Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၅.၂၀၁၁

ဘာသာပြန်သတင်းများ

ကုလ အထူးကိုယ်စားလှယ် မြန်မာသို့ လာမည်

(German Press Agency dpa မှ 10th May 2011 ရက်စွဲပါ “UN special envoy to visit Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ ယခု သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု အစိုးရ တာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားသည်။ “ကြာသပတေးနေ့မှာ မစ္စတာ နမ်ဘီယာ ဒီကို ရောက်မှာပါ။ မြန်မာနိုင်ငံမှာ ၃ ရက် (သို့) ၄ ရက်လောက် နေရပါလိမ့်မယ်။ အစိုးရနဲ့သာမကပဲ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်” ဟု အမည်မဖော်ရန် တောင်းဆိုသော တာဝန်ရှိသူက German Press Aquency dpa သို့ ပြောကြားခဲ့သည်။

နမ်ဘီယာသည် သမ္မတသစ် ဦးသိန်းစိန် နှင့်လည်းကောင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်းကောင်း တွေ့ဆုံ မည်ဟု မျှော်လင့်ရကြောင်း တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။

ယင်းသို့ တွေ့ဆုံပါက နိုဝင်ဘာ ၁၃ ရက်နေ့ကမှ အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ နမ်ဘီယာတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်လာလိမ့်မည် ဖြစ်သည်။ သူမသည် လွန်ခဲ့သော ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံ ခဲ့ရသူ ဖြစ်သည်။

တပ်မတော် လိုလားသော ပြည်ခိုင်ဖြိုးပါတီကို အာဏာရစေခဲ့သည့် နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲများ အပြီး လွန်ခဲ့သော ၅ လခန့်က ကုလ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီ ဟီးရိုး ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့ကို ဖယ်ထုတ်ထားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ အတုသာ ဖြစ်သည်ဟု အနောက် ဒီမိုကရေစီ နိုင်ငံများက ရှုတ်ချခဲ့ကြသည်။

စစ်ဖက်က အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ယခု နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင် ရရှိခဲ့ သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။

မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲများကို NLD ပါတီက သပိတ်မှောက်ခဲ့ခြင်းမှာ NLD ပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်လိုပါက ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ရမည့် စည်းမျဉ်း စည်းကမ်းများကို တပ်မတော် အစိုးရက ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်သည်။

***************************************************************************************************************

မြန်မာနှင့် ရှားပါးမြေတွင်းထွက် မဂ္ဂနီဆီယမ် သတ္တုစပ်ကိစ္စ TCL ငြင်း

(8th May 2011 ရက်စွဲပါ Steel Guru မှ TCL denies Myanmar and rare earth magnesium alloy rumors ကို ဘာသာပြန်သည်။)

TCL ကော်ပိုရေးရှင်းက ဈေးကွက် အတွင်း ဖြစ်ပေါ်နေသော ကောလဟာလများဖြစ်သည့် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး ပရောဂျက်တွင် ပါဝင်နေကြောင်းနှင့် Shanxi ပြည်နယ်တွင် ရှားပါး သတ္တု မဂ္ဂနီစီယမ်အလွိုင်း ရှာဖွေရေး ၌ ရင်းနှီးမြှုပ်နှံထားကြောင်းများနှင့် ပတ်သက်၍ ငြင်းဆိုခဲ့သည်။

TCL ၏ အဆိုအရ ၎င်း၏ ဥက္ကဌအား အစိုးရ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံမှ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အတွက် ရေကို စမ်းသပ်ရန် ဖြစ်ကြောင်း သိရှိရသည်။ TCL သည် အိမ်သုံး က်မှုပစ္စည်းထုတ်လုပ်မှု ထူထောင်ရန် လေ့လာလျက်ရှိပြီး၊ မြန်မာနိုင်ငံတွင် စွမ်းအင် ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံထားသော အဖွဲ့အစည်းဖြစ်သည်။

TCL က ၂၅% ပါဝင်သော Shanxi United Magnesium Industry သည် မဂ္ဂနီစီယမ်နှင့် ၎င်းပါဝင်သော သတ္တုစပ်များ ထုတ်လုပ်ရေးကို လုပ်ကိုင်နေပြီး၊ ရှားပါး မြေတွင်း မဂ္ဂနီစီယမ် သတ္တုစပ် မဟုတ်ကြောင်း သိရသည်။

********************************************************************************************************

ဇူလိုင် ၃ တွင် ကျင်းပမည့် ထိုင်း ရွေးကောက်ပွဲက ဝန်ကြီးချုပ် အဘီဆစ်ကို စမ်းသပ်တော့မည်

(BBC News မှ 9th May 2011 ရက်စွဲပါ “Thailand election on 3rd July will test PM Abhisit” သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်းနိုင်ငံ၌ ဇူလိုင် ၃ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု အစိုးရက ပြောကြားသည်။ ထိုင်းဘုရင်မင်းမြတ်က ပါလီမန် ဖျက်သိမ်းရန် အမိန့်ကို အတည်ပြုလိုက်ပြီ ဖြစ်၍ အင်္ဂါနေ့တွင် အမိန့်အာဏာ  စတင် သက်ရောက်မည်ဟု ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

၂၀၀၈ ခုနှစ်က အာဏာရပါတီကို ထိုင်းတရားရုံးက ဖျက်သိမ်းခဲ့ပြီးနောက် ညွှန်ပေါင်း အစိုးရဖွဲ့ကာ အာဏာရ လာခဲ့သည့် လက်ရှိ ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား အတွက် ယခု မဲပေးပွဲသည် ပထမဆုံး စမ်းသပ်မည့် “ကွင်း” ဖြစ်လာဖွယ် ရှိသည်။

ဘန်ကောက်မြို့တော်တွင် လူ ၉၀ ကျော် သေဆုံးခဲ့ရသည့် ပြင်းထန်သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး၊ တစ်နှစ်အကြာတွင် ယခု ရွေးကောက်ပွဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် နက်နက်ရှိုင်းရှိုင်း သဘောကွဲလွဲနေကြဆဲ ဖြစ်သည့်အပြင် ယခု ရွေးကောက်ပွဲ၌ နှာတစ်ဖျား အသာရအောင် အကြိတ်အနယ် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း အားလုံးသော လက္ခဏာများက ညွှန်ပြနေသည်ဟု BBC အရှေ့တောင် အာရှ သတင်းထောက် Rachel Harvey က ပြောကြားသည်။

သဘောထားကွဲနေသော နိုင်ငံ

ရုပ်သံထုတ်လွှင့်မှု တစ်ခုတွင် မစ္စတာ အဘီဆစ် ဗဲ့ဂျာဂျီဗားက ယခု ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအတွက် အသစ် စတင်ခြင်း အထိမ်းအမှတ် တစ်ခု ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အဘီဆစ်သည် ယင်းထံတွင် လတ်တလော ချို့တဲ့နေသည့် တိုက်ရိုက်လူကြိုက်များ၊ ရေပန်းစားမှုကို ရရှိရန် ကြိုးပမ်းရှာဖွေနေခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။

၂၀၀၆ ခုနှစ်က သွေးမြေမကျ အာဏာသိမ်းမှုတွင် ယခင် ခေါင်းဆောင် သက်ဆင်ရှင်နာ ဝပ်ထရာကို ထိုင်းတပ်မတော်က ဖယ်ရှားခဲ့ ပြီးနောက်ပိုင်း လာမည့် ဇူလိုင် ရွေးကောက်ပွဲများကို ဒုတိယမြောက် ကျင်းပခြင်း ဖြစ်သည်။

အာဏာ သိမ်းအပြီး ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲများတွင် သကဆင်ရှင်နာဝပ်ထရာ၏ မဟာမိတ်များက အနိုင်ရရှိခဲ့သော်လည်း အာဏာရပါတီနှင့် ပါတီ၏ လွှတ်တော် အမတ် အများစုမှာ မရှေးမနှောင်း ထုတ်ပြန်သော တရားရုံး အမိန့်အာဏာဖြင့် နိုင်ငံရေး မလုပ်ရန် တားမြစ် ပိတ်ပင်ခံ ခဲ့ရသည်။ ထို့နောက် လွှတ်တော်တွင်း မဲပေး ဆုံးဖြတ်မှုဖြင့် အဘီဆစ်၏ ညွှန့်ပေါင်း အစိုးရ ၂၀၀၈ နိုဝင်ဘာတွင် အာဏာ ရလာခဲ့သည်။

ယမန်နှစ်ကမူ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက အဘီဆစ် အစိုးရသည် တရားမဝင်ဟု စွပ်စွဲကာ ရွေးကောက်ပွဲ အသစ် ကျင်းပရန် တောင်းဆို ဆန္ဒပြခဲ့ကြခြင်းကြောင့် ဘန်ကောက်မြို့တော်၏ အဓိက နေရာများ ပိတ်ဆို့ ရပ်ဆိုင်း သွားခဲ့ရသည်။

ထိုစဉ်က သီတင်းပတ် ၁၀ ပတ်ကြာ လမ်းပေါ် ပဋိပက္ခများအတွင်း လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး (အချို့သတင်း များတွင် သေဆုံးသူ ရာဂဏန်း ကျော်သည်ဟု ဖော်ပြသည်။) နောက် ထိုင်းတပ်ဖွဲ့များက လမ်းပေါ်မှ ရှပ်နီ ဆန္ဒပြသူများကို အကြမ်းဖက် ရှင်းလင်းခဲ့ရာ မေလ ၁၉ ရက်နေ့တွင် ဆန္ဒပြပွဲများ ပြီးဆုံးသွားသည်။

နိုင်ငံရေးအရ နက်ရှိုင်းစွာ ကွဲပြဲနေသော နိုင်ငံတွင် ယခု ရွေးကောက်ပွဲများက တင်းမာမှုများ ဖြစ်အောင် ထပ်မံ နှိုးဆွနိုင်သည်ဟု လေ့လာ ဆန်းစစ်သူများက စိုးရိမ် ပူပန်လျက် ရှိသည်။

လူကြိုက်များလှသော မစ္စတာ သက်ဆင်က ထိထိရောက်ရောက် ထိန်းချုပ်ထားဆဲ ဖြစ်သည့် အတိုက်အခံ ပါတီကို အဘီဆစ်၏ ဒီမိုကရက် ပါတီက ယှဉ်ပြိုင်ရန် အားစမ်းနေသည်ဟု BBC သတင်းထောက်များက ဆိုသည်။

မစ္စတာ အဘီဆစ်က ၎င်း၏ ရုပ်သံမိန့်ခွန်းတွင် “ယခုအချိန်သည် ပြည်သူများ အနေနှင့် ရှေ့သို့ တိုးချင်သလား၊ အဆိုးသံသရာထဲသို့ နောက်ပြန်သွားမလား ဆိုသည်ကို ထိုင်းပြည်သူများ ဆုံးဖြတ်ရမည့် အချိန်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

****************************************************************************************************************

EU က ယခုနှစ်တွင် စင်ကာပူနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ရရန် မျှော်လင့်

(6th May 2011 ရက်စွဲပါ Reuters မှ Andrew Marshall ရေးသားသော EU expects to agree Singapore FTA this year, more in 2012 ကို ဘာသာပြန်သည်။)

ဥရောပ သမဂ္ဂသည် ယခုနှစ်တွင် အရှေ့တောင် အာရှနိုင်ငံ တစ်ခုနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက် (FTA) ကို အပြီးသတ် ချုပ်ဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ရပြီး အဆိုပါ နိုင်ငံမှာ စင်္ကာပူ ဖြစ်နိုင်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် စတင် ကျင့်သုံးနိုင်မည်ဟု ကုန်သွယ်ရေး ကော်မရှင်နာ Karel De Gucht က သောကြာနေ့က ပြောကြားခဲ့သည်။

အီးယူသည် အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သော အာဆီယံနှင့် အဖွဲ့ချင်း ဆွေးနွေးမှုကို ၂၀၀၉ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး၊ ဒေသတွင်း နိုင်ငံတစ်ခုချင်းစီ နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ စင်္ကာပူနှင့် မလေးရှားတို့ဖြင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်ပြီး၊ အင်ဒိုနီးရှား၊ ဗီယက်နမ် တို့နှင့် စတင် ဆွေးနွေးနိုင်ရန် မျှော်လင့်နေသည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် ယခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးလျှင် ဆွေးနွေးနိုင်လိမ့်မည် ဟု De Gucht က သတင်း ထောက်များကို ပြောကြားခဲ့သည်။

သဘောတူညီချက် ရေးထိုးနိုင်မည့် ယာယီ ခန့်မှန်းချက် အချိန်ဇယားကို မေးမြန်းရာ De Gucht က “ကျွန်တော် တို့ ဒီနှစ်မှာ တစ်ခုအပြီးသတ် ချုပ်ဆိုနိုင်မှာ ဖြစ်ပြီး၊ နောက်နှစ်မှာ ပိုမို နိုင်ပါမယ်။ အားလုံး ၂၀၁၃ မှာ ပြီးစီးပါမယ်” ဟု ပြောကြားခဲ့သည်။ ယခုနှစ် FTA သဘောတူချက် ပြုလုပ်နိုင်မည့် နိုင်ငံကို မေးမြန်းရာ၊ ဖြစ်နိုင်ခြေ အများဆုံးမှာ စင်္ကာပူနိုင်ငံ ဖြစ်ကြောင်း၊ စင်္ကာပူသည် ဥရောပနှင့် FTA ဆွေးနွေးမှုများကို ၂၀၁၀ တွင် စတင် ပြုလုပ်ခဲ့ ကြောင်း ၎င်းက ပြောသည်။

မလေးရှားနှင့် သဘောတူညီချက်သည် ၂၀၁၂ တွင် ပြုလုပ်နိုင်မည်ဟု မျှော်လင့်ရပြီး၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့ဖြင့် ၂၀၁၂ သို့မဟုတ် ၂၀၁၃ တွင် အပြီးသတ်နိုင်မည်ဟု မှန်းဆရသည်။

ယခုခန့်မှန်းသည့် နှစ်များမှာ သဘောတူညီချက် ချုပ်ဆိုနိုင်မည့် နှစ်များဖြစ်ပြီး၊ နောက်တစ်နှစ်တွင်မှ စတင် ကျင့်သုံးနိုင်ကြမည် ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယား ပါလီမန်သည် အီးယူနှင့် FTA ကို အတည်ပြုခဲ့သည်။ ဇူလိုင်လတွင် စတင် သက်ရောက်နိုင်ရန် နောက်ဆုံး အခက် အခဲကို ဖြေရှင်းနိုင်ခဲ့သည်။ အဆိုပါ FTA အတွက် ဆွေးနွေးမှုကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး၊ အီးယူသည် အမေရိကန်နှင့် ပြိုင်၍ ဆိုးလ်နှင့် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် FTA အတွက် အပြီးသတ်ရန် ကျန်ရှိနေသည်။ နှစ်ဖက်စလုံးက ယခုနှစ်ကုန်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြသည်။

         ကိုရီးယားနှင့် အောင်မြင်စွာ FTA သဘောတူခဲ့ခြင်းသည် အခြား အာရှနိုင်ငံများ အီးယူနှင့် FTA အတွက် များစွာ တွန်းအားဖြစ်စေကြောင်း De Gucht က ဆိုသည်။

FTA အတွက် အဟန့်အတား ဖြစ်နေသော လူ့အခွင့်အရေးကိစ္စ

De Gucht က ပြောကြားရာတွင် အီးယူနှင့် အာဆီယံအတွင်း FTA အတွက် ညှိနှိုင်းရာတွင် အဓိက အကြောင်း အချက် နှစ်ခုကြောင့် မဖြစ်နိုင် ရခြင်း ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံများကြားတွင် ဖွံ့ဖြိုးတိုးတက်မှု အဆင့်များစွာ ခြားနားနေခြင်းနှင့် မြန်မာနိုင်ငံက အာဆီယံ အဖွဲ့ဝင် ဖြစ်နေခြင်း တို့ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အီးယူသည် မြန်မာနိုင်ငံတွင် တရားဝင် အရပ်သား အစိုးရ ဖွဲ့စည်းရန် မလုပ်ဆောင်ခြင်းကြောင့် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ထားခဲ့ သည်။ ပြီးခဲ့သည့် နှစ်က ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ပါလီမန်က စစ်တပ်ထံမှ အာဏာလွှဲယူ ခဲ့သည်ဟု ဆိုခဲ့သော်လည်း sanction အများစုသည် ဆက် လက် ရှိနေသည်။

အီးယူနှင့် အခြား အနောက်နိုင်ငံများက ပြောကြားရာတွင် အဆိုပါ လုပ်ငန်းစဉ်များသည် အတုအယောင်များသာ ဖြစ်ပြီး၊ အုပ်ချုပ်သူများမှာ မပြောင်းကြောင်း၊ ဒီမိုကရေစီ အစစ်အမှန်မှာ အလှမ်းဝေး နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံသည် ဒေသတွင်းတွင် ဒီမိုကရေစီ လိုအပ်ချက်များ ရှိပြီး၊ လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားသည့် တစ်ခုတည်းသော နိုင်ငံတော့ မဟုတ်ပေ။ လာအိုနှင့် ဗီယက်နမ် တို့မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် မကြာခဏ ဝေဖန်ခံနေရသည်။ ထိုင်းနှင့် ကမ္ဘော ဒီးယားတို့ကလည်း အာဏာရှင်ဆန်သောဖက်သို့ ဦးတည် သလိုလို ရှိနေသည်။ ပြီးခဲ့သည့် စနေနေ့က ရွေးကောက်ပွဲ ကျင်းပခဲ့သော စင်္ကာပူနိုင်ငံသည် လည်း တစ်ပါတီတည်း ပြေးနေ သော နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အများစုသည် ၎င်းထက် အနည်းငယ်သာ သာသော်လည်း မြန်မာနိုင်ငံကိုမှ ရွေး၍ ပစ်ပယ်ထားခြင်း မဟုတ်ကြောင်း De Gucht က ငြင်းချက်ထုတ်သည်။ အီးယူသည် FTA ကိစ္စ မည်သည့်နိုင်ငံနှင့်မျှ စကား မပြောမီ မျှော်လင့်နိုင်သော လူ့အခွင့်အရေး အဆင့်တစ်ခု၊ အလုပ်သမား အခြေအနေနှင့် နိုင်ငံရေးအရ တိုးတက်မှုများကို သတ်မှတ်သော Partnership and Cooperation Agreement (PCA) ကို စတင် လုပ်ဆောင်ကြောင်း ပြောသည်။

အာဆီယံ အဖွဲ့ကြီးက ပြောကြားရာတွင်မူ ၂၀၁၅ တွင် စုစည်းထားသော စီးပွားရေး ဒေသကြီး အပြည့်အဝ ဖြစ်ရမည်ဟု မျှော်မှန်းသည်ဟု ဆိုသည်။ သို့သော် သုံးသပ်သူ အများစုကမူ အဆိုပါ ရည်မှန်းချက်ကို အကောင်းမြင်ရန် မလွယ်ကြောင်း၊ ဖွံ့ဖြိုး တိုးတက်မှု အဆင့်မတူခြင်း၊ လက်ရှိ နှစ်နိုင်ငံ အဆင်မပြေမှုများ၊ အဆိုးဆုံးမှာ ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ် တိုက်ပွဲများ ဖြစ်ကြောင်း ဆိုကြသည်။

De Gucht က ပြောကြားရာတွင် အီးယူအနေဖြင့် FTA ကို နှစ်နိုင်ငံ သဘောတူညီမှုကို အခြေခံမည် ဖြစ်ကြောင်း၊ အာဆီယံ၏ စုစည်းသော စီးပွားရေး ဖြစ်လာမှသာ အီးယူ-အာဆီယံ အဆင့် ညှိနှိုင်းမှုများ စတင်မည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment