Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃.၅.၂၀၁၁

ဘာသာပြန်သတင်းများ

ကျွန်မရဲ့သူရဲကောင်း ဗိုလ်အောင်ဆန်း (ဒေါ်အောင်ဆန်းစုကြည်)

(The Guradian သတင်းစာတွင် ပါသော ပေးစာကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

"ဘာတွေပဲရှိနေပါစေ၊ စစ်တပ်ကကျွန်မအပေါ် သူတတ်နိုင်သလောက် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ ကျွန်မဟာ ဖေ့ဖေ့ သမီးဖြစ်နေတာကြောင့်ပါ"

ဖေဖေဟာ ကျွန်မဘဝမှာ စိတ်ဓာတ်ခွန်အား အများဆုံးပေးနိုင်တဲ့သူ တစ်ယောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးမှာ ကျွန်မရဲ့စိတ်ဝင်စား မှု ဟာ ဖေဖေ့ဆီကလာတာပါ။ ကျွန်မအနေနဲ့ဖေဖေ့ကိုအရမ်းကို အားကျလေးစားခဲ့ရသလိုအင်မတန်လည်း စာနာသနားမိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေဟာသူကွယ်လွန်တဲ့အချိန်မှာ အသက်ငယ်ငယ်လေး ရှိသေးတဲ့ အတွက်ကြောင့်ပါ။ ကျွန်မအနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာအများကြီး ပါဝင် လုပ်ဆောင်ခဲ့ရတဲ့ အကြောင်း အရင်းတွေထဲမှာ အဲဒါလည်းပါချင်ပါမှာပေါ့နော်။ ဒီလိုဒီမိုကရေစီရေးလှုပ်ရှားမှု လုပ်တယ်ဆိုတာ လူငယ်တွေ အတွက် အဓိကဖြစ်တယ်လို့ ကျွန်မအနေနဲ့ခံစားမိပါတယ်။

ဖေဖေဆုံးတဲ့အချိန်မှာ ကျွန်မရဲ့အသက်က ၂ နှစ်နဲ့ တစ်လပဲရှိသေးတဲ့အတွက် ကျွန်မဖေဖေ့ကို လုံးဝကိုမမှတ်မိပါဘူး။ ဒါပေမဲ့ကျွန်မမှာ ပြန် မှတ်မိတာလေးတွေရှိတယ်လို့ထင်ပါတယ်၊ ကျွန်မငယ်ငယ်က ဖေဖေအိမ်ပြန်ရောက်တဲ့ အချိန်မှာ ကျွန်မကိုဘယ်လိုပွေ့ချီတယ်ဆိုတာကို မေမေက အမြဲတမ်း ကျွန်မကိုပြောပြခဲ့ပါတယ်။ အဲဒါနဲ့ဖေဖေကျွန်မကိုပွေ့ချီတာကို ပြန်မှတ်မိသလိုပဲ။ ဒါပေမဲ့ အဲဒါဟာ အမှန်တကယ်မှတ်မိတာ ဟုတ်၊မဟုတ်ဆို တာ တော့ မသေချာဘူးဖြစ်နေတယ်။

စစ်တပ်ကကျွန်မကို ဖေဖေ့မျက်နှာကြောင့် စာနာထောက်ထားမှုရှိတယ်လို့တော့ထင်ပါတယ်။ ဘာတွေပဲရှိနေပါစေ၊ စစ်တပ်က ကျွန်မအပေါ် သူတတ်နိုင် သလောက် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မဟာ ဖေဖေ့သမီးဖြစ်နေတာကြောင့်ပါ။ ဖေဖေ့အပေါ် လေးစားပြီးဖြစ်နေတယ်လို့လဲ ထင်ပါတယ်။ တတိယတစ်ခေါက် ကျွန်မ နေအိမ်အကျယ်ချုပ်မကျခံမီ အချိန်လေးမှာ မြန်မာနိုင်ငံအနောက်ပိုင်းက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို ခရီးသွား ဖြစ်ခဲ့ပါတယ်။ အဲလိုခရီးသွားတော့ ကျွန်မကိုပြောကြတယ်၊ 'ချင်းလူမျိုးတွေဟာ သူတို့လူမျိုးအတွက်ပဲ သိကြ တာ။ မြန်မာတွေကိုမနှစ်မြို့ကြဘူး' တဲ့။ ဒါပေမဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဘယ်နေရာမှာမဆို သူတို့ရဲ အနွေးထွေးဆုံး ဆက်ဆံ တုံ့ပြန်မှုကို ကျွန်မ ရရှိခဲ့ပါတယ်။ ကျွန်မကို လာတွေ့တဲ့အခါတိုင်း သူတို့ရဲ့ကလေးတွေကိုခေါ်လာကြတယ်။ ကျွန်မ မော်တော်ကားနဲ့ ဖြတ်သွားတဲ့အခါမျိုးမှာ သူတို့က လမ်း ဘေးမှာ ရပ်နေကြတယ်။ မိဘတွေက သူတို့ရဲ့ကလေးတွေရဲ့ လက်ကိုယူမြှောက်ပြီး "ကြည့်စမ်း။ ဒါဟာ ဘိုးဘိုးဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလေ" လို့ ပြောကြတယ်။ ကျွန်မစိတ်ထဲမှာ အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေအားလုံး ကျွန်မရဲ့ဖေဖေဟာ သူတို့အပေါ် ရိုးသားမှုရှိခဲ့တယ်ဆိုတာကို သဘောတူကြတယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မအပေါ်ကိုလည်း အဲလိုပဲသဘောထားကြမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ဘယ်တုန်းကမှ ကတိတွေကို လွယ်လွယ်မပေးခဲ့လို့ပါ။

(ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၇ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပသည့် Bringhton Festival ၏ ဧည့်ဒါရိုက်တာ တစ်ဦးဖြစ်ပါသည်။)

********************************************************************************************

အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု တာဝန်ရှိသူတစ်ဦး ပြော

(2 May 2011 ရက်စွဲပါ The Striats Times မှ Myanmar to grant amnesty to prisoners: official ကို ဘာသာ ပြန်သည်)

စစ်တပ်ကို နောက်ခံပြုသော မြန်မာအစိုးရသစ်သည် အချို့အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် စီစဉ်လျက်ရှိသည်ဟု တာဝန်ရှိသူ တစ်ဦးက တနလာင်္နေ့က ပြောကြားခဲ့သည်။ သို့သော် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပြုမည့်သူများတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်မှု ရှိမရှိ မသဲကွဲ ပေ။

ယခုလုပ်ဆောင်ချက်သည် လာမည် ကြာသပတေးနေ့တွင် သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ သွားရောက်မည့် အချိန်နှင့် အချိန်ကိုက်ပြုလုပ်မည်ဟု မျှော်လင့်ရသည်။ အင်ဒိုနီးရှားသို့သွားရောက်မည့် နိုင်ငံခြားခရီးစဉ်သည် မတ်လ(၃၀)ရက် ဦးသိန်းစိန် သမ္မတ ဖြစ်ပြီး နောက် ပထမဆုံး ခရီးစဉ် ဖြစ်သည်။

“သမ္မတကြီးရဲ့ ပထမဆုံး ခရီးစဉ် ပတ်ဝန်းကျင်မှာ တချို့အကျဉ်းသားတွေ လွှတ်ပေးမှာပါ” ဟု အဆိုပါ အမည် မဖော်လိုသူ အစိုးရ တာဝန်ရှိသူ က ပြောကြားခဲ့သည်။ သို့သော် အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

လန်ဒန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ဖြစ်သော Amnesty International ၏ အဆိုအရ အစိုးရအား ငြိမ်းချမ်း စွာ ဆန့်ကျင်သောသူများအား ရာဇဝတ်မှုများ အကြောင်းပြလျက် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ရှိ ကြောင်း သိရှိရသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး မကြာမီတွင် ပြန်လွှတ်ပေးခဲ့သည်။ သူမ အား လွှတ်ပေးခဲ့ခြင်းအား ကမ္ဘာတစ်ဝှမ်းက ကြိုဆိုခဲ့သို့သော် sanction များ ချမှတ်ထားသော အနောက်နိုင်ငံများက အစိုးရသစ်အား အဝေဖန်ခံနေရ သော လူ့အခွင့်အရေးကိစ္စများအား တိုးတက်အောင် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

*******************************************************************************************

ပထမအကြိမ် အီးယူ-အာဆီယံ စီးပွားရေး ထိပ်သီးညီလာခံ အင်ဒိုနီးရှား လက်ခံ ကျင်းပ

(2 May 2011 ရက်စွဲပါ Kuwait News Agency မှ  Indonesia hosts 1st EU-ASEAN Business summit Economics ကို ဘာသာ ပြန်သည်)

အီးယူ ကုန်သွယ်ရေး ကော်မရှင်နာ Karel De Gucht သည် တနလာင်္နေ့က ဂျကာတာတွင် ပြုလုပ်မည့် အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးများနှင့် တွေ့ဆုံရန် ထွက်ခွာသွားသည်။ ကြာသပတေးနေ့တွင် ပထမဆုံးအကြိမ် အာဆီယံ-အီးယူ စီးပွားရေး ထိပ်သီး အစည်းအဝေး ဖွင့်လှစ်မည် ဖြစ်သည်။

“အခု ဂျကာတာမှာ ပြုလုပ်မယ့် ပထမဆုံး အကြိမ် အာဆီယံ-အီးယူ စီးပွားရေး ထိပ်သီးညီလာခံဟာ ဒေသကြီး နှစ်ခုအတွက် ပိုမိုအား ကောင်း တဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ ထူထောင်ခဲ့ရင် စီးပွားရေးအတွက် အရေးပါတဲ့ အချက်ပေးမှုတစ်ခု ဖြစ်လာပါမှာ” ဟု De Gucht က ၎င်း မထွက် ခွာမီ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ ယခုထိပ်သီး အစည်းအဝေးသည် နိုင်ငံများကြား စီးပွားရေးအရ ဆက်ဆံရေးကို လေး နက်စေ မည်ဖြစ်ပြီး၊ အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍများ ဆွေးနွေးပွဲကို မြှင့်တင်ပေးမည်ဖြစ်သည်။

အဖွဲ့ဝင် ဆယ်နိုင်ငံ ပါဝင်သော အာဆီယံသည် အဖွဲ့ဝင်များ အားလုံးအနေဖြင့် အီးယူ၏ နံပါတ်(၇) တွင်ရှိသော ကုန်သွယ်မှု ပါတနာဖြစ်ပြီး၊ ကုန်ပစ္စည်းများ ဝန်ဆောင်မှုများ ရောင်းဝယ်မှုတန်ဖိုး ၁၇၅ ဘီလျံ ယူရိုရှိသည်။ အာဆီယံအဖွဲ့ကြီး အနေဖြင့် အီးယူသည် တရုတ်ပြီးနောက် ဒုတိယ အကြီးဆုံး ကုန်သွယ်မှုပါတနာ ဖြစ်သည်။ ထို့အပြင် အီးယူသည် အာဆီယံနိုင်ငံများတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ အီးယူကုမ္ပဏီများသည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၀.၄ ဘီလျံ ယူရို ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

ပထမဆုံးအကြိမ် အီးယူ-အာဆီယံ စီးပွားရေးထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပသော အင်ဒိုနီးရှားသည် အီးယူ၏ အဓိက ပါတနာဖြစ်ပြီး၊ အီးယူ-အင်ဒိုနီးရှား ကုန်သွယ်ရေးသည် ၂၀၁၀ တွင် (၃၀) ဘီလျံယူရို တန်ဖိုးရှိသည်။

*******************************************************************************************

အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဟု တရုတ်ဆို

(AFP သတင်းကိုဘာသာပြန်ဆိုသည်)

တရုတ်အစိုးရအနေဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)နှင့် ကုန်သွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကပြောကြားသည်။  အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဌရာထူးရယူထားသော အင်ဒိုနီးရှားနိုင်ငံသို့ သုံးရက်တာခရီးစဉ်အဖြစ်သွားရောက်လည်ပတ်စဉ် တရုတ်ဝန်ကြီးချုပ်က ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

ထို့ပြင် မစ္စတာဝမ်ကျားပေါင်က ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင် အသက်ဝင်ခဲ့သည့် တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးသဘော တူညီမှု (FTA) ၏အားသာချက်များကိုလည်း ချီးမွမ်းပြောဆိုလိုက်သည်။ "အာဆီယံနဲ့ နက်နဲမှုရှိပြီး လက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ လုပ် ဆောင်သွားဖို့ တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါ တယ်" ဟု ဆိုသည်။ အာဆီယံဒေသတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တယ်လီဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်ယူရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းကြီးများမှသည် အမျိုးအစား စုံလင် သော နယ်ပယ်များဖွံ့ဖြိုးမှုကိုလည်း တရုတ်နိုင်ငံကမြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ နှင့် တရုတ်နိုင်ငံကိုချိတ်ဆက်ပေး မည့် လမ်းပန်းဆက်သွယ်ရေးစနစ်ကောင်းမွန်ရေး လုပ်ဆောင်ချက်များကိုလည်း မိမိတို့က ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဝမ်ကျားပေါင် ကဆိုသည်။

"တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာ အာဆီယံရဲ့အကြီးဆုံးကုန်သွယ်ရေးမိတ်ဘက် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီမှုကြီး တစ်ရပ် ထွက်ပေါ်အောင် ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ထို့အပြင်လာမယ့် ၂၀၁၅ ခုနှစ်ကစပြီး ဒေါ်လာ ၅၀၀ ဘီလီယံတန်ဖိုးရှိသည့် နှစ်ကြောင်းသွား ကုန်သွယ်ရေး(Two-Way Trade) ထွက်ပေါ်လာရေးအတွက်လည်း ကျွန်တော်တို့ဦးတည်ထား ပါတယ်” ဟု ၎င်းက ဆိုသည်။

“ဒေသတွင်းလုံးခြုံမှုနဲ့တည်ငြိမ်မှု ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အာဆီယံနဲ့လက်တွဲ လုပ်ဆောင်သွားဖို့ တရုတ် နိုင်ငံကအသင့်ရှိနေပါ တယ်” ဟု ၎င်းကဖြည့်စွက်ပြောဆိုသည်။ အာဆီယံအဖွဲ့သည် ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့်ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အင်ဒိုနီးရှားအရာရှိကြီးများက လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် အကောင်အထည်ဖော်ရာတွင် အားနည်းချက် ရှိသော စီးပွားရေး လုပ်ငန်းများ အနေဖြင့် တရုတ်ပြည်မှ ကုန်ထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ

၎င်းတို့ကို အကာအကွယ်ပေးရေးအတွက် ဂျကာတာအစိုးရအနေဖြင့် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်လုပ်ကိုင်လိုကြောင်း ပြောကြားသည်။

****************************************************************************************

အမေရိကန်တို့က ဆက်သားများကို ခြေရာခံရင်း ဘင်လာဒင်၏ ခြံဝင်းကျယ်ကြီးကို တွေ့ရှိခဲ့

(NBC News မှ 2nd May 2011 ရက်စွဲပါ “US tracked couriers to an elaborat binladin compound” သတင်းကို ဘာသာ ပြန်ဆိုသည်။)

ယခုကိစ္စသည် ဆက်သားတစ်ယောက် အမည်မှ စတင် မြစ်ဖျားခံခဲ့ခြင်း ဖြစ်သည်။

အိမ်ဖြူတော် ဝါရင့် တာဝန်ရှိ ပုဂ္ဂိုလ်များက တနင်္လာနေ့ မနက်တွင် ပြောကြားရာ၌ အိုစမာ ဘင်လာဒင်ကို ခြေရာခံနိုင်မည့် သဲလွန်စသည် ဘင်လာဒင်ကို နာမည်ကြီးစေခဲ့သည့် (၉/၁၁) အကြမ်းဖက် တိုက်ခိုက်မှုများ မတိုင်ခင် ကပင် စတင် ပေါ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ သည်။ ပါကစ္စတန်ရှိ ကြီးမားသော ခြံဝင်းကြီးကို တွေ့ရှိ ချိန်တွင် အထက်ပါ သဲလွန်စက ပို၍ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်ဟု ဆိုသည်။

“ဘင်လာဒင်ဟာ ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ပထမဆုံး သတိပြုမိတဲ့ အချိန်ကစပြီး သူ့ရဲ့ ပုဂ္ဂလိက ဆက်သားတွေ အပါ အဝင် ဘင်လာဒင် စည်းဝိုင်းထဲက လူတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အမေရိကန် ပြည်ထောင်စုက စုဆောင်းခဲ့ပါတယ်” ဟု အိုဘား မား အစိုးရ တာဝန်ရှိသူ တစ်ဦးက အိမ်ဖြူတော် နောက်ခံ ထား ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြီးမှာတော့ “ဆက်သားတွေ” နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်ကို အကျဉ်းသားတွေ ဆီကနေ ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒီထဲက ဆက်သား တစ်ယောက် ကတော့ ကျွန်တော်တို့ အမြဲတမ်း သတိထားနေတဲ့ စာရင်းထဲမှာ  ပါဝင်ပါတယ်။ သူ့ရဲ့ “နာမည်ဝှက်” ကို အကျဉ်းသားတွေ က ကျွန်တော်တို့ကို ပေးခဲ့တဲ့အပြင် သူဟာ ဘင်လာဒင် အယုံကြည်ဆုံး ဆက်သား အနည်းငယ် ထဲက တစ်ယောက်ဖြစ် တယ်လို့လည်း ရွေးချယ် သတ်မှတ်ပေးခဲ့ကြပါတယ်” ဟု အိမ်ဖြူတော် တာဝန်ရှိသူက ဆိုသည်။ အဆိုပါ ဆက်သား၏ နာမည် ရင်းကို ၂၀၀၇ တွင် အမေရိကန်တို့က ဖော်ထုတ်နိုင်ခဲ့ကြသည်။

“၂၀၀၉ ထဲမှာတော့ ဒီဆက်သားနဲ့ သူ့အကို လှုပ်ရှားတဲ့ ပါကစ္စတန် နိုင်ငံထဲက နေရာတွေကို ကျွန်တော်တို့ ခွဲခြား သိရှိလာပါပြီ။ သူတို့က အရမ်း ဂရုစိုက်လွန်းတဲ့ အတွက် ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတဲ့ အချက်ကို ခိုင်မာစေပါတယ်။ ၂၀၁၀ သြဂုတ်လမှာတော့ အဘော်တာ ဘက်မှာ ရှိတဲ့ သူတို့အိမ်ကို ကျွန်တော်တို့ ရှာတွေ့ပါပြီ။ လူသူ နည်းပါးတဲ့ နေရာမှာပါ။ သာမန်၊ ပုံမှန် မဟုတ်ပဲ ထူးခြားလွန်းတဲ့ ခြံဝင်းကြီးကို တွေ့လိုက် ရတဲ့ အချိန်မှာ ကျွန်တော်တို့ တုန်လှုပ်သွားကြပါတယ်။”

ခြံဝင်း၏ အကျယ်အဝန်းမှာ ထိုဒေသမှ အခြားအိမ်များထက် အကြမ်းဖျင်း ၈ ဆခန့် ပို၍ ကြီးမားသည်။ မြို့စွန် မြို့ဖျားတွင် ၂၀၀၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ အနီးအနား၌ အိမ်အချို့ တိုးပွားလာသည်။ “ဒီခြံဝင်းရဲ့ လုံခြုံရေး တည်ဆောက်ထားပုံကို သာမန် မဟုတ်ပဲ ထူးခြားနေပါတယ်။ ၁၂ ပေ ကနေ ၁၆ ပေ အထိ မြင့်တဲ့ အုတ်တံတိုင်းတွေ၊ အုတ်နံရံ ကာထားတဲ့ နေရာတွေအပြင် လုံခြုံရေးဂိတ် ၂ ခုနဲ့ အပြင်လူတွေ မလာနိုင်အောင် တားမြစ်ထားပါတယ်။” နေထိုင်သူများမှာလည်း သူတို့၏ အိမ်နီးချင်းများနှင့် မတူပဲ အမှိုက်များကို မီးရှို့ပစ်သည်ကို တွေ့မြင်ရသည်။ လမ်းကို မျက်နှာပြုထားသော ပြတင်းပေါက်များလည်း လုံးဝ မရှိပါ။ ထို့အပြင် ခြံဝင်းထဲရှိ နေရာတစ်ခုကို ၇ ပေ မြင့်သော သီးသန့် ခြံစည်းရိုးတစ်ခု ထပ်မံ ကာရံထားသည်။

ဒေါ်လာ သန်းပေါင်း များစွာတန်သည့် အိမ်တစ်လုံးနှင့် မလိုက်ဖက်သော အချက်မှာ တယ်လီဖုန်းနှင့် အင်တာနက် လုံးဝ မရှိခြင်းပင် ဖြစ်သည်။

ထိုအိမ်သည် အရေးပါသော တစ်စုံတစ်ယောက် ပုန်းအောင်းရန် ရည်ရွယ် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေး ကျွမ်းကျင် သူများက ကောက်ချက်ချခဲ့ကြသည်။

“ဒီအိမ်မှာ ဆက်သား ညီအကို နှစ်ယောက်အပြင် တတိယမြောက် မိသားစု တစ်စု နေထိုင်တယ်ဆိုတာကို သိပ် မကြာခင်မှာပဲ အမေရိကန်တွေ သိလာရပါတယ်။ ဒီတတိယ မိသားစုရဲ့ အရွယ်အစားနှင့် ပုံစံဟာ ကျွန်တော်တို့ စုံစမ်းသိရှိ ထားတဲ့ ဘင်လာဒင်ရဲ့ မိသားစုနဲ့ အချက်အလက် ကိုက်ညီမှု ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားကြပါတယ်။ ကျွန်တော်တို့ရဲ့ အဖိုးတန်ဆုံး သတင်းကတော့ “ဘင်လာဒင်ဟာ သူ့ရဲ့ အငယ်ဆုံး ဇနီးနဲ့ နေထိုင်နေ တယ်” ဆိုတဲ့ အချက် အလက် ပါပဲ။”

သက်သေ အထောက်အထား မရှိသော်လည်း အရာအားလုံးမှာ ကောက်ချက်ချရန် အတွက် အံဝင်ခွင်ကျ ဖြစ်နေ သည်။ “သာမန် မဟုတ်သော လုံခြုံရေး၊ ဆက်သားများကို နောက်ခံ ရာဇဝင်၊ ခြံဝင်း ဖွဲ့စည်း တည်ဆောက်ပုံ စသည့် အချက်ပင်” ဖြစ်သည်။ “ကျွန်တော်တို့ရဲ့ ကျွမ်းကျင် ပညာရှင်တွေ က ဒီအိမ်ကို ရှုဒေါင့် အားလုံးကနေ သုံးသပ်ကြပါတယ်။ ဘင်လာဒင် အခု လုပ်ထားတဲ့ ပုံစံအတိုင်း လုပ်မယ့် တခြား လူတစ်ယောက် မရှိနိုင်ဘူးလို့ ကောက်ချက်ချကြတယ်” ဟု အိမ်ဖြူတော် တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ရဲ့ အချက်အလက် စုဆောင်းမှုနဲ့ ဆန်းစစ် သုံးသပ်မှု အားလုံးရဲ့ အဓိက ကောက်ချက်ကတော့ တန်ဖိုးကြီး အကြမ်းဖက် ပုဂ္ဂိုလ် တစ်ယောက် ဒီခြံဝင်းထဲမှာ ရှိနေတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီနေရာမှာ ဖြစ်နိုင်ချေ အား ကောင်းတဲ့ အချက်ကတော့ ဒီပုဂ္ဂိုလ်ဟာ ဘင်လာဒင် ဖြစ်လိမ့်မယ် ဆိုတာပါပဲ။”

“ဒီလို အရေးကြီးတဲ့ သတင်းမျိုးကို တခြား ဘယ်နိုင်ငံကိုမှ အသိမပေးခဲ့ပါဘူး။ ကျွန်တော်တို့ အစိုးရထဲက တကယ့် လူနည်းစုကလေးကသာ ဒီစစ်ဆင်ရေးကို ကြိုသိခဲ့ကြတာပါ” ဟု အိမ်ဖြူတော် တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြား သည်။

ဝင်ရောက် စီးနင်းခြင်း

စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် အမေရိကန် ဟယ်လီကော့ပတာ တစ်စီး ထားပစ်ခဲ့ရခြင်းမှ လွဲ၍ စစ်ဆင် ရေး တစ်ခုလုံး ချောမွေ့စွာ ပြီးဆုံးခဲ့သည်ဟု အမေရိကန် အရာရှိကြီးများက ပြောကြားသည်။ အမေရိကန် တစ်ဦးမှ ကျဆုံး ခြင်း မရှိဟု သိရှိရသည်။ ထားပစ်ခဲ့ရသော ဟယ်လီကော့ ပတာမှ လူများသည် အခြား ဟယ်လီကော့ပတာများ ပေါ်သို့ ပြောင်းရွှေ့ စီးနင်းကာ ပြန်လည် ထွက်ခွာ လာနိုင်ခဲ့သည်ဟု ဆိုသည်။ ပါဝင်သော အမေရိ ကန် ကွန်မန်ဒို အရေအတွက်နှင့် ဟယ်လီကော့ပတာ အမျိုးအစားကိုမူ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခြင်း မရှိပါ။

“ဒီစစ်ဆင်ရေးဟာ ဘေးပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပြီး၊ အထူး အဖွဲ့ငယ်တစ်ခုက အနုစိတ် ဝင်ရောက် စီးနင်း ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အထူးတပ်ဖွဲ့ ခြံဝင်းထဲမှာ ရှိချိန်ဟာ မိနစ် ၄၀ တောင် မပြည့် ပါဘူး။ ဒေသခံ အာဏာပိုင်တွေနဲ့ မလိုလားအပ်တဲ့ ဆုံ တွေ့မှုမျိုးလည်း မဖြစ်ခဲ့ပါဘူး” ဟု တာဝန်ရှိသူများက ပြောကြား သည်။

အပြန်အလှန် ပစ်ခတ်မှုတွင် ဘင်လာဒင် ကိုယ်တိုင် ပါဝင်သည်ဟု သိရှိရသည်။ “ဘင်လာဒင်ဟာ ခုခံပစ်ခတ် နေရင်းနဲ့ ကျွန်တော်တို့ အထူး အဖွဲ့ တွေ ဝင်လာချိန်မှာ ပစ်သတ်ခံရတာပါ”ဟု တာဝန်ရှိသူများက ဆိုသည်။

“သူက ပြန်ပစ်သလား” ဟု သတင်းထောက်များက မေးမြန်းသောအခါ “ဝင်ရောက်စီးနင်းတဲ့ တပ်ဖွဲ့ကို သူက ခုခံ ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်နေရင်းနဲ့ ကျဆုံးသွားတာပါ” ဟု တာဝန်ရှိသူများက ပြောကြားသည်။

သေဆုံးသွားသော အမျိုးသား ၄ ဦးမှာ ဘင်လာဒင်၊ ၎င်း၏ သားနှင့် ဆက်သား နှစ်ဦးတို့ ဖြစ်သည်။ အမျိုးသမီး တစ်ဦးမှာမူ ဓားစာခံအဖြစ် ရှေ့မှ ကာထားစဉ် ထိမှန် သေဆုံးသွားပြီး အခြား အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည် ဟု ဆိုသည်။ အမျိုးသမီးများ၏ အမည်များကို ပြောကြားခြင်း မရှိ၍ ဘင်လာဒင်၏ ဇနီး ပါဝင်ခြင်း ရှိမရှိ မသိရသေးပါ။

ဘင်လာဒင်၏ အလောင်းကို စီမံကိုင်တွယ်ရေး

ဘင်လာဒင်၏ အလောင်းနှင့် ပတ်သက်၍ အထူးဂရုစိုက် ဆောင်ရွက်မည်ဟု တာဝန်ရှိသူများက ဆိုသည်။ “အစ္စလာမ် ဓလေ့ ထုံးစံတွေအတိုင်း စီမံ ဆောင်ရွက်ဖို့ ကျွန်တော်တို့ သေသေချာချာ လုပ်ကိုင်နေပါတယ်။ ဒီကိစ္စကို အထူးသတိထား ဆောင်ရွက်ရတာပါ။ သင့်မြတ်လျော်ကန်တဲ့ ပုံစံနဲ့ လုပ်ဆောင် နေကြပါတယ်” ဟု ၎င်းတို့က ပြောကြားသည်။

အချိန်ကိုက် တိုက်ခိုက်မှုများကို အရှိုန်မြင့်မည့် ဘင်လာဒင်၏ သစ္စာခံများထံမှ တိုက်ခိုက် လာနိုင်မှုများကိုလည်း မျှော်လင့်ထားသည်ဟု တာဝန် ရှိသူများက ဆိုသည်။

“ဒီစစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် အမေရိကန် နယ်မြေကို ပိုမိုခြိမ်းခြောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ကြိုတင် သတိထားမှု အားလုံးကို အမေရိကန်က ဆောင်ရွက်နေပါတယ်။ နိုင်ငံခြားရေးဌာနက ကမ္ဘာတစ်ဝှမ်းက သံရုံး တွေဆီကို အကြံပေးချက်တွေ ပို့ထားသလို၊ ပါကစ္စတန် နိုင်ငံကို ခရီးမသွားကြဖို့ ပိတ်ပင်ထားပါတယ်” ဟု ၎င်းတို့က ရှင်း လင်းပြောကြားသည်။

“အယ်လကေးဒါးတွေကတော့ ချက်ချင်း ပြိုကွဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘင်လာဒင် သေဆုံးမှုဟာ အယ်လကေးဒါးတွေကို ပြန်တက်ဖို့ ခက်ခဲတဲ့ အဆင်းလမ်းပေါ်ကို ပို့လိုက်တာပါပဲ” ဟု တာဝန်ရှိသူများက သုံးသပ် ပြောကြားသည်။

နောက်ဆက်တွဲသတင်းများ

အားလုံးက ဘင်လာဒင်သည် အာဖဂန် နစ္စတန်နှင့် ပါကစ္စတန် နယ်ခြားရှိ တိုရာဘိုရာ တောင်တန်းပေါ်မှ ဂူတစ်ခု တွင် ပုန်းအောင်းနေသည်ဟု ထင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် ပါကစ္စတန်နိုင်ငံ အလယ်ရှိ စစ်တက္ကသိုလ်ရှိရာ တပ်မြို့လေးတွင် နေထိုင်နေခြင်း ဖြစ်သည်။ စစ်တက္ကသိုလ် ဂိတ်ဝမှ ကိုက် ၁၀၀ သာ ဝေးသော ခြံဝင်းကျယ်ကြီးတွင် လုံခြုံ ရေး အထူး စီမံထားသော စံအိမ်၌ နောက်ဆုံး ဇနီးနှင့်အတူ ဘင်လာဒင် နေထိုင်ပြီး ထိုမြို့ လေးသည် ကရာချီမြို့တော်မှ ၃၅ မိုင်သာ ဝေးသည်။

လူသိများ ထင်ရှားသော ဘင်လာဒင်သည် အထက်ပါ ထင်ရှားသော နေရာတွင် ခပ်တည်တည် ပုန်းအောင်း နေထိုင်နေခြင်းကို ပါကစ္စတန် အာဏာပိုင်များ သိ/မသိ ဟူသော ကိစ္စမှာ ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ “ဒီကိစ္စဟာ ကျွန်တော်တို့ရဲ့ ပါကစ္စတန် မိတ်ဆွေတွေ အတွက်တော့ ကောင်း တဲ့ သတင်း မဟုတ်ပါဘူး” ဟု အမေရိကန်တို့က ဆို သည်။ ဘင်လာဒင်အား ပါကစ္စတန် စစ်ထောက်လှမ်းရေးက အကာအကွယ် ပေးထားသည်ဟူသော စွပ်စွဲချက်များ ယခင် ကပင် ရှိခဲ့ရာ ပါကစ္စတန် အာဏာပိုင်များက အစဉ်တစိုက် ငြင်းဆိုခဲ့ကြသည်။

ယခု ဘင်လာဒင်ကို ချေမှုန်းသည့် စစ်ဆင်ရေးကို မေလ ၂ ရက် ဒေသစံတော်ချိန် မနက် ၁း၁၅ ခန့်တွင် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် အနောက်မြောက်ပိုင်း ဂါဇီ လေတပ်စခန်းမှ ပျံသန်းလာသော အမေရိကန် ရဟတ်ယာဉ် ၄ စီး ဘင်လာဒင်၏ စံအိမ်နားသို့ ကပ်လာချိန်တွင် တိုက်ခေါင်မိုး ပေါ်မှ အစောင့်များက ပစ်ခတ်ခဲ့ခြင်းကြောင့် ရဟတ်ယာဉ် တစင်း စက်ချို့ယွင်းသွား၍ ထိုနေရာတွင် ထားပစ်ခဲ့ရသည်ဟု ဆိုသည်။ မိနစ် ၄၀ ကြာ ဝင်ရောက် စီးနင်း ချေမှုန်းမှု အတွင်း ခုခံပစ်ခတ်ခဲ့သော ဘင်လာဒင်မှာ ဦးခေါင်းကို ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်။

စစ်ဆင်ရေး ပြုလုပ်နေချိန်တွင် အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ် လန်ဂလေရှိ စီအိုင်အေ ဌာန ချုပ်တွင် စီအိုင်အေ ညွှန်ကြား ရေးမှူးချုပ် နှင့်အတူ တာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နေခဲ့ကြပြီး စစ်ဆင်ရေး အောင်မြင်ကြောင်း သတင်းရောက်လာချိန်တွင် တစ်ခန်းလုံး လက်ခုပ်သံများ ညံသွားသည်ဟု ဆိုသည်။

ယခု ဘင်လာဒင် စစ်ဆင်ရေး အောင်မြင်မှုကြောင့် ဒုတိယ သက်တမ်းအတွက် ပြင်ဆင်နေသော သမ္မတ အိုဘားမား နာမည်ကောင်းရသွား သည်ဟု လေ့လာသူများက မှတ်ချက်ပေးသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment