Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၄.၆.၂၀၁၁

ဘာသာပြန်သတင်းများ

ထိပ်တန်း အိန္ဒိယ သံတမန် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

( The Peninsula မှ 24 Jun 2011 ရက်စွဲပါ “ Top Indian diplomat met Suu Kyi ” သတင်းကို ဘာသာ ပြန်ဆိုသည် )

၁၉၉၀ ခုနှစ်များအတွင်း မြန်မာ စစ်ဖက်အုပ်ချုပ်သူများနှင့် စတင် ဆက်ဆံရောနှောခြင်း မပြုမီ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံအားပေးခဲ့သူ အိန္ဒိယနိုင်ငံသည် မနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကို ဒီမိုကရေစီခေါင်းဆောင်နှင့် တွေ့ဆုံစေခဲ့ပါသည်။

နိုင်ငံခြားရေး အတွင်းဝန် Nirupama Rao သည် ယခုသီတင်းပတ် အစောပိုင်းတွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အသေးစိတ် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး SM Krishna ဦးဆောင်သော အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့၏ မြန်မာခရီးစဉ် ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးသည်အထိ အဆိုပါ တနင်္လာနေ့က တွေ့ဆုံမှု အကြောင်းကို ထုတ်ဖေါ်ပြောကြားမည်မဟုတ်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

နာမည်ခံ အရပ်ဖက်အစိုးရထံ အာဏာလွှဲပြောင်းပေးရန် တပ်မတော်အစိုးရက ပြုလုပ်ခဲ့သော နိုဝင်ဘာလက ရွေးကောက်ပွဲများအပြီး မရှေး မနှောင်းတွင် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အသက် ၆၆ နှစ် အရွယ် ဒီမိုကရေစီခေါင်းဆောင်ကို နိုင်ငံခြားရေးဝန်ကြီး Krishna က သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိပါ။

တနင်္လာနေ့က တွေ့ဆုံမှုတွင် နိုင်ငံခြားရေးအတွင်းဝန် Rao နှင့် ကိုယ်စားလှယ် အဖွဲ့ဝင် ၃ ဦး ပါဝင်သည် ဟု NLD ပြောရေးဆိုခွင့် ရှိသူက ပြော ကြားသည်။

စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်တွေမှာ အိန္ဒိယနဲ့ မြန်မာအစိုးရတွေအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်တွေ၊ အကြောင်းရင်းတွေကို အိန္ဒိယ ကိုယ်စားလှယ်တွေက ဆွေးနွေးသွားကြပါတယ် ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ၁၉၈၀ ခုနှစ်တွေအတွင်း အိန္ဒိယနိုင်ငံမှာ နေထိုင်ခဲ့တဲ့အချိန်တွေကို အမှတ်တရပြန်ပြောခဲ့ပြီး အခု မြန်မာနိုင်ငံ မှာတော့ ဒီမိုကရေစီအရေးအတွက် သူမ လှုပ်ရှားနေတယ်လို့ အိန္ဒိယ ကိုယ်စားလှယ်တွေကို ပြန်ပြောခဲ့ပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ပါလျက်နှင့် ယမန်နှစ် ဂျုလိုင်လက မြန်မာစစ်ဖက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံတော် ခရီးစဉ်အဖြစ် ကြိုဆိုဧည့်ခံခဲ့ခြင်းကြောင့် နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။

************************************************************************

အပင်ရောဂါကြောင့် အာဖဂန်တွင် ဘိန်းအထွက် ကျစဉ် မြန်မာတွင် ဘိန်း အထွက်တိုးဟု ကုလ ပြောကြား

(Reuters သတင်း မှ 23 Jun 2011 ရက်စွဲပါ “ Afghan opium output hit by disease, Myanmar’s Up – UN ”  သတင်း ကို ဘာသာ ပြန်ဆိုသည်)

ထိပ်တန်း ဘိန်းထုတ်လုပ်သူ အာဖဂန်နစ္စတန် နိုင်ငံတွင် သီးနှံဖျက် ပိုးမွှားရောဂါ ကျရောက်မှုကြောင့် ၂၀၁၀ တွင် ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု ၃၈ ရာ ခိုင်နှုန်း ကျဆင်းခဲ့သော်လည်း နံပါတ် ( ၂ ) ထုတ်လုပ်သူ မြန်မာနိုင်ငံတွင် သိသိသာသာ ဘိန်း အထွက်တိုးခဲ့ကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့တွင် ပြောကြားသည်။

“ဥရောပတွင် ဟီးရိုးအင်း သုံးစွဲမှု ငြိမ်၍တန့်နေကြောင်း၊ မြောက်အမေရိကတွင်လည်း ကိုကင်းသုံးစွဲမှု ကျဆင်းသွားကြောင်းနှင့် ယင်းဒေသများ သည် အဆိုပါ မူးယစ်ဆေးဝါးများအတွက် အမြတ်အစွန်း ကြီးမားလွန်းသော ဈေးကွက်များ ဖြစ်ကြောင်း” မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာ ကုလ သမဂ္ဂအဖွဲ့ရုံးက ၎င်း၏ နှစ်လည်ကမ္ဘာ့ မူးယစ်ဆေးဝါး အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

သို့သော်လည်း ၁၀ နှစ် အတွင်း တောင်အမေရိကနှင့် ဥရောပတွင် ကိုကင်းသုံးစွဲမှု ကြီးမားစွာ မြင့်တက်လာခြင်း၊ အာဖရိကတွင် ဟီးရိုးအင်း သုံးစွဲမှု လတ်တလော ကြီးထွားကျယ်ပြန့်လာခြင်း၊ အချို့နေရာများတွင် ဓာတု ဆင်သက်တစ် ဆေးဝါးများ၊ ကုထုံးသုံးဆေးဝါးများကို အလွဲသုံးစွဲမှု မြင့်တက်လာခြင်း စသော စိုးရိမ်စရာ ပြဿနာများ ရှိနေသည်။

မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မှုခင်းဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ရုံး UNODC ၏ အမှုဆောင် ဒါရိုက်တာ Yury Fedotov က “ မူးယစ်ဆေးဝါး သုံးစွဲမှု တားဆီးကာကွယ်ရေးတွင် တိုးတက်မှုအချို့ ရှိနေကြောင်း၊ ကျန်းမာ၊ ကျေနပ်၊ ပျော်ရွှင်စေမည့် ရွေးချယ်စရာနည်းလမ်းများကို ပိုမိုအားပေးမြှင့်တင် ပေးသင့် ကြောင်း၊ သို့မှသာ မူးယစ်ဆေးသုံးခြင်းသည် ဘဝနေထိုင်နည်း မဟုတ်သည်ကို လက်ခံလာကြမည် ဖြစ်ကြောင်း ” အစီရင်ခံစာတွင် အလေးထား တင်ပြ ထားသည်။

 “ ဝယ်ယူသုံးစွဲတဲ့ ဖက်မှာတော့ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်သူ ရာဇဝတ်သားတွေနဲ့ မူးယစ်ဆေး သုံးစွဲသူ သားကောင်တွေအကြားမှာ စည်းတစ်ခုခြားထားရမယ်ဆိုတဲ့ အယူအဆ ကြီးထွားလာပါတယ်၊ မူးယစ်ဆေးဝါး သုံးစွဲမှုကို အခုလို တုန့်ပြန်တဲ့နည်းဟာ ပြစ်ဒဏ်ပေးတာထက် ပိုပြီးထိ ရောက်လျက် ရှိပါတယ်” ဟု ၎င်းက ဆက်လက်ဖေါ်ပြထားသည်။

နယူးယောက်မြို့တွင် အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားသည့် ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း က “ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ခွဲခြားဆက်ဆံတာမျိုးဟာ မဖြစ်သင့်ပါဘူး၊ ဒါပေမယ့် ဆေးဝါးဆိုင်ရာ ကုသမှု၊ အကြံဥာဏ်ပေးမှုကိုတော့ သူတို့ လက်ခံ သင့်ပါတယ် ” ဟု ပြောဆိုသည်။

မူးယစ်ဆေး စွဲတာဟာ ရောဂါဝေဒနာ တစ်ခုပါ၊ ရာဇဝတ်မှု မဟုတ်ပါဘူးဟု ဘန်ကီမွန်းက ပြောကြားသည်။

************************************************************************

ကနေဒါ ကုမ္ပဏီ ပိုင်ဆိုင်မှုများ တရုတ် လက်နက် ကုမ္ပဏီသို့ရောင်း

(23 June, 2011 ရက်စွဲပါ DVB မှ Francis Wade ရေးသားသော Canadian assets sold to China weapons firm ကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပြီးခဲ့သည့်နှစ်က ကြေးနီမိုင်းအား ကနေဒါ သတ္တုတွင်းကုမ္ပဏီကြီးဖြစ်သော Ivanhoe ထံမှ တရုတ်လက်နက် ထုတ် လုပ်သော ကုမ္ပဏီသို့ လွှဲပြောင်းပြီး ဖြစ်ပုံရကြောင်း လှုပ်ရှားသူများက ပြောကြားခဲ့သည်။

ယင်းအား ဟုတ်မှန်ကြောင်း သက်သေပြနိုင်ခဲ့ပါက ယခုကိစ္စသည် အမေရိကန်နှင့် ကနေဒါတို့က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှု များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း Canadian Friends of Burma (CFOB) မှ အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက ပြောကြားခဲ့သည်။ CFOB သည် ပြီးခဲ့သည့်နှစ်က မုံရွာကြေးနီပိုင်းအား Norinco မှ လွှဲပြောင်းယူခဲ့မှုနှင့် ပတ်သက်၍ အနီးကပ်လေ့လာလျက်ရှိသည်။ Norinco သည် မြန်မာစစ်တပ်သို့ လက်နက်ကြီးများ ရောင်းချနေသော တရုတ်နိုင်ငံ၏ အကြီးဆုံးလက်နက်ကုမ္ပဏီ ဖြစ်သည်။

မုံရွာသည် မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းတွင်ရှိသော အကြီးဆုံးကြေးနီမိုင်း ဖြစ်သည်။ ထို ကြေးနီမိုင်းကို 2007 ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာ အိုင်ဗင်ဟိုး ကြေးနီကုမ္ပဏီလိမိတက် (MICCL) က လုပ်ကိုင်ခဲ့ပြီး၊ အိုင်ဗင်ဟိုးက 50% ပိုင်ဆိုင်ခဲ့သည်။ နောက်ပိုင်းတွင် ယင်း၏ ပိုင်ဆိုင်မှု 50%အား မည်သူမည်ဝါမှန်း မသိနိုင်သည့် Monywa Trust သို့ ရောင်းချခဲ့သည် ဟု ဆိုသည်။

CFOB ၏ မေးမြန်းချက်အား အိုင်ဗင်ဟိုးက ပြန်လည် ဖြေကြားရာတွင် ယင်းပိုင်ဆိုင်သော 50% ကို ရောင်းချပြီး ဖြစ်ကြောင်း၊ ၀ယ်ယူထားသော The Monywa Trust သည် ၀ယ်သူ လိုက်ရှာနေသည်ဟု ဆိုသည်။ အိုင်ဗင်ဟိုးသည် အဆိုပါ ပရောဂျက်နှင့် လုံးဝမသက်ဆိုင်တော့ဟု ဆိုသည်။

CFOB က သံသယရှိသောအချက်မှာ အဆိုပါ Trust သည် ပိုင်ဆိုင်မှုများကို အမည်မည်းစာရင်းဝင် မြန်မာ စီးပွား ရေး ဦးပိုင် UMEH မှ တစ်ဆင့် Norinco သို့ လွှဲပြောင်းပေးသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ UMEH သည် မြန်မာစစ်တပ်မှ ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ယင်းသည် မုံရွာရှိ ကြေးနီမိုင်း ၃ ခု၏ လုပ်ပိုင်ခွင့်များကို ရယူထားသော ကုမ္ပဏီ ဖြစ်သည်။

“တကယ်လို့သာ အမည်မည်း စာရင်းဝင် UMEH က အိုင်ဗင်ဟိုးရဲ့ ပိုင်ဆိုင်မှုတွေကို ယူလိုက်ပြီး Norinco ကို ပြန်ရောင်းခဲ့တယ် ဆိုရင်တော့ ကနေဒါနဲ့ အမေရိကန်တို့ရဲ့ အရေးယူ ထားမှုတွေကို ချိုးဖောက်တာပါပဲ” ဟု တင်မောင်ထူး က အင်္ဂါနေ့က ကြေညာချက်တွင် ဖော်ပြထားသည်။ “တရားမ၀င် ဖြစ်ပျက်ခဲ့တာတွေ ဆိုရင်တော့ နောက်ဆုံး အိုင်ဗင်ဟိုးကို ပြစ်ဒဏ်ခတ်ရမှာပါပဲ” ဟု ယင်းက ပြောသည်။

Norinco နှင့် MICCL တို့သည် နိုင်ငံတကာ အရေးယူမှုများ၏ ပစ်မှတ်များ ဖြစ်ကြသည်။ အီးယူနှင့် အမေရိကန်သည် MICCL အား အမည်မည်း စာရင်းသွင်းထားသည်။ EU က MICCL သည် ထိုစဉ်က စစ်အစိုးရအား အဓိက ငွေကြေးထောက်ပံ့သူအဖြစ် ရှုမြင်ခဲ့သည်။ Norinco ကိုလည်း အီရန်သို့ ဒုံးကျည်များ ရောင်းချမှုကြောင့် 2003 ခုနှစ်တွင် အမေရိကန်က အရေးယူမှုများ ချမှတ်ခဲ့သည်။

မုံရွာပရောဂျက်အား Norinco မှ လွှဲပြောင်းယူမည်ဟု ပြီးခဲ့သည့်နှစ် ဇွန်လက ကြေညာချက် ထွက်ပေါ်လာစဉ်က အငြင်းပွားမှုမျိုးစုံ ထွက်ပေါ်ခဲ့ သည်။ စာချုပ် မချုပ်မီ ရက်သတ္တပတ်များစွာက မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ မြန်မာနိုင်ငံသို့ ပင်လယ်လမ်းမှ တင်ပို့ မည့် အမြောက်များအား သွားရောက်စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံသို့ လက်နက် ရောင်းချပေးမှုကြောင့် ကြေးနီနှင့် ပတ်သက်၍ သဘောတူညီမှု ရခဲ့ရာ CFOB ကဲ့သို့ သော အုပ်စုများ၏ စွပ်စွဲချက်များ မှန်ကန်လာသည့်သဘော ဖြစ်သည်။ ယခု မုံရွာ သဘောတူညီမှုနှင့် ပတ်သက်၍ ငွေကြေးသဘောတူညီမှုကို မသိရှိရပေ။ မုံရွာ ကြေးနီသတ္တုတွင်းသည် တစ်နှစ်လျှင် ကြေးနီ 3900 တန် ထွက်ရှိပြီး မြန်မာနိုင်ငံအတွက် အမြတ်ကြီးသော လုပ်ငန်းဖြစ်သည်။

************************************************************************

အီးယူ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်အတွက် အားတက်စရာ ဖြစ်ကြောင်း၊ သို့သော် အပြောနှင့် အလုပ် ညီရန် လိုဟုပြော

(23 June, 2011 ရက်စွဲပါ AP ၏ EU fact-finding mission to Myanmar encouraged by visit, but seeks actions matching words ကို ဘာသာပြန်ဆိုသည် )

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာအစိုးရသစ်တွင် တိုးတက်နိုင်မည့် လက္ခဏာများ တွေ့ရှိရကြောင်း၊ သို့သော် ပြုပြင်ပြောင်းလဲ ရေးအတွက် ကတိများကို လုပ်ပြရန် လိုကြောင်း၊ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ယခု အချက်အလက်ရှာဖွေရေး မစ်ရှင်သည် အမည်ခံ အရပ်သားအစိုးရသစ်လက်ထက်တွင် ပြောင်းလဲလာသော အတိုင်းအတာများကို ကြည့်ရှု ရန်နှင့် အီးယူက မြန်မာနှင့် ပိုမိုဆက်ဆံနိုင်ရေး အလားအလာများ လေ့လာရန်ဖြစ်သည်ဟု မစ်ရှင် ခေါင်းဆောင် ဗြိတိန်မှ Robert Cooper က ပြောကြား ခဲ့သည်။

1962 ကတည်းက စစ်တပ်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့ သည်။ စစ်တပ်မှ အငြိမ်းစားအရာရှိများဖြင့် ဖွဲ့စည်းထားသော အစိုးရသစ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကတိများပေးခဲ့သော်လည်း ထိုသို့ ပြုလုပ်မည့် အဓိက အပြုအမူများ မတွေ့ရသေးပေ။ သုံးသပ်သူများကမူ ရွေးကောက်ပွဲသည် စစ်တပ်လက်ထဲတွင် အာဏာ ဆက်လက်တည်မြဲရေးအတွက် ချုပ်ကိုင် လုပ်ဆောင်ခဲ့သည် ဟု ဆိုသည်။

အီးယူသည်လည်း အမေရိကန် ပြည်ထောင်စုကဲ့သို့ပင် မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးယူမှုများကို ဆက်လက်ထားရှိခဲ့ရာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်ခြင်းနှင့် လူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှုများကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံကမူ Sanction များ ရုပ်သိမ်းရေးအတွက် ကာလရှည်ကြာကပင် တိုက်တွန်းနေခဲ့သည်။

ယခု အဆင့်မြင့် အီးယူကိုယ်စားလှယ်အဖွဲ့သည် ရွေးချယ်တင်မြှောက်သော အစိုးရသစ်လက်ထက်တွင် ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။ ယခု လာရောက်ခြင်းသည် ဥရောပသမဂ္ဂ မူဝါဒပြောင်းလဲရေးအတွက် မဟုတ်ကြောင်း Cooper က အတည်ပြု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လာရောက်ခြင်းအတွက် သတင်းစကား ပါးလိုတာကတော့ မြန်မာနိုင်ငံက တိုးတက်မှုတွေနဲ့အညီ နှစ်ဖက်ဆက်ဆံရေးမှာ ပြောင်းလဲ ရေးအတွက် တံခါးဖွင့်ထားတဲ့ သဘောပါပဲ။ ကျွန်တော်တို့ဘက်က ပြောင်းပေးဖို့ အဆင်သင့်ပါပဲ” ဟု ယင်းက ပြောကြားခဲ့သည်။

“ဒီ တိုင်းပြည်မှာ တစ်ခုခု ဖြစ်နေပြီဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကို ပိုပြီးနားလည်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု Cooper က ပြောသည်။ ယင်းက ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါနေ့က တွေ့ဆုံခဲ့ခြင်း အပါအ၀င် လူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့သည်ဟု ဖြည့် စွက် ပြောကြားခဲ့သည်။

Cooper က ပြောကြားရာတွင် သမ္မတဦးသိန်းစိန်၏ ပါလီမန်အသစ်သို့ ပြောကြားခဲ့သော မိန့်ခွန်းသည် အားတက်ဖွယ်ဖြစ်ကြောင်း ပြောခဲ့သည်။ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရနှင့် ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးများကို ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရ၏ ဦးစားပေးမှာ တိုင်းသူပြည်သားများ အခြေခံဥပဒေနှင့်အညီ အခြေခံ လူ့အခွင့်အရေးများ ခံစားနိုင်ရေး သေချာအောင် ပြုလုပ်ပေးရေး ဖြစ်ကြောင်း ပြောခဲ့ သည်။

“သူပြောခဲ့တဲ့အထဲက အချို့ကို အကောင်အထည်ဖော်နေတာ တွေ့ရရင် ကျွန်တော်တို့ ဒီထက်ပိုအားတက်မိမှာပါ။ အခုထိတော့ အပြောပဲ ရှိပါ သေးတယ်။ အလုပ်နဲ့ သက်သေပြတာကို တွေ့ချင်ပါတယ်” ဟု Cooper က ပြောသည်။

Cooper က ပြောကြားရာတွင် ပြောင်းလဲမှုအတွက် မျှော်လင့်ရန် စောသေးသည်ကို နားလည်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စနစ်က ယခု စတင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ဘာမျှ ကြီးကြီးမားမား မဖြစ်ပျက်သေးသည်မှာ အံ့သြစရာ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အဓိက အတားအဆီးဖြစ်နေသော အီးယူ၏ Sanction မူဝါဒနှင့် ပတ်သက်၍မူ Cooper က မှတ်ချက်ပေးရန် ငြင်း ဆန်ခဲ့သည်။ အီးယူက Santion များ ရုတ်သိမ်းရေး အတွက် အခြေအနေများကို မေးမြန်းရာ ယင်းက “ပြောရခက်သည့် သိမ်မွေ့သော ကိစ္စရပ် ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလက အီးယူသည် သံတမန်လမ်းကြောင်း ပွင့်နေစေရန် ရည်ရွယ်၍ မြန်မာ အစိုးရ၏ အရပ်သားအဖွဲ့ဝင်များအား ဗီဇာ ကန့်သတ် ထားခြင်းကို တစ်နှစ် လျှော့ပေးခဲ့သည်။

ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အမေရိကန်သည် အီးယူထက် ခေါင်းမာသည့် သဘောရှိသည်။ ယခုလ အစောပိုင်းက အမေရိကန် ဆီနိတ် တာ John McCain က နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်အား လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အစိုးရက ခိုင်မာသော ခြေလှမ်းများ မလုပ်မချင်း Sanction များ ဆက်လက်ထားရှိသင့်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

အရီဇိုးနားမှ ရီပက်ပလစ်ကင် အမတ် McCain က ယင်း၏ မြန်မာနိုင်ငံသို့ ၃ ရက်တာ ခရီးစဉ်အပြီး သတင်းထောက်များသို့ ပြောကြားရာတွင် နှစ်နိုင်ငံစလုံးသည် ဆက်ဆံရေးကောင်းမွန်ရန် လိုလားကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ ချွင်းချက်မရှိ လွှတ်ပေးရေး အပါအ၀င် ဒီမိုကရေစီအတွက် ခြေလှမ်းများလှမ်းရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို ဝေဖန်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးမှာ အနောက် နိုင်ငံများ ထိပ်ဆုံးမှ တောင်းဆိုမှု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ မလုပ်သရွေ့ နိုင်ငံရေးနှင့် စီးပွားရေး အရေးယူမှုများ ဆက်ထားမည် ဖြစ်သည်။

မြန်မာနိုင်ငံက ပြောကြားရာတွင် ယင်း၌ နိုင်ငံရေး အကျဉ်းသား မရှိကြောင်း၊ ရာဇ၀တ်မှု ကျူးလွန်သူများသာ ရှိကြောင်း ဆိုသည်။

************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment