Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၁.၆.၂၀၁၁

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် Freedom of Newcastle ဆု လက်ခံ ရရှိ

(BBC News မှ 17 Jun 2011 ရက်စွဲပါ “Aung San Suu Kyi to receive Freedom of Newcastle” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား The freedom of the city of Newcastle ( နယူးကာဆယ် စီးတီး လွတ်မြောက် ရေးဆု ) ဆုကို ချီးမြှင့်လိုက်ပြီ ဟု သိရှိရသည်။

                မြန်မာနိုင်ငံတွင် ပြည်သူ့ အခွင့်အရေးနှင့် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ကာလရှည်ကြာ စည်းရုံးခဲ့သူ ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့် အတွင်း အချိန်တော်တော် များများ အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

                ပြီးခဲ့သော နိုဝင်ဘာလ က လွတ်မြောက် လာခဲ့သော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် သူမ၏ နိုင်ငံ မှ ထွက်ခွါခွင့် ရမည် မဟုတ်၍ ဆု ကို ကိုယ်တိုင် လက်ခံ ရယူ နိုင်မည် မဟုတ်ပေ။ Burma Campaign မှ ကိုယ်စားလှယ် ဝေနှင်း က သူမ ကိုယ်စား ဆုကို လက်ခံယူမည် ဖြစ်သည်။

                သူမသည် အဆိုပါ ဂုဏ်ထူးဆောင်ဆု ကို ဗြိတိန် စံတော်ချိန် ၁၈:၃၀ တွင် ပြည်သူ့စင်တာ တွင် လက်ခံ ယူမည်ဖြစ်သည်။

                Nelson Mandela၊ Bob Geldof နှင့် Andrei Sakharor တို့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူ များသည်လည်း အဆိုပါ နယူးကာဆယ် ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ကို လက်ခံ ရရှိ ခဲ့ကြသည် ဟု သိရှိရသည်။

                သူမ ၏ အမည် ကို ဂုဏ်ပြုခန်းမဆောင် ၏ နံရံများတွင် ထွင်းထု ထားမည် ဟု ဆိုသည်။

**************************************************************************************

ကချင်တောင်တန်းများပေါ်မှ တိုက်ပွဲများ နောက်ကွယ်တွင် ဘာတွေ ရှိသလဲ

(မေးခွန်းနှင့် အဖြေများ)

(Reuters သတင်းမှ 16 June 2011 ရက်စွဲပါ “Q&A – What is behind clashes in Myanmar’s Kachin hills” အမေး အဖြေ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ မြောက်ဖျားတွင် တရုတ်တို့ တည်ဆောက်နေသော ဓာတ်အားထုတ် ရေလှောင် တမံ အနီး၌ ယခု သီတင်းပတ်အတွင်း မြန်မာအစိုးရ တပ်များနှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံ အတွင်းမှ တရုတ်စွမ်းအင် အကျိုးစီးပွားများကို ခြိမ်းခြောက် လျက် ရှိနေသည်။

အဆိုပါ ပဋိပက္ခနှင့်လည်းကောင်း၊ တရုတ်နိုင်ငံအတွက် သက်ရောက်မှုများနှင့်လည်းကောင်း ပတ်သက်သည့် မေးခွန်းနှင့် အဖြေအချို့ကို အောက်တွင် ဖော်ပြထားသည်။

ကချင် လက်နက်ကိုင်ဆိုတာ ဘယ်သူတွေလဲ ?

                ယင်းတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းမှ အကြီးဆုံးတိုင်းရင်းသား တပ်ဖွဲ့များထဲမှ တစ်ခုဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် KIA ၏ လက်နက်ကိုင်တပ်များ ဖြစ်သည်။ ကချင်တို့သည် တောင်ပေါ်သားများ ဖြစ်၍ အများစုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။

                KIA အဖွဲ့ကို 1960 အစောပိုင်းခုနှစ်များတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ် တစ်လျှောက်ကို ကျောက်စိမ်းနှင့် ကျွန်းသစ် ကြွယ်ဝသော ကချင်တောင်တန်းများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် တပ်မတော် အစိုးရကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။

                1994 တွင် အပစ်အခတ် ရပ်စဲကြရန် KIA အဖွဲ့က သဘောတူခဲ့သော်လည်း ယမန်နှစ်က တပ်မတော်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို မြန်မာ့တပ်မတော် အုပ်ချုပ်မည့် နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းကြရန် အတင်းအကြပ်ပေးလာချိန်တွင် အဆိုပါ အပစ်ရပ် သဘော တူညီချက် ပျက်ပြားသွားခဲ့သည်။

                အစိုးရတပ်ဖွဲ့အောက်သို့ ၀င်ရောက်ပူးပေါင်းခြင်းသည် မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပွန်းပဲ့ တိုက်စားသွားလိမ့်မည်ဟူသော အယူအဆ ပေါ်တွင် ရပ်တည်၍ ငြင်းဆန်နေကြသူများထဲတွင် ကချင်တို့လည်း ပါဝင်သည်။ ကချင်တပ်ဖွဲ့တွင် ကောင်းစွာ လက်နက်တပ်ဆင်ထားသော တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀၀၀၀ ခန့် ရှိ၍ အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။

                KIA ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်တပ်များသည် မြန်မာ့တပ်မတော်နှင့် ဆယ်စုနှစ်များစွာ တိုက်ခိုက်ခဲ့ကြဖူးသည်။ အသေးအဖွဲ ပစ်ခတ်မှုများ ယခင်နှစ်က စတင်ဖြစ်ပွားလာခဲ့ရာမှ ယခုနောက်ဆုံးပိတ် တိုက်ပွဲများမှာမူ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

                ကချင်တို့နှင့် အလားတူ တိုင်းရင်းသား အုပ်စုကွဲအများစုသည် မြန်မာနိုင်ငံမှ ခွဲထွက်ရန် တိုက်ခိုက်ခဲ့ကြခြင်း မဟုတ်သော်လည်း ယင်းတို့၏ ဒေသများကို ထိထိရောက်ရောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဖက်ဒရယ်စနစ်ကို အလိုရှိကြခြင်း ဖြစ်သည်။

လတ်တလော ဘာတွေ ဖြစ်နေသလဲ?

                ပြီးခဲ့သော ကြာသပတေးနေ့မှ စ၍ အစိုးရတပ်ဖွဲ့များနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တရုတ်တို့ တည်ဆောက်နေသော ဓာတ်အားထုတ် ရေလှောင်တမံနှစ်ခုအနီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် နယ်စပ် တစ်လျှောက်ရှိ အခြားဒေသများသို့ပါ ပြန့်နှံ့သွားမည်ကို စိုးရိမ်ပူပန်နေကြသည်။

                တိုက်ပွဲများကြောင့် လူ ၄ ဦး အနည်းဆုံး သေဆုံးခဲ့ရပြီး ဒေသခံ ပြည်သူ ၁၀၀၀၀ ခန့်မှာ တရုတ် - မြန်မာ နယ်စပ်သို့ ဦးတည်ကာ တောထဲသို့ ထွက်ပြေးသွားကြသည်ဟု ကချင် သတင်းရပ်ကွက်များက ခန့်မှန်း ထားသည်။

                ယခု ပဋိပက္ခဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ စီးပွားရေးအကျိုးအမြတ်ကိစ္စ ဖြစ်သည်ဟု အကဲခတ် လေ့လာသူအချို့က ပြောကြား သည်။ အကျိုးအမြတ် ကြီးမားသော စွမ်းအင်အရောင်းအ၀ယ် ကိစ္စကို တရုတ်နှင့် မြန်မာ အစိုးရတို့ သဘောတူခဲ့ကြစဉ် လျစ်လျူရှုခံခဲ့ရသော KIA အနေ ဖြင့် ယခုအခါ “ကာကွယ်ပေးခ” ကဲ့သို့သော ငွေကြေး အကျိုးအမြတ်ကို တောင်းဆိုနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ဒီ ပဋိပက္ခဟာ ဘာကြောင့် တရုတ်နိုင်ငံရဲ့ကိစ္စ ဖြစ်နေသလဲ?

                သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံတွင် အထူးသဖြင့် စွမ်းအင်ကဏ္ဍ၌ တရုတ်တို့၏ အကျိုးစီးပွားများ ရှိနေသည်။ နှစ်နိုင်ငံကုန်သွယ်မှုသည် မနှစ်က ထက်ဝက်ကျော်မြင့်တက်ကာ ဒေါ်လာ ၄.၄ ဘီလျံသို့ ရောက်ရှိခဲ့သည့်အပြင် မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုမှာလည်း ၂၀၁၀ တွင် ဒေါ်လာ ၁၂.၃ ဘီလျံသို့ ရောက်ရှိခဲ့ကြောင်း တရုတ်ကိန်းဂဏန်းများအရ သိရပြီး သဘာဝသယံဇာတနှင့် စီမံကိန်းများအပေါ်တွင် ထိထိမိမိ အာရုံကျ နေသည်ကို တွေ့ရသည်။

                ထို့အပြင် ရေနံစိမ်းသယ်ယူမှုလမ်းကြောင်းများ မြန်ဆန်ချောမွေ့စေရန် ရည်ရွယ်သည့် ပိုက်လိုင်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရေနံစိမ်းဆိပ်ကမ်းတစ်ခုကိုလည်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတွင် တရုတ်နိုင်ငံပိုင် စွမ်းအင်အုပ်စု CNPC က မနှစ်က အောက်တိုဘာလတွင် တည်ဆောက်မှု စတင်ခဲ့သည်။

                ဤမျှ မကသေးဘဲ မြန်မာအစိုးရက တရုတ်နိုင်ငံအား အိန္ဒိယ သမုဒ္ဒရာသို့ထွက်ပေါက်ကိုပါ ခွင့်ပြုခဲ့ရာ ရေနံနှင့် ဓါတ်ငွေ့တင်သွင်းခြင်း၊ ကုန်းတွင်းပိတ် တရုတ်အနောက်တောင်ပိုင်း ပြည်နယ်များမှ ပို့ကုန်တင်ပို့ခြင်း တို့သာမကဘဲ စစ်အခြေစိုက်စခန်းများ၊ ရေဒါထောက်လှမ်းရေး စခန်းများပါ ရောက်လာမည့် အလားအလာရှိနေသည်။

နောက်ထပ် ဘာဖြစ်နိုင်သလဲ?

မြန်မာအစိုးရ၏ သက်တမ်းမှာ ရက်သတ္တပတ် ၁၀ ပတ်မျှသာ ရှိသေးသည်ဖြစ်ပေရာ တိုင်းရင်းသားအုပ်စုများကို ရေရှည်တွင် သည်းခံမည့် အလားအလာမရှိသော်လည်း ယခုအဆင့်တွင်မူ စစ်တိုက်ရန် အာသီသ အနည်းငယ်သာ ရှိပါလိမ့်မည်။

ယခုအချိန်အထိမူ တရုတ်နိုင်ငံကို နှစ်သိမ့်ရန်အတွက် ရေလှောင်တမံများနှင့် အခြားပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်းခွင်များကို ကာကွယ် ပေးရမည့် ဖိအားနှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံကလည်း အဆိုပါဒေသတွင် အရေးကြီးသော စွမ်းအင်အကျိုးစီးပွားများ ရှိနေသောကြောင့် တိုက်ပွဲများ ရပ်ဆိုင်းသွားအောင် ကြိုးစားရန် ယင်း၏ သြဇာကို အသုံးပြုဖွယ် ရှိနေသည်။

****************************************************************************************

မြန်မာနယ်စပ် မှ တိုက်ပွဲကြောင့် တရုတ်လုပ်သားများ အိမ်ပြန်ပြေး

(Reuters သတင်း မှ 18 Jun 2011 ရက်စွဲပါ “Chinese workers flee Myanmar fighting” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ် ကချင်ပြည်နယ် မှ တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်း ကို တိုင်းရင်းသား ခွဲထွက်ရေး သူပုန်များ တိုက်ခိုက်ခဲ့ ပြီးနောက် အဆိုပါ လုပ်ငန်းခွင် မှ တရုတ်လုပ်သား ၂၀၀ ကျော် တရုတ်နိုင်ငံ သို့ ပြန်သွားကြသည် ဟု နိုင်ငံပိုင် သတင်းမီဒီယာ က စနေ နေ့ တွင်ထုတ်ပြန် ကြေညာခဲ့ရာ လက်ရှိတိုက်ပွဲ နှင့် ပတ်သက်၍ အစိုးရ က ပထမဆုံး အကြိမ် တရားဝင် ကြေညာခြင်း ဖြစ်ကြောင်း သိရှိရသည်။

                တရုတ်သံအမတ်ကြီး က သောကြာနေ့ တွင် နိုင်ငံခြားရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး တို့နှင့် တွေ့ဆုံခဲ့သည် ဟု နိုင်ငံပိုင်သတင်းစာ က ဖေါ်ပြခဲ့သော်လည်း ဆွေးနွေးမှု နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များ ပါဝင်ခြင်း မရှိပါ။

                အစိုးရအာဘော် New Light of Myanmnr သတင်းစာ တွင် ဖေါ်ပြထားသော တရားဝင် သတင်း ကြေညာချက် တွင် တာပိန်မြစ် ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ကချင်ပြည်နယ် အတွင်း မှ တရုတ် စီမံကိန်း များကို ဧပြီ လ မှ စ၍ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က အကြိမ်ပေါင်း များစွာ ခြိမ်းခြောက်ခဲ့သည် ဟု ထုတ်ဖော် ရေးသားထားသည်။

                ၆၀ မဂ္ဂါဟတ် ဂျင်နရေတာ ၄ လုံး တပ်ဆင်ထားသော စီမံကိန်း ကို ဇွန်လ ၁၄ ရက် တွင် ရပ်ဆိုင်း လိုက်ရခြင်း ကြောင့် နိုင်ငံ နှင့် ပြည်သူ တို့ အတွက် ကြီးမားသော ဆုံးရှုံး မှု ကို ဖြစ်ပေါ်စေသည် ဟု အစိုးရအာဘော် သတင်းစာ က ဆိုသည်။

                စီမံကိန်း တွင် တာဝန်ထမ်းဆောင်နေသော တရုတ်လုပ်သား ၂၁၅ ဦး သည်လည်း ဇွန်လ ၁၄ ရက် အတွင်း တရုတ်နိုင်ငံ သို့ ပြန်သွားကြသည် ဟု သတင်းစာ တွင် ဖော်ပြသည်။ မြန်မာ့တပ်မတော် ၏ တိုက်ခိုက်မှု ကို တုန့်ပြန်သည့် အနေဖြင့် ဇွန်လ ၁၄ ရက် မှ ၁၆ ရက် အတွင်း ဒေသတွင်းရှိ တံတား ၂၅ စင်း ကို KIA အဖွဲ့ က ဖောက်ခွဲ ဖျက်ဆီး ခဲ့သည် ဟုလည်း ဆက်လက်ဖေါ်ပြထားသည်။

*****************************************************************************

စစ်ပွဲများ ရပ်ဆိုင်းရန် အမေရိကန်က မြန်မာကို တိုက်တွန်း

(16 June, 2011 ရက်စွဲပါ Radio Australia News မှ US urges Burma to end hostilities ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် စစ်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ဒုက္ခသည်များ ထွက်ပြေး ကြရသဖြင့် စစ်ပွဲများ ရပ်ဆိုင်းရန် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Kelly Mc Kellogg က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် အခြေ အနေကို သေချာစွာ စောင့်ကြည့်နေသည် ဟု ဆိုသည်။

“ကျွန်မတို့ မြန်မာ အာဏာပိုင်တွေကို စစ်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆို ထားပါတယ်။ နောက်ပြီး အတိုက်အခံရယ် တိုင်းရင်းသား အုပ်စုတွေနဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် စတင် တွေ့ဆုံ ဆွေးနွေးဖို့ ပြောခဲ့ပါတယ်” ဟု သူမက သတင်းထောက်များအား ပြောကြားသည်။ တရုတ်ပြည်သို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးမည့် ရေအားလျှပ်စစ် စီမံကိန်း အနီးတွင် ပြင်းထန်သော တိုက်ပွဲများ လွန်ခဲ့သော အပတ်က စတင် ဖြစ်ပွားခဲ့သည်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA က ပြောကြားရာတွင် စစ်ပွဲကြောင့် ထောင်ပေါင်း များစွာသော လူများ တရုတ်ပြည်သို့ ထွက်ပြေးကြ ရသည်ဟု ဆိုသည်။ ယင်းတို့သည် မြန်မာ စစ်အစိုးရ နှင့် အရင်းနှီးဆုံး မဟာမိတ် ဖြစ်သော Beijing ထံ ၀င်ရောက် ညှိနှိုင်းပေးရန် အသနား ခံထား သည်ဟု ဆိုသည်။

သမ္မတ Obama အစိုးရသည် မြန်မာနိုင်ငံအား အထီးကျန်ပြုခြင်းသည် မအောင်မြင်ခြင်း ကြောင့် 2009 ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကဏ္ဍ ဖွင့်လှစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အခြား အရေးကြီးသော ကိစ္စများတွင် စိတ်ပျက်ဖွယ် ဖြစ်ကြောင်း အမေရိကန်က ထပ်တလဲလဲ ပြောခဲ့သည်။

**************************************************************************************

နိုင်ငံရေး ရေချိန် ကို အကဲဖြတ် ရန် အီးယူ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားမည်

(APP သတင်း မှ 17 Jun 2011 ရက်စွဲပါ “EU team heads to Myanmar to test political waters” သတင်းကို ဘာသာ ပြန်ဆိုသည်)

                ဥရောပ သမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ၏ အာဏာပိုင် အသစ် များ နှင့် စူးစမ်း လေ့လာ ဆွေးနွေးမှု များ ပြုလုပ်ရန် အတွက် မြန်မာနိုင်ငံ သို့ သွားရောက်ရန် စီစဉ်နေကြောင်း အီးယူ ဝါရင့် သံတမန် တစ်ဦး က သောကြာနေ့ တွင် ပြောကြားသည်။

                ဒီခရီးစဉ် ဟာ မြန်မာအာဏာပိုင် အသစ်တွေရဲ့ စိတ်နေ သဘောထား ကို တိုင်းတာလို့ ရအောင် နားထောင်ကြဖို့ ရည်ရွယ်ထားတဲ့ ပထမ အဆင့် ဖြစ်ပါတယ် ဟု အီးယူ သံတမန် က ဆိုသည်။ “ မြန်မာ့ အရေး နှင့် သက်ဆိုင်တဲ့ လုပ်ဖော် ကိုင်ဖက် တွေ အားလုံးဟာ မြန်မာအာဏာပိုင် အသစ်တွေ ကို အကဲစမ်းဖို့ မစ်ရှင် အဖွဲ့တွေ လွှတ်ပြီးကြပါပြီ၊ နောက်ထပ် ဆက်လွှတ်ဖို့လည်း ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

                အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Catherine Ashton ၏ အထူး အကြံပေး Robert Cooper နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အီးယူ အထူး ကိုယ်စားလှယ် Piero Fassino တို့သည် ယခု သီတင်းပတ် အတွင်း စောနိုင်သမျှစော၍ မြန်မာနိုင်ငံ သို့ သွားရောက်ကြမည် ဟု နောက်ထပ် အီးယူ သတင်းရပ်ကွက် တစ်ခု က ဆိုသည်။

                မနှစ်က ကျင်းပခဲ့သော အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ အပြီး တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ပေးခဲ့ခြင်း နှင့် တပ်မတော်အစိုးရ က နာမည်ခံ အရပ်ဖက် အစိုးရ ထံ မတ်လ အတွင်း အာဏာလွှဲပေးခဲ့ခြင်း တို့က ရာစုနှစ် ထက်ဝက်နီးပါး တပ်မတော် က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံ တွင် တစ်ဆင့်ပြီးတစ်ဆင့် မှန်မှန် ပြုပြင်ပြောင်းလဲရေး ဟူသော “ သတိကြီးကြီး ထား၍ မျှော်လင့်ခြင်းများ” ကို ဖြစ်ပေါ်စေခဲ့သည်။

                မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော ကုန်သွယ်ရေး နှင့် ဘဏ္ဍာရေး ဆိုင်ရာ အရေးယူ ဒဏ်ခတ်မှု Sanctions များကို ဧပြီလ တွင် ဥရောပအစိုးရ များက သက်တမ်း တစ်နှစ် တိုးခဲ့သော်လည်း အရှိန်မြှင့် ပြုပြင် ပြောင်းလဲရန် တိုက်တွန်း အားပေးသည့် အနေဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ကို ပြည်ဝင်ခွင့် ဗီဇာ တံခါး ဖွင့်ပေးခဲ့ပါသည်။

                ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ် မှ အစိုးရသစ် ကို တိုက်တွန်း အားပေးရန် အတွက် မြန်မာနိုင်ငံ ဆိုင်ရာ အချိန်ပြည့် အထူး ကိုယ်စားလှယ် တစ်ဦး ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မကြာမီ ခန့်အပ်တော့မည် ဟု ကုလသမဂ္ဂ အဖွဲ့ က ယခု သီတင်းပတ် တွင် ထုတ်ပြန် ကြေညာခဲ့သည်။

***********************************************************************************

မြန်မာစစ်တပ်နှင့်ဖြစ်သော ပဋိပက္ခတွင် တရုတ်ကြားဝင်ဖျန်ဖြေရန် KIA ကြိုးပမ်း

(The Peninsula မှသတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာစစ်တပ်နှင့် ဖြစ်ပေါ်နေသော လိပ်ခဲတည်းလည်းပြဿနာနှင့် တိုက်ခိုက်မှုများအဆုံးသတ်ရေးအတွက် တရုတ်နိုင်ငံဖြင့် ကြားဝင် ကူညီ ဖျန်ဖြေပေးရန် ကချင်တိုင်းရင်းသားလက်နက်ကိုင်များက မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။ KIA လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ် အကြား တိုက်ခိုက်မှုများကြောင့် ဒေသခံဒုက္ခသည်ပြည်သူများနိုင်ငံသီးသီးသို့ ထွက်ပြေးကြရပြီးနောက် တရုတ်အစိုးရက အခြေအနေကိုကောင်းမွန်စွာ ထိန်းသိမ်း ရန် တိုက်တွန်းခဲ့သည်။

တိုက်ခိုက်မှုများ ဖြစ်ပွားရာနေရာသည် တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အားသွယ်တန်းပေးပို့နိုင်မည့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်စက်ရုံနှစ်ရုံ

တည်ဆောက် ဆဲဖြစ်ရာဒေသနှင့်နီးစပ်သည်။ အဆိုပါတိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့လည်း မတည်မငြိမ်ဖြစ်မှုများကူးစက်သွားသည်။

မြန်မာနိုင်ငံစစ်တပ်နှင့် လွန်စွာရင်းနှီးချစ်ကြည်သော တရုတ်အစိုးရက "နှစ်ဦးနှစ်ဖက်စလုံးက ငြိမ်ချမ်းစွာစေ့စပ်ညှိနှိုင်းခြင်းဖြင့် မတူညီမှုများကို ဖြေရှင်း သင့်ကြောင်း" ဇွန်လ ၁၆ ရက်နေ့တွင် ဆော်သြလိုက်သည်။ "မြန်မာနဲ့ တရုတ်နှစ်နိုင်ငံကြားက နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို ကျွန်ုပ်တို့က အနီးကပ်စောင့်ကြည့်နေပါတယ်။ပဋိပက္ခမှာ ပါဝင်တဲ့နှစ်ဖက်စလုံးအနေနဲ့ အခြေအနေတွေပိုမိုဆိုးရွားလာစေမယ့် လုပ်ရပ် တွေကို ရှောင်ကြဉ်ကြဖို့လည်း ကျွန်ုပ်တို့ကတိုက်တွန်းလိုပါတယ်" ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) က မြန်မာအစိုးရနှင့် ပြုလုပ်မည့် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုမှန်သမျှတွင် တရုတ်နိုင်ငံကို 'ဒိုင်သူကြီး' အနေဖြင့် ပါဝင်စေလိုကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကယင်းသို့သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"တခြားနိုင်ငံတစ်ခုခုက သက်သေတစ်ဦး၊ ကြားဝင်ဖြန်ဖြေသူတစ်ဦးအနေနဲ့ ပါဝင်ပတ်သက်မှုမရှိဘူးဆိုရင် အဖြေထွက်လာမှာမဟုတ်ပါဘူး" ဟု KIA အဖွဲ့၏ သတင်းပြန်ကြားရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဟန်နရီဘရန်လိုင်းကပြောကြားသည်။ မြန်မာ့အမျိုးသားတပ်မတော်(စစ်တပ်) နှင့် KIA အကြား လွန်ခဲ့သည့် ရက်သတ္တပတ်ကဖြစ်ပွားခဲ့သော တိုက်ပွဲများသည် KIA ထိန်းချုပ်ထားသော နယ်မြေများကို အနိုင်ရလွှမ်းမိုးရန် မြန်မာအစိုးရ၏ ကြိုးပမ်းချက် တစ်ရပ်ကြောင့်ဖြစ်ကြောင်း ဟန်နရီဘရန်လိုင်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားရာဒေသအနီး မြန်မာပိုင်နက်ဘက် အခြမ်းတွင်ရှိသော အရပ်သားပြည်သူ တစ်သောင်းခန့်သည် KIA ထိန်းချုပ်ရာဒေသများသို့ ဝင် ရောက် ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ အကြောင်းမှာ မြန်မာစစ်တပ်က ၎င်းတို့အား စစ်ပစ္စည်းများသယ်ဆောင်ပေးရန် အဓမ္မ စေခိုင်းခြင်းကြောင့်ဖြစ် ကြောင်း KIA လက်နက်ကိုင်များ၏အဆိုအရသိရသည်။

ပြောခွင့်ရပုဂ္ဂိုလ် ဟန်နရီဘရန်လိုင်းကမူ အရပ်သားပြည်သူထောင်ပေါင်းများစွာသည် တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း နှစ်နိုင်ငံ အကြားရှိ နယ်စပ် ဒေသဘက်သို့ ဖြတ်ကျော်ဝင်ရောက်သွားကြသည်ဟုဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံကမြန်မာဒုက္ခသည်များ ဖြတ်ကျော်ဝင်ရောက်လာမှုအား လက်မခံ ဟူသောသတင်းမှာ မဟုတ်မှန်ကြောင်း၊ ၎င်းတို့အား တရုတ်နိုင်ငံက ကူညီထောက်ပံ့ထားကြောင်း ဟန်နရီဘရန်လိုင်းကဆိုသည်။ သို့သော် ယူနန် ပြည်နယ်အခြေစိုက် တရုတ်နိုင်ငံခြားရေးဌာနမှ အမည်မဖော်လိုသူအရာရှိတစ်ဦးက တရုတ်ဘက်တွင်မြန်မာဒုက္ခသည်များ မရှိပါကြောင်း ပြောဆို သည်။ "နယ်စပ်ကတော့ပုံမှန်အတိုင်းဖွင့်ထားပါတယ်။ မြန်မာနိုင်ငံသားတွေ နေစဉ် ဝင်လာလိုက်၊ ပြန်သွားလိုက်ရှိနေဆဲပါပဲ။ လောလောဆယ်တော့ ဒုက္ခသည် တွေအတွက် တဲတို့၊ စားနပ်ရိက္ခာတို့ ထောက်ပံ့ပေးဖို့ ကျွန်တော်တို့မစဉ်းစားသေးပါဘူး" ဟု ၎င်းကဆိုသည်။

***************************************************************************************

တရုတ်က တောင်တရုတ်ပင်လယ်တွင် စစ်ရေး လေ့ကျင့်

(AFP သတင်းမှ 17 June, 2011 ရက်စွဲပါ “China stages military drills in South China Sea” သတင်း ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံနှင့် ယင်း၏ အိမ်နီးခြင်းများ၏ တင်းမာမှုများ ကြီးထွားလာခြင်းကြောင့် တောင် တရုတ် ပင်လယ်တွင် ၃ရက်ကြာ စစ်ရေး လေ့ကျင့်မှု ကို တရုတ်နိုင်ငံက ပြုလုပ်ခဲ့ပြီး ယင်း၏ ကမ်းလွန် ရေပြင် ကင်းလှည့် တပ်ဖွဲ့ကိုလည်း အားဖြည့်ရန် စီစဉ်လျက် ရှိသည်။

တောင်တရုတ် ပင်လယ်ပြင်ရှိ အလားအလာ ကောင်း၍ သယံဇာတ ကြွယ်ဝသော ဧရိယာ များအား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ထိုင်ဝမ်၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း စသော နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ အပြိုင်အဆိုင် ငြင်းခုန်လျက် ရှိကြရာ ယခု သီတင်းပတ်များ အတွင်း ပိုမို ကြီးထား ကျယ်ပြန့်လာခြင်း ဖြစ်သည်။

ယခု သီတင်းပတ်တွင် ဖိလစ်ပိုင် နိုင်ငံက အမေရိကန် ပြည်ထောင်စု ထံမှ အကူအညီ တောင်းခံခဲ့သလို၊ ဗီယက်နမ် နိုင်ငံကလည်း လက်တွေ့ ပစ် ခတ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နောက်တွင် ဘီဂျင်းက အဆိုပါ မပြီးဆုံးနိုင်သည့် ရေပြင် ပိုက်နက် အငြင်းပွားမှုများကို ဖြေရှင်းရန် အင်အား သုံး မည် မဟုတ်ပါဟု ကတိပြုခဲ့သည်။

Global Times ၏ သတင်း ဖော်ပြချက်အရ တရုတ် ရေပြင် တောင်ပိုင်း ဟိုင်နန်ကျွန်း အနီးတွင် တရုတ် စစ်သင်္ဘော ၁၄ စင်း လတ်တလော စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရာတွင် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်ခန်းများနှင့် ကမ်းတက် လေ့ကျင့်ခန်းများ ပါဝင်သည်ဟု သိရှိရသည်။ တောင်တရုတ် ပင်လယ်ပြင်မှ တရုတ် ရေတပ် လေ့ကျင့်မှုသည် သန္တာ ကျောက်တန်း ကျွန်းစု များနှင့် ပင်လယ် ရေလမ်းကြောင်းများကို ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

တရုတ် ရေပြင် ကင်းလှည့် တပ်ဖွဲ့ကိုလည်း လက်ရှိ အင်အား ၉၀၀၀ မှ သက္ကရာဇ် ၂၀၂၀ နောက်ဆုံးထား၍ တပ်ဖွဲ့ဝင် ၁၅၀၀၀ အထိ တိုးမြှင့် သွားမည်ဟု China Daily သတင်းစာက ဖော်ပြထားသည်။

***************************************************************************************

တောင်တရုတ် ပင်လယ်ပြင်သို့ ဖိလစ်ပိုင် စစ်သင်္ဘော စေလွှတ်

(Radio Australia မှ 17 June, 2011 ရက်စွဲပါ “Philippines sends workshop to South China Sea”  သတင်းကို ဘာသာပြန်ဆိုသည် )

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ် ပင်လယ်တွင် ရေပြင် ပိုင်နက် အငြင်းပွား မှုနှင့် ပတ်သက်၍ ထိပ်တိုက် အငြင်းပွားလျက် ရှိသည်။ အဆိုပါ အငြင်းပွား ရေပြင်သို့ တရုတ်နိုင်ငံက ယင်း၏ အကြီးဆုံး အရပ်ဖက် ကင်းလှည့် သင်္ဘောကို စေလွှတ်ခဲ့ပြီး နောက်တွင် ဖိလစ်ပိုင်တို့ ကလည်း ယင်းတို့၏ အကြီးဆုံး စစ်သင်္ဘောကို တောင်တရုတ် ပင်လယ်ရှိ စကာဘိုရာ ကမ်းဦး ရေတိမ်ပိုင်းသို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။

စစ်သင်္ဘော BRP Ragah Humabon ကို အငြင်းပွား စပရတ်တလီ ကျွန်းစုများအနီးမှ ဖိလစ်ပိုင် အနောက်တောင်ဖက် ရေပြင် နယ်နိမိတ် စည်းသို့ စေလွှတ်မည် ဖြစ်ကြောင်း မနီလာမှ Radio Australia သတင်းထောက် Shirley Escalante က သတင်းပေးပို့သည်။

အဆိုပါ စစ်သင်္ဘောသည် ဖိလစ်ပိုင်ရေပြင်သို့ တရားမ၀င် ကျူးကျော်မှုများနှင့် တရားမ၀င် ငါးဖမ်းခြင်းတို့ကို တားဆီး ကာကွယ်စောင့်ရှောက် မည်ဟု ရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Alexandar Pama က ပြောကြားသည်။

ကမ္ဘာ့သက်တမ်း အကြာဆုံး တိုက်ပွဲဝင် စစ်သင်္ဘောများထဲမှ တစ်စီးဖြစ်သော BRP Ragah Humabon ကို အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ ထံမှ ဖိလစ်ပိုင်တို့ ရရှိထားသော ဟာမီလ်တန် အမျိုးအစား ဖျက်သင်္ဘောဖြင့် လာမည့် သြဂုတ်လတွင် အစားထိုးမည်ဟုလည်း သိရှိရသည်။

************************************************************************************

မြောက်ကိုးရီးယားက ထပ်မံ တိုက်ခိုက်လာပါက ပြင်းထန်စွာ တုန့်ပြန်ရန် တောင်ကိုရီးယား သန္နိာန်ချ

(AFP သတင်းမှ 16 June, 2011 ရက်စွဲပါ “South Korea vows strongly response if North Korea attacks”  သတင်းကို ဘာသာပြန်ဆိုသည် )

အကယ်၍ မြောက်ကိုးရီးယားက နောက်ထပ် တိုက်ခိုက်လာမည် ဆိုပါက တောင်ကိုးရီးယား စစ်တပ်အနေဖြင့် ပြင်းပြင်းထန်ထန်၊ စေ့စေ့စပ်စပ် လက်တုန့်ပြန်ရမည်ဟု တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်က ဗုဒ္ဓဟူးနေ့တွင် ပြေကြားလိုက်သည်။

အငြင်းပွား ပင်လယ်ဝါ နယ်နိမိတ် အဦးမှ ကျွန်းစုများ ကာကွယ်ရေးကို အားဖြည့်ရန် ဖွဲ့စည်းလိုက်သည့် စစ်ဌာနချုပ် အသစ် ဖွင့်ပွဲ အခမ်းအနား သို့ သမ္မတ လီမြောင်ဘတ် ကိုယ်စား ပေးပို့ သော မိန့်ခွန်းတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။

ဆိုးလ်မြို့တော် တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဟွာဆောင်မြို့တွင် ပြုလုပ်သော စစ်ဌာနချုပ် ဖွင့်ပွဲ အခမ်းအနားသို့ လူကိုယ်တိုင် မတက် ရောက်သော်လည်း ဂုဏ်ပြု မိန့်ခွန်း ပေးပို့ ဖတ်ကြားသည့် သမ္မတ လီမြောင်ဘတ်က “ကျွန်တော်တို့ရဲ့ တပ်မတော်ဟာ စစ်ပွဲကို တားဆီးဖို့နဲ့ ငြိမ်းချမ်းရေး ကို ကာကွယ် စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပေမယ့် ကျူးကျော် တိုက်ခိုက်လာတဲ့ ကိစ္စတွေမှာတော့ ပြင်းပြင်းထန်ထန် စေ့စေ့စပ်စပ် လက်တုန့်ပြန်ရ ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

တောင်ကိုးရီးယား ရှေ့တန်း ရေပြင် နယ်နိမိတ် ကျွန်းစု ၅ စုထဲမှ ယွန်ပြောင်းကျွန်းကို ပြီးခဲ့သော နိုဝင်ဘာလတွင် မြောက်ကိုးရီးယားက အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် လူ၎ ဦး သေဆုံးခဲ့ရသော ဖြစ်ရပ်တွင် တုန့်ပြန်မှု အားနည်း၊ နှေးကွေး ခဲ့သည့် တောင်ကိုးရီးယား တပ်မတော်မှာ ၀ိုင်းဝန်း ဝေဖန် ပြစ်တင်ခြင်းကို ခံနေရသည်။

နောက်ထပ် နယ်နိမိတ် ကျွန်းစု တစ်ခုဖြစ်သည့် ဘေယောင်းကျွန်းစု အနီးတွင်လည်း ၂၀၁၀ မတ်လက မြောက်ကိုးရီးယားတို့၏ တိုပီဒိုဖြင့် ပစ်ခတ်မှုကြောင့် တောင်ကိုးရီးယား စစ်သင်္ဘော တစ်စင်း နစ်မြှုပ်ကာ ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံးခဲ့ရသော ဖြစ်ရပ်တွင် ဆိုးလ်က အထောက် အထား အပြည့်အစုံဖြင့် စွပ်စွဲခဲ့သော်လည်း ပြုံယမ်းက စိတ်ဆိုးမာန်ဆိုး ငြင်းဆိုခဲ့သည်။

ကိုးရီးယား စစ်ပွဲ ၁၉၅၃ တွင် ပြီးဆုံးပြီး နောက်ပိုင်း မြောက် ကိုးရီးယားတို့က အဆက်မပြတ် ကျူးကျော် ရန်စသည့် အပြုအမူများ ပြုလုပ်ခဲ့ သော်လည်း ယခု နောက်ဆုံး အသက်များ ဆုံးရှုံးခဲ့ရသည့် တိုက်ခိုက်မှု ၂ခုက တောင်ကိုးရီးယား စစ်တပ်ကို တန်ဖိုးကြီးသည့် သင်ခန်းစာများ ပေးခဲ့သည် ဟု သမ္မတ လီက ဆက်လက် ပြောကြားသွားခဲ့သည်။

*******************************************************************************************

ရာနှင့်ချီသော ဗီယက်နမ် ပြည်သူများ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

(Associated Press မှ “Hundreds of Vietnamese protest China” သတင်းကို ဘာသာပြန်ဆိုသည် )

တောင်တရုတ် ပင်လယ်ပြင်မှ ဗီယက်နမ် ရေနံ ရှာဖွေရေး သုတေသန သင်္ဘောကို နှောင့်ယှက်မှုကြောင့် ကတောက်ကဆ ဖြစ်ပွားပြီးနောက်တွင် ဗီယက်နမ် မြို့တော်၌ အရေအတွက် ရာချီသော ဆန္ဒပြသူများ ရှားရှားပါးပါး စုဝေးခဲ့ကြကာ ဗီယက်နမ် ရေပြင်နှင့် တရုတ်တို့ ဝေးဝေး နေကြရန် တောင်း ဆို ဆန္ဒပြ ခဲ့ကြသည်။

အဆိုပါ အုပ်စုသည် ဇွန်လ ၄ရက် တနင်္ဂနွေနေ့က တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး “ဗီယက်နမ် ကျွန်းစုများအနီးသို့ တရုတ်တို့ ကျူးကျော်ခြင်း ရပ်ဆိုင်းပါ” ဟူသော ဆိုင်းဘုတ် များကို အများစုက ကိုင်ဆောင်ခဲ့ကြသည်။

မိနစ် ၃၀ ခန့် အကြာတွင်မူ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က လူစုခွဲ လိုက်သည်။ ယင်းသို့ လူထု ဆန္ဒပြပွဲများကို ကွန်မြူနစ် ဗီယက်နမ် နိုင်ငံတွင် ရှားရှားပါးပါး ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ဆန္ဒပြသူများသည် ဟနွိုင်းမြို့လယ်ရှိ အထင်ကရ ဟုန်ကင်း ရေကန်သို့ ဦးတည် ချီတက်သွားခဲ့ကြပြီး တရုတ် ဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ် ဆန္ဒပြခဲ့ကြသည် ဟု သိရှိရသည်။

ပြီးခဲ့သော မေလ ၂ ရက်နေ့က ဗီယက်နမ် အလယ်ပိုင်း ကမ်းလွန် ပင်လယ်တွင် ဆိုက်စမစ် တိုင်းတာမှုများ ပြုလုပ်နေသော နိုင်ငံပိုင် ရေနံ ရှာဖွေ ရေး သင်္ဘော၏ ရေအောက် ကေဘယ်ကြိုးကို တရုတ် ကင်းလှည့် သင်္ဘောတစ်စင်းက ဖျက်ဆီး နှောင့်ယှက်ခဲ့သည့် ဖြစ်ရပ်အပြီးတွင် ယခုကဲ့သို့ တရုတ် ဆန့်ကျင် ရေး ဆန္ဒပြပွဲများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

***********************************************************************************

စွမ်းအင်ကဏ္ဍတွင် အမေရိကန်ကို ပါဝင်ခွင့် ပေးရန် မွန်ဂိုလီးယား ကတိပြု

(AFP သတင်းမှ 16 June, 2011 ရက်စွဲပါ “Mongolia promises US role in energy” သတင်း ကို ဘာသာ ပြန်ဆိုသည်)

အိမ်နီးခြင်း တရုတ် နိုင်ငံနှင့်လည်း ပလဲပနံသင့်လျက် ရှိသော ဒီမိုကရေစီ သက်တမ်းနု မွန်ဂိုလီးယားနိုင်ငံသည် သမ္မတ ဘားရက်အိုးဘားမားနှင့် တွေ့ဆုံပြီးနောက်တွင် ယင်း၏ဖွံ့ဖြိုးနေသော စွမ်းအင်ကဏ္ဍတွင် အမေရိကန် ကုမ္ပဏီများကို ပါဝင်ခွင့်ပေးမည် ဖြစ်ကြောင်း ကြာသပတေးနေ့က ကတိပြု လိုက်သည်။

ဝါရှင်တန်သို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော မွန်ဂိုလီးယားသမ္မတ Tsakhia Elbegdorg အိမ်ဖြူတော်တွင် သမ္မတအိုဘားမားနှင့် အစည်း အဝေး ပြုလုပ်နေချိန်သည် မွန်ဂိုလီးယား ၀န်ကြီးချုပ် Sukhbaatar Batbold ဘေဂျင်းတွင် ဆွေးနွေးပွဲများ ကျင်းပကာ ချေးငွေများ ရရှိပြီးနောက် နာရီပိုင်း မျှ အကြာတွင် ဖြစ်သည်။

အိမ်ဖြူတော်က ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ကမ္ဘာတစ်လွှားမှ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကာကွယ်ခြင်း၊ အားပေး မြှင့်တင်ခြင်းသည် နှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်ကြောင်း အမေရိကန် ပြည်ထောင်စုနှင့် မွန်ဂိုလီးယား နိုင်ငံတို့က အလေးထား ဖော်ပြထားသည်။ ထို့အပြင် စီးပွားရေး ဆက်ဆံမှုနယ်ပယ်ကိုလည်း ချဲ့ထွင်ကြမည်ဟု ၂ နိုင်ငံ ကတိပြုကြသည်။ သမ္မတ Elbegdorg ၏ ခရီးစဉ် အတောအတွင်း မွန်ဂိုလီးယား လေကြောင်းလိုင်း MIAT ကလည်း ချီကာဂို အခြေစိုက် ဘိုအင်း ကုမ္ပဏီထံမှ ဒေါ်လာ ၂၄၅ သန်း တန်ဖိုးရှိ လေယာဉ် ၃စီး ၀ယ်ယူမည်ဟု ပြောကြား ခဲ့သည်။

နိုင်ငံ၏ ကျောက်မီးသွေး၊ အခြား သတ္တုသယံဇာတများ၊ အခြေခံ အဆောက်အဦ၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်နှင့် ခရီးသွားတိုးရစ်လုပ်ငန်း စသော စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အမေရိကန်ကုမ္ပဏီများ ပါဝင်ကြမည့်ကဏ္ဍသည် အရေးကြီးသည်ဟု မွန်ဂိုလီးယားက အသိအမှတ် ပြုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မွန်ဂိုလီးယားနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ယင်း၏ သတ္တုတွင်းလုပ်ငန်းကို တံခါး ဖွင့်ပေးထားကာ နိုင်ငံဖွံ့ဖြိုးကြီးထွားမှုကို လှုံ့ဆော် ပေးရန်နှင့် ဆင်းရဲမွဲတေမှုကို ဖယ်ရှားနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေး သိုက်များထဲမှ တစ်ခုဖြစ်သော Tavan Tolgoi မိုး၏ တစ်စိတ်တစ်ပိုင်းကို လုပ်ကိုင်ခွင့်ရရန် ကြိုးပမ်းနေသူများကြားတွင် အမေရိကန် အခြေစိုက် Peabody Energy ကုမ္ပဏီလည်း ပါဝင်သည်။

တရုတ်နှင့် ရုရှားအကြားတွင် ညှပ်နေသော မွန်ဂိုလီးယားနိုင်ငံသည် ယင်း၏ အိမ်နီးခြင်း အင်အားကြီး နိုင်ငံများကို အာခံခြင်းမပြု ဟူသော နိုင်ငံခြားရေး မူဝါဒကို အစဉ်အဆက် ဂရုတစိုက် ကျင့်သုံးခဲ့သည်။ သို့ရာတွင် မွန်ဂိုလီးယားသည် အမေရိကန် ပြည်ထောင်စုနှင့်လည်း ဆက်ဆံရေး ကောင်းအောင် ကြိုးစားခဲ့ပြီး အီရတ်နှင့် အာဖဂန်နစ္စတန် ၂ နေရာစလုံးသို့ တပ်ဖွဲ့များ စေလွှတ်ပေးခဲ့သည်။

သမ္မတ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးခြင်း မပြုမှီ အချိန်ပိုင်း၌ Brookings Institution ဗဟုသုတ ဟင်းလေးအိုး အဖွဲ့အစည်းတွင် မွန်ဂိုလီးယား သမ္မတ Elbegdorg က “အမေရိကန် ပြည်ထောင်စုကို ကျွန်တော်တို့ရဲ့ ပထမဆုံး တတိယ အိမ်နီးခြင်းနိုင်ငံအဖြစ် သတ်မှတ်ပါတယ်။ ဒီဆက်ဆံရေးကို တိုးတက်စေချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပါတယ်။ တစ်ချို့ကလည်း ဒါကို ခက်ထန်တဲ့ အိမ်နီးခြင်းလို့ ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ကပ်လျက် အိမ်နီးခြင်းတွေ အဖြစ် ရာစုနှစ်ပေါင်းများစွာ နေထိုင်သွားကြရမှာ ဖြစ်လို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၊ ရုရှား ဖက်ဒရေးရှင်းတို့နဲ့ ဘယ်လို ဆက်ဆံနေထိုင်ရမယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်” ဟု မွန်ဂိုလီးယား သမ္မတက ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။

သမ္မတ Elbegdorg သည် ယခုလ အစောပိုင်းကလည်း ရုရှား နိုင်ငံသို့ သွားရောက်၍ သမ္မတ ဒီမီထရီမက်ဗီဒက် နှင့်လည်းကောင်း၊ ၀န်ကြီးချုပ် ဗလာဒီမာပူတင် နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။

 ***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment