Transparency Myanmar

transparency.myanmar@gmail.com

ရွေးကောက်ပွဲကော်မရှင် ၆ ဦးကို ပြန်လည်ရွေးချယ်ရန် ဦးသိန်းစိန် အဆိုပြု

ဖေဖေါ်ဝါရီလ ၂၄


 နေပြည်တော်တွင် ပြုလုပ်လျက်ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၏ ၁၂ ရက်နေ့မြောက်ဖြစ်သော ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၆ ဦး၏အမည်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တင်သွင်းခဲ့ကြောင်း သိရသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးသာဦး၊ ဦးဝင်းကြည်၊ ဦးညွန့်တင်တို့ကို ပြန်လည်ရွေးချယ်ရန် ဦးသိန်းစိန်က အဆိုပြုခြင်းဖြစ်ကြောင်း သိရသည်။

အသစ်ပေါ်ထွက်လာမည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ရွေးချယ်ပြီး ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစောဘလှိုင်၊ ဒေါက်တာဘမောင်၊ ဒေါက်တာစိုင်းခမ်းလှိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဒေါက် တာမောင်ထူး၊ ဦးသာဌေးတို့ ပြန်မပါကြတော့ကြောင်း တွေ့ရှိရသည်။

အစိုးရသစ်ဖွဲ့ရန် ပြည်ထောင်စု ဝန်ကြီး ၃ဝ ဦး၊ ဝန်ကြီးဌာန ၃၄ ခု၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု တရား သူကြီးချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံ အခြေ ခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အရေအတွက်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနှင့် အဖွဲ့ဝင်များ ကြေညာပြီးဖြစ်သည်။

သို့သော် လက်ကိုင်ဝန်ကြီးဌာနများတွဲ၍ မကြေညာနိုင်သေးသည့်ပြင် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သမ္မတ အကြံပေးအဖွဲ့၊ သမ္မတပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေး ကော်မရှင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့ကို ထုတ်ပြန်ကြေညာရန် ကျန်ရှိနေသေးသည်ကို တွေ့ရှိရသည်။

-----------------------------------------------------------------------------------------------------------------------------------

သတင်းသမားတွေကို စစ်ဆေးပြီး သတင်းယူခွင့်ပေးသင့်တယ်


၂၀၁၀ ရွေးကောက်ပွဲအပြီး၌ လွှတ်တော်အသီးသီးပေါ်ပေါက်လာခဲ့သည်ဖြစ်ရာ ထိုလွှတ်တော်အတွင်း စည်းဝေးတိုင်ပင်မှုများကို သတင်းသမားများ၊ ဂျာနယ်လစ်များမှ သတင်းယူခွင့်မရှိသည့် ကိစ္စရပ်နှင့်ပတ်သတ်၍ ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော်တတ်ရောက်လျှက်ရှိသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးဖုန်းမြင့်အောင်က ပြောကြားခဲ့သည်။

လွှတ်တော်အစည်းအဝေးစတင် တက်ရသည့်အတွေ့အကြုံနှင့် ပတ်သတ်၍မေးမြန်းရာ၌ ဦးဖုန်းမြင့်အောင်မှ မိမိသည် လွှတ်တော်တတ်ရသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်ကြောင်း၊ လွှတ်တော်နိုင်ငံရေးမှာ နှစ်ငါးဆယ် အဆက်အသွယ်ပျက်နေသည့်အတွက် လွှတ်တော်စတင်တတ်ရောက်သည့်အချိန်၌ အနည်းငယ် စိတ်လှုပ်ရှားမှု ရှိကြောင်း၊ လွှတ်တော်၌ မဲခွဲသည့်အခါ၌ သူ့လူ ကိုယ့်လူ ခွဲခြား၍ မဲပေးသည့်အတွက် မဲရှုံးနိမ့်မှုများရှိခဲ့ကြောင်းပြောကြားခဲ့သည်။

           လွှတ်တော်အတွင်း သတင်းယူခွင့်မရှိသည့်ကိစ္စရပ်နှင့်ပတ်သတ်၍ ပြောကြားရာ၌ သတင်းသမားများ သတင်းယူခွင့်မရရှိသည့်အတွက် မိမိတို့မှာသာ အာပေါက်မတတ်သတင်းပေးဖြေရှင်းနေရကြောင်း၊ သတင်းသမားများကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးထားပါက မိမိတို့သက်သာမည်ဖြစ်ကြောင်း၊ ထိုသို့ သတင်းယူခွင့် ရရှိရန် မိမိတို့မှ လွှတ်တော်အတွင်း၌ အဆိုပြုတင်သွင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ကာ၌လည်း သတင်းသမားများကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးထားသည့်အတွက် မိမိတို့နိုင်ငံ၌လည်း သတင်းယူခွင့်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးအရ စစ်ဆေးရမည့်ကိစ္စရပ်များကို စစ်ဆေး၍ မီဒီယာ လွတ်လပ်စွာသတင်း ယူခွင့် ပြုရမည်ဖြစ်ကြောင်း၊ ပြည်သူများအမြင် မှားယွင်းမှုမရှိစေရန် မီဒီယာများကသာ လမ်းပြနိုင်မည်ဖြစ်သည့်အတွက် မီဒီယာများအားသတင်းယူခွင့်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးဖုန်းမြင့်အောင်မှ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment