Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၄.၅.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

မြန်မာနှင့် မြောက်ကိုရီးယားဆက်ဆံရေး ဝါရှင်တန်စိုးရိမ်

(AFP သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံ ဆက်ဆံမှုများအပေါ် စိုးရိမ်မကင်းဖြစ်မိသည်ဟု အမေရိကန်စီနီယာ သံတမန်နှင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းက စစ်တပ ကျောထောက်နောက်ခံပြုမှုကို ရယူထားသည့် မြန်မာအစိုးရသစ်အား အသိပေးပြောဆိုလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းသည် မြန်မာနိုင်ငံသို့ သုံးရက်တာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီဖော်ဆောင်ရာတွင် အဓိပ္ပာယ်ပြည့်ဝပြီး လက်ဆုပ်လက်ကိုင် ပြနိုင်သည့် လုပ်ရပ်များလုပ်ကိုင်ရန်၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းပြောဆိုခဲ့ကြောင်း အဆိုပါ သံရုံးသတင်းထုတ်ပြန်ချက်က ဆိုသည်။

မစ္စတာ ဂျိုးဇက်ယွန်းသည် မကြာသေးခင်နိုဝင်ဘာလက နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့သူ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သုံးရက်တာခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည်။ "မြန်မာနိုင်ငံ မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုများအပေါ် အမေရိကန်နိုင်ငံ၏ စိုးရိမ်မကင်းမှုကို လက်ထောက် နိုင်ငံခြားရေးဝန်ကြီးယွန်းက အသိပေးခဲ့ပြီး ဤကိစ္စရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် လူသိရှင်ကြား ထောက်ခံထားမှု အပေါ် အစိုးရက လေးစားလိုက်နာရန် ပန်ကြားခဲ့ပါသည်" ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

ကမ္ဘာကျော် ဝီကီလိဒ်ခ် WikiLeaks က ထုတ်ပြန်ခဲ့သော အမေရိကန် လျှို့ဝှက်သံတမန် ကြေးနန်တစ်ခုတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယား အကူအညီ ရယူကာ နျူကလီးယားအစီအစဉ်တစ်ရပ်ကို လျှို့ဝှက်စွာ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်ဟု ဝါရှင်တန်အစိုးရက သံသယဖြစ်ကြောင်း ဖော်ပြပါရှိသည်။ မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်တို့တွင် နျူကလီးယားစမ်းသပ်မှု နှစ်ခုပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရသည်။ ယင်းပိတ်ဆို့မှုအရ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားနှင့် ပဲ့ထိန်း ဒုံးကျည်များ ရောင်းဝယ်မှုပြုလုပ်ခွင့်မရှိပေ။  ပြီးခဲ့သည့် မတ်လတွင် အရပ်ဘက်အစိုးရသို့ အာဏာ လွှဲပြောင်းပေးလိုက်သည့် မြန်မာ စစ်အစိုးရက နျူကလီးယား အစီအစဉ်များ လျှို့ဝှက်စွာလုပ်ကိုင်နေပါသည် ဟူသော သတင်းပေးပို့ချက်များကို ပယ်ချခဲ့သည်။

ကုန်ခဲ့သည့် ၂၀၀၉ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေး မူဝါဒကို စတင်ကျင့်သုံးခဲ့သော သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်းရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်မှာမှန်သော်လည်း ဒိုင်ယာလော့ခ်ဖြစ်စဉ်နှင့် ပတ်သက်သော ရလဒ်များကို အားရကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အတူ မြန်မာအပေါ် ပိတ်ဆို့အရေးယူသည့် မူဝါဒများ လျှော့ချမည်မဟုတ်ဟု အိုဘားမား အစိုးရက ငြင်းဆိုထားသည်။

***************************************************************************

မြန်မာဆန်တင်ပို့မှု ပြန်လည်ခွင့်ပြုလိုက်၍ အာရှဆန်ဈေးကျဆင်းဖွယ်

(Wall Street Journal မှသတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံက ပြည်ပဆန်တင်ပို့မှုကို ပြန်လည်ခွင့်ပြုလိုက်ခြင်းနှင့် ဒေသတွင်းဈေးကွက်သို့ ဘရာဇီးနိုင်ငံထွက် ပြုတ်ဆန်များ ဝင်ရောက်လာမှုကြောင့် အာရှဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာဖွယ်ရှိကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။ မြန်မာအစိုးရက ဆန်တင်ပို့ခွင့် ပြုလိုက်ခြင်းသည် အာရှဆန်ဈေးကွက်အတွက် ထူးခြားကောင်းမွန်သော ဖြစ်စဉ် တစ်ခု ဖြစ်သည်။ အကြောင်းမှာ မြန်မာ့ဆန်သည် ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းအချိုသာဆုံးဖြစ်ပြီး ဝင်ငွေနိမ့်ကျသော အာဖရိကနိုင်ငံများ၌ ဝယ်လိုအား လွန်စွာကြီးမားသည်။ မြန်မာနိုင်ငံက ဆန်တင်ပို့မှုကို နှစ်လကျော်ကြာ ပိတ်ပင်ခဲ့ပြီးနောက် ပြန်လည်တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သတင်းများအရ ပြီးခဲ့သည့် ရက်အနည်းငယ် မေလ တတိယ ပတ်ခန့်တွင်း ကျိုးကြေနေသည့် ဆန်ကွဲ ၂၅ ရာခိုင်နှုန်း ပါသော ဆန်တန်ချိန် တစ်သိန်းခန့်ရောင်းချခဲ့ကြောင်း၊ ထိုဆန်များမှာ တစ်တန်လျှင် ဒေါ်လာ ၃၉၀ မှ ၄၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ကမ္ဘာ့ဆန်ရောင်းဝယ်ရေး ကုမ္ပဏီကြီးများက မြန်မာဆန်တင်ပို့သူများထံမှ ယင်းဆန်များကို ဝယ်ယူပြီး အာဖရိက နိုင်ငံများမှ ဝယ်လက်များသို့ တစ်တန်လျှင် ၄၁၅ ဒေါ်လာအထိ ရောင်းချကြသည်။ (သယ်ယူပို့ဆောင်ခငြိမ်းဖြင့် တင်ပို့ပေးခြင်း ဖြစ်သည်။) ယခုအခါ ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့် နိုင်ငံများဖြစ်သော ထိုင်းနှင့် ဗီယက်နမ်တို့ကလည်း စပါး အမြောက် အမြား ရိတ်သိမ်းပြီးကြပြီ ဖြစ်သည်။ ထိုင်းနိုင်ငံဆိုလျှင် မကြာသေးခင် အချိန် ကာလက အလယ်အလတ် အဆင့်ရှိသည့် ဆန်များရိတ်သိမ်းခဲ့ပြီဖြစ်ပြီး ယခုအခါယမန်နှစ်ကထက်များပြားသော ဆန်တန်ချိန် သုံးသောင်းခန့်ကို ကြိတ်ခွဲလျက် ရှိသည်။ အာရှနိုင်ငံများမှ ဆန်ထုတ်လုပ်မှုနှင့် တင်ပို့မှုများမြင့်မားလာသောကြောင့် ဈေးကွက်တွင်း ရောင်းချလျက်ရှိသော ဆန်မျိုးစုံမှာ ၅ ဒေါ်လာမှ ၁၂ ဒေါ်လာအထိ ကျဆင်းလာဖွယ် ရှိသည်ဟု ကုန်သည်အများစုက မျှော်မှန်းထားသည်။

ထိုင်းဆန်ဈေးနှုန်းမှာ အာရှဈေးကွက်တွင် ဈေးနှုန်းများစွာ ကျဆင်းမှုမရှိခဲ့သော်လည်း မြန်မာနိုင်ငံကသာ ဆန်တင်ပို့မှုကို ဆက်လက် ခွင့်ပြုသွားမည်ဆိုပါက ဈေးနှုန်းကျဆင်းမည့် အနေအထားသို့ စတင်ရောက်ရှိလာမည် ဖြစ်ကြောင်း Huay Chuan Rice Co မှ ညွှန်ကြားရေး Chookiat Ophaswongse ကပြောကြားသည်။ ဗီယက်နမ်နှင့် ထိုင်းမှ တင်ပို့သော ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဆန်မှာ ဈေးကွက်တွင် တစ်တန်လျှင် ဒေါ်လာ ၄၄၀ မှ ၄၅၅-၄၆၀ ခန့် ပေါက်ဈေးရှိသည်။ ဆန်ကွဲ ၅ ရာခိုင်နှုန်းသာ ပါသည့် ထိုင်း၊ ဗီယက်နမ်ဆန်မှာမူ တစ်တန်လျှင် ဒေါ်လာ ၄၈၀ ခန့်ဈေးရကြောင်း သိရသည်။ ဆန်အများဆုံးတင်ပို့သည့် နိုင်ငံများစာရင်းတွင် ပါဝင်သည့် ပါကစ္စတန်ကလည်း တစ်တန်လျှင် ဒေါ်လာ ၄၅၀ ခန့်ဖြင့် ရောင်းချရန် ဈေးကမ်းလှမ်းထားသည်။ ဗီယက်နမ်နှင့် ပါကစ္စတန်ဆန်များသည် ထိုင်းဆန်နှင့် နှိုင်းယှဉ်ပါက လျှော့ဈေးဖြင့် ရောင်းချလေ့ရှိသည်ကို တွေ့ရသည်။

"မြန်မာနိုင်ငံက ဆန်ပြန်လည်တင်ပို့ခွင့်ပြုလိုက်တဲ့ ကိစ္စက ဆန်ဈေးနှုန်းကို သေချာပေါက် ကျဆင်းသွားစေမှာ ဖြစ်ပါတယ်" ကရာချိ အခြေစိုက် ဆန်ရောင်းဝယ်ရေးကုမ္ပဏီ ဖြစ်သော Rice Tex မှ အမှုဆောင်အရာရှိချုပ် Abdul Azziz Ghaffar ကပြောကြားသည်။ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ပုံမှန်မဟုတ်သော နှုန်းထားဖြင့် မြင့်တက်နေကြောင်း၊ အကြောင်းမှာ ဆန်တင်ပို့သူများ အနေဖြင့် တင်ပို့ရောင်းချလိုက်ပြီးဖြစ်သော ဆန်များအတွက် တင်ပို့မှုစရိတ်စခများကို ထေမိရန်ကြိုးစားနေကြရ၍ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗီယက်နမ်ကတင်ပို့သော ဆန်ဈေးနှုန်းများမှာလည်း ကျဆင်းမည့် အရိပ်အယောင်များတွေ့ရကြောင်း၊ ဗီယက်နမ် ပြည်တွင်းဈေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပိုလျှံမှုများကြောင့် ဆန်တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်ငွေ ၄၄၀ အထိ ကျဆင်းသွားကြောင်း စင်ကာပူအခြေစိုက် ဆန်ဈေးကွက် လေ့လာသုံးသပ်သူများက ပြောကြားသည်။ စင်ကာပူ အခြေစိုက် ဆန်ကုန်သည်တစ်ဦးကလည်း ထိုင်းနှင့် ဗီယက်နမ်ဆန်ဈေးနှုန်းများ ကွာဟချက်မှာ တဖြည်းဖြည်းချင်း ကျဉ်းမြောင်းလာပြီး ဈေးနှုန်းများ ကျရိပ်ပေါ်နေကြောင်း ပြောကြားသည်။ ထိုင်းနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံထက် လက်ရှိပေါက်ဈေးဖြင့် ရောင်းချနိုင်မည့် အခွင့်အရေးများရှိထားသည်ဟု Huay Chuan Rice Co မှ Chookiat Ophaswongse ကဆိုသည်။ ဗီယက်နမ်နိုင်ငံက ပြုတ်ဆန်များ တင်ပို့ရောင်းချမှု မပြုသော်လည်း ယင်းဆန်များတင်ပို့ရာ၌ ဘရာဇီးနှင့် ယှဉ်ပြိုင်ရသည်ဟု ၎င်းကဆိုသည်။ ဘရာဇီးက အာဖရိကနိုင်ငံများသို့ ပြုတ်ဆန် တစ်တန်လျှင် ဒေါ်လာ ၄၆၀-၄၇၀ ဖြင့်ရောင်းချလျက်ရှိသည်။ ယင်းဈေးနှုန်းမှာ ထိုင်းနိုင်ငံထက် ဒေါ်လာ ၃၀ မှ ၄၀ အထိ လျော့နည်းသက်သာမှုရှိသည်။

************************************************************************

မြောက်ကိုရီးယားခေါင်းဆောင် လာရောက်လည်ပတ်ကြောင်း တရုတ်အတည်ပြု

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီလ် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမှာ တရုတ်ပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို သိရှိ နားလည်ရန် ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ ပြောရေးဆိုခွင့်ရှိသူ အဆိုအရ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က မစ္စတာ လီမြောင်ဘတ်အား ကင်ဂျုံအီလ်ခရီးစဉ်ကို အကျဉ်းချုံး ပြောဆိုခဲ့သည်။ ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် တရုတ်နိုင်ငံသို့ မေလ ၂၀ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး တရုတ်ပြည်တွင်း ယခုအချိန်အထိ လည်ပတ် ကြည့်ရှုနေဆဲဖြစ်သည်ဟု ယုံကြည်ရကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ယခုလို ခရီးသွားလာမှုကို ပွင့်ပွင့်လင်းလင်း သိရှိခွင့်ရသည် ဟူသောကိစ္စမှာ လွန်စွာ ရှားပါးသည်။ တရုတ်နိုင်ငံကလည်း မြောက်ကိုရီးယားခေါင်းဆောင်ကြီး ပြုံယမ်းသို့ ပြန်လည် မရောက်ရှိမီ အချိန် ကာလအတွင်း ၎င်း၏ခရီးစဉ်ကို ထုတ်ဖော် ပြောဆိုမှုမျိုး မရှိခဲ့ပေ။ ယခုတစ်ကြိမ် အိမ်နီးချင်းတရုတ်ပြည်သို့ ကင်ဂျုံအီလ် သွားရောက် လည်ပတ်မှုမှာ တစ်နှစ်အတွင်း သုံးကြိမ်မြောက်ဖြစ်ကြောင်း၊ ၎င်း၏ခရီးစဉ်နှင့်ပတ်သက်၍ ထင်မြင်သုံးသပ်မှု များစွာ ထွက်ပေါ်လျက်ရှိကြောင်း တောင်ကိုရီးယားအစိုးရကဆိုသည်။

တောင်ကိုရီးယားသမ္မတရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ယခုခရီးစဉ်သည် ဗဟုသုတ လေ့လာဆည်းပူးသော ခရီးစဉ် တစ်ခု ဖြစ်ကြောင်း၊ တရုတ်ပြည် ဘေဂျင်းအစိုးရက နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို သိရှိနားလည်စေရန် မစ္စတာ ကင်ဂျုံအီလ်ကို ဖိတ်ကြားမှုတစ်ရပ်ဖြစ်ကြောင်း ပြောဆို သည်။ သို့အတွက်ကြောင့် တရုတ်ပြည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နမူနာကိုယူပြီး မြောက်ကိုရီးယားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၎င်းအနြေ ဖင့် ဆောင်ကျဉ်းနိုင်မည် ဖြစ်သည်။

မြောက်ကိုရီးယားစီးပွားရေးသည် တရုတ်နိုင်ငံနှင့် အခြားသော အကူအညီ အထောက်အပံ့များပေါ် များစွာ မှီခိုနေသည်။ ထို့ပြင် မြောက်ကိုရီးယားသည် ပြည်တွင်း စားနပ်ရိက္ခာပြတ်လပ်မှုကို ယခုနှစ်အတွင်း ဆိုးရွားစွာကြုံတွေ့နေရ သည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က မြောက်ကိုရီးယားနိုင်ငံတွင်း အကူအညီနှင့် အထောက်အပံ့ပေးရေးလုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်ပြီး မြောက်ကိုရီးယားဆိုင်ရာ ကုလ အထူးသံတမန်လည်း မေလ ၂၆ ရက်နေ့တွင် ပြုံယမ်းသို့သွားရောက်မည် ဖြစ်သည်။ ၎င်းသည် နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံမှုနှင့် အခြားသော လိုအပ်ချက် များကို စစ်ဆေး ကြည့်ရှုရန် သွားရောက်မည် ဖြစ်သည်။

*******************************************************************

အီရန်-မြောက်ကိုရီးယား ဒုံးကျည်အရောင်းအဝယ်လုပ်သည်ဟူသော အစီရင်ခံစာကို တရုတ်ဟန့်တား

(BBC သတင်းကို ဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံနှစ်နိုင်ငံသည် တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ ဖလှယ်မှုများပြုလုပ်နေသည် ဟူသော ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာကို တရုတ်နိုင်ငံက ပိတ်ဆို့ဟန့်တားလိုက်ကြောင်း သိရသည်။ မေလဒုတိယ ပတ်ခန့်တွင် ပေါက်ကြားခဲ့သော ကုလသမဂ္ဂ၏ လျှို့ဝှက် အစီရင်ခံစာကို ယခုအချိန်အထိလေ့လာဆန်းစစ်နေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက ပြောကြားသည်။

မြောက်ကိုရီးယားနှင့် အီရန်တို့ ယင်းသို့နည်းပညာအလဲအလှယ်ပြုလုပ်မှု (သို့မဟုတ်) ရောင်းဝယ်မှုပြုလုပ်ရာတွင်ကြားခံ တတိယနိုင်ငံတစ်နိုင်ငံ မှတစ်ဆင့်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်ဟု အမည် မဖော်လိုသူ သံတမန်များက ပြောကြားကြောင်း လျှို့ဝှက်အစီရင်ခံစာကဆိုသည်။ ထိုကဲ့သို့ တရားမဝင်လက်နက် နည်းပညာနှင့် ကုန်ပစ္စည်းများတင်ပို့ရာတွင် တရုတ်နိုင်ငံက ကြားခံနိုင်ငံတစ်ခုအဖြစ် လုပ်ဆောင်ပေးနေသည် ဟူသော စွပ်စွဲချက်ကို ဘေဂျင်းအစိုးရက ပယ်ချလိုက်သည်။

"အဲဒီလိုအစီရင်ခံချက်တွေကို ကျွန်ုပ်အနေနဲ့ လုံးဝမဟုတ်မမှန်ကြောင်း ငြင်းပယ်ပါတယ်" ဟု တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Hu Zhengyue က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကုန်တင်လေကြောင်းလိုင်းများ

မစ္စတာ Hu Zhengyue ၏ ထင်မြင်သုံးသပ်ချက်သည် နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းကာလတွင် ထုတ်ဖော်ခဲ့သည့် ကြေညာချက်ကို သံယောင်လိုက်ထားသည်ကို တွေ့ရသည်။ "တရုတ်နိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာ၌ များစွာ အလေးအနက်ထား တာဝန်ယူဆောင်ရွက်လိုပါသည်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ထားသည်။ ကုန်ခဲ့သည့် ရက်သတ္တပတ် နောက်ဆုံးပတ်ခန့်က ရိုက်တာသတင်း ဌာနက ကုလသမဂ္ဂလျှို့ဝှက်အစီရင်ခံစာ တစ်ရပ်ကို ရရှိခဲ့သည်။ အဆိုပါအစီရင်ခံစာကို ကုလနည်းပညာ ကျွမ်းကျင်သူများ အဖွဲ့က ရေးသားခဲ့ပြီး လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့သည်ဟု ရိုက်တာကဆိုသည်။

မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို အံ့တုပြီး အီရန်နိုင်ငံနှင့် ဒုံးကျည်နည်းပညာများ အပြန်အလှန် လဲလှယ်ခဲ့သည်ဟု ယုံကြည်ရကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ မြောက်ကိုရီးယားသည် ယင်းသို့ တင်ပို့ရာတွင် လုံခြုံရေးနှင့် လေ့လာ စောင့်ကြည့်မှု နည်းပါးသော ကုန်လှောင်ဌာနများကိုအသုံးပြုခဲ့ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံပိုင်ကုန်တင်လေကြောင်းလိုင်းများ အသုံးပြုကာ တင်ပို့ကြောင်း ဖော်ပြပါရှိသည်။

ကုန်တင်လေကြောင်းခရီးစဉ်များကို အချို့သောနည်းပညာနှင့် လက်နက်ပစ္စည်းများတင်ပို့ရာတွင်အသုံးပြုသည်၊ အကြောင်းမှာ အခြားသော ခရီးသည်တင် လေကြောင်းခရီးစဉ်များထက် လုံခြုံရေးနှင့်စောင့်ကြည့်လေ့လာမှု အားနည်း သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများက မြောက်ကိုရီးယားနှင့် နျူကလီးယားနှင့် ဒုံးကျည် နည်းပညာများ အရောင်းအဝယ်ပြုမှုများအား ပိတ်ပင်ထားသလို လက်နက် ရောင်းချမှုများကိုပါ တားမြစ်သည်။ မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကုလ၏ ပိတ်ဆို့ အရေးယူမှု ခံခဲ့ရသည်။

************************************************************************

ဂျပန်စီးပွားရေးကျဆင်းဟု အစိုးရထုတ်ဖော်

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ငလျင်လှုပ်ခတ်မှု၊ ဆူနာမီလှိုင်းရိုက်ခတ်မှု နှင့် နျူကလီးယား ဘေးဒုက္ခသင့်မှုတို့နောက်ပိုင်း ဂျပန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှုသို့ ဆိုက်ရောက်သွားကြောင်း အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဂျပန်နိုင်ငံ၏ ဂျီဒီပီမှာ ဂျပန်စီးပွားရေးပညာရှင်များ ကြိုတင်ဟောကိန်း ထုတ်ထားသည်ထက် ပိုမို ကျဆင်းလာ ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်အတွင်း ၃ ဒဿမ ၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစိုးရ၏ ကိန်းဂဏန်းများက ဆိုသည်။ ဂျပန်အစိုးရကက်ဘိနက်က ယမန်နှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဂျီဒီပီ ၀ ဒဿမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ စတုတ္ထလေးလပတ်သည် ၂၀၀၉ ခုနှစ် စတုတ္ထလေးလပတ်နှင့် နှိုင်းယှဉ်ပါက ဂျီဒီပီ ၀ ဒဿမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ဆိုသည်။ ဂျပန်အစိုးရက စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများကို မေလ ၁၈ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ထိုကိန်းဂဏန်းများကို ကြည့်လျှင် ဂျီဒီပီ ကျဆင်းမှုမှာ ၂ နှစ်ဆက်တိုက် ကျဆင်းခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါအနေအထားသည် စီးပွားရေးကျဆင်းမှုသို့ဆိုက်ရောက်သည့် အဓိပ္ပာယ်ဖြစ်ကြောင်း အစိုးရကဆိုသည်။

စက်မှုကုန်ထုတ်လုပ်မှုမှာ ပြီးခဲ့သည့် မတ်လတွင် ၁၅ ဒဿမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ ယင်းသို့ ကျဆင်းမှုသည် ဂျပန်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးဖြစ်သည်။ ဆူနာမီဒဏ်ခံရသော ဒေသများ၏ စီးပွားရေးမှာ ဆိုးရွားစွာ ထိခိုက်ခဲ့ရကြောင်း၊ ယင်းဒေသများတွင် စီးပွာရေးလုပ်ငန်းပေါင်း ၂၄၀၀၀ ခန့်ရှိရာ ၁၀၀၀၀ ခန့်မှာ ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး ၆၀၀ ခန့်မှာ ပိတ်ပင်ရမည့် အနေအထားတွင်ရှိကြောင်း သိရသည်။ ယခု အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ခရီးသွားလုပ်ငန်း သို့မဟုတ် ကုန်သွယ်ရေးလုပ်ငန်းများ မပါဝင်ပေ။ သို့သော် မတ်လတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ဆိုးကြီးသည် စီးပွားရေးဘေးဒုက္ခကိုပါ ဆောင်ကျဉ်းလာရာ ရောက်ခဲ့ကြောင်း ကိန်းဂဏန်းများက ညွှန်းဆိုနေသည်။

**********************************************************************

ဘင်္ဂလာဒေ့ရှ်က ရေနက်ပိုင်းလုပ်ကွက်နှစ်ခု Conoco Phillips သို့ပေး

(23 May 2011 ရက်စွဲပါ PTI မှ Bangladerh awards 2 Deep-sea Block to Conoco Phillips အား ဘာသာပြန်သည်)

                ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ အငြင်းပွားဖွယ်မရှိသည့် ရေနက်ပိုင်းရှိ ကမ်းလွန်လုပ်ကွက်နှစ်ခုတွင် ဟိုက်ဒရိုကာဗွန် ရှာဖွေရန်အလို့ငှာ အမေရိကန်အခြေစိုက် Conoco Phillips အား ပေးအပ်ရန် ယနေ့အတည်ပြုခဲ့သည်။ ဒါကာသည် ၎င်း၏ ရေကြောင်း နယ်နမိတ်အတွင်းပိုင်းတွင် အိန္ဒိယ၊ မြန်မာတို့နှင့် အငြင်းပွားလျက်ရှိသည်။

                “Conoco ဟာ အငြင်းပွားခြင်းမရှိတဲ့ အကွက်(၁၀)နဲ့ (၁၁)မှာ ထုတ်လုပ်မှုမျှဝေခံစားရေး စာချုပ် (PSC) အရ ရှာဖွေသွားမှာ ဖြစ်ပါတယ်” ဟု စွမ်းအင်အတွင်းဝန် M Mijbahuddin က သတင်းသမားများသို့ ဘဏ္ဍာရေး ဝန်ကြီး AMA Muhith ခေါင်းဆောင်သော စီးပွားရေးဆိုင်ရာ ကက်ဘိနက် ကော်မတီ (CCEA) ၏ ဆုံးဖြတ်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။

                အဆိုပါလုပ်ကွက်နှစ်ခုအား အမေရိကန်စွမ်းအင်ကုမ္ပဏီကြီး သို့ပေးအပ်ရန် စွမ်းအင်ဝန်ကြီးဌာက အဆို ပြုလာရာ CCEA က ယနေ့အတည်ပြုပေးခဲ့ကြောင်း၊ အိမ်နီးချင်းများနှင့် အငြင်းပွားနေသော ရေပိုင်နက်တွင်မူ လုပ်ဆောင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

                လုပ်ငန်းစဉ်များအား ကျွမ်းကျင်သော တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားရာတွင် နိုင်ငံပိုင် Petrobangla သည် Conoro Phillips အား ဖိတ်ကြား၍ ဇွန်လ ပထမအပတ်တွင် နောက်ဆုံးသဘောတူညီချက်ကို လက်မှတ် ရေးထိုးဖွယ်ရှိကြောင်း၊ ကက်ဘိနက်၏ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် Sheikh Hasina က ခေါင်းငြိမ့်ပြီး နောက်မှ  ချုပ်ဆိုဖွယ်ရှိကြောင်း၊ ပြောကြားခဲ့သည်။

                “ယခုလုပ်ဆောင်ချက်သည် ဘင်္ဂလားဒေ့ရှ်အတွက် ပထမဆုံးအကြိမ် ရေနက်ပိုင်းတွင် ဟိုက်ဒရိုကာဗွန်ရှာဖွေခြင်း ဖြစ်၍ တိုင်းပြည်အတွက် ကဏ္ဍသစ်ဖွင့်လှစ်သကဲ့သို့ ရှိပါတယ်”  ဟု Mijbahuddin က ပြောပါတယ်။

                ဘင်္ဂလားဒေ့ရှ်သည် ၁၉၉၉ ခုနှစ်က ကမ်းလွန်ရေနံရှာဖွေရေးအဖြစ် ရေတိမ်ပိုင်းတွင် နိုင်ငံတကာ ကုမ္ပဏီ တစ်ခုအား ပေးအပ်ခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment