Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၉.၄.၂၀၁၁

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေကို မြန်မာသမ္မတက အကြံပေးခန့်အပ်

(Associated Press မှ 28 April ရက်စွဲပါ “Myanmar leader enlists Suu Kyi friend as adviser” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ သမ္မတသစ်က အဖွဲ့ဝင် ၉ဦးပါ အကြံပေး အဖွဲ့သစ်ကို ခန့်အပ် တာဝန်ပေးခဲ့ရာတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နီးစပ်သော စီးပွားရေးပညာရှင် တစ်ဦး ပါဝင်သည်ဟု သိရှိရသည်။

စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ပြောကြားရာ၌ အဆိုပါ အဖွဲ့ကို နိုင်ငံပိုင် သတင်းမီဒီယာများတွင် တရားဝင် ဖော်ပြကြေညာခြင်း မရှိ သေးကြောင်းနှင့် စီးပွားရေး၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ စသော အကြံပေးအဖွဲ့ တစ်ခုစီ အတွက် အဖွဲ့ဝင် ၃ဦးစီ ပါဝင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ယခု သမ္မတဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီးဟောင်း တစ်ဦးဖြစ်ပြီး ယခင် တပ်မတော်အစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

တပ်မတော်၏ မျက်နှာသာပေးမှုဖြင့် မသမာမှုများ ပြုလုပ်ခဲ့သည်ဟု ဝေဖန်ဆန်းစစ်သူများက ကန့်ကွက်ထားကြသော ပြီးခဲ့သော နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိခဲ့သည့် တပ်မတော်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုလည်း ဦးသိန်းစိန်က ဦး ဆောင်လျက်ရှိသည်။

ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ အာရှ၊ ပစိဖိတ်ဆိုင်ရာ ဝါရင့် စီးပွားရေးပညာရှင် အဖြစ်မှ အနား ယူထားသော ဒေါက်တာ ဦးမြင့်သည် စီးပွားရေးရာများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးခဲ့သူဖြစ်သည်။

***********************************************************************************************************

တရုတ်၏ မြန်မာအပေါ် ဆက်ဆံရေး

(26th April 2011 ရက်စွဲပါ Epoch Times မှ James Bruke ရေးသားသော Beijing’s Burma Embrace ကို ဘာသာ ပြန်သည်။)

မြန်မာနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်း တစ်လျှောက်တွင် မြန်မာ စစ်တပ် အာဏာပိုင်များ၏ ပံ့ပိုးမှုဖြင့် သွားလာနေသော တရုတ်ဆွဲ သင်္ဘော အုပ်စုများကြောင့် ဒေသခံ ငါးဖမ်းသူများသည် ၎င်းတို့၏ ရိုးရာ ငါးဖမ်းနယ်မြေ များတွင် လုပ်ကိုင်ရန် အခက်ကြုံလျက် ရှိသည်။

သံတွဲရှိ ရခိုင် ငါးဖမ်းသမားများက ပြည်ပရောက် မြန်မာ မီဒီယာတစ်ခု ဖြစ်သော Narinjara သို့ ပြောကြားရာတွင် ထောင်ပေါင်းများစွာသော တရုတ်သင်္ဘောများသည် အောက်တိုဘာလတွင် စတင် ရောက်ရှိခဲ့ပြီး၊ မြန်မာ အာဏာပိုင်များ ကလည်း ဒေသခံ ငါးဖမ်းသူများ၏ ရပိုင်ခွင့်များကို ကန့် သတ်လာခဲ့သည်။ ပင်လယ်ပြင် သွားလာခွင့်ကို တရုတ်သင်္ဘော များနှင့် စစ်တပ်နှင့်ဆက်နွယ်သော ပြည်တွင်း ကုမ္ပဏီတစ်ခုအား ဦးစားပေးခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။

“အခုတော့ ကျွန်တော်တို့ ပင်လယ်ပြင်ကြီးက တရုတ်ပြည်ရဲ့ အစိတ်အပိုင်း တစ်ခုသဖွယ် ဖြစ်လာနေပါပြီ။ ဘယ်မှာကြည့်ကြည့် တရုတ်လှေတွေ ငါးဖမ်းနေတာ တွေ့ရမှာ ဖြစ်ပေမယ့်၊ ကျွန်တော်တို့ကတော့ ကိုယ့်ပိုင်နက်ထဲမှာ ငါးဖမ်းတာကို ကန့်သတ်ခံနေရပါတယ်” ဟု အမည်မဖော်လိုသူ ငါးဖမ်း သမား တစ်ဦးက Narinjara သို့ ပြောကြားခဲ့သည်။

ပြည်ပရောက် မြန်မာ မီဒီယာများကလည်း မြန်မာနိုင်ငံတွင် တရုတ်၏ စီးပွားရေးအရ နယ်ချဲ့မှုများ၊ နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုများကို ဖော်ထုတ် ရေးသားခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ယခုနှစ်ပိုင်းများ အတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လုပ်ငန်းရှင်များ ငွေအမြောက်အမြား ကိုင်၍ အလုံးအရင်းနှင့် ဝင်ရောက်လာလျက်ရှိရာ မြန်မာနိုင်ငံ၌ တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လာလျက် ရှိသည်။

“ဒီတရုတ်တွေက ရှေးအစဉ်အဆက် မြန်မာတွေနဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့ မြို့တွေ ဧရိယာတွေမှာ ငွေတွေ ကိုင်ပြီး ဝင်လာနေပါတယ်။ သူတို့ဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ငွေနဲ့ပေါက် ဝယ်နိုင်ပါတယ်” ဟု London School of Economics မှ မြန်မာပညာရှင် မောင်ဇာနည်က ပြော သည်။ မရေတွက်နိုင်သော တရုတ်နိုင်ငံပိုင် သယံဇာတ ထုတ်ယူရေး ကုမ္ပဏီများသည် ပတ်ဝန်းကျင်ဆိုင်ရာများ ပျက်ယွင်း စေခြင်းနှင့် ဒေသခံများကို ပြောင်းရွှေ့စေခြင်းများကြောင့် ဒေသခံ လူများမှာ တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်များ တိုးပွား လျက် ရှိသည်။

“ဒီကိစ္စတွေကြောင့် လူတွေဟာ မကျေနပ်စိတ် ဖြစ်ရုံမက၊ မြန်မာ့လူ့အသိုင်းအဝိုင်း အတွင်းမှာ နက်နက် ရှိုင်းရှိုင်းကို အမုန်းတွေ ပွားနေ ကြ ပါတယ်” ဟု မောင်ဇာနည်က ပြောသည်။

တရုတ် နိုင်ငံပိုင် ကုမ္ပဏီများ ပါဝင် လုပ်ဆောင်နေသော ကြီးမားသော စွမ်းအင် စီမံကိန်းများမှာလည်း နိုင်ငံ တကာနှင့် လူ့အခွင့်အရေး အုပ်စုများ ၏ ကန့်ကွက်မှုကို ခံရလျက် ရှိသည်။

Human Rights Watch မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း သုတေသနပြုသူ David Scott Mathieson က ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော တရုတ်၏ စွမ်းအင်ဆိုင်ရာ မူဝါဒသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိကြောင်း၊ ဧရာဝတီမြစ်မှ ရေအား လျှပ်စစ် လုပ်ငန်းများ၊ မြန်မာနိုင်ငံကို ဖြတ်၍ ဆောက်လုပ်သော ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းကြီးများတွင် ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ဆိုခဲ့သည်။

“ဒီလို အခြေခံ အဆောက်အဦ စီမံကိန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။ စစ်တပ်ကလည်း  အကာ အကွယ် ပေးခဲ့ပါတယ်။ ကချင်ပြည်နယ်က ရေကာတာ စီမံကိန်းမှာ တွေ့ခဲ့ရသလို အတင်း ပြောင်းရွှေ့ခိုင်းတာတွေ၊ စစ်တပ်ရဲ့ အတင်း လုပ်အားပေး စေခိုင်းတာတွေနဲ့ အခြား ချိုးဖောက်မှုတွေကို မလွှဲမရှောင်သာ လုပ်နေကြပါတယ်” ဟု Mathieson က ပြောသည်။

ဘေဂျင်း၏ ထောက်ခံမှု

ယခုလ အစောပိုင်းက တရုတ် ကွန်မြူနစ်ပါတီမှ အဓိက ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ Jia Qinglin သည် နေပြည်တော်သို့ လာရောက်ပြီး၊ ချေးငွေနှင့် ကြေးနီ တူးဖော်ရေး ကိစ္စများ အပါအဝင် အခြားကိစ္စများကို တရားဝင်အောင် လာရောက် ညှိနှိုင်းခဲ့သည်။ ဆွေးနွေးမှုများတွင် ကီလိုမီတာ ၂၂၀၀ (၁၃၇၀ မိုင်) ရှိ တရုတ်-မြန်မာ နယ်စပ် လုံခြုံရေး ကိစ္စများလည်း ပါဝင် သည်ဟု သတင်းများက ဆိုသည်။

Jia ၏ လည်ပတ်မှုသည် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ် အပေါ် တရုတ်၏ ထောက်ခံမှုကို မီးမောင်း ထိုးပြ လိုက်ခြင်းလည်း ဖြစ်သည်။ ဝေဖန် သုံးသပ်သူများက အရပ်သား အစိုးရသစ်သည် မသမာမှုများ ရှိသော နိုဝင်ဘာ ရွေးကောက်ပွဲဖြင့် စစ်အစိုးရကို အသွင်ပြောင်း ထားခြင်းသာ ဖြစ် ကြောင်း ဖော်ပြကြသည်။

DVB ၏ အဆိုအရ Jia ၏ လာရောက် လည်ပတ်မှုသည် ပြီးခဲ့သည့် ဇွန်လက ဝန်ကြီးချုပ် ဝမ်ကြားပေါင် လာရောက်ပြီးနောက် အကြီးဆုံးပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သည်ဟု သိရှိရသည်။

Beijing အတွက် အိမ်နီးခြင်း မြန်မာနိုင်ငံတွင် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရရှိရေးသည် ပထဝီဆိုင်ရာ မဟာ ဗျူဟာ (geo-stragics) အရ အထူးအရေးကြီးကြောင်း ဆစ်ဒနီရှိ Centre for Independent Studies နှင့် ဝါရှင်တန်ရှိ Hudson Institute တို့မှ နိုင်ငံခြား မူဝါဒ ပညာရှင် John Lee က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံကို ဖြတ်ပြီး ကုန်သွယ်ရေး လမ်းကြောင်း ရလိုက်တာဟာ တရုတ်အတွက် မလက္ကာ ရေလက်ကြားကို ရှောင်ဖို့ လမ်းကြောင်းပါပဲ။ ဒီ ရေလက်ကြားဟာ တရုတ်အတွက် ပြဿနာ ဖြစ်နိုင်ပါတယ်” ဟု Lee က ပြောသည်။

ပိုက်လိုင်း စီမံကိန်းနောက်တွင် မြန်မာ-တရုတ် ရထားလမ်း ဆက်သွယ်သော စီမံကိန်း ရှိနေပြီး၊ မြစ်ကြောင်း သွားလာရေး ကောင်းမွန်မည့် မြစ် ကြောင်းများ နုန်းဆယ်ယူရေးကိုလည်း တရုတ်တို့ လုပ်ကိုင်မည် ဖြစ်သည်။

မြန်မာနှင့် မြောက်ကိုရီးယားသည် တရုတ်၏ မဟာမိတ်စစ်စစ်များ ဖြစ်ကြောင်း Lee က ပြောကြားခဲ့သည်။ “တရုတ်က ဒီမိုကရေစီ နိုင်ငံများထက် စာရင် အာဏာရှင်နိုင်ငံ အစိုးရတွေနဲ့ ဆက်ဆံရေး ပိုကောင်းပါတယ်။ ဒီမိုကရေစီမှာ အနည်းဆုံးတော့ နိုင်ငံရေး လွတ်လပ်ခွင့်တို့၊ လူ့အခွင့်အရေးတို့၊ ဥပဒေ စိုးမိုးရေးတို့ ပွင့်လင်း မြင်သာမှု စတာတွေကို နှုတ်အားဖြင့်တော့ ပြောလာကြပြီလေ” ဟု Lee က ပြောသည်။

“အာဏာရှင် နိုင်ငံတွေမှာ စီးပွားရေးအရ ငွေကို မက်လုံးပြပြီး ဆက်ဆံဖို့ အရမ်းလွယ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒီနိုင်ငံတွေက နိုင်ငံရေးနဲ့ စစ်တပ်က ထိပ်ပိုင်း ပုဂ္ဂိုလ်တွေကို ဒေါ်လာပြပြီး ဆွဲဆောင်တာပါပဲ” ဟု Lee က ဖြည့်စွက် ပြောကြားခဲ့သည်။

Beijing ရှိ တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များသည် အခြား အပယ်ခံ နိုင်ငံများ ဖြစ်သော ဆူဒန်၊ မြောက်ကိုရီးယားနှင့် ဇင်ဘာဘွေ တို့ကဲ့ သို့ပင် နိုင်ငံတကာတွင် အထူးသဖြင့် ကုလသမဂ္ဂတွင် မြန်မာ စစ်ခေါင်းဆောင်များ ကို ထောက်ခံမှု ပေးခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

၂၀၀၇ ခုနှစ်က ဘုန်းတော်ကြီးများနှင့် ဒီမိုကရေစီ ဆန္ဒပြသူများကို စစ်အစိုးရ၏ ရက်ရက်စက်စက် နှိမ်နင်းမှုများ ကြောင့် ကုလသမဂ္ဂ၏ မြန်မာ အစိုးရအား ကန့်သတ်မှုများ ပြုလုပ်ရန် ကြိုးစားမှုများကို တရုတ်နှင့် ရုရှားတို့က ဗီတို အာဏာ သုံး၍ ပယ်ချခဲ့ကြသည်။ ၂၀၀၇ ခုနှစ် အစောပိုင်းကလည်း မြန်မာဗိုလ်ချုပ်များ တိုင်းရင်းသားများနှင့် အတိုက်အခံ အုပ်စု များအပေါ် နှိပ်ကွပ်မှုများ ရပ်ဆိုင်းရန် အမေရိကန်မှ ဆုံးဖြတ်ချက် ချမှတ်ရေးအား အဆိုပါ နှစ်နိုင်ငံမှ ဗီတိုအာဏာ သုံး၍ ပယ်ချခဲ့သည်။

Beijing ၏ နိုင်ငံတကာတွင် ထောက်ခံပေးမှုကြောင့် မြန်မာ ဗိုလ်ချုပ်များနှင့် စီးပွားရေး လုပ်ရာတွင် တရုတ်၏ အကျိုးစီးပွားက အသာစီးရ ခဲ့ သည်ဟု ထိုင်းအခြေစိုက် Forum for Democracy in Burma မှ စိုးအောင်က ပြောသည်။

“ဒီကိစ္စတွေကြောင့် မြန်မာ စစ်အစိုးရက တချို့ စီးပွားရေး ကန်ထရိုက်တွေမှာ အိန္ဒိယ ထက်စာရင် တရုတ်ကို ဦးစားပေးပါတယ်” ဟု စိုးအောင်က ပြောသည်။ ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ၌ တရုတ်၏ ထောက်ခံမှုကြောင့် မြန်မာသည် ဓာတ်ငွေ့ရောင်းချရေး၌ အိန္ဒိယက ဈေးပိုပေးသော်လည်း တရုတ်ကို ခွင့်ပြုခဲ့သည်ဟု ၎င်းက ဆိုသည်။

Mathiseon က ပြောကြားရာတွင် Beijing ၏ သံတမန်ရေးအရ အကာအကွယ်ပေးမှုသည် မြန်မာစစ်တပ် အတွက် အာဏာ ဆက်လက် ချုပ် ကိုင်ရေးတွင် အရေးပါလှသည်။ နိုင်ငံတကာ ဖိုရမ်များတွင် ထောက်ခံရုံမျှမက၊ ၁၉၈၈ ခုနှစ် ကတည်းက ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများနှင့် လက်နက် ရောင်းဝယ်မှုများ ပါဝင်သည်။

“ကျွန်တော် ထင်တယ်။ မြန်မာနိုင်ငံဟာ သူ့ရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးရွားလွန်းလို့ ဝေဖန် ကန့်ကွက် မှုတွေကို ရှောင်လွှဲလို့တော့ ရနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် တရုတ်က ဘာလုပ်ပေးနေလဲ ဆိုတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ချမှတ်မှာတို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့မှာတို့မှာ အချိန်ဆွဲအောင် ပိတ်ဆို့မှုတွေ လုပ် ပေးနေပါတယ်” ဟု Mathieson က ပြောသည်။

Mathieson က ပြောကြားရာတွင် တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် အချို့နိုင်ငံများကြောင့် အနောက်နိုင်ငံ၏ Sanction များ မထိရောက်ခြင်း ဖြစ်ကြောင်း၊ အမေရိကန်၊ အီးယူနှင့် သြစတြေးလျ တို့သည် မြန်မာ စစ်အစိုးရ အပေါ် လက်နက် မရောင်းဝယ်ရန် ကန့်သတ်ထားသော်လည်း အဆိုပါ နိုင်ငံများက လှစ်လျူရှု ခဲ့ကြကြောင်း ဆိုသည်။

“ကိုယ့်အကျိုးစီးပွား တစ်ခုတည်း ကြည့်ပြီး မူမရှိသော နိုင်ငံများကြောင့် မြန်မာနိုင်ငံဟာ များစွာ အကျိုးရှိခဲ့ပြီး၊ အခုထိ အပေါင်း လက္ခဏာ ဆောင်တဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး” ဟု Mathieson က ပြောသည်။

ငွေများအကြီးအကျယ် စီးဝင်လာမှု

မောင်ဇာနည်က ပြောကြားရာတွင် တရုတ်၊ အာဆီယံ နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှာ ငွေများ စီးဝင်လာမှုကြောင့် စစ်အစိုးရကို အခက်အခဲတွေ ဘယ်လောက်ရှိရှိ အဆင်ပြေ သွားနိုင်ကြောင်း ယုံကြည်မှု ရှိစေသည်ဟု ဆိုသည်။ “စစ်အစိုးရက ငွေတွေ ဝင်လာနေတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မလိုဘူးလို့  ယူဆသွားကြပြီ။ ဒါပေမယ့် ဒါဟာ ဖွံ့ဖြိုး တိုးတက်မှုတော့ မဟုတ်ပါဘူး” ဟု ယင်းက ပြောသည်။

“တရုတ်က မြန်မာနိုင်ငံကို တိုင်းပြည်တစ်ခု အနေနဲ့ ကူညီနေတာ မဟုတ်ဘူး။ စစ်အစိုးရကိုသာ ထောက်ခံ ကူညီ နေတာ။ ဒါကို ခွဲခြားသိဖို့ လိုပါ တယ်။ တရုတ်ရဲ့ ထောက်ခံမှု မရပဲနဲ့ စစ်အစိုးရဟာ အခုလို ခေါင်းမာမာနဲ့ ရပ်တည် မနေနိုင် ပါဘူး” ဟု ၎င်းက ဆိုသည်။

Finantial Times ၏ အဆိုအရ ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာနှစ်တွင် တရုတ်သည် မြန်မာနိုင်ငံတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ သုံးပုံနှစ်ပုံ ရှိသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် တရုတ်အတွက် သယံဇာတ ထုတ်ယူနိုင်သော ဒေသတစ်ခု ဖြစ်ပြီး၊ တရုတ်၏ ဈေးပေါသော ထုတ်ကုန်များကို ရောင်းချရာ ဈေးကွက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း ကုန်ထုတ်လုပ်မှု မယ်မယ်ရရ မရှိသဖြင့်၊ ပြည်တွင်း စားသုံးမှု အတွက် ထုတ်ကုန်များမှာ တရုတ် ကသာ လွှမ်းမိုးနေရာ ယူထားသည်။

ဘာလင် အခြေစိုက် Transparency International ၏ အဆိုအရ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသည် အကျင့် ပျက် ခြစားမှုတွင် ကမ္ဘာပေါ်တွင် ဒုတိယ အဆိုးဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဘတ်ဂျက် ခွဲဝေမှုအရ စစ်တပ် သည် အစိုးရ၏ ဦးစားပေး ဖြစ်နေဆဲ ဖြစ်ကြောင်း သိနိုင်သည်။ ပြည်ပရောက် မြန်မာ မီဒီယာ တစ်ခု ဖြစ်သော မဇ္ဈိမ၏ အဆိုအရ စစ်တပ်သည် ဘတ်ဂျက်၏ ၃၀% ကို ရပြီး၊ ပညာရေးသည် ၄ % နှင့် ကျန်းမာရေးသည် ၁% သာ ရရှိကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားရာတွင် တရုတ်သည် မြန်မာ စစ်တပ်၏ အဓိက လက်နက်နှင့် ခဲယမ်း မီးကျောက် ရောင်းချသူ ဖြစ် ကြောင်း ဆိုသည်။

*********************************************************************************************************************

မြို့ပြနှင့် သက်ကြီးပိုင်းလူဦးရေစာရင်း တရုတ်ထုတ်ပြန်

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံကထုတ်ပြန်သော လူဦးရေစာရင်းအရ ၂၀၁၀ပြည့်နှစ်တွင် လူဦးရေစုစုပေါင်း ၁ ဒဿမ ၃၄ ဘီလီယံအထိ တိုးမြင့်လာကြောင်း တွေ့ရပြီး အသက် ၆၀ ကျော်အရွယ်များလည်းမြင့်တက်လာသည်ကိုတွေ့ရသည်။

တရုတ်လူမျိုးအားလုံး၏ထက်ဝက်ကျော်မှာ မြို့ပြများတွင်နေထိုင်ကြကြောင်း၊ လူဦးရေစုစုပေါင်း၏ ၁၃ ဒဿမ ၃ ရာခိုင်နှုန်းမှာ ယခုအခါ အသက် ၆၀ ကျော်အရွယ်များဖြစ်ကြကြောင်း လူဦးရေစာရင်းဇယားများကဆိုသည်။ အဆိုပါ အသက် ၆၀ ကျော်အရွယ်ဦးရေမှာ ၂၀၀၀ ပြည့်နှစ်အချိန်မှစ၍ ၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံလူဦးရေမြင့်တက်လာမှုသည် ယခင်အတိတ်ကာလကထက်ပို၍ နှေးကွေးနေသည်ကို တွေ့ရသည်။

ယင်းသို့ နှေးကွေးမှုကြောင့် နိုင်ငံစီးပွားရေးကိုထိခိုက်စေနိုင်သည်။ အကြောင်းမှာ အလားလာရှိသောလုပ်သားဦးရေ၊ အထူးသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေ လျော့နည်းသွားနိုင်သောကြောင့်ဖြစ်သည်။

ပြည်မကြီးတွင်နေထိုင်သော အသက် ၁၄ နှစ်အရွယ် သို့မဟုတ် ငယ်ရွယ်သူဦးရေ အချိုးမှာ နောက်ဆုံးတစ်ကြိမ်ကောက်ယူခဲ့သည့် ကိန်းဂဏန်း ထက် ၆ ဒဿမ ၂၉ ရာခိုင်နှုန်းလျော့ကျလာပြီး ၁၆ ဒဿမ ၆ ရာခိုင်နှုန်းသာရှိသည်။

အသက် ၆၀ အရွယ် သို့မဟုတ် သက်ကြီးပိုင်း ဦးရေမှာ ၂ ဒဿမ ၉၃ ရာခိုင်နှုန်းမြင့်တက်လာပြီး ၁၃ ဒဿမ ၂၆ ရာခိုင်နှုန်း ရှိသည်။ တရုတ် လူမျိုး အားလုံး၏ ထက်ဝက်နီးပါးခန့် သို့မဟုတ် လူဦးရေစုစုပေါင်း၏ ၄၉ ဒဿမ ၇ ရာခိုင်နှုန်းမှာ မြို့ပြများတွင်နေထိုင်လျက်ရှိကြောင်း၊ ယင်းပမာဏ သည် လွန်ခဲ့သည့် ၁၀ နှစ်ကထက် ၃၆ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း တရုတ်လူဦးရေစာရင်းကဆိုသည်။

တစ်အိမ်ထောင်လျှင် ကလေးတစ်ယောက်သာယူခွင့်ရှိသောမူဝါဒ(One-Child policy) အပါအဝင် တရုတ်အစိုးရ၏ မိသားစုစီမံကိန်းဆိုင်ရာ တင်းကြပ်သော ထိန်းချုပ်မှုများက နှစ်လူဦးရေတိုးတက်မှုနှုန်းကို ၁ ရာခိုင်နှုန်းအောက်သို့ရောက်အောင် လျှော့ချစေခဲ့သည်။ အဆိုပါနှုန်းထားကြောင့် လာမည့်ဆယ်စုနှစ်များတွင် ဆိုးကျိုးများဖြစ်ပေါ်လာစေနိုင်သည်။

တရုတ်နိုင်ငံမီဒီယာများတွင် ထင်ကြေးပေးသုံးသပ်ရေးသားမှုများအရ ဘေဂျင်းအစိုးရသည် ၁၉၈၀ ပြည့်နှစ်တွင်ချမှတ်ခဲ့သော One-Child Policy နှင့် မိသားစုစီမံကိန်းဆိုင်ရာ တင်းကြပ်သည့် မူဝါဒများကို လျှော့ချပေးပြီး တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်ယူခွင့်ပြုလာဖွယ်ရှိသည်။ တရုတ် အစိုးရသည် ထိုစဉ်က လူဦးရေအဆမတန်မြင့်တက်မှုကိုယာယီထိန်းချုပ်သည့် သဘောဖြင့် ယင်း One-Child ပေါ်လစီကို ချမှတ် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ တစ်အိမ်ထောင်ကလေးတစ်ယောက် ယူခွင့်ပြုသည့်မူဝါဒမှာ မြို့ပြနေအိမ်ထောင်သည်ဇနီးမောင်နှံများအတွက်သာ ဖြစ်ပြီး

ကျေးလက် ဒေသများတွင် နှစ်ယောက်အထိယူခွင့်ပြုထားသည်ကိုတွေ့ရသည်။ လူဦးရေဆိုင်ရာလေ့လာဆန်းစစ်သူများအဆိုအရ မိသားစုများပေါ်တွင် တရုတ်အစိုးရ၏ ယင်းသို့သောထိန်းချုပ်မှုများက အနာဂတ်တရုတ်ပြည်၏ စီးပွားရေးအပေါ်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ကြောင်းသုံးသပ်ပြောကြားသည်။

**********************************************************************************************************************

ထိုင်းစစ်တပ်နှင့် အပစ်ရပ်ရန် ကမ္ဘောဒီးယား သဘောတူ

(Reuters သတင်းမှ 28 April ရက်စွဲပါ “Cambodia aqrees ceasefire with Thai army after clashes” သတင်းကို ဘာသာ ပြန်ဆိုသည်)

အရှေ့တောင်အာရှ၌ နှစ်ပေါင်းများစွာအတွင်း လူအသေအပျောက် အများဆုံး နယ်ခြားပဋိပက္ခတွင် အနည်းဆုံး လူ ၁၅ ဦးခန့် သေဆုံးခဲ့ရသော တိုက်ပွဲများ တစ်ပတ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များက အပစ် အခတ် ရပ်စဲရန် ကြာသပတေးနေ့တွင် သဘောတူ လိုက်ကြပြီဟု ကမ္ဘောဒီးယား အစိုးရက ပြောကြားသည်။

နေရာမရဖြစ်နေသော ဒေသခံ ပြည်သူများ ၎င်းတို့၏ နေအိမ်များနှင့်ရွာများသို့ ပြန်လာခွင့်ပြုရန်အတွက် အငြင်းပွား ၁၂ ရာစု ဟိန္ဒူဘုရား ကျောင်း နှစ်ခုအနီးမှ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု ကမ္ဘောဒီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖြေဆီဖန်က ပြောကြားခဲ့သည်။

“အခုအချိန်ကစပြီး အပစ်အခတ်ရပ်စဲမှုကို ကျွန်တော်တို့ စောင့်ထိန်းလိုက်နာကြမှာပါ။ နားလည်မှု အလွဲတွေကို ရှောင်ရှားဖို့ အတွက်လည်း နှစ်ဖက်ဒေသခံတပ်မှူးတွေ ပုံမှန် တွေ့ဆုံကြပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။ ကမ္ဘောဒီးယား တပ်မှူး ဗိုလ်မှူးကြီး ဆူအိုဆိုသီယာ ကလည်း မနက်ခင်း တိုက်ပွဲအပြီးတွင် နယ်မြေဒေသတွင်း တိုက်ခိုက်မှုများ ရပ်ဆိုင်း သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အခြေအနေကတော့ လောလောဆယ် ငြိမ်သက်၊ တိတ်ဆိတ်နေပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

အစောပိုင်းက ညပိုင်း အမြောက်ပစ်ခတ်မှု ဖြစ်စဉ်တစ်ခုတွင် ထိုင်းစစ်သားတစ်ဦး ကျဆုံးကာ ၇ဦး ဒဏ်ရာ ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံက အဆို ပါဒေသကို တင့်ကားများဖြင့် အားဖြည့်ထားခဲ့သည်။

နှစ်ဖက်တပ်ဖွဲ့များက အခိုင်အမာ လမ်းပိတ်ဆို့ကာ လုံခြုံရေး ထူထပ်စွာဖြင့် တားမြစ်ထားသော ရှေ့တန်းစခန်း များဆီသို့ ဦးတည်နေသော ထိုင်းတင့်ကား ၈ စီးသည် လူသူမရှိတော့သော ရွာများကို ဖြတ်သန်း မောင်းနှင်သွားကြောင်း ဒေသခံများက ဆိုသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment