Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၇.၂၀၁၁

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်သည့်လေသံနှင့် ပတ်သက်၍ မြန်မာအစိုးရကို ဗြိတိန် သတိပေး

(Bangkok Post  မှ 30 June 2011 ရက်စွဲပါ “ UK warms Burma over menacing tone forward Suu Kyi ” သတင်းကို ဘာသာပြန်ဆိုသည်)

                ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက နိုင်ငံရေးနှင့် ကင်းကင်းနေရန် ပြောကြားခဲ့ပြီးနောက်တွင် သူမအပေါ် အငြိုး ထားခြိမ်းခြောက်နေသော မြန်မာအာဏာပိုင်များ၏ စိတ်နေသဘောထားကို အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ဗြိတိန်နိုင်ငံက ကြာသပတေးနေ့တွင် ထုတ် ဖေါ် ပြောကြားလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို နိုင်ငံပိုင်မီဒီယာက ခြိမ်းခြောက်တဲ့လေသံအပေါ် အလွန်စိုးရိမ်ပူပန်မိပါတယ် ” ဟု နိုင်ငံခြားရေးဝန်ကြီး Willian Hague က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရရဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာခြင်းမရှိပါက ဖြစ်လာတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်ဆိုတဲ့ မြန်မာအာဏာပိုင်တွေရဲ့ သတိပေးမှုဟာ သူတို့ကြေညာထားတဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပြန်လည်စေ့စပ်ပေါင်းစည်းရေးဆိုတဲ့ စကားနဲ့ ရှေ့နောက်မညီ လွဲချော် နေပါတယ် ”  ဟု Willian Hague က ပြောကြားခဲ့သည်။

                “ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ဘေးကင်းလုံခြုံမှုကို အန္တရာယ်မဖြစ်စေဘဲ လွတ်လွတ်လပ်လပ် ခရီးသွားလာနိုင်ခွင့် ရှိရပါမယ်။ ဒီကိစ္စနဲ့ ပတ် သက်တဲ့ တိုးတက်မှု အခြေအနေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အနီးကပ်စောင့်ကြည့်နေမှာ ဖြစ်ပါတယ် ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် ပြောကြားခဲ့သည့်အပြင် သူမနိုဝင်ဘာလက လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံအနှံ့ခရီးထွက်ရန် စီစဉ်နေခြင်းသည် အဓိကရုဏ်းများ ဗရမ်းဗတာဖြစ်ရပ်များကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေး ပြောဆိုခဲ့သည်။

*************************************************************************************

မြန်မာနိုင်ငံ တွင် ဒီမိုကရေစီ မျှော်လင့်ချက်များ မှေးမှိန်လျက်ရှိ

(UPI သတင်း မှ 30 June 2011 ရက်စွဲပါ “ Democracy hopes fading in Myanmar ” သတင်း ကို ဘာသာ ပြန်ဆို သည်)

မြန်မာနိုင်ငံမှ အဓိကအတိုက်အခံပါတီက နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ရပ်တည်လှုပ်ရှားရန် ဆုံးဖြတ်ထားသော်ငြားလည်း ဒီမိုကရေစီအရေး မျှော် လင့်ချက်များအတွက် အန္တရာယ်သတိပေး ခေါင်းလောင်းမြည်နေကြောင်း ဒီမိုကရေစီထောက်ခံလှုပ်ရှားသူတစ်ဦးက ပြောကြားသည်။

ကူးသန်းရောင်းဝယ်ရေးအချက်အခြာ ရန်ကုန်မြို့တော်အပြင်ဖက်သို့ ခရီးထွက်မည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အစီ အစဉ်သည် နိုင်ငံတွင်း ဗရမ်းဗတာအခြေအနေကို ဖြစ်ပွားစေနိုင်ကြောင်း မြန်မာအစိုးရ အာဘော်သတင်းစာများက ဆောင်းပါးရေးသား သတိပေးထား ကြောင်း သိရှိရသည်။

Burma Campaign UK မှ ဒီမိုကရေစီ ထောက်ခံလှုပ်ရှားသူ Mark Farmaner က “ မြန်မာနိုင်ငံမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက် မှန်သမျှ လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်နေကြောင်း ” လန်ဒန် Independent သတင်းစာသို့ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံက အာဏာရှင်အသစ် ဦးသိန်းစိန်ဟာ ဒီခြိမ်းခြောက်မှုတွေနဲ့ သူ့ရဲ့ပုံရိပ်အမှန်ကို ထုတ်ပြလိုက်ပါပြီ။ အရင်အာဏာရှင် ဦးသန်းရွှေ လောက်တောင် ဆန့်ကျင်ဖက် အတိုက်အခံတွေကို သည်းခံမှာမဟုတ်ဘူးလို့ ဆိုရမလို ဖြစ်နေပါပြီ ” ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ NLD ပါတီကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအောင် ဦးဆောင်ခဲ့သော်လည်း ယင်း ရလာဒ်ကို မြန်မာအာဏာပိုင်များက အသိအမှတ် မပြုခဲ့ကြပါ။ မြန်မာစစ်ဖက် အုပ်ချုပ်သူများက သူမကို ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုနီးပါး ထိန်းသိမ်းထားခဲ့ ကြပြီး မနှစ်က ရွေးကောက်ပွဲများ ပြုလုပ်ပြီးမှ လွှတ်ပေးခဲ့ကြသည်။

စည်းကမ်းဥပဒေများ မျှတခြင်းမရှိသည့် အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် NLD ပါတီ က ဆုံးဖြတ်ခဲ့သည်။ NLD ထိပ်တန်း ပါတီဝင် ဦးဝင်းတင်က ၎င်းတို့ အဖွဲ့၏ လှုပ်ရှားမှုများကို ဥပဒေနှင့်အညီ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးစနစ်ကို ဦးတည်သည့်လမ်းကြောင်းအဖြစ် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို မနှစ်က ပြုလုပ်ခဲ့သော်လည်း အတုအယောင်သာဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။

*************************************************************************************

ဘင်္ဂလားဒေ့ရှ်နှင့် တိုက်ရိုက်လေကြောင်းဆက်သွယ်မှုပြုလုပ်ရန် မြန်မာစိတ်ဝင်စား

(Financial Express မှသတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းဆက်သွယ်မှု အခန်းကဏ္ဍဖွင့်လှစ်ရန် စိတ်ဝင်စားလျက်ရှိသည်ဟု မြန်မာနိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်ဘက်အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြော ဆိုသည်။

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းသို့ တိုက်ရိုက် လေကြောင်းဆက်သွယ်မှု ပြုလုပ်ရန် စိတ်ဝင်စားခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး Abdul Mubeen က ပြောကြားသည်။

ဗိုလ်ချုပ်ကြီး Abdul Mubeen သည် မကြာသေးခင်ကာလက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူဖြစ်ပြီး ယင်းသို့ လေကြောင်းဆက်သွယ်မှု ဖွင့်လှစ်မည့်ကိစ္စကို သမ္မတ M Zillur Rahmanနှင့် တွေ့ဆုံရာ၌ ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း NUBသတင်းဌာနက ရေးသားဖော်ပြသည်။ ဗိုလ်ချုပ် ကြီးသည် မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်းမြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က နှစ်နိုင်ငံ ကုန်း လမ်းဆက်သွယ်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းများကို အတူတကွပူးပေါင်းဆောင်ရွက်ရန်လည်း စိတ်ဝင်စားမှုရှိသည်ကို ထုတ်ဖော်ခဲ့ကြောင်း ဗိုလ် ချုပ်ကြီး Abdul Mubeen က ဘင်္ဂလားဒေ့ရှ်သမ္မတကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်း သဘာဝရင်းမြစ်များ ရှာဖွေရေးနှင့် အသုံးမပြုရသေးသော လယ်ယာမြေများတွင် လယ်ယာစိုက်ပျိုး မှုလုပ်ကိုင်ရေး အစရှိသည်တို့ကို ဝင်ရောက်လုပ်ကိုင်ရန် မြန်မာနိုင်ငံက ကမ်းလှမ်းခဲ့သည်ဟု ၎င်းကဆိုသည်။ ထိုသို့ လုပ်ကိုင်ရာတွင် မဟာမိတ်ပူးပေါင်း ဆောင်ရွက်မှု အခြေခံသဘောတရားဖြင့် လုပ်ကိုင်ရန် မြန်မာနိုင်ငံက ကမ်းလှမ်းခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အိုလံပစ်အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သော ဗိုလ်ချုပ်ကြီး Abdul Mubeen သည် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်တွင် ကျင်းပမည့် အာရှအိုလံပစ်ကော်မတီ ကွန်ဖရင့်သို့လည်း တက်ရောက်မည် ဖြစ်သည်။ ၎င်းသည် အဆိုပါဇူလိုင်လအတွင်း စင်ကာပူနိုင်ငံ တွင် ကျင်းပမည့် အရှေ့အစွန်ဖျားဒေသမှ စစ်ဦးစီး ချုပ်များ ကွန်ဖရင့်သို့လည်း တက်ရောက်မည် ဖြစ်သည်။

*************************************************************************************

တရုတ်နှင့် ဂျာမနီအကြား ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီချက်ရရှိ

(BBC သတင်းကိုဘာသာပြန်ဆိုသည်။)

                ဂျာမနီနိုင်ငံ၊ မြို့တော်ဘာလင်၌ နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံပြီးနောက် တရုတ်နှင့် ဂျာမနီနိုင်ငံအကြား ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ ကုန် သွယ်ရေး သဘောတူညီချက်စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် ဂျာမနီနိုင်ငံ အဓိပတိ အန်ဂျလာမာကဲလ်တို့က လာမည့်ငါးနှစ်အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၂၈၄ ဘီလီယံ(ယူရို ၂၀၀ ဘီလီယံ) အထိမြင့်တက်လာနိုင်ရန် ဦးတည် ထားကြသည်။ ဂျာမနီနိုင်ငံသည် ဥရောပသမဂ္ဂတွင် တရုတ်ပြည်၏ အကြီးဆုံးသော ကုန်သွယ်ရေးမိတ်ဘက်နိုင်ငံဖြစ်သလို ယင်းနှစ်နိုင်ငံစလုံးသည် ကမ္ဘာပေါ်တွင် ကုန်ပစ္စည်းအများဆုံး တင်ပို့သည့်နိုင်ငံများ ဖြစ်ကြသည်။

ဂျာမနီခေါင်းဆောင် အန်ဂျလာမာကဲလ်နှင့် တွေ့ဆုံမှုသည် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု တိုးတက်ရေးကို မြှင့်တင်ရန်နှင့် လာမည့်ငါးနှစ် အတွင်း အပြန်အလှန်ကုန်သွယ်မှုပမာဏ နှစ်ဆအထိပြန်လည်မြှင့်တင်ရန် ဦးတည်ပါကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားသည်။ တရုတ် နှင့် ဂျာမနီအကြား လက်မှတ်ရေးထိုးလိုက်သော ကုန်သွယ် ရေးသဘောတူညီချက်စာချုပ်များထဲတွင် Air Bus ကုမ္ပဏီနှင့် China Aviation Supplies တို့ အကြား ဒေါ်လာ ၇ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ လေယာဉ်အရောင်းအဝယ် ပြုလုပ်မှုတို့လည်း ပါဝင်သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ဥရောပခရီးစဉ်သည် ဒေသတွင်း နိုင်ငံအတော်များများ ကြွေးမြီပြဿနာ အတော်များများနှင့် ရင်ဆိုင်ကြုံတွေ့ နေရချိန်တွင်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂရိကဲ့သို့သော နိုင်ငံများက ကြွေးမြီများ ပြန်ဆပ်နိုင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ပုံစံများ ပြန်လည် တည် ဆောက်နိုင်ရေးအတွက် လုံးပန်းနေရချိန်တွင် တရုတ်နိုင်ငံက ဒေသတွင်းစီးပွားရေးလုပ်ငန်းအချို့၏ ကြွေးမြီများကို လျော်ပေးမည်ဟု ထုတ်ဖော်ပြောဆို လျက်ရှိသည်။

"မည်သည့်အချိန်ကာလမရွေး ဥရောပကိုအထောက်အပံ့ပေးမယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုထားပါတယ်။ တစ်နည်းပြောရရင် ဥရောပ အနေနဲ့ အခက်အခဲနဲ့ကြုံတွေ့နေရတဲ့အချိန်ကာလမှာ တရုတ်နိုင်ငံကလည်း အကူအညီတွေကို ထပ်တိုးပေးသွားမယ်ဆိုတဲ့သဘောပါပဲ" ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကပြောကြားသည်။ သို့သော် မည်သည့် ဥရောပနိုင်ငံမှ နိုင်ငံတော်ကြွေးမြီများကို မည်သည့်အချိန်ကာလတွင် ဝယ်ယူမည်ဟူသော အချက်ကို မစ္စတာဝမ်ကျားပေါင်က ထုတ်ဖော်ပြောဆိုမှုမပြုသလို ကြွေးမြီပမာဏအသေးစိတ်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

"တရုတ်နိုင်ငံအနေနဲ့ ကြွေးမြီပြဿနာဖြစ်ပေါ်နေတဲ့နိုင်ငံတွေရဲ့လိုအပ်ချက်အရ တိကျရေရာတဲ့ ကြွေးမြီပမာဏတစ်ခုကို သေချာပေါက် ဝယ်ယူ သွားမှာ ဖြစ်ပါတယ်" ၎င်းကဆိုသည်။ တရုတ်နိုင်ငံသည် ငွေကြေးပမာဏမြောက်မြားစွာ လက်ဝယ်ရှိနေသလို နိုင်ငံခြားအရန်ငွေကြေးများမှာလည်း ဒေါ်လာ ၃ ထရီလီယံကျော်အထိ ရှိထားသည်။

"များပြားလှတဲ့ နိုင်ငံခြားအရန်ငွေကြေးတွေကြောင့် တရုတ်အနေနဲ့ ဥရောပကို အကူအညီပေးနိုင်မယ့် အနေအထားမျိုးဖြစ်သွားတာပါ" ဟု Econo mist Intelligence Unit မှ Duncan Innes-Ker  က ပြောကြားသည်။

မည်သို့ပင်ဆိုစေ အလယ်ဥရောပနိုင်ငံများတွင် ဖြစ်ပေါ်နေသော ကြွေးမြီပြဿနာများကို တရုတ်နိုင်ငံက ယင်းသို့ အကူအညီပေးမည်ဟူသော ကိစ္စမှာ ၎င်း၏ကိုယ်ပိုင်ရည်မှန်းချက်များကြောင့်သာဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ တရုတ်ပြည် နိုင်ငံခြားအရန်ငွေကြေး၏ လေးပုံတစ်ပုံ မှာ ယူရိုငွေကြေးဖြင့် တန်ဖိုးသတ်မှတ်သော ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်ဟု လေ့လာခန့်မှန်းချက်များကဆိုသည်။ "တရုတ်ပြည်က ယူရိုငွေကြေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အကျိုးစီးပွားတစ်ရပ်ရှိနေတာပါ" ဟု Duncan Innes-Ker ကဆိုသည်။            

        *************************************************************************************        

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment