Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၇.၆.၂၀၁၁

ဘာသာပြန်သတင်းများ

အာရပ်ကမ္ဘာတော်လှန်ရေးမျိုး မဖြစ်ပွားရန်အရေးကြီးကြောင်း သူရဦးရွှေမန်းသတိပေး

(UPI သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအနေဖြင့် အာရပ်ကမ္ဘာတွင်ဖြစ်ပေါ်နေသော ပုန်ကန်တော်လှန်မှုများနှင့် မကြုံတွေ့ရန် အရေးကြီး ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇွန်လ ၂၄ ရက်နေ့တွင် သတိပေးပြောဆိုသည်။ ဇွန်လ ၂၄ ရက် တစ်ရက်တည်းတွင် မြို့ကြီးသုံးမြို့၌ ပေါက်ကွဲမှုအသီးသီး ဖြစ်ပွား ပြီးနောက် ယင်းသို့ သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြောက်အာဖရိကနိုင်ငံများတွင်ဖြစ်ပေါ်နေသော ဆူပူအုံကြွမှုများသည် တိုင်းပြည်နှင့်လူမျိုး၏ အကျိုးစီးပွားကို သာ ထိခိုက်စေသည်ဖြစ်ရာ မြန်မာ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် အလားတူဖြစ်ရပ်မျိုးမှ ကာကွယ်နိုင်ရေးအတွက် အတူတကွလက်တွဲဆောင်ရွက်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကဆိုသည်။

"အမေရိကန်သံတမန်ဂျွန်မက်ကိန်း မြန်မာနိုင်ငံကိုလာရောက်လည်ပတ်စဉ် ပြောဆိုခဲ့သလိုပင် မိမိတို့ အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော မတည်မငြိမ်မှုများ ဖြစ်ပေါ်ခြင်းမရှိရလေအောင် လုပ်ဆောင်ရမည်ဖြစ်သည်" ဟု သူရဦးရွှေမန်းကဆိုသည်။ ထို့ပြင်မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတို့အကြားဖြစ်ပွားသော တိုက်ပွဲများ အဆုံးသတ်ရန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူဦးသိန်းဇော်၏ ကြိုးပမ်းအားထုတ်မှုများကို ၎င်းကချီးမွမ်းပြောဆို ကြောင်း နော်ဝေအခြေစိုက်ဒီမိုကရက်တစ် မြန်မာ့အသံတင်းဌာနကဆိုသည်။

KIA နှင့် အစိုးရတပ်ဖွဲ့များ တိုက်ခိုက်မှုများဖြစ်ပွားရာနေရာသည် တရုတ်-မြန်မာ နယ်စပ်ဒေသနှင့် မိုင် ၄၀ ဝန်းကျင်သာဝေးကွာသည်။ အဆိုပါ တိုက်ပွဲကြောင့် KIA နှင့် မြန်မာအစိုးရအကြား ၁၄ ကြာ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်မှာပျက်ပြားသွားရသည်။ အတည်မပြုနိုင်သော သတင်းများအရ တိုက်ပွဲကြောင့် KIA သူပုန်လေးဦးနှင့် စစ်တပ်မှ တပ်သားတစ်ဦး တိုက်ခိုက်မှုတွင်ကျဆုံးခဲ့သည်။ လက်ရှိအနေအထားတွင် ဒုက္ခသည် များအား ခရစ်ယာန်အသင်းများအပါအဝင် ဘာသာရေးအုပ်စုများက ကူညီစောင့်ရှောက်မှု ပေးထားကြောင်း သိရသည်။

ယခုတိုက်ပွဲသည် မြန်မာစစ်တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြားဖြစ်ပွားသည့် ပဋိပက္ခများ အနက် စစ်ပွဲအသွင်ဆောင်သော ပဋိပက္ခ တစ်ခုလည်းဖြစ်သည်။ အခြားသော ရှမ်းနှင့် ကရင်ပြည်နယ်များတွင်လည်း မြန်မာအစိုးရနှင့် ကာလကြာရှည်စွာပဋိပက္ခဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ရှိသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံရှိ မြို့သုံးမြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် အထက်ပါအတိုင်း သတိပေးမှုများ ပြောဆိုခဲ့ခြင်းဖြစ်သည်။ သတင်းပေးပို့ချက်များအရ ပေါက်ကွဲမှုများမှာ မြို့တော်သစ် နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် လူသေဆုံးခြင်းမရှိခဲ့ ပေ။ နေပြည်တော်မှ ပေါက်ကွဲမှုမှာ ဈေးတစ်ခုနှင့် ဟိုတယ်အများစုနှင့်နီးစပ်ရာတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတွင် ဖြစ်ပွားသောပေါက်ကွဲမှုကြောင့် မော်တော်ကားတစ်ဦးပျက်စီးသွားကာ ယာဉ်ထိန်းရဲတစ်ဦးအပါအဝင် လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးကဆိုသည်။ သို့သော် တောင်ပေါ်မြို့တစ်မြို့ဖြစ်သော ပြင်ဦးလွင်၌ ဖြစ်ပွားသည့်ပေါက်ကွဲမှုအသေးစိတ်ကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ မိမိတို့၏လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုမှု မပြုသော်လည်း အစိုးရက အတိတ်ကာလတွင် ဖြစ်ပေါ်ခဲ့ သောအလားတူပေါက်ကွဲမှုများသည် တိုင်းရင်းသားလက်နက်ကိုင်သူပုန်များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြစ်တင် ပြောဆို သည်။ ပြီးခဲ့သည့် မေလအတွင်း နေပြည်တော်အနီး ခုတ်မောင်းသွားလာနေသော ရန်ကုန်-မန္တလေးရထားတစ်စီးပေါ်တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့သည်။ ယမန်နှစ် ဧပြီလ၊ မြန်မာနှစ်သစ်ကူးကာလတွင် ရန်ကုန်မြို့၌ ဗုံးများ ဆက်တိုက်ပေါက်ကွဲရာ လူ ရှစ်ဦးသေဆုံးပြီး ၁၇၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်က အစိုးရအာဘော်သတင်းစာက ပေါက်ဖောက်ခွဲမှုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မှေးမှိန်ပျက်စီးသွားအောင် ဦးတည် ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ဖူးသည်။

ယခု ဇွန်လဒုတိယနောက်ဆုံးပတ်အစောပိုင်းကာလတွင် KIA အဖွဲ့ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင် သည် ဟူသောအချက်ကို သတိပြုရမည်ဟု ဆိုခဲ့သည်။ New Light of Myanmar သတင်းစာက အစိုးရတပ်ဖွဲ့များသည် နယ်စပ်ဒေသရှိ ရေအားလျှပ်စစ် စီမံကိန်းများနှင့် အရပ်သားများကို အကာအကွယ် ပေးရန်အလို့ငှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြသည်။

မည်သို့ပင်ဖြစ်စေ ယခု KIA နှင့် အစိုးရတပ်ဖွဲ့များအကြားဖြစ်ပေါ်သောတိုက်ခိုက်မှုသည် KIA အား နယ်ခြားဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ဆွေးနွေးမှုများ မအောင်မြင်သောကြောင့်ထွက်ပေါ်လာသော ရလဒ်ဟုဆိုနိုင်သည်။ KIA သည် မြန်မာအစိုးရ၏ကမ်းလှမ်းချက်ဖြစ်သော နယ်စပ် ဒေသစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးကို ပယ်ချခဲ့သည်။

********************************************************************************

တင်းမာနေသော ထိုင်းရွေးကောက်ပွဲကို ထိုင်းစစ်တပ် မျက်ခြည်မပြတ်စောင့်ကြည့်

(AFP သတင်းမှ 26 June 2011 ရက်စွဲပါ “Army hovers over tense Thai election” ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ ဩဇာကြီးတပ်မတော်က အတိုက်အခံတို့၏ ခြေကုတ်ကျေးလက်ဒေသများတွင် ဝင်ရောက် အင်အားပြမှုကြောင့် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ တိုင်းဗိုလ်ချုပ်များ နိုင်ငံရေးနှင့် ကင်းကင်းနေကြမည်ဟူသော ကတိနှင့်ပတ်သက်ပြီး သံသယများ အသစ်တဖန်ကြီးထွားလာခဲ့သည်။

၂၀၀၆ ခုနှစ်က ဘန်ကောက်မြို့တော်လမ်းများပေါ်သို့ တင့်ကားများ မောင်းဝင်လာသည့်နောက်ပိုင်း နိုင်ငံကို ဆုပ်ကိုင် ဖျစ်ညှစ်ထားခဲ့သည့် သွေးစွန်းသော ပဋိပက္ခများကြောင့် နောက်ထပ် ကြားဝင်စွက်ဖက်ရန် စစ်တပ်က ရှောင်ရှားဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားလျက် ရှိသော် လည်း ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုများနှင့် အာဏာသိမ်းရန်ကြိုးပမ်းမှုများသည် ရွေးကောက်ပွဲများကဲ့သို့ပင် အကြိမ်ရေများပြားခဲ့သည်။

ယခုလအတွင်း နိုင်ငံအရှေ့မြောက်တလွှား၌ ရုတ်တရက်ပေါ်လာသော ရဟတ်ယာဉ်ခရီးစဉ်များဖြင့် ရောက်ရှိ လာကြသော အရာရှိများသည် အစိုးရ အတိုက်အခံရှပ်နီတို့၏ အချက်အချာနေရာများသို့ ဆင်းသက်ရပ်နားကာ ထိုင်းဘုရင်ကြီး၏ ဖွံ့ဖြိုးရေးစီမံကိန်းများကို ဟောပြောစည်းရုံးမြှင့်တင် လျက် ရှိကြသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဒါရန်ဟူသာဝမ်ဆွပ်က ပြည်တွင်းလုံခြုံမှုစစ်ဆင်ရေး ကွပ်ကဲမှုဌာန (ISOC) လက်အောက်မှ ယင်း၏ တပ်ဖွဲ့၏လုပ်ငန်းကို AFP သို့ ရှင်းလင်းပြောကြားရာတွင် “ချစ်ခင်လေးစား ယုံကြည်မှု ရရှိအောင် ကျွန်တော်တို့ ကြိုးစားနေတာပါ” ဟု ပြောဆိုခဲ့သည်။ ဘုရင်စနစ်ကို ထိန်းသိမ်း စောင့်ရှောက်သူအဖြစ် မိမိ ကိုယ်ကို ရှုမြင်ထားသော ထိုင်းတပ်မတော်က ယင်းတို့၏ လှုပ်ရှားမှုများကို အကြောင်းပြရန်အတွက် ဘုရင့်မိသားစု အပေါ် ခြိမ်းခြောက်မှုများ ရှိနေကြောင်း မကြာခဏရည်ညွှန်း ကိုးကားပြောဆိုလေ့ ရှိသည်။

၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များက ကွန်မြူနစ်နှိမ်နင်းရေးအတွက် ဖွဲ့စည်းခဲ့သော ISOC ဌာနသည် ဇူလိုင် ၃ ရက် ရွေးကောက်ပွဲမတိုင်မီ အရှေ့ မြောက်ဒေသတွင် လှုပ်ရှားမှုများကို အရှိန်မြှင့်လျက် ရှိသည်ဟူသော သတင်းကို ဒုတိယ ဗိုလ်ချုပ်ကြီးဒါရမ်က ငြင်းဆိုခဲ့သော်လည်း ယခုသီတင်းပတ်များ အတွင်း အဆိုပါခရီးစဉ်များ စတင်ခဲ့ခြင်းဖြစ်ကြောင်း ရွာသူရွာသားများက ပြောဆိုကြသည်။

ထိုင်းဘုရင် ၈၃ နှစ်ပြည့်ပြီးနောက် ၆ လခန့်အကြာတွင် ဘုရင့်မွေးနေ့အတွက် အခမ်းအနားပြုလုပ်စဉ်အတွင်း ခွန်ကင်ပြည်နယ် ဖိုချိုင်းကျေးရွာ တစ်ဝိုက်သို့ ထိုင်းတပ်ဖွဲ့များ ရောက်ရှိနေခြင်းကြောင့် ဒေသခံရွာသူ နိုဘန်းက “သူတို့ဘာကြောင့် ရောက်လာကြတယ်ဆိုတာကို ကျွန်မ မသိပါဘူး” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ မဖွံ့ဖြိုးသေးသော ဒေသအတော်များများသည် ၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်ပသို့ တိမ်းရှောင်သွားခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ အခိုင်အမာ ခြေကုတ်နယ်မြေများ ဖြစ်နေဆဲဟု သိရှိရသည်။

**************************************************************************************

မြန်မာနိုင်ငံအပေါ် စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ Kevin Rudd ကိုတောင်းဆိုဖွယ်ရှိ

(Brisbane Times မှ 25 Jun 2011 ရက်စွဲပါ Rudd to be pressed on Burma inquiry သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေအနေကို စစ်ဆေးမည့် ကုလသမဂ္ဂစုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စ တွင် ပိုမိုတက်ကြွစွာ ပါဝင်ရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျနိုင်ငံကို ဖိအား ပေးမည့် အလားအလာရှိသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြား သည်။

                သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd မြန်မာနိုင်ငံသို့ နောက်အပတ်တွင် တရားဝင်ခရီးစဉ် လာရောက်မည့်အချိန်၌ ပြုလုပ်မည့် ဆွေးနွေးပွဲ များတွင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုရန် စီစဉ်ထားခြင်း ဖြစ်သည်။

                မြန်မာနိုင်ငံသို့သွားမည့် အစီအစဉ်ကို မနေ့က ကြေညာခဲ့သည့် Kevim Rudd က ၂၀၀၂ ခုနှစ် နောက်ပိုင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး ပထမဆုံးသွားရောက်မည့် ယခုခရီးစဉ်သည် မြန်မာ့သမိုင်း၏ အရေးကြီးသော လမ်းဆုံတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

                ဤခရီးစဉ်ကြောင့် သြစတြေးလျအစိုးရ အနေဖြင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေး တိုးတက် ဖွံ့ဖြိုးရေးကို မည်သို့ အကောင်းဆုံး ပံ့ပိုးပေးနိုင်မည်ဆိုသည်ကို အကဲဖြတ်ခွင့်ရလိမ့်မည်ဟု Rudd ကဆိုသည်။ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မည့်အပြင် မြန်မာအစိုး ရသစ်အဖွဲ့ဝင်များ၊ နိုင်ငံရေးနယ်ပယ်တစ်ဝှမ်းမှ ခေါင်းဆောင်းများနှင့်လည်း တွေ့ဆုံဦးမည်ဖြစ်သည်။

                ယခုမြန်မာအရပ်ဖက်အစိုးရသစ်သည် မနှစ်ကအထွေထွေရွေးကောက်ပွဲများအပြီး၌ တပ်မတော် အစိုးရထံမှ အာဏာလွှဲပြောင်းယူခဲ့ခြင်း ဖြစ် သည်။ သို့သော်လည်း တပ်မတော်နောက်ခံနိုင်ငံရေးသမားများ လွှမ်းမိုးထားသော လွှတ်တော်နှင့်အတူ ယခင်တပ်မတော်ခေါင်းဆောင်များကသာ အဓိက အာဏာကို ချုပ်ကိုင်ထားဆဲဖြစ်သည်ဟု လူ့အခွင့်အရေး အုပ်စုများနှင့် အကဲခတ်လေ့လာသူများက သုံးသပ်ပြောကြားခဲ့ကြ သည်။

                မြန်မာနိုင်ငံမှ လူ့အခွင့်အရေးညှင်းပန်းနှိပ်စက်မှုများကို လွတ်လပ်သော ကော်မရှင်ဖွဲ့စည်းစုံစမ်းရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် Tomas Ojea Quintana က တောင်းဆိုထားခြင်းကို ပထမဦးဆုံး ရှေ့တန်းက ထောက်ခံသော နိုင်ငံများထဲတွင် သြစတြေးလျနိုင်ငံလည်း ပါဝင်သည်။

                မြန်မာ့တပ်မတော်သည် ဒေသခံပြည်သူများအား အတင်းအကျပ်နေရာဖယ်ခိုင်းခြင်း သတ်ဖြတ် ခြင်း၊ မုဒိန်းမှု၊ လိင်ကုန်ကူးမှုအပါအဝင် လိင်အကြမ်းဖက်မှုများကျူးလွန်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းစသော ရာဇဝတ်မှုများကို ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုကို အခြေခံကာ ကျူးလွန် နေ ကြောင်း လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲထားကြသည်။

                ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုသီတင်းပတ်အတွင်းအမေရိကန် လွှတ်တော်အမတ်များထံ အထူး အကြောင်းကြားစာ ပေးပို့ရာတွင် မြန်မာ နိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးမည့် အစီအစဉ်အား ထောက်ခံအားပေးရန် အမေရိကန် ပြည်ထောင်စုကို တိုက်တွန်းပြောကြားခဲ့သည်။

                ဒေါ်အောင်ဆန်းစုကြည်က Kevin Rudd နှင့် တွေ့ဆုံလျှင် ဤကိစ္စဆွေးနွေးရန် စီစဉ်ထားသည်ဟု အသိ ပေးလိုက်ခြင်းပင်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Forum for Democracy in Burma ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုးအောင်ကပြောကြားသည်။

                ယခုကဲ့သို့ ကုလသမဂ္ဂဦးဆောင်သည့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံတွင် အပြောင်းအလဲ ဆောင်ကြည်းပေးမည့် အဓိက အချက်များထဲမှ တစ်ခုဖြစ်ကြောင်း ဦးစိုးအောင်က သုံးသပ်သည်။

                Burma Campaign Australia မှ ညှိနှိုင်းရေး တာဝန်ခံ Zetty Brake ကလည်း ကုလစုံစမ်းရေး ကော်မတီ ဖွဲ့စည်းရေးကိစ္စတွင် သြစတြေးလျ နိုင်ငံက ပိုမိုတက်ကြွစွာ ပါဝင်ရမည်ဆိုသည်ကို သဘောတူ သည်။

                သြစတြေးလျအနေဖြင့် ကုလစုံစမ်းရေးကော်မရှင်ကို ထောက်ခံရုံမျှသာမကပဲ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေ သည့် စစ်ရာဇဝတ်များ၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို စုံစမ်းရန် ဖွဲ့စည်းခြင်းဖြစ်သည် ဆိုသော အချက်သေချာပေးလွင်အောင် တက်ကြွစွာပါဝင်ရမည်ဟု Ms Brake က ဆိုသည်။

                ထို့အပြင် ရင်းနှီးမြှုပ်နှံမှုငွေကြေးများက တပ်မတော်အစိုးရကို ပံ့ပိုးခြင်းမရှိကြောင်း သေချာအောင် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံနေသော သြစတြေးလျ ကုမ္ပဏီများကို ဖိအားပေးရန် Kevin Rudd ကိုသူမက ဆက်လက် တောင်းဆိုထားသည်။

                သြစတြေးလျက ဘာလုပ်နိုင်သလဲဆိုရင် သြစတြေးလျကုမ္ပဏီတွေဟာ မြန်မာနိုင်ငံတပ်မတော် အစိုးရကို ရန်ပုံငွေ ဖြည့်ဆည်းပေးနေတာ မဟုတ်ပါဘူးဆိုတာကို သေချာအောင်လုပ်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် ရေနံနဲ့ ဓာတ်ငွေ့နယ်ပယ် ဝန်းကျင်နဲ့ပတ်သက်နေပြီး ဒီလုပ်ငန်းတွေက ဝင်ငွေ တွေ တပ်မတော်အစိုးရရဲ့ အိပ်ကပ်ထဲ ပြန်ရောက်မသွားဖို့ လိုပါတယ် ဟု Ms Brake က ပြောကြားသည်။

                သြစတြေးလျသတ္ထုမိုင်းသူဌေး Bill Clough သည် မြန်မာနိုင်ငံတောင်ဖက်ကမ်းရိုးတန်းတွင် ရေနံသိုက်ရှာ နေသော Twinza Oil Co မှတဆင့် အမေရိကန် ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံထားသည်။

                မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်စေ့စပ်ရေးနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုကို လမ်းခင်းပေးမည့် “နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ် ပေးခြင်း အစီအစဉ်ကို ပြုလုပ်ဖို့ တပ်မတော်အစိုးရအား Mr Kevin Rudd အနေဖြင့် တိုက်တွန်းအားပေးသင့်သည်ဟု ဦးစိုးအောင်က ပြောကြားသည်။

                မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားလျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပါအဝင် အတိုက်အခံအုပ်စုများနှင့် မြန်မာတပ်တော်အစိုးရ အကြား  စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးအတွက် သြစတြေးလျက မြန်မာ နိုင်ငံကို ဖိအားပေးရေးနှင့် ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုဖွယ်ရှိသည်ဟုလည်း ဦးစိုးအောင်က ပြောကြားသည်။

***********************************************************************************************

မြန်မာနိုင်ငံတွင်း ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်စိုးရိမ်

(Kuwait News Agency မှသတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်သည် ဟူသောသတင်းပေးပို့ချက် များနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်ပြည်ထောင်စု က ဇွန်လ ၂၅ ရက်နေ့တွင်ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland က "မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင် ပြည်နယ်နှင့် အခြားသောဒေသများ တွင် လတ်တလောဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် စိုးရိမ်ပူပန်မိကြောင်းနှင့် အဆိုပါ ဖြစ်ရပ်များ အမြန်ဆုံးအဆုံးသတ်ရန် တိုက်တွန်း ပါကြောင်း" ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

ဇွန်လ ၉ ရက်နေ့တွင်စတင်ဖြစ်ပွားခဲ့သော မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) တို့၏ တိုက်ခိုက်မှုများသည် ရက်သတ္တ သုံးပတ်ကြာသည်အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။ "အဲဒီလို တိုက်ပွဲဖြစ်ပွားတဲ့နေရာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မုဒိမ်းမှုတွေ၊ ဒေသခံထောင်ပေါင်းများစွာ နေရာပြောင်းရွှေ့ ထွက်ပြေးကြရမှုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ အထူးပင်စိုးရိမ်မကင်းဖြစ်ရပါတယ်" ဟု မစ္စ Victoria Nuland ကပြောကြားသည်။

"ပဋိပက္ခဖြစ်နေတဲ့နယ်မြေကနေ နယ်စပ်ဒေသကိုထွက်ပြေးကြရတဲ့ ဒေသခံပြည်သူတွေအတွက် လုံခြုံရေး၊ အကူအညီအထောက်အပံ့တွေ ပေးတဲ့ နေရာမှာ နိုင်ငံတကာစံချိန်စံနှုန်းနဲ့ ကိုက်ညီမှုရှိအောင်လုပ်ဖို့ အာဏာပိုင်တွေကို ကျွန်မတို့ကတိုက်တွန်းလိုက်ပါတယ်" ဟု ၎င်းက မှတ်ချက်ပေး ပြောဆိုသည်။ ယခုဖြစ်ပေါ်နေသော ပဋိပက္ခများကို ကြည့်လျှင် မြန်မာနိုင်ငံတွင်း စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေးပေါ်ထွက်နိုင်ရေးအတွက် အစိုးရ၊ အတိုက်အခံနှင့် တိုင်းရင်းသားလူမျိုးစုများအကြား ဒိုင်ယာလော့ခ်တစ်ရပ် ပြုလုပ်ရန်လိုအပ်နေသည်မှာ ထင်ရှားကြောင်း`မစ္စ Victoria Nuland က ပြောသည်။

*************************************************************************************

စစ်တပ်က အရပ်သားအသွင် ကစားပွဲ ကစား

(Ak Jazeera မှ Larry Jagan ၏ Military plays a civilian-looking game ကို ဘာသာ ပြန်ဆိုသည် )

မြန်မာနိုင်ငံတွင် အမည်ခံ အရပ်သား အစိုးရ အာဏာရယူခဲ့သော်လည်း၊ သံတမန်များ၊ ဝေဖန် သုံးသပ်သူများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများကမူ ပုလင်းသစ်ထဲတွင် ထည့်ထားသော ၀ိုင်အဟောင်းသာ ဖြစ်ကြောင်း ရှုမြင်၍ လက်မခံပဲ ပယ်ချခဲ့ကြသည်။

မြန်မာသုံးသပ်သူများကမူ အာဏာရှင်သန်းရွှေသည် ကန့်လန့်ကာနောက်သို့ ၀င်သွားခြင်းသာဖြစ်ကြောင်း ယုံကြည်နေသည်။ ယင်းသည် မြန်မာ့ တပ်မတော်ဦးစီးချုပ် အဖြစ်မှ နေရာ ဖယ်ပေးခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင်အဖြစ်မှ နှစ်ပေါင်း ၂၀ ခန့် တိုင်းပြည်ကို နေ့စဉ် အုပ်ချုပ်နေရာမှ ရပ်ဆိုင်း ခဲ့သည်။ “သူက ကန့်လန့်ကာ နောက်ကွယ်ကနေ ကြိုးဆွဲနေဦးမှာပါ” ဟု အမေရိကန် အခြေစိုက် မြန်မာ့အရေးပညာရှင် ၀င်းမင်း က ပြောသည်။ “သူ့ကို လေးစားတဲ့သူတွေ အဆက်အသွယ်တွေနဲ့ နောက်ကွယ်ကနေ သြဇာရှိနေတာကို အသုံးချမှာပါပဲ” ဟု ယင်းက ဆက်လက်ပြောသည်။

“တကယ်လို့ အစိုးရသစ်ဟာဖြင့် ဒီမိုကရေစီအတွက် ခြေလှမ်းလို့ ထင်ရင်တော့ ၀မ်းနည်းစရာ ကောင်းလောက်အောင် အဓိပ္ပာယ် ကောက်လွဲနေ ပြီလို့ ပြောရမှာပဲ”ဟု London School of Economics တွင် သုတေသန ပြုလုပ်နေသူ မောင်ဇာနည်က ပြောသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုလာနေပြီဟု တွေ့မြင်သူများ ရှိသည်။ သို့သော်ပြောင်းလဲမှုမှာ မြန်မာပြည်သူများ တောင့်တနေသော ပြောင်းလဲမှုမျိုး မဟုတ်ပေ။ စနစ်သစ်နှင့် အစိုးရပုံပေါ်လာခဲ့ပြီး ပါလီမန်သည် အရေးမပါသည့် နေရာမှပါဝင်ရမည် ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်သည် ဦးဆောင်နေရာမှ ပါဝင်မည် ဖြစ်သည်။

အစိုးရသစ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲများ အပြီးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် စစ်အစိုးရ မဟာမိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP က အောင်ပွဲခံ ခဲ့သည်။ အနောက်နိုင်ငံ အများစုနှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီ လှုပ်ရှားမှုများကမူ ရွေးကောက်ပွဲ ရလဒ်အား အတုအယောင်အဖြစ် ပယ်ချခဲ့သည်။

သို့သော် မျိုးဆက်သစ်သို့ အာဏာလွှဲပြောင်း ပေးမှုမှာ ထင်ရှားပါသည်။ အများစုသည် စစ်သားများ၊ စစ်သား လူထွက်များ ဖြစ်ကြသော်လည်း မြန်မာနိုင်ငံတွင် ခေါင်းဆောင်သစ်များမှာ အသက် ၆၀ အောက်တွင် ရှိပြီး ပညာရှင်များ ဖြစ်ကြသည်။

ပါလီမန်၏ ၂၅% သော နေရာတွင် နေရာယူထားသော စစ်ဗိုလ် တစ်ဖြစ်လဲ နိုင်ငံရေး သမားများမှာ ခြားနားသော အသွင်တစ်ခု ဖြစ်သည်။ စစ်တပ် ဦးစီးချုပ်သစ် အသက် ၅၅ နှစ်ရှိ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ဖိနှိပ် မှုကြောင့် နာမည် ပျက်ခဲ့ရသော စစ်တပ် အား သိက္ခာ ပြန်လည် တက်လာအောင် လုပ်ဆောင်လိုသူ စစ်သား စစ်စစ် ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ပြောင်းလဲသွားသည် ဆိုသော အခြားလက္ခဏာများ ရှိပါသေးသည်။ မကြာခင်က တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး ဗျူရို စတုတ္ထအရေးကြီး ပုဂ္ဂိုလ် Jia Qing Lin လာရောက် လည်ပတ်စဉ်က သန်းရွှေနှင့် တွေ့ဆုံခြင်းမရှိပဲ လွှတ်တော် ဥက္ကဌနှင့် USDP ပါတီ ဒု ဥက္ကဌ သူရ ဦးရွှေမန်းကသာ ကိုယ်စား ဧည့်ခံခဲ့သည်။

အခြား လက္ခဏာများအဖြစ် စစ်တပ်မှ အနားယူသွားသူများတွင် စစ်တပ် အဆောင်အယောင်များ မရှိတော့ခြင်း ဖြစ်သည်။ သန်းရွှေနှင့် နံပါတ်(၂) ခေါင်းဆောင် မောင်အေးအပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ဟောင်းများ၏ နေပြည်တော်၊ ရန်ကုန်တွင်ရှိသော အိမ်များတွင် လုံခြုံရေးအတွက် စစ်သား များ နေရာယူထားခြင်းမရှိတော့ဟု အနီးအနားတွင် နေသူများက ဆိုသည်။ စစ်သားများအစား ရဲများ နေရာယူထားပြီး အခြား နိုင်ငံများကဲ့သို့ အရပ်သား ဒီမိုကရေစီကို အလေးထားသည့် အသွင်ဖြင့် ရဲများကိုသာ တာဝန်ယူစေသည်ကို တွေ့ရသည်။

ထိုလက္ခဏာသည် ယာယီအားဖြင့်ဆိုစေကာမူ မြန်မာနိုင်ငံသည် အရပ်သား အုပ်ချုပ်သော လူ့အဖွဲ့အစည်းဆီသို့ သွားနေသည့် လက္ခဏာပင် ဖြစ်သည်။ အမှန်တကယ်ပင် မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်း နေရပြီး ဒီမိုကရေစီ မဟုတ်သေးသလို အရေးကြီးသော ပြောင်းလဲ မှုများလည်း မရှိသေးပါ။ အင်ဒိုနီးရှားတွင် ဆူဟာတို၏ Golkar ခေါင်းဆောင်သော အစိုးရနှင့် ဆင်တူသည်။ ယခုအချိန်သည် မြန်မာပြည်သူ အများစု လိုလားသော ဒီမိုကရေစီ မဟုတ်သေးပေ။ သို့သော် အာရှစတိုင် ဒီမို ကရေစီအတွက် အရေးကြီးသော ခြေလှမ်း တစ်ခု ဖြစ်နိုင်သည်။

ထိုင်းနိုင်ငံတွင်ပင် ထိုင်းစစ်တပ်သည် နောက်ကွယ်မှ နေ၍ အရေးကြီးသော နိုင်ငံရေး ကဏ္ဍတွင် ပါဝင်နေဆဲ ဖြစ်သည်။ သို့သော် ၂၀၀၆ စက်တင်ဘာ ကကဲ့သို့ စစ်တပ်မှ အာဏာ သိမ်းခြင်းမျိုးကို ပြန်လည် လုပ်ဆောင်ခြင်း မပြုတော့ ဆိုသည်ကို ပြီးခဲ့သည့် အဖြစ်အပျက်က ပြဆိုနေသည်။

ယခုကာလသည် လွန်ခဲ့သော အနှစ် ၂၀ က ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်း နိုင်ငံတို့တွင် ဖြစ်ခဲ့သော အသွင် ကူးပြောင်းရေးမျိုးနှင့် ဆင်တူ နေရာ မြန်မာနိုင်ငံအတွက် အရေးပါသော မျှော်လင့်ချက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်က ခေါ်ဝေါ်သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတွင် စိုးရိမ်စရာ လက္ခဏာများ ကျန်ရှိ နေသေးသည်မှာ အမှန်ပင် ဖြစ်သည်။ အာရှ တစ်ခွင်ရှိ အရပ်သားနှင့် စစ်သား ပေါင်းထားသော အစိုးရများ၏ အနည်းဆုံး စံများနှင့်ပင် ကိုက်ညီမှုမရှိခြင်း ဖြစ်သည်။ တိုင်းပြည်၏ ပေါ်ထွက်လာသော နိုင်ငံရေးမြင်ကွင်းတွင် စစ်သားများနှင့် စစ်သား ဟောင်းများက များလွန်းနေပြီး လွှမ်းမိုးနေသည်။

အရပ်သား အုပ်ချုပ်ရေး အသွင် ဆောင်ထားသော နိုင်ငံရေး စနစ်သစ်တွင် စစ်သား စိတ်ဓာတ်များ အမြစ်တွယ် ကျန်နေပါက ပြောင်းလဲမှုမှာ မဖြစ်နိုင်ဟု မောင်ဇာနည်က ဆိုသည်။ ထိပ်တန်း ဗိုလ်ချုပ်များ အနားယူ သွားကြသည့်တိုင် မျိုးဆက်သစ် အရာရှိများသည် ယင်းတို့၏ ကလုန်း (clones) များ ဖြစ်နေဆဲ ဖြစ်သည်။ “စစ်သားတွေဟာ လူတွေရဲ့ အပေါ်လွှာလို့ ထင်နေတာ။ သူတို့ကိုယ်သူတို့ အုပ်ချုပ်သူ လူတန်းစားလို့ ထင်နေတာ။ သူတို့ဟာ အုပ်ချုပ်ဖို့ အခွင့်၊ အဆင့် ရှိတယ် လို့ ခံစားနေကြတာ”ဟု မောင်ဇာနည်က ပြောသည်။

“သန်းရွှေနဲ့ မောင်အေးနေရာ ဘယ်သူပဲ တက်လာတက်လာ ပိုပြီး အသိဥာဏ် ရှိတဲ့လူ၊ တိုးတက်တဲ့ အမြင် ရှိတဲ့လူ မဖြစ်နိုင်ပါဘူး။ ရိုးရိုးလေးပဲ၊ စစ်သားအားလုံးဟာ လူသတ်ကောင်ဖြစ်ဖို့၊ လူမျိုးရေး ခွဲခြားဖို့၊ အာဏာရှင် လက်သစ် ဖြစ်ဖို့၊ အထပ်ထပ် သင်ထားတာ၊ ဗိုလ်ချုပ် အငယ်တွေဆိုရင် မှန်ထဲမှာ မြင်ရတဲ့ ရုပ်သာ ကြည့်ကောင်းအောင် လုပ်ပေးထားတာ”ဟု မောင်ဇာနည်က ဆက်လက် ပြောသည်။

သို့တိုင်အောင် ဒီမိုကရေစီ (သို့မဟုတ်) အရပ်သား အစိုးရသစ် အတွက် အရေးကြီးသော အချက် တစ်ခု ဖြစ်သော ဆွေးနွေးခြင်းနှင့် တွေ့ဆုံ ဆွေးနွေးခြင်း အတွက် ဖြစ်နိုင်ချေ အနည်းငယ် ရှိနေပါသေးသည်။ ပါလီမန်သည် အပြည့်အ၀ လည်ပတ်နေသော ဥပဒေပြု အဖွဲ့အစည်း မဟုတ်သေး သည့်တိုင် ယခင်က ခွင့်မပြုခဲ့သည့် မေးခွန်းများ ဖြစ်သည့် တိုင်းရင်းသား စာပေသင်ကြားရေး ကိစ္စ၊ မြေယာသိမ်းယူမှုများနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများကို သမ္မတထံ တင်ပြလာကြသည်။ ပါလီမန်သည် ယခုအခါ ရပ်နားထားပြီး နောက်နှစ် အထိ တွေ့ဆုံမည် မဟုတ်ပေ။

အထက် ဖော်ပြခဲ့သည်များ၌ မြန်မာနိုင်ငံ၏ တကယ့် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အတွက် ကဏ္ဍ မရှိပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ အသစ်နှင့် အစိုးရကို တွေ့ဆုံရန် တောင်းဆိုခဲ့သည်ဟု NLD မှ သတင်းများက ဆိုသည်။

သို့သော် သံသယ ရှိနေခြင်းများ အတွက် အကြောင်းပြချက်ကောင်း များ ရှိသည်။ ပြောင်းလဲမှုက လျင်မြန်စွာ ဖြစ်လာမည် မဟုတ်ပေ။ “ရထား ကတော့ ဘူတာက ထွက်ပါပြီ။ ဒါပေမယ့် ဘယ်သွားမယ်၊ ဘယ်လောက် ကြာမယ် ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး” ဟု အမည်မဖော်လိုသူ မြန်မာ ပညာရှင် တစ်ဦးက ပြောသည်။

 

*************************************************************************************

တရုတ် ငွေဖောင်းပွမှုကို ၄% အောက် ထိန်းထားရန် ခက်ခဲဟု တရုတ်ဝန်ကြီးချုပ် ပြော

(27 Jun 2011 ရက်စွဲပါ Reuters ၏ Chinese Premier says tough to keep inflation under 4 percent ကို ဘာသာ ပြန်ဆိုသည်)

                တရုတ်နိုင်ငံ၌ ယခုနှစ်တွင် ငွေဖောင်းပွမှု အား 4% အောက်တွင် ထိန်းထားရန် ခက်ခဲမည် ဖြစ်ကြောင်း၊ သို့သော် 5% အောက်တွင် ထိန်းထား နိုင်လျှင် အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ပြောခဲ့သည် ဟု Hong Kong ရုပ်မြင်သံကြား က တနင်္လာနေ့က သတင်း ထုတ်ပြန်ခဲ့ရာ၊ တရုတ်ပြည်သည် ၎င်း၏ CPI ရည်မှန်းချက်ကို မမီနိုင်ကြောင်း အဓိပ္ပယ် ကောက်ယူနိုင်သည်။

                ဥရောပတွင် ခရီးလှည့်လည်နေသော ဝမ်သည် လန်ဒန်ရှိ တရုတ် ကိုယ်စားလှယ်များအား တရုတ်၏ GDP သည် 8.9% ရှိသင့်ကြောင်း ပြောခဲ့ သည်ဟု ရုပ်မြင်သံကြား သတင်းဌာနများက သတင်း ထုတ်ပြန်ခဲ့ကြသည်။

Beijing သည် ယခုနှစ် တွင် ၎င်း၏ CPI ကြီးထွားမှု ကို 4% အောက်တွင် ရှိနေ ရန် ရည်မှန်းခဲ့သည်။

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment