Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၆.၇.၂၀၁၁

ဘာသာပြန်သတင်းများ

ထိုင်းရွေးကောက်ပွဲရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်ကြိုဆို

(AFP သတင်းမှ 5 July 2011 ရက်စွဲပါ “Myanmar’s Suu Kyi welcomes Thai Poll Outcome” သတင်းကို ဘာသာပြန်ဆိုသည်)         

ယင်လပ်ရှင်နာဝပ်ထရာအား ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာစေမည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲရလဒ်ကို မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ဂုဏ်ပြုကြိုဆိုလိုက်သည်။

“သူမက အမျိုးသမီးတစ်ယောက်ဖြစ်နေတာကို ကျွန်မသဘောကျတယ်၊ ဒါပေမဲ့ကျွန်မတို့နှစ်နိုင်ငံအကြား၊ ကျွန်မတို့ပြည်သူတွေအကြားက ဆက်ဆံရေးကတော့ အရေးအကြီးဆုံးပေါ့” ဟုမြန်မာနိုင်ငံအလယ်ပိုင်း ရှေးဟောင်းဘုရားပုထိုးမြို့တော် ပုဂံခရီးစဉ်၏ ဒုတိယမြောက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့အစိုးရကို ကျွန်မတို့ ကြိုဆိုရမှာပါ၊ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ ကြား က ဆက်ဆံမှုတွေဟာ အစိုးရသစ်လက်အောက်မှာ ဆက်လက်ခိုင်မာနေလိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်” ဟု သူမက ဆက်လက် ပြောသည်။

မစ္စယင်လပ်၏ဖြူးထိုင်းပါတီသည် လွန်ခဲ့သော ၅ နှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်ပတွင်တိမ်းရှောင်နေသော သူမ၏အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ နှင့်မဟာမိတ်ဖွဲ့ထားခြင်းဖြစ်ပြီး တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွင် ကြီးမားသောအောင်ပွဲရရှိကာ ထိုင်းနိုင်ငံလွှတ်တော်တွင် အမတ်နေရာ အများစုကို ရရှိသွားပြီဖြစ်သည်။

မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အတိုက်အခံပါတီကမူ ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အနိုင်ရရှိခဲ့သော်လည်း အာဏာ မလွှဲပေးလိုသည့် တပ်မတော်အစိုးရက လုံးဝအသိအမှတ်မပြုခဲ့သည့်အပြင် သူမအား ပြီးခဲ့သော ဆယ်စုနှစ်နှစ်ခုနီးပါး အကျယ်ချုပ်ဖမ်းဆီး ထိန်းသိမ်း ထား ခဲ့ကြသည်။

ထို့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မနှစ်က နိုဝင်ဘာလတွင် ပြုလုပ်သော ရွေးကောက်ပွဲတွင်မူ အသက် ၆၆ နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်အစိုးရက နည်းပေါင်းစုံအသုံးပြုကာ ဘေးဖယ်ထားခဲ့ကြပြီး သူမ၏ ပါတီသည်လည်း ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သည့်အတွက် အာဏာပိုင်များက ဖျက်သိမ်းခြင်းခံခဲ့ရသည်။

********************************************************

အတိုက်အခံ တို့၏ အောင်ပွဲကို ထိုင်း တပ်မတော် လက်ခံ

(AFP သတင်း မှ 4 July 2011 ရက်စွဲပါ “Thai military accepts opposition win” သတင်း ကို ဘာသာ ပြန်ဆိုသည်)

                ၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် အာဏာလက်လွှတ်ခဲ့ရသော သက်ဆင်ရှင်နာဝပ်ထရာ၏ မဟာမိတ်များက ထိုင်း ရွေးကောက်ပွဲ တွင် အပြတ်အသတ် အောင်ပွဲခံသွားခြင်းကို ထိုင်းတပ်မတော်က လက်ခံသည် ဟု ရာထူးမှ နှုတ်ထွက်တော့မည့် ကာကွယ်ရေးဝန်ကြီး က တနင်္လာနေ့ တွင် ပြောကြားသည်။

                သက်ဆင်အစိုးရ ပြုတ်ကျမှုက ပြိုင်ဖက် နိုင်ငံရေးအုပ်စုကွဲများ၏ လမ်းပေါ်ဆန္ဒပြပွဲ များစွာနှင့် နှစ်အတန်ကြာ ပဋိပက္ခကို မွေးဖွားပေးခဲ့သည်။ ၎င်း၏ပါတီသည် တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွင် ဂန္ဓဝင်မြောက် အောင်ပွဲဖြင့် ပြန်လာခဲ့ပြီးနောက် ရာထူးမှ နှုတ်ထွက်တော့မည့် ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီဗားအား “အရှုံးကို ဝန်ခံစေရန်” ဖိအားပေးခဲ့သည်။

                “တပ်မတော် ခေါင်းဆောင်တွေကို ကျွန်တော် ပြောထားပြီးပါပြီ။ နိုင်ငံရေးသမားတွေ ပဋိပက္ခ ဖြေရှင်းနိုင်အောင် ကျွန်တော်တို့ ခွင့်ပြုမှာပါ။ စစ်တပ်က ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ ပြည်သူတွေ က ပြတ်ပြတ်သားသား ပြသလိုက်ပြီ ဆိုတော့ စစ်တပ်က ဘာမှ မလုပ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ လက်ခံပါတယ်” ဟု ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ်က AFP သို့ ပြောကြားသည်။ ရွေးကောက်ပွဲများ ကဲ့သို့ပင် အာဏာသိမ်းမှု အကြိမ်ရေ များစွာ ဖြစ်ပေါ်ခဲ့သည့် ထိုင်းနိုင်ငံ တွင် တပ်မတော်သည် အမြဲတမ်း လိုရာသုံး ဂျိုကာ အဖွဲ့အစည်း တစ်ခုဖြစ်နေသည်။

တနင်္ဂနွေနေ့က ရွေးကောက်ပွဲ ရလာဒ်သည် လမ်းပေါ်ဆန္ဒပြပွဲများနှင့် စစ်တပ် ကြားဝင်စွက်ဖက်မှု နောက်တစ်ချီ ထပ်မံ မဖြစ်ပွားအောင် အစပျိုးနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောကြားထားကြသော်လည်း အတိုက်အခံများက ပြတ်သားစွာ အနိုင်ရခြင်းကြောင့် ဗိုလ်ချုပ်ကြီးများ အနေဖြင့် နောက်ထပ်အာဏာသိမ်းဖို့ အကြောင်းပြရန် ခက်ခဲသွားပြီ ဖြစ်သည်။

“နိုင်ငံရေးသမားတွေကို ခွင့်ပြုရမှာပါ။ သူတို့ကို မောင်းမထုတ်နိုင်ပါဘူး။ သူတို့က အမှားတစုံတရာ လုပ်ထားတာလည်း မရှိပါဘူး” ဟု ဗိုလ်ချုပ် ကြီး ပရာဝစ်က ဆိုသည်။ ထိုင်းစစ်တပ် အတွက်အဓိက အရေးကြီးသော ကိစ္စမှာ မနှစ်က အတိုက်အခံ ဆန္ဒပြပွဲများတွင် အရပ်သားအများစု အပါ အဝင် လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ရသော သွေးစွန်းသည့် နှိမ်နှင်းဖြိုခွဲမှု အတွက် ဗိုလ်ချုပ်ကြီးများကို ဥပဒေကြောင်းအရဖြစ်စေ၊ အခြားနည်းလမ်းများဖြင့် ဖြစ်စေ အရေးယူ ချုပ်ကိုင်ရန် အစိုးရသစ်က ကြိုးစား လာနိုင်သည့် ကိစ္စပင်ဖြစ်သည်။

သို့ရာတွင် သက်ဆင်ရှင်နာဝပ်ထရာက “ဘုရင်စနစ်ကို ထိန်းသိမ်း စောင့်ရှောက်သူများဟု သူတို့ကို သူတို့ အထင်ရောက်နေသော စစ်တပ်ထဲမှ သူ၏ ရန်သူများကို လက်စားချေရန် ကြိုးစားမည် မဟုတ်ပါ ” ဟု ပြောကြားထားသည်။

****************************************************************

မြန်မာနိုင်ငံတွင်း တရုတ်ပြည်၏အခန်းကဏ္ဍကို အမေရိကန်မေးခွန်းထုတ်သင့်ဟု ဂျင်ဝက်ဘ်သုံးသပ်

(PTI သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း အာရှအင်အားကြီးတရုတ်နိုင်ငံ၏ သြဇာအာဏာလွှမ်းမိုးမှုအပေါ်စိုးရိမ်မိကြောင်း၊ အထူးသဖြင့် မြောက်ကိုရီးယားမှ တရားမဝင် ကုန်ပစ္စည်းများတင်ပို့ရာတွင် တရုတ်နိုင်ငံက ကြားခံလမ်းကြောင်းတစ်ခုသဖွယ် ဖြစ်နေကြောင်း အမေရိကန်ထိပ်ပိုင်းဆီနိတ်တာတစ်ဦးဖြစ်သူ ဂျင်ဝက်ဘ်က ဇွန်လကုန်ပိုင်းတွင် သတိပေး ပြောဆိုလိုက်သည်။

အမေရိကန်ကွန်ဂရက်လွှတ်တော်ဆွေးနွေးပွဲ၌ ဥက္ကဌအဖြစ်တာဝန်ယူစဉ် ဆီနိတ်တာ ဂျင်ဝက်ဘ်က အထက်ပါ အတိုင်း ပြောဆိုသတိပေး လိုက်ခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အခန်းကဏ္ဍကိုမေးခွန်းထုတ်သင့်ကြောင်း မစ္စတာ ဂျင်ဝက်ဘ်ကပြောဆိုသည်။

"ဒီမိုကရေစီမဆန်သော နိုင်ငံရေးစနစ်မျိုးကျင့်သုံးရန် တမင်တကာဆုံးဖြတ်ထားသည့် ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် ကြီးမားသောသြဇာလွှမ်းမိုးလျက်ရှိသည်" ဟု ဆိုသည်။

"တရုတ်နိုင်ငံဟာ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေတည်ဆောက်ပေးတာတို့၊ ရေအားလျှပ်စစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် စက်ရုံ တည်ဆောက်ပေးတာတို့၊ အခြားသော အကူအညီအထောက်အပံ့တွေပေးတာတို့ စတာတွေ လုပ်ပေးနေတယ်။ နောက်ပြီးတော့ မြန်မာအစိုးရကို အထောက်အပံ့ ပေးနိုင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာအကျိုးစီးပွား ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိရေးကိုအထောက်အကူပြုနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လုပ်ကိုင်ပေးပြီး သြဇာလွှမ်းမိုးမှုတစ်ခုကို ငွေကြေးပေးဝယ်ယူဖို့ကြိုးစားခဲ့တယ်" ဟု မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ဖူးသူ မစ္စတာဂျင်ဝက်ဘ်က ဆိုသည်။

တရုတ်-မြန်မာနယ်စပ်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်အကြားစစ်ရေးပဋိပက္ခ ဖြစ်မှုများအပေါ် တရုတ် ခေါင်းဆောင်များ စိုးရိမ်ပူပန်နေဖွယ်ရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအရ ပြန်လည် သင့်မြတ်မှု ရရှိနိုင်ရေးအတွက်တရုတ်ပြည်က အပြုသဘော ဆောင်သော လုပ်ရပ်များဝင်ရောက်လုပ်ကိုင်နေခြင်းမရှိကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။ မစ္စတာဂျင်ဝက်ဘ်သည် ဆယ်စုနှစ်တစ်ခု ခန့် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သူ အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးဖြစ်ခဲ့သည်။

"တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပိုပြီးရှုပ်ထွေးစေတဲ့ကိစ္စတစ်ခုက မြောက်ကိုရီးယားက တင်ပို့တဲ့ တရားမဝင် ကုန်ပစ္စည်းတွေပါပဲ။ မြောက်ကိုရီးယားက မြန်မာပြည်အတွက်တင်ပို့လိုက်တဲ့ပစ္စည်းတွေကို တရုတ်နိုင်ငံက ကြားခံကုန်သိုလှောင်ပေးပြီး ပြန်လည်တင်ပို့ပေးတဲ့နိုင်ငံအဖြစ် လုပ်ဆောင်နေတယ်လို့ လေ့လာသုံးသပ်သူများက ဆိုကြပါတယ်" ဟု ဆီနိတ်တာဂျင်ဝက်ဘ်ကဆိုသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားဆက်ဆံရေးအပေါ် စိုးရိမ်ပူပန်မိကြောင်း အမေရိကန်ပြည်ထောင်စုက တရားဝင် ထုတ်ဖော်ထားသော်လည်း အဆိုပါ မြောက်ကိုရီးယားတရားမဝင်ကုန်ပစ္စည်းများတင်ပို့မှုအတွက် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို မေးခွန်းထုတ်ခြင်းမရှိသေးကြောင်း မစ္စတာ ဂျင်ဝက်ဘ်က ထောက်ပြသည်။ "ကျွန်တော်တို့အနေနဲ့ အာပေါင်အာရင်း သန်သန်ထုတ်ဖော်ပြောဆိုထားတဲ့ကိစ္စတွေကို အမြဲမပြတ်စောင့်ကြည့် လေ့လာ မှု ပြုလုပ်နေကြောင်း ထုတ်ဖော်ပြသသင့်ပါတယ်။ အထူးသဖြင့် အခုလိုအရေးကြီးတဲ့အရေးကိစ္စတွေနဲ့ပတ်သက်လာရင်ပေါ့" ဟုဆက်လက် ပြောသည်။

ထို့ပြင် ယခုကဲ့သို့ နိုင်ငံရေးနှင့် ဒေသတွင်းဆက်ဆံရေးရှုပ်ထွေးနက်နဲမှုကြောင့် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး စေ့စပ်ညှိနှိုင်းရေး သံတမန်ဖြစ်လာမည့်သူအနေဖြင့် အခက်အခဲများ ကြုံတွေ့ရလာမည် ဖြစ်သည်ဟု ဆိုသည်။

**********************************************************

မြန်မာအစိုးရ တံခါးဖွင့်သည် ဆိုသော်လည်း အက်ကြောင်းရာမျှသာ

(5 July 2011 ရက်စွဲပါ Jakarta Post မှ Kya Zwa Moe ရေးသားသော Burma’s Government open the door but only a crack ကို ဘာသာပြန်ဆိုသည်)

                မြန်မာနိုင်ငံတွင် အမည်ခံအရပ်သား အစိုးရနှင့် ပါလီမန်သည် မတ်လ ၃၀ ရက်တွင် စတင်ပြီး သုံးလအကြာတွင် နိုင်ငံခြားမှမူဝါဒချမှတ်သူများ၊ ဝန်ကြီးများနှင့်သံတမန်များတိုး၍လာရောက်ခဲ့ပြီး အရေးပါသောအသွင်ကို ဆောင်လာသည်။

                မေလလယ်မှစ၍ အဆင့်မြင့်တာဝန်ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့များ စုစုပေါင်းကိုးဖွဲ့ခန့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြရာ၊ မြန်မာ အစိုးရကို ပြင်းထန်စွာဝေဖန်ခဲ့သူ အမေရိကန်ဆီနိတ်တာ John Mclain ၊ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun ၊ အဆင့်မြင့် အီးယူ ကိုယ်စားလှယ်အဖွဲ့၊ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် Vijay Nambiar ၊ ရုရှားဒုနိုင်ငံခြားရေးဝန်ကြီး Alexey Borodavkin တို့လည်း ပါဝင် သည်။

                ထိုအထဲတွင် တရုတ်၊ အိန္ဒိယနှင့် ဆက်ဆံရေးကောင်းသော အိမ်နီးချင်းနိုင်ငံများမှ အကြိမ်ကြိမ်လာရောက်ကြသော လည်ပတ်မှုများ ထည့် သွင်း ရေတွက်ထားခြင်းရှိပေ။ ယခုမကြာသေးမီက သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး အစိုးရ ခေါင်းဆောင်များနှင့် ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် လာမည့်ရက်သတ္တပတ်အတွင်း လာရောက်ရှိသူ များလည်း ရှိသေးသည်။

                သို့ဆိုလျှင် ချက်ခြင်းသံတမန်ရေးရာ ခရီးစဉ်များများပြားလာရခြင်းကို မည်သို့အဓိပ္ပါယ်ကောက်ရမည်နည်း။ မြန်မာနိုင်ငံသည် ကျွန်ုပ်တို့ ယခင်အစိုးရ လက်ထက်က မစဉ်းစားခဲ့ဝံ့သော ပြင်ပကမ္ဘာကို ဖွင့်ပေးလိုက်လေသလော။ ထိုသို့ ဆိုလျှင် ထိုကိစ္စကို အလားအလာကောင်းသော လက္ခဏာ အဖြစ် ကျွန်ုပ်တို့ကြိုဆိုသင့်လှပေသည်။

                နေပြည်တော်သည် သံတမန်များစိတ်ဝင်တစားလက်ခံတွေ့ဆုံနေပြီဟု အထင်တကြီးမတွေးမီ၊ မြန်မာအစိုးရ ဖိတ်ခေါ်သည့် စာရင်းတွင် မပါဝင်သူများမှာ မည်သူဖြစ်သနည်းဟု မေးခွန်းထုတ်သင့်လှပေသည်။ အံ့သြစရာတော့ မဟုတ်လှပေ။ အစိုးရသစ်က ဖယ်ထားခဲ့သူမှာ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ လူ့အခွင့်အရေး အတွက် အထူးကိုယ်စားလှယ် Tomas Ojea Quintana ပင်ဖြစ်သည်။ ၎င်း၏ ပြည်ဝင်ခွင့်ကို မေလနှောင်းပိုင်းက ပယ်ချခဲ့ သည်။

                Quintane သည် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားချင်းစာနာမှုမရှိသော ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် စတင်တောင်းဆိုခဲ့ရာ ယင်းအချက်ကြောင့် တိုက်ဆိုင်မှုလေလား။ တိုက်ဆိုင်ခြင်းမဟုတ်ပေ။ ယခုကိစ္စသည် အစိုးရသစ် အတွက် အရေးကြီးသော ကိစ္စဖြစ်သည်။ အစိုးရသစ်၏ ကက်ဘိနက်ဝန်ကြီးအများစုသည် ယခင်အစိုးရလက်ထက်က ဗိုလ်ချုပ်များဖြစ်နေခြင်းကြောင့် Quintana အား မလိုလားဆိုသည်မှာ အံ့သြစရာတော့မဟုတ်ပေ။

                ထိုထက်ပို၍ အနည်းငယ်အံ့သြစရာကောင်းသည်မှာ ဟောလိဝုဒ်စတား Michelle Yeoh အား မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ငြင်းဆိုခဲ့ခြင်း ပင်ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၂ ရက်နေ့ကရောက်ရှိခဲ့ရာ၊ ဝင်ခွင့်မပေးပဲ မှီရာလေယာဉ်နှင့် ပြန်ရန်လုပ်ဆောင်ခဲ့သည်။ သူမသည် ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတ္တိရုပ်ရှင်တွင် ကိုယ်စားလှယ် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး၊ ပြီးခဲ့သည့် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့လာရောက်ပြိး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

                ရှင်းရှင်းလင်းလင်းသိနိုင်သောအချက်မှာ မြန်မာလူ့အဖွဲ့အစည်းအတွင်း တစ်ပါးသောသူအား အသနား ပိုစေရန် လုပ်ပေးနေသည်ဟု အစိုးရက ယူဆသော နိုင်ငံခြားသားများကို Black list လုပ်သောခေတ်သည် မကုန်သေးပါ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် နေပြည်တော်က နိုင်ငံခြားသားများကို ရွေး၍ ကြိုဆိုနေခြင်းကို အကောင်းမြင်ကောက်ချက်ချရန် စောလွန်းနေသေးသည်။

                ထိုအတွက်ကြောင့် မြန်မာစစ်အစိုးရကို ကာလရှည်ကြာကပင် ဝေဖန်ခဲ့သူ John Mc Cain ပြီးခဲ့သည့် လက မြန်မာနိုင်ငံကို သွားရောက် နိုင်ခဲ့ခြင်းမှာ တစ်စုံတစ်ခု၏ လက္ခဏာပင် ဖြစ်ရပေမည်။

                “ကျွန်တော် (15)နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်သွားခွင့်ရခဲ့တာဟာ၊ အရပ်သားအစိုးရသစ်ဟာ အတိတ်ကထက် ပြောင်းလဲမှုရှိတယ်လို့ ပြသလိုတာ ဖြစ်မယ်ထင်တယ်” ဟု Mc Cain က ၎င်း၏ ခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်တွင် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်၊ အခြား အတိုက်အခံ ခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

                ပြီးခဲ့သည့်လက အချက်အလက် ရှာဖွေရေး အတွက် လာရောက်သော အီးယူ ကိုယ်စားလှယ်အဖွဲ့ ကလည်း မြန်မာနိုင်ငံ၏ ဦးတည်ရာ လမ်းကြောင်း နှင့်ပတ်သက်၍ အပေါင်းလက္ခဏာ ဆောင်သော မှတ်ချက်များ သတိထား၍ ပြောကြားသွားခဲ့သည်။

                “ဒီတိုင်းပြည်မှာ တစ်ခုခုဖြစ်နေပြီ ဆိုတာ ကျွန်တော်တို့တွေ့ နေရပါတယ်။ ဒါကို ကျွန်တော်တို့ပိုပြီး နားလည်နိုင်အောင် ကြိုးစားနေပါတယ်” ဟု အဖွဲ့ခေါင်းဆောင် Robert Cooper က ပြောကြားခဲ့သည်။ ၎င်းက သမ္မတ ဦးသိန်းစိန်၏ ပါလီမန်သို့ ပြောကြားသောမိန့်ခွန်းပါ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကိစ္စများသည် အားတက်ဖွယ်မှတ်သားရသည်ဟု ဆိုသည်။

                သို့သော် အစိုးရသစ်သည် အသံကောင်း ဟစ်နေရုံဖြင့် မပြီးပဲ လက်တွေ့အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း၊ ကြီးမားပြီး မှောင်မဲ နေ သော ပါလီမန်အဆောက်အဦးထဲတွင်သာ အပြောနှင့် ပြီးမသွားစေလိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

                “ပြောခဲ့တဲ့အိုင်ဒီယာတွေကို လက်တွေ့အကောင်အထည်ဖော်ခဲ့ရင်တော့ ကျွန်တော်တို့အတိုင်းထက် အလွန်ပေါ့၊ အခုထိတော့ စကားလုံးတွေပဲဖြစ်နေသေးပြီး လက်တွေ့လုပ်တာကို မြင်ချင်ပါတယ်” ဟု ယင်းက ပြောသည်။

မက်ကိန်းက ၎င်း၏ခရီးစဉ်အပြီး ထုတ်ပြန်သောကြေညာချက်တွင်လည်း ထိုနည်းအတိုင်း ပြောခဲ့သည်။ “ကျွန်တော်နဲ့ကွန်ဂရက်က အမေရိကန် ခေါင်းဆောင်များဟာ အစိုးရသစ်ရဲ့ တကယ့်ဒီမိုကရေစီပြောင်းလဲမှုများနဲ့ ပတ်သက်တဲ့ကတိကဝတ်များကို တန်ဖိုးဖြတ်သွားမှာပါ၊ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီရဲ့ ၂၀၁၁ မတ်လ ၁၈ ရက်နေ့က ဆုံးဖြတ်ချက်ကို အခြေခံတဲ့ ပြောင်းလဲမှုတွေမှာ မြင်သာထင်သာ ဖြစ်အောင် လုပ်ပေးခဲ့ရင် နှစ်ဦးနှစ်ဖက် ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ဆန္ဒရှိပါတယ်” ဟု ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ကိစ္စရပ်များသည် ဤမှာတင်ရပ်နေခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် လွှတ်ပေးခြင်း၊ အစိုးရအတိုက်အခံ နှင့် တိုင်းရင်းသားအုပ်စုများကြား ပြန်လည် ပေါင်းစည်းရေး ဆွေးနွေးခြင်းကဲ့သို့သော ပြည်တွင်းရေးကိစ္စများတွင် ထင်ရှားသော တိုးတက်မှုများ မဖြစ်ပေါ် မချင်း ဦးသိန်းစိန်၏ စကားလုံးများနှင့် နိုင်ငံခြားသံတမန်များအပေါ် ဖွင့်ပေးမှုများမှာ အနည်းငယ်မျှသာ တန်ဖိုးရှိလိမ့်မည်ဖြစ်သည်။

****************************************************************

ပစိဖိတ်ကြမ်းပြင်တွင် ရှားပါးမြေတွင်းသတ္တုများ ဂျပန်တွေ့ရှိ

(4 July 2011 ရက်စွဲပါ BBC News မှ Japan Finds Rare Earth in Pacific Sea-bed ကို ဘာသာပြန်ဆိုသည်)

ပင်လယ်ကြမ်းပြင်တွင် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများတွင် အသုံးပြုသည့် ရှားပါးမြေတွင်းသတ္တုများ (Rare Earth Minerals) အများ အပြား တွေ့ရှိရသည်ဟု ဂျပန်နိုင်ငံမှ သုတေသနပြုနေသူများက ပြောကြားခဲ့သည်။

ဘူမိဗေဒ ပညာရှင်များက ခန့်မှန်းရာတွင် ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်တွင် ရှားပါးသတ္တု ၁၀၀ ဘီလျံတန်ဖိုးခန့် ရှိမည်ဟု ဆိုသည်။ ယခု လောလောဆယ် တွင်မူ ကမ္ဘာကြီး၏ Rare earth လိုအပ်ချက်၏ ၉၇% ကို တရုတ်က ထုတ်လုပ်လျက်ရှိသည်။

အဆိုပါပင်လယ်ကြမ်းပြင်မှ Rare earth များသည် ဈေးကွက်ဝင်သည်ဟု သက်သေပြနိုင်ပါက တရုတ်၏ လွှမ်းမိုးထားမှုအား စိန်ခေါ်နိုင်မည် ဖြစ်သည်ဟု သုံးသပ်သူများက ပြောကြားခဲ့သည်။

ဗြိတိသျှဂျာနယ်တစ်စောင်ဖြစ်သော Nature Geoscience က သတင်းထုတ်ပြန်ရာတွင် တိုကျိုတက္ကသိုလ် မြေသားသိပ္ပံပညာတွဲဖက် ပါမောက္ခ ယာစူဟီရို ကာတို ဦးဆောင်သော သိပ္ပံပညာရှင်များအဖွဲ့သည် ပင်လယ်ရေအောက် ရွှံ့နွံထဲတွင် ၇၈ နေရာ၌ သတ္တုများတွေ့ရသည်ဟု ဆိုသည်။

“အဲဒီနေရာတွေမှာ rare earth ပါဝင်မှုနှုန်း မြင့်မားပါတယ်။ တစ်စတုရန်းကီလိုမီတာ (၀.၄ စတုရန်းမိုင်) မှာ ပါဝင်တဲ့ rare earth ဟာ လောလောဆယ် တစ်ကမ္ဘာလုံး တစ်နှစ်သုံးတဲ့ပမာဏရဲ့ ငါးပုံတစ်ပုံ ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု ယာစူဟီရိုကာတိုက ပြောကြားသည်။

အဆိုပါသတ္တုများကို ပင်လယ်ရေအောက် ၃၅၀၀-၃၆၀၀ မီတာအနက် (၁၁၅၀၀-၂၀၀၀၀ ပေ)တွင် တွေ့ရှိခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ရမှုများ

ယခုတွေ့ရှိရသော နေရာများ၏ သုံးပုံတစ်ပုံတွင် rare earth ပါဝင်မှုနှုန်း မြင့်မားစွာ ရှိကြောင်း ကာတိုက ပြောသည်။ တွေ့ရှိသောနေရာမှာ ဟာဝိုင်အီ၏ အရှေ့ဖက်နှင့် အနောက်ဖက်၊ တဟီတီ၏ အရှေ့ဖက် နိုင်ငံတကာ ရေပိုင်နက်အောက်တွင် ဖြစ်သည်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က တစ်ကမ္ဘာလုံးတွင် Rare earth တန်သန်း (၁၁၀) ခန့်သာရှိကြောင်း ခန့်မှန်းခဲ့ပြီး အများစုကို တရုတ်၊ ရုရှားနှင့် အမေရိကန်တို့တွင် တွေ့ရှိရသည်ဟု ဆိုသည်။ လောလောဆယ် rare earth ထုတ်လုပ်မှုကို တရုတ်တစ်ဦးတည်းက ချုပ်ကိုင်ထားပြီး ယမန်နှစ်က ဂျပန်နှင့် နယ်မြေအငြင်းပွားမှု ဖြစ်ပွားချိန်တွင် rare earth တင်ပို့မှုကို ကန့်သတ်ခဲ့သည်။ ဂျပန်ကလည်း ထိုအချိန်ကတည်းက rare earth ရရှိနိုင်မည့် နေရာများကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

မလေးရှားအစိုးရသည်လည်း ဩစတြေးလျငွေကြေး ထောက်ပံ့မည့် rare earth တူးဖော်ရေးစီမံကိန်းကို ခွင့်ပြုသင့် မသင့် စဉ်းစားလျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော ပြည်တွင်းအတိုက်အခံက ရေဒီယိုသတ္တိကြွအန္တရာယ်ကို ထောက်ပြလာခြင်းကြောင့် ဖြစ်သည်။

ပစိဖိတ်ကြမ်းပြင်တွင် ရှာဖွေတူးဖော်ရန် လိုင်စင်အတွက် ကြိုးစားနေသော ကုမ္ပဏီများ တမုဟုတ်ချင်း များပြားလာလျက် ရှိသည်။ ပထမဆုံး လိုင်စင် ရသော ကုမ္ပဏီမှာ Nautilus သတ္တုတူးဖော်ရေး ကုမ္ပဏီဖြစ်ပြီး ပါပူဝါနယူးဂီနီ အနီးရှိ ဘစ်စမတ်နှင့် ဆော်လမွန် ပင်လယ်ကြမ်းပြင်တွင် တူးဖော် မည်ဖြစ်သည်။ အဆိုပါ ရေအောက်ကြမ်းပြင်တွင် ကြေးနီနှင့် ရွှေများရှိနေခြင်းကြောင့် ဆာလဖိုက် အများအပြားကို တွေ့ရှိနိုင်၍ ဖြစ်သည်။

ထိုကဲ့သို့ ရေအောက်တွင် သတ္တုရှာဖွေခြင်းကြောင့် ရေအောက်သက်ရှိသက်မဲ့ တည်မှီနေသော လောက (Marine Ecosystem) ကို ထိခိုက်နိုင် ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများက စိုးရိမ်လျက်ရှိသည်။

*******************              ********************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment