Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၄.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာအပေါ် ပိတ်ဆို့အရေးယူသည့် မူဝါဒ အီးယူအမှန်တကယ်ပြုပြင်ပြီလော

(Asia Correspondent မှဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည် ပြင်ဆင်သတ်မှတ်ရန် ဥရောပသမဂ္ဂ (အီးယူ)၏ ဆုံးဖြတ်ချက်ကို ကြည့်လျှင် အီးယူသည် ၎င်း၏ မူဝါဒများ အားနည်းချက်ရှိပြီး အကျိုး သက်ရောက်မှု မရှိဟူသော အချက်ကို အချိန်လင့်ကာမှ နားလည် သဘောပေါက်ကြောင်း ထုတ်ဖော် ပြသရာ ရောက်သည်။ သို့သော် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အဆိုပါ ပိတ်ဆို့ အရေးယူမှု မူဝါဒများအား မည်သို့ ကောင်းမွန်အောင် ပြုလုပ်မည် ဟူသော အချက်မှာ များစွာ မေးခွန်းထုတ်စရာ ကောင်းနေသည်။

အီးယူက ဧပြီလ တတိယပတ်အတွင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာရာတွင် ဘဏ်ငွေစာရင်းများ ပိတ်ပင်မှုကို ဆိုင်းငံ့ပေးမည် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် အစိုးရ ကက်ဘိနက် အဖွဲ့ဝင်အချို့အပေါ် ခရီးသွားလာခွင့် ဗီဇာပိတ်ပင်မှုကိုလည်း ဖယ်ရှားပေးမည် ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။ ဥရောပသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဟောင်းနှင့် စစ်ဘက်အရာရှိဟောင်း ဖြစ်ဖူးသူ ဝဏ္ဏမောင်လွင်ကို မရှိမဖြစ် လိုအပ်သော ဆွေးနွေးညှိနှိုင်းသူ တစ်ဦးအဖြစ် ထည့်သွင်းစဉ်းစားထားကြောင်း ကြေညာချက်က ဆိုသည်။ အဆိုပါဖြစ်ရပ်သည် မြန်မာထိပ်ပိုင်း ခေါင်းဆောင်များနှင့် အရာရှိကြီးများအား အထီးကျန်ဖြစ်စေရန် ကြိုးပမ်းခဲ့သော အီးယူအတွက် အပြောင်းအလဲကြီး တစ်ခု ဖြစ်သည်။

ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံတွင်း အုပ်ချုပ်မှုစနစ်ကောင်းမွန်လာမှုနှင့် တိုးတက်ဖြစ်ထွန်းမှု တို့အပေါ် အီးယူအဖွဲ့၏ အားပေး အားမြှောက်ပြုမှု ဖြစ်သလို တုံ့ပြန်မှုတစ်ခုလည်း ဖြစ်သည်ဟု ထပ်လောင်းဖော်ပြသည်။ မြန်မာနိုင်ငံတွင် မကြာသေးခင် လပိုင်းမျှက အရပ်ဘက် ခေါင်းဆောင် စရိုက်လက္ခဏာများ ပါဝင်သည့် အစိုးရသစ် တစ်ရပ် ထွက်ပေါ်လာသည်။ ယခုကိစ္စသည် မြန်မာနိုင်ငံအပေါ် ထားရှိသော သီးခြား အထီးကျန် ဖြစ်ရေးမူဝါဒ အားနည်းချက်လော၊ သို့တည်းမဟုတ် စိတ်သဘောထား ကြီးယောင်ဆောင်မှု တစ်ရပ်လော ဟူသည့် သံသယဖြစ်စရာ အနည်းငယ်ရှိနေ သည်။ အီးယူအဖွဲ့ဝင် ဝန်ကြီးများသည် ၎င်းတို့နှင့် အဆင့်တူ မြန်မာအစိုးရ ဝန်ကြီးများအပေါ် အထင်သေးခြင်း၊ အရေးမစိုက် လုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ခရီးသွားလာမှုများ ကန့်သတ် ပိတ်ပင်ခြင်းနှင့် အဖိုးတန်သော ငွေကြေး ပိုင်ဆိုင်မှုများကိုလည်း တရားမဝင် ဖြစ်အောင် ပြုလုပ်ခဲ့သည်။ သို့တိုင်အောင် တစ်ဖက်တွင် ကံထူးသော ကုမ္ပဏီများစွာမှာ မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီး ဒေါ်လာဘီလျံ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခွင့် ရရှိခဲ့ကြသည်ကို တွေ့ရသည်။ (ဥပမာ ပြရလျှင် ပြင်သစ်ရေနံကုမ္ပဏီ Total ဖြစ်သည်) အစောပိုင်းကာလတွင် အီးယူက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို ပိုမို ထိထိရောက်ရောက် ဖြစ်အောင်ပြုလုပ်ရန် ပြန်လည် စဉ်းစားလျက် ရှိသည် ဟူသော အရိပ်ပြမှုများကို ကြိုဆိုခဲ့ကြသည်။ လေ့လာသုံးသပ်သူများက ဘဏ္ဍာရေး ဖိအားပေးမှုများဖြင့် စစ်အစိုးရကို အမှန်တကယ် ထိခိုက်မှုဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။

အမှန်တွင် ယခု ဆုံးဖြတ်ချက်သည် နှစ်ဖက်စလုံးမှ အစိုးရ အရာရှိကြီးများအပေါ် တင်းကျပ်သော ကန့်သတ်မှုများ စုစည်းလုပ်ဆောင်မှု တစ်ရပ် ဖြစ်နိုင်ဖွယ်ရှိသည်။ မြန်မာနိုင်ငံထဲမှ ငွေကြေးများ မတရားရယူရန် ကြိုးပမ်းမှုများနှင့် အီးယူ၏ ပိတ်ဆို့ အရေးယူရေး ဦးတည်ချက်များကို တန်ပြန် လုပ်ဆောင်နေသည့် ဥရောပကုမ္ပဏီများကို ထိန်းချုပ်ရန် ကြိုးပမ်းမှုလည်း ဖြစ်နိုင်သည်။ သို့သော် ယခုကိစ္စကို ကြည့်လျှင် အပြောင်းအလဲကို အာသီသ ရှိသော အီးယူ ဝန်ကြီးများက မြန်မာနိုင်ငံတွင် အမှန်တကယ် အရပ်ဘက် အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးနေပါပြီ ဟူသော သမ္မတသစ် ဦးသိန်းစိန်၏ အခိုင်အမာ အဆိုပြုချက်ကို လက်ခံလိုက်ရာ ရောက်သည်။ သို့အတွက်ကြောင့် အီးယူအနေဖြင့် အသစ် သတ်မှတ်ပြဌာန်းမည့် မူဝါဒများတွင် အစစ်အမှန် ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်သင့်သည်။ အပေါ်ယံ သက်သက် ပြင်ဆင် မွမ်းမံမှုမျိုး မဖြစ်သင့်ပေ။

*************************************************************************************************************************

တွေ့ဆုံဆွေးနွေးရန်နှင့် လူ့အခွင့်အရေး တိုးတက်အောင်ပြုလုပ်ရန် မြန်မာကို အမေရိကန်တိုက်တွန်း

(Isreal News မှ 26 April 2011 ရက်စွဲပါ “Myanmar urged to deal with US improve rights” သတင်းကို ဘာသာ ပြန်ဆိုသည်)

တပ်မတော် လွှမ်းမိုးထားသော မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ၏ လက်သင့်ခံမှုကို ဦးတည် ကြိုးပမ်းမှုအဖြစ် “ဆွေးနွေးပွဲများ ပြုလုပ်ရေး အတွက် အမေရိကန်၏ ကမ်းလှမ်းမှုကို  လိုလိုလားလား လက်ခံဆောင်ရွက်ရန်နှင့် လူ့အခွင့်အရေး အခြေအနေတိုးတက်အောင် ဆောင်ရွက်ရန်” အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်သည်။

“လွန်ခဲ့သော ၁၈ လအတွင်း မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ဝါရှင်တန်၏ ကြိုးပမ်းမှုများ မအောင်မြင်ခဲ့” ဟု အရှေ့အာရှဆိုင်ရာ အမေ ရိကန် ထိပ်တန်းသံတမန်၊ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ထုတ်ဖော် ပြောဆိုခဲ့သည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးခဲ့သော်လည်း တိုင်းရင်းသား လူမျိုးစုများကို ညှဉ်းပမ်းနှိပ်စက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားမှုနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု မရှိခြင်းတို့က အမေရိကန်ပြည်ထောင်စုကို ဒုက္ခပေးနေဆဲ ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ လတ်တလော သွားရောက်ခဲ့သည့် အမေရိကန်တာဝန်ရှိသူ Joseph Yun က “မြန်မာ အာဏာပိုင်များသည် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးခြင်းမှ ၎င်းတို့ ဘာမှမရနိုင်ဟု အတွေး မှားနေကြသည်” ဟုပြောကြားခဲ့သည်။ “ဒီကိစ္စမှ တစုံတရာ ရှိလာမှာပါ ဆိုတာကို မြန်မာအစိုးရကို တိုက်တွန်း ပြောကြားမှာပါ၊ နောက်ဆုံးမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့လာ ပူးပေါင်းရမှာပါ” ဟု Yun က ဆိုသည်။

မြန်မာစစ်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရကာ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လိုလားထောက်ခံသူ တစ်ဦး ဖြစ်လာသည့် ဦးမျိုးမြင့်၏ ဘဝ ဇာတ်ကြောင်းကို မှတ်တမ်းတင် ရိုက်ကူးထားသော “Burma Soldier” ရုပ်ရှင်အစမ်း ပြသသည့်ပွဲတွင် အထက်ပါ တာဝန် ရှိသူ နှစ်ဦးစလုံးက ပြောကြား ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာအစိုးရအပေါ် sanctions များ ချမှတ် အရေးယူထားရင်း ဒိုင်ယာလော့ ဆွေးနွေးရန် ကမ်းလှမ်းလျက် ရှိသည့် “လမ်းကြောင်းနှစ်ခု မူဝါဒ” ကို တွန်းအားပေးရန်အတွက် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးကို ယခုလတွင် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အမေရိကန်က မြန်မာနိုင်ငံ အရေးတွင် နိုင်ငံတကာ ဘဘောတူ ပူးပေါင်းမှုကို တည်ဆောက်ရန် ဆန္ဒရှိနေသော်လည်း ဝါရှင်တန်၏ သဘော ထားမှာ မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေသော အာဆီယံအဖွဲ့နှင့် သဘောထား ကွဲလွဲနေဆဲဖြစ်သည်။ တပ်မတော်က လွှမ်းမိုးထားဆဲ ဖြစ်သော်လည်း အရပ်သားဟု ဆိုနိုင်သည့် အစိုးရသစ်ကို ပေါ်ပေါက်စေသော ရွေးကောက်ပွဲများကို နိုဝင်ဘာလက ကျင်းပခဲ့ပြီးနောက်တွင် sanctions များ ရုတ်သိမ်း ပေးရန် အတွက် အာဆီယံအဖွဲ့က တောင်းဆိုထားသည်။

အမေရိကန်ကမူ ပထမဦးစွာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်ကို လွှတ်ပေးစေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အခန်းကဏ္ဍကို ခွင့်ပြုစေရန် အတွက် မြန်မာနိုင်ငံကို စောင့်ကြည့် နေသည်ဟု ပြောကြားထားသည်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရန် ကိစ္စအပေါ် အာဆီယံအတွင်း ထောက်ခံမှု ကြီးထွားလာသည် ဟုလည်းYun က ဆိုသည်။ “အာဆီယံက သူတို့ကြားထဲမှ  ဖြစ်ပျက်နေတဲ့ ကိစ္စဟာ နိုင်ငံတစ်ခုတည်းရဲ့ ကိစ္စသက်သက် မဟုတ်တော့ဘူးဆိုတာကို ကောင်းကောင်းကြီး အသိအမှတ်ပြု ဝန်ခံနေပါပြီ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

၎င်းက ဆက်လက်၍ “လူ့အခွင့်အရေး လိုအပ်ချက်အပေါ် အမေရိကန်၏ ခိုင်ခိုင်မာမာ ရပ်တည်မှုကို အိန္ဒိယနှင့် တရုတ်က သဘာပေါက်မှု အားနည်းသည်” ဟု ပြောကြားခဲ့သည်။ အဆိုပါ မြန်မာအိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်ကာ တပ်မတော်နှင့် ခိုင်မာသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်း ထားကြသူများ ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ အကဲဖြတ်ရမယ်ဆိုရင် သူတို့ရဲ့ မဟာဗျူဟာမြောက် စဉ်းစားယူဆမှုတွေ ပထမဆုံး လာပါလိမ့်မယ်၊ ပြီးရင်တော့ တခြား ကိစ္စတွေပေါ့၊ အဲဒီမှာ လူ့အခွင့်အရေးကိစ္စ ပါဝင်လာမှာပါ” ဟု Yun က ပြောကြားသည်။

************************************************************************************************************************************

မြန်မာနိုင်ငံ လမ်းဆုံလမ်းခွသို့ ရောက်နေပြီလော

(24 April 2011 ရက်စွဲပါ opednews.com မှ Brian McAfee ရေးသားသော Is Myanmar at a crossroad ကို ဘာသာ ပြန်သည်)

ယခုအချိန် အထိ ၂၀၁၁ သည် မြန်မာနိုင်ငံအတွက် အဖြစ်အပျက်များ များပြားသော နှစ်အဖြစ် သက်သေပြလျက် ရှိသည်။ ဒေါ်အောင်ဆန်း စုကြည် အပေါ် ကန့်သတ်ထားမှုများကို အနည်းငယ် ဖြေလျော့ပေးခြင်း၊ မတ်လ (၂၄)ရက်နေ့က ၇.၀ magnitude ရှိ မြေငလျင် ရှမ်းပြည်နယ်တွင် လှုပ်ခတ်ခြင်း၊ ယခုတဖန် အမေရိကန်က အာရှနှင့် ပစိဖိတ် ကာကွယ်ရေးဆိုင်ရာ ဒုလက်ထောက် အတွင်းဝန် Derck Mitchell အား မြန်မာနိုင်ငံအတွက် အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ် တာဝန်ပေးခဲ့ခြင်း စသည့် အဖြစ်အပျက်များ ဖြစ်ခဲ့သည်။ ပွင့်ပွင့်လင်းလင်း မေးလိုသည်မှာ မြန်မာနိုင်ငံတွင် Derek Mitchell ၏ ကဏ္ဍ မည်သို့ ရှိမည်နည်း ဆိုသည်ပင် ဖြစ်သည်။

ထုတ်ပြန်ခဲ့ပြီးသော သတင်းများကို အခြေခံ၍ ယေဘုယျ ပြောရလျှင် လွန်ခဲ့သည့်နှစ်(၂၀) စစ်အာဏာရှင် စနစ်သည် အမေရိကန်၊ ဥရောပတို့မှ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ကျောက်မျက် ကုမ္ပဏီများနှင့် နီးကပ်သော ဆက်ဆံရေးများ ရှိခဲ့သည်။ အဆိုပါ ကုမ္ပဏီများသည် မြန်မာနိုင်ငံမှ ဘီလီယံနှင့် ချီသော အကျိုးအမြတ်များ ရယူခဲ့ပြီး၊ စစ်အစိုးရအား ထောင်တက်သွားစေခဲ့သည်။ လွတ်လပ်မှု အနည်းငယ်သာ ရပြီး၊ တိုင်းပြည်မှာ ဆင်းရဲတွင်း နက်ခဲ့ သည်။ သုံးပုံတစ်ပုံသော မြန်မာ ကလေးငယ်များသည် အာဟာရ မပြည့်ဝခြင်းကို ခံစားနေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အဆိုအရ သိရှိရသည်။

မြန်မာစစ်အစိုးရနှင့် ဆက်ဆံပြီး အကျိုးအမြတ် ရယူနေကြသော အနောက်နိုင်ငံ ကုမ္ပဏီများမှာ အမေရိကန်၏ Chevron နှင့် ပြင်သစ်၏ Total ကုမ္ပဏီများ အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟု စွပ်စွဲခံနေရသော မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပိုက်လိုင်း ဆက်သွယ်ရေးတွင် စွန့်စွန့် စားစား ရင်းနှီးမြှုပ်နှံနေသော နော်ဝေ နိုင်ငံပိုင်ရေနံနှင့် ဓါတ်ငွေ့ကုမ္ပဏီတို့ ဖြစ်ကြသည်။ အဆိုပါ ကဏ္ဍအပြင် အမြတ်အစွန်းကြီးသော ကျောက်မျက် ဈေးကွက်မှာလည်း အနောက်နိုင်ငံတွင် ကြီးမားသော ကုန်သွယ်မှုတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့ပတ္တမြား၏ ၄၀% ရှိသည်ဟု သတင်းများက ဆိုခဲ့ပြီး၊ ကျောက်စိမ်းများလည်း ရှိသည်ဟု ဆိုသည်။ အဆိုပါ သဘာဝ အရင်းအမြစ်များသည် သဘာဝဓါတ်ငွေ့က အစိုးရကို ချမ်းသာစေပြီး၊ ပုဂ္ဂလိက အကျိုးစီးပွားများကို တိုးတက်စေသကဲ့သို့ ဒေါ်လာ ဘီလျံနှင့် ချီ၍ တန်ဖိုးရှိသော်လည်း တိုင်းပြည်အား ဆင်းရဲတွင်းမှ ဆွဲတင်အောင် ဘာမျှ လုပ်မပေး နိုင်ပေ။ အဆိုပါ ဝင်ငွေများကို လူဦးရေ(၅၄)သန်းရှိ မြန်မာပြည်သူများ အတွက် ကျောင်းများ ဆောက်ပေးခြင်း၊ လမ်းများ ဖောက်ပေးခြင်း၊ ဆေးရုံများ ဆောက်ပေးခြင်းဖြင့် အကျိုးရှိသော အသုံးပြုမှုများတွင် သုံးစွဲလျှင် ပို၍ကောင်းမည် ဖြစ်သည်။

သို့ဆိုလျှင် အမေရိကန်၏ အထူး ကိုယ်စားလှယ်အသစ် Derek Mitchell သည် မြန်မာနိုင်ငံကို မည်သည့် လမ်းကြောင်းဖြင့် ဆက်ဆံ အားပေး မည်နည်းဟု မေးရပေလိမ့်မည်။

********************************************************************************************************************************

ရေနံနှင့် ဓါတ်ငွေ့ရှာဖွေရေး လုပ်ငန်းအတွက် နိုင်ငံခြားကုမ္ပဏီများနှင့် လက်မှတ်ထိုးရန် မြန်မာပြင်ဆင်ဟု နိုင်ငံပိုင် မီဒီယာများဆို

(23 April 2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar set to sign contracts with foreign firms for oil and gas axploration, atate media say ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံပိုင် ရေနံလုပ်ငန်းသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရေးအတွက် တရုတ်၊ စင်္ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများမှ ကုမ္ပဏီ များနှင့် စာချုပ် ချုပ်ဆိုရန် ပြင်ဆင်လျက် ရှိကြောင်း နိုင်ငံပိုင် မီဒီယာများက စနေနေ့က သတင်း ထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အထူး စီမံကိန်းများ အကောင်အထည် ဖော်ရေး အထူး အစည်းအဝေးတွင် အထက်ပါအတိုင်း ဖော်ပြ ခဲ့ခြင်းအား နိုင်ငံပိုင် New Light of Myanmar က သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သတင်းတွင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက မြန်မာနိုင်ငံ သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းသည် ကုန်းတွင်းရေနံနှင့် ဓါတ်ငွေ့ရှာဖွေရေး အတွက် တရုတ်နိုင်ငံ၏ North Petro-Chem Corporation နှင့် စာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုနည်းတူစွာပင် မြန်မာအစိုးရသည် ရခိုင်ပြည်နယ်နှင့် တနသာင်္ရီတိုင်းတွင် ကမ်းလွန်ရေနံနှင့် ဓါတ်ငွေ့ ရှာဖွေရေး အတွက် Korea-Myanmar Development Co.Ltd နှင့်  စင်္ကာပူ၏ Brilliant Oil Corporation Pte Ltd တို့ဖြင့် သဘောတူ စာချုပ် လက်မှတ် ရေးထိုးမည်ဟု ဆိုသည်။

ကရင်ပြည်နယ်တွင် (shale) ရှာဖွေရေးအတွက် စင်္ကာပူနိုင်ငံ၏ SNOG Pte. Ltd နှင့် UPR Pte.Ltd တို့ဖြင့် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

သို့သော် ကန်ထရိုက်များ မည်သည့် အချိန် လက်မှတ် ရေးထိုး၍ မည်သည့်အချိန်တွင် လုပ်ငန်းများ စတင်မည် ဆိုသည်ကို သတင်းများက ဖော်ပြခြင်း မရှိပေ။ သဘာဝဓါတ်ငွေ့သည် မြန်မာနိုင်ငံတွင် ဝင်ငွေ အများဆုံးရသော ပို့ကုန်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ကြီးမားသော ဓါတ်ငွေ့ သိုက်ကြီး ရှိပြီး၊ ကုန်းတွင်း ရေနံနှင့် ဓါတ်ငွေ့ ရှာဖွေရေးတွင် ပြည်တွင်း ပြည်ပကုမ္ပဏီ (၄၉) ခုသည် လည်းကောင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရေးတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ (၂၆)ခုသည် လည်းကောင်း အသီးသီး ရှာဖွေလျက်ရှိကြသည်။

မြန်မာနိုင်ငံသည် မုတ္တမ ပင်လယ်ကွေ့ရှိ အဓိက သဘာဝဓါတ်ငွေ့ အကွက်နှစ်ခုမှ သဘာဝ ဓါတ်ငွေ့များကို တင်ပို့ရာ၊ အိမ်နီးချင်း ထိုင်းနိုင်ငံ သည် မူလပင်ရင်း ဈေးကွက်ဖြစ်သည်။ China National Petroleum Corp သည် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ၇၇၁ ကီလိုမီတာ (၄၈၁ မိုင်) ရှည်သော ပိုက်လိုင်း တည်ဆောက်လျက် ရှိသည်။

ယခု လက်မှတ် ရေးထိုးမည့် စာချုပ်များသည် ပြီးခဲ့သည့်လက စတင်ခဲ့သည့် အရပ်သား အစိုးရ လက်ထက် နိုင်ငံခြား ကုမ္ပဏီဖြင့် ပထမဆုံး လက်မှတ် ရေးထိုးခြင်း ဖြစ်သည်။

လက်ရှိ အစိုးရတွင် စစ်တပ် အရာရှိဟောင်းများနှင့် မဟာမိတ်များကသာ လွှမ်းမိုးလျက်ရှိပြီး၊ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲသည် စစ်တပ်က အာဏာ ဆုပ်ကိုင်ထားရေးအတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

အစိုးရကမူ ရွေးကောက်ပွဲများသည် ဒီမိုကရေစီသို့ လမ်းညွှန်မြေပုံ၏ အစိတ်အပိုင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ တိုင်းပြည်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင်း ချမှတ်ထားသော အနောက်နိုင်ငံများ၏ အရေးယူမှုများကို ရုတ်သိမ်းသွားစေရန် ရည်ရွယ်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုကမူ sanction များကို ရုတ်သိမ်းရန် စောသေးသည်ဟု ဆိုသည်။

**********************************************************************************************************************************

ဆည်တမံ စီမံကိန်းများအပေါ် ထောက်ပံ့ပေးမှုကြောင့် လူမှုမငြိမ်သက်မှုများနှင့် တရုတ် ရင်ဆိုင်ရဖွယ်

(Reuters သတင်းကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာတစ်ဝန်း အငြင်းပွားစရာ ဆည်တမံ ဆောက်လုပ်ရေး အစီအစဉ်များအပေါ် တရုတ်နိုင်ငံက အထောက်အပံ့ပြုမှုများသည် ပွင့်လင်းမြင်သာမှု နည်းပါးခြင်း၊ ဒေသခံ ပြည်သူများအပေါ် မသိကျိုးနွံပြုခြင်းတို့ကြောင့် အများပြည်သူ၏ အဆိုးမြင် ဆန့်ကျင်တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြောကြားသည်။

အာဖရိကနှင့် အာရှဒေသတွင် တည်ဆောက်လျက် ရှိသော ဆည်တမံစီမံကိန်းများတွင် တရုတ်ကုမ္ပဏီများနှင့် ဘဏ်များ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်လျက် ရှိကြောင်း၊ ၎င်းတို့သည် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့ ပိုရှိလာကြသည်ဟု ယူဆရသည့်တိုင် လက်တွေ့ကျကျ လုပ်ကိုင် ဆောင်ရွက် ပေးမှုတို့ နည်းပါးနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဆိုသည်။

"ကုမ္ပဏီ တော်တော်များများရဲ့ ညှာတာ ထောက်ထားမှု ကင်းမဲ့တဲ့ အပြုအမူတွေကို တွေ့ရတော့ ကျွန်တော်တို့အနေနဲ့ အတော့်ကို တုန်လှုပ် ခြောက်ခြားမိပါတယ်" ဟု ကယ်လီဖိုးနီးယား ပြည်နယ်အခြေစိုက် International Rivers အဖွဲ့မှ Peter Bosshard က တရုတ်ပြည် နိုင်ငံခြား သတင်း ထောက်များ ကလပ်၌ ပြောကြားသည်။  "အခုအထိ အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိတာမျိုး နည်းပါးနေပါသေးတယ်။ လုပ်ငန်းကိစ္စနဲ့ ပတ်သက်ပြီး အရပ် ဘက် လူ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ညှိနှိုင်းမှု ပြုလုပ်တာမျိုးလည်း နည်းနေပါသေးတယ်" ဟု ၎င်းက ဆိုသည်။

ရေမြေရပ်ခြား နိုင်ငံခြားတွင် စီမံကိန်းကြီးများ အကောင်အထည်ဖော် လုပ်ကိုင်လျက် ရှိသော တရုတ်ကုမ္ပဏီကြီးများ အနေဖြင့် အဆိုပါနိုင်ငံ၏ သက်ဆိုင်ရာ အမျိုးသားဥပဒေများကို လိုက်နာရမည် ဖြစ်ပြီး အဆိုပါဒေသမှ ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အလေးထားရမည် ဖြစ်သည် ဟု Peter Bosshard ကပြောသည်။

တရုတ် ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်လျက် ရှိသော စီမံကိန်းများတွင် ပါဝင် တည်ဆောက်ပေးလျက် ရှိသည်၊ သို့မဟုတ် စီမံကိန်းများကို ငွေကြေး ထောက်ပံ့ပေးနေသည် ဟုလည်း ၎င်းကဆိုသည်။ "တကယ်လို့သာ အခုလို အင်မတန်ကြီးမားတဲ့ အခြေခံ အဆောက် အအုံ စီမံကိန်းကြီးတွေ လုပ်သွားမယ်ဆိုရင် မြန်မာစစ်တပ်က ကျေးရွာတွေကို ဝင်ရောက် သိမ်းပိုက်မှာဖြစ်ပါတယ်၊ အဲဒီ စီမံကိန်းကြီးတွေကြောင့် ဒေသခံ ပြည်သူတွေ စိတ်ဒုက္ခ ရောက်နေကြတယ် ဆိုတဲ့ အချက်ကတော့ မေးဖို့တောင် မလိုပါဘူး။ ဒေသခံ ပြည်သူတွေက အဲဒီ စီမံကိန်းကြီးတွေကို စစ်အုပ်ချုပ် ရေး တိုးချဲ့မှုတစ်ခု အဖြစ် ရှုမြင်ကြပါတယ်။ အဲဒါကြောင့် အခုလို ဖြစ်ရပ်တွေက အင်မတန် ဆိုးရွားတဲ့ ပဋိပက္ခကြီးတွေ ဖြစ်ပေါ်တဲ့အထိ ဖြစ်သွားနိုင် ပါတယ်" ဟုလည်း ဆက်လက် ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်တွင်း တရုတ်ကုမ္ပဏီများ ပူးပေါင်း တည်ဆောက်လျက် ရှိသော ဆည်တမံ စီမံကိန်းတစ်ခု၌ ဗုံးများ ဆက်တိုက် ဖောက်ခွဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ အိမ်နီးချင်း လာအိုနိုင်ငံတွင်လည်း မဲခေါင်မြစ်ကို ကန့်လန့်ဖြတ်လျက် တည်ဆောက်မည့် ပထမဆုံး ဆည်တမံ စီမံကိန်းကြီးကြောင့် မြစ်ကြောင်း ပြောင်းလဲစီးဆင်းမှုများ ဖြစ်ပေါ်ပြီး ဒေသခံများ အသက်မွေးဝမ်းကျောင်း ထိခိုက်ရမည်ကို သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး သမားများက စိုးရိမ်လျက်ရှိသည်။ ထိုစီမံကိန်းကြောင့် မဲခေါင်မြစ်တွင်းရှိ ဒေသမျိုးရင်း ငါးများ ထိခိုက်ပျက်စီးခြင်း၊ လယ်ယာ စိုက်ပျိုး မြေများ ထိခိုက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားသည်။ ငွေကြေး အမေရိကန် ၃ ဒဿမ ၅ ဘီလီယံ ဒေါ်လာ ကုန်ကျမည့် Xayaburi ဆည်တမံမှာ ထိုင်းနိုင်ငံ ဦးဆောင် အကောင်အထည် ဖော်သည့် စီမံကိန်း ဖြစ်ကြောင်း၊ များမကြာမီ ကာလတွင်ပင် တရုတ်နိုင်ငံက Paklay ဆည်တမံကို အကောင် အထည်ဖော် တည်ဆောက်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း Peter Bosshard က ဆိုသည်။ "တကယ်လို့ အဲဒီ စီမံကိန်းကြီးတွေကို အမှန်တကယ် စတင် အကောင်အထည် ဖော်ပြီဆိုရင် စိုးရိမ်စရာ ကောင်းတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်" ဟု ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်လျက် ရှိသော ဆည်တမံ စီမံကိန်းကြီးများသည် မတည် မငြိမ်မှုများ ဖြစ်ပေါ်ရန် ခြိမ်းခြောက်မှု တစ်ခုထက်ပင် ပိုသည်။ ကင်ညာနိုင်ငံ အခြေစိုက် Friend of Lake Turkana အဖွဲ့မှ ဒါရိုက်တာ Ikal Angelei က ဆည်တမံ တည်ဆောက်မှု စီမံကိန်းများကြောင့် မိုးခေါင် ပြီး ခြောက်သွေ့သော ဒေသများတွင် ရေနှင့်ပတ်သက်သော တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။ Friend of Lake Turkana သည် အီသီရိုးပီးယား နိုင်ငံတွင်း၊ မြစ်အထက်ပိုင်း၌ တရုတ်နိုင်ငံ၏ ငွေကြေး တစ်စိတ်တစ်ပိုင်း ထောက်ပံ့မှုဖြင့် တည်ဆောက်နေသော စီမံကိန်း ရပ်တန့် သွားအောင် ကြိုးပမ်းနေသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခု ဖြစ်သည်။

"ကျွန်မတို့ ကျေးလက်ဒေသက လူ့အဖွဲ့အစည်းက အရင်းအမြစ်တွေ ရရှိဖို့ အဆက်မပြတ် ကြိုးပမ်း ရုန်းကန် နေခဲ့ကြရတာပါ။ ရာသီဥတု ပြောင်း လဲမှုကြောင့် တဖြည်းဖြည်း ပျောက်ဆုံးနေတဲ့ အရင်းအမြစ်တွေ အပေါ်ထပ်ပြီး ထိခိုက်မှုတွေ ရှိနေမယ်ဆိုရင် ပဋိပက္ခတွေ မလွဲမသွေ ဖြစ်ပေါ်လာပါ လိမ့်မယ်" ဟု သူမက ဆိုသည်။ "ဒီဘက်က ကျေးလက်ဒေသ အသိုင်းအဝိုင်း ဆိုတာက တခြားအစိုးရတွေထက် ပိုပြီး လက်နက်ကိုင်ကြတာ များတယ်။ သက်ကြီးပိုင်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေက တကယ်လို့ အခုလို ဖြစ်ရပ်တွေက တိုက်ပွဲဖြစ်ဖို့ သဘောမျိုးကို သက်ရောက်တယ်ဆိုရင် သူတို့ လက်နက်တွေ ယူပြီး တိုက်ဖို့ ဆန္ဒရှိတယ်လို့ ပြောနေကြပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ ဈေးကွက် တန်ဖိုးအရ ကမ္ဘာ့အကြီးဆုံး အဆင့် ရှိသော Industrial and Commercial Bank of China သည် China Exim Bank နှင့်ပူးပေါင်းပြီး နိုင်ငံခြားမှ ဆည်တမံများ တည်ဆောက်ရေး စီမံ ကိန်းများကို ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်။ Bank Track မှ Coordiantor ဖြစ်သူ Johan Frijns က ဆည်တမံ စီမံကိန်းများကို ငွေကြေး ထောက်ပံ့ပေးနေသော ဘဏ်များ အနေဖြင့် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများ ရှိသော စီမံကိန်းများကို ငွေချေးမှုများ မပြုလုပ် ရန် လိုအပ်သည်ဟု ဆိုသည်။

"တရုတ်ပြည်မကြီးမှာ ရှိတဲ့ ဘဏ်တွေက ရေရှည် တည်တံ့ရပ်တည်နိုင်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းနေကြတာကို ကျွန်တော်တို့ သိပါတယ်။ အဲဒီ တရုတ်ဘဏ်တွေ အနေနဲ့ အမေရိကန်နဲ့ ဥရောပက ဘဏ်တွေ ငွေချေးတဲ့ကိစ္စအပေါ် စံချိန်စံနှုန်းတွေ သတ်မှတ် လုပ်ကိုင်ကြတဲ့ အတိုင်း လိုက်ပါ လုပ်ဆောင်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်" ဟု ဆိုသည်။

မဲခေါင်မြစ်ဖျားပိုင်း၊ တရုတ်နိုင်ငံတွင်း တည်ဆောက်လျက် ရှိသော ဆည်တမံ စီမံကိန်းကြီး များကြောင့်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးသမားများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ တရုတ်နိုင်ငံသည် အဆိုပါ ရေလှောင်တမံများကို နိုင်ငံရေးအရ အသာစီးရရန် ကြိုးပမ်းလာ နိုင်သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားအချို့က စိုးရိမ်လျက် ရှိသည်။ ရေသိုလှောင် ထိန်းချုပ်မှုဖြင့် မြစ်အောက်ပိုင်းရှိ နိုင်ငံများအပေါ် နိုင်ငံရေး အရ အသာစီးရရန် ပြုလုပ်လာမည်ကို စိုးရိမ်ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က တရုတ်ပြည်သည် အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ တာဝန် ယူတတ်သော သဘောထားကို အမြဲပင်တစေ လက်ကိုင်ထားကြောင်း ပြောကြားသည်။ "မြစ်အောက်ပိုင်းက နိုင်ငံတွေအပေါ် ထိခိုက်နိုင်မယ့် ကိစ္စတွေကို ကျွန်တော်တို့ အမြဲတမ်း အလေးအနက် ထားပြီး စဉ်းစားခဲ့ကြပါတယ်" ဟု ဆိုသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment