ့နေကြတဲ့ လူလတ်ပိုင်းအရွယ် တချို့ကိုမေးမြန်းကြည့်ပါတယ်။
အသက် ၄၀ အရွယ် ရန်ကုန်မှာကြီးပြင်းပြီး တက္ကသိုလ်ဘွဲ့ရတဲ့သူ တယောက်က ``အရင်တုန်းက သင်္ကြန်က အလှပြကားတွေ၊ သင်္ကြန်သံချပ်တွေ၊ ရေကစားမဏ္ဍပ်တွေ ပိုများတယ်။ ၀တ်ပုံစားပုံ သိပ်မပြောင်းသေးဘူး၊ လုံချည်၊ ပုဆိုး ရှပ်အကျီနဲ့ ရေလည်ခံကြတယ်။ အဲဒီတုန်းက ဆုပေးမဏ္ဍပ်တွေမှာ သင်္ကြန်သံချပ်ပြိုင်တာ အကပြိုင်တာကို လိုက်ကြည့်ကြတယ်။ နောက်ဆုံးဆုပေးတဲ့ညဆို ညလုံးပေါက်နီးပါး ဖြေဖျော်ယှဉ်ပြိုင်ကြတာ၊ အလှပြယာဉ်နာမည် တွေထဲက မှတ်မိသလောက်ဆို အမေ့သား၊ ကျွန်ုပ်တို့သည်တို့၊ ဆူးကြားမှ ဗူးခါး ၊ အကြိုက်ဆုံးက သံချပ်ထိုးတာတွေပါပဲ။ အဲဒါတွေကို နှမြောတယ်။ တစ်နှစ်လုံးရဲ့ လူမှု မကျေနပ်ချက်တွေ မညီမျှတာတွေကို ထင်ဟပ်တာ သံချပ်တွေပဲ´´လို့အရင်တုန်းက သင်္ကြန်ကို ပုံဖေါ်ပြပါတယ်။
အစိုးရ၀န်ထမ်းဟောင်း တဦးဖြစ်ပြီး အသက်၄၀ ကျော် အမျိုးသားတဦးကလည်း ဟိုတုန်းကသင်္ကြန်ရဲ့ အနှစ်သာရနဲ့ အခုသင်္ကြန်ရဲ့ အနှစ်သာရကို ပိုင်းခြားစိတ်ဖြာပြီး အခုလို``ဟိုတုန်းက မန္တလေး သင်္ကြန်မှာဆို မြို့မငြိမ်းသီချင်း၊ မြို့မကိုပေါ သီချင်းတွေနဲ့ ရှေးမြန်မာခေတ်က လိုသပြေခက်နဲ့ ရေပက်တာမျိုးမဟုတ်ပေမယ့် သင်္ကြန်ရေကစားတာ အခုလောက် ကြမ်းတမ်းတာမတွေ့ရဘူး။ အကတွေ၊ ယိမ်းတွေနဲ့ မဏ္ဍပ်တွေမှာ ဖြေဖျော်ရင်းရေကစားကြတာ။
အခုမနေ့တနေ့ ကန်တော်ကြီးပတ်လမ်းက မဏ္ဍပ်တခုကို ကျွန်တော်ရောက်တယ်။ အဲဒီမှာ ဘောင်းဘီကျပ်ကျပ်နဲ့ ဆေးဆိုးဆံပင်နီနီ ကျားကျားနဲ့ သီချင်းက ဟစ်ဟော့တွေ၊ ရော့ခ်တွေနဲ့ ဒေးကလပ်၊ နိုက်ကလပ်လို ကနေကြတာပဲ တွေ့ခဲ့ရတယ်။ အတုယူလွဲကြတာလို့ ထင်တယ်။ ၀တ်စားဆင်ယင်မှုမှာလည်း မိန်းကလေးတွေက စွပ်ကျယ်တွေနဲ့ ၊ အရင်တုန်းက သင်္ကြန်ဟာ လေမှုတ်တူရိယာနဲ့ သင်္ကြန်၊ အခုသင်္ကြန်ကတော့ အနောက်တိုင်း တေးဂီတနဲ့ ဒစ်စကိုကလပ် လိုသင်္ကြန်ဖြစ်နေပြီ။
အရင်က စိတ်ထွက်ပေါက်အနေနဲ့ သံချပ်ထိုးကြတယ်။ သမ၀ါယမဆိုင်က အဖြစ်အပျက်တွေ၊ ဌါနဆိုင်ရာနဲ့ ပတ်သက်တဲ့ ပြုပြင်စရာတွေ ပျက်ကြတော့ နားခံသာတယ်။ အခုသံချပ်မရှိတော့ သင်္ကြန်ရဲ့ ပုံစံဟာ ရယ်စရာ၊ ဖြေလျော့စရာ အသက်ကင်းမဲ့သွားသလိုပဲ၊ အစိုးရကလည်း မဏ္ဍပ်အချို့မှာ ယိမ်းတို့ အကတို့ကို ပေါ်လစီတရပ်နဲ့ ကသလိုကခိုင်း၊ သက်ကြီးရွယ်အို ခေါင်းလျှော် ခြေသည်းလက်သည်း ညှပ်တာကို ပေါ်လစီအနေနဲ့ လုပ်သလိုလုပ်ခိုင်းတာ မျိုးတော့တွေ့ရတယ်´´လို့ ပြောပါတယ်။
အစိုးရ ပုံဖေါ်တဲ့သင်္ကြန်နဲ့ အစိုးရရဲ့ ကိုင်တွယ်ပုံ
တရားဝင် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ ဥပဒေတွေအရ အထက်ကလို ည ၆နာရီ ကျော်မှ ရေလောင်းတာမျိုး ခွင့်ပြုမထားသလို၊ တဖက်သား မခံနိုင်အောင် ရေဘော်လုံး၊ ရေခဲထုပ်၊ ဆပ်ပြာရည်ဂက်စ်ဘူးတို့နဲ့ ရေကစားက ထောင်ဒဏ် ၃နှစ် ချမှတ်နိုင်တယ်၊ သရုပ်ပျက် ယဉ်ကျေးမှုကိုရှောင် ကြဉ်ပါ စသဖြင့်သတင်းစာတွေမှာ နေ့စဉ်ကြေငြာ သတိပေးတာ တွေ့ရပါတယ်။
သို့ပေမယ့် အရေးယူတာမျိုးတော့ မတွေ့ရသလောက် ရှားပါးပါတယ်။ ရန်မဖြစ်ပွားအောင် ထိန်းသိမ်းတာမျိုးထက် ရန်ဖြစ်ပြီးမှသာ ဖမ်းဆီးတာမျိုးလုပ်ပါတယ်။ မဏ္ဍပ်တွေမှာ သရုပ်ပျက် ၀တ်ဆင်ပြီး ရေမကစားရလို့ အမိန့်ထုတ်ပေမယ့်လည်း အဲဒီလို ကစားတဲ့ မဏ္ဍပ်များထဲမှာ စစ်တပ်အရာရှိကြီး သားသမီး၊ လူကြီးသားသမီးနဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ သားသမီးတွေလည်း ပါဝင်နေလို့ ဥပဒေကို လိုက်နာအောင် ဘယ်တုန်းကမှ လုပ်ဆောင်ခဲ့တာ မတွေ့ရပါဘူး။
သတင်းစာတွေမှာ တီဗီတွေမှာ ပုံဖေါ်တဲ့ သင်္ကြန်ဆိုတာဟာ ယိမ်းအက၊ မြန်မာအဆိုအကနဲ့ မြို့တော်ဝန်မဏ္ဍပ်၊ ဌါနဆိုင်ရာမဏ္ဍပ်တွေ၊ ကုမ္ပဏီကြီးအချို့ရဲ့ မဏ္ဍပ်များသာ ဖြစ်ပါတယ်။ အများစု ဆင်နွဲနေတဲ့ သင်္ကြန်ရုပ်ပုံတွေကို တီဗီတွေ အစိုးရသတင်းစာတွေမှာ မမြင်တွေ့နိုင်ပါဘူး။ လမ်းမှာ တဦးကိုတဦး မခံချင်အောင် နောက်ပြောင်တာ၊ နိုင်ထက်ကလူ ပြုတာမျိုးတွေကို တိုင်ကြားလို့ ဘယ်ရဲ ဘယ်လုံခြုံရေးကမှ အရေးယူဆောင်ရွက်ပေးတာမျိုး မတွေ့ရပါ။
သင်္ကြန် သံချပ်ရဲ့ နိဂုံး
န၀တ အစိုးရတက်ပြီးတဲ့နောက်မှာ သင်္ကြန်သံချပ်တွေကို တဖြည်းဖြည်းနဲ့ ပိတ်ပင်လာပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း လူတွေရဲ့ နိုင်ငံရေး နိုးကြားမှု အရှိန်မြင့်လာတာနဲ့ အမျှ သင်္ကြန်သံချပ်မှာလည်း နိုင်ငံရေး အကြောင်းက ပိုမိုလွှမ်းမိုးလာပါတယ်။ အန်အယ်လ်ဒီ ပါတီ ပေါ်ထွက်လာပြီးနောက် အန်အယ်လ်ဒီက သင်္ကြန်သံချပ်ထိုးတာ အစိုးရကို သရော်တာ၊ နိုင်ငံရေးအရ သံချပ်နဲ့ ဝေဖန်တာတွေ ဖြစ်လာတဲ့နောက်မှာ န၀တ အစိုးရအနေနဲ့ သင်္ကြန်သံချပ်တွေကို ပိတ်ပင်ခဲ့တာပါ။
လူတွေရဲ့ စားဝတ်နေရေး ဒုက္ခ၊ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ မမျှတတာတွေကို ဖြေလျော့ပေးနိုင်မယ့်  သင်္ကြန်သံချပ်တွေကို န၀တ အစိုးရက နိုင်ငံရေး ရှုထောင့်တခုထည်းကနေ ကြည့်ပြီး လုံးဝပိတ်ပင်ခဲ့တာပါ။ အဲဒီဟာရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ လူတွေရဲ့ ထွက်ပေါက်ဟာ လူအချင်းချင်း မခံချင်အောင် နောက်ပြောင်ခြင်း၊ ၊ အရက်သေစာ ပိုမိုသောက်စားလာခြင်း ရန်ဖြစ်ပွားခြင်းတွေ လို့ အရင်သင်္ကြန်ရော ယခုသင်္ကြန်ကိုပါ ကြုံဖူးသူတွေကကောက်ချက်ချကြပါတယ်။
သင်္ကြန်ဟာ ဘောလုံးပွဲလို မကျေနပ်ချက်တွေကို ဖွင့်ထုတ်ရာနေရာ တခု၊ ကာလတခုဖြစ်နေပြီလား လို့ထင်မှတ်စရာပါ။
သင်္ကြန်ကာလမှာ ဖြစ်ပျက်တဲ့ အချင်းချင်း ရန်ဖြစ်တာ၊ တယောက်ယောက်ကို မခံနိုင်လောက်အောင် ရေပက်ခြင်းဖြင့်  ပျော်ရွှင်ကျေနပ်နေကြတာတွေဟာ သာမန်အချိန်မှာ မြင်တွေ့ရလေ့မရှိတဲ့ မြင်ကွင်းတွေပါ။ အဲဒီအချက်နဲ့ ပတ်သက်ပြီး အသက် ၄၀ အရွယ်ရှိ ရန်ကုန်မြို့ခံ တဦးက``တခါတလေ စဉ်းစားမိတယ်။ တနှစ်လုံးမကျေနပ်မှုချက်တွေကို သင်္ကြန်မှာ ဖေါ်ထုတ်နေသလားလို့ ထင်မိတယ်´´လို့ကောက်ချက်ချပါတယ်။
ဆယ်စုနှစ် နှစ်ခုဝန်းကျင် အတွင်း အခုလို ပြောင်းလဲလာတာဟာ ဘယ်လို အကြောင်းတွေကြောင့်လဲ ဆိုတာ ဆန်းစစ်လေ့လာ သင့်ပါတယ်။ သားနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူ ၄၈နှစ် အရွယ် ကိုဝင်းငြိမ်းကတော့ ``အရင်တုန်းက သံချပ်တွေရှိတယ်။ အခုမရှိတော့ဘူး၊ သံချပ်ကလူတွေရဲ့ ထွက်ပေါက်တခု လို့ထင်တယ်။ အခုက အခြားနည်းနဲ့ ထွက်ပေါက်ရှာကြတာပေါ့´´လို့ သူ့အမြင်ကို ပြောပါတယ်။ 
(Photos - Internet, Daylife Pictures)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.