Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၂.၇.၂၀၁၁

ဘာသာပြန်သတင်းများ

စစ်အစိုးရကို အစားထိုးသော်လည်း စွမ်းဆောင်ရည်မရှိ

(Larry Jagan ၏ Burma: Inertia replaces Junta ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်သည် နိုင်ငံ၏ အနာဂတ်သစ်တိုးတက်ရေးကို နှောင့်နှေးစေသည့် အာဏာလွန်ဆွဲမှုတွင် ပါဝင် ပတ်သက်နေရ သည်။ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် သမ္မတအာဏာ မတည်အောင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျှက်ရှိပြီး တပ်မတော်ခေါင်းဆောင်သစ် အပေါ်တွင် ၎င်း၏ သြဇာလွှမ်းမိုးမှုရှိအောင် လုပ်ဆောင်နေသည်။ ရလဒ်အားဖြင့် သမ္မတကြီး စီစဉ်ထားသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးမှာ ဆိုင်းငံ့လျှက်ရှိသည်။

                ဒုတိယသမ္မတသည် သဘောထားတင်းမာသည့် အစိုးရဟောင်းကို ကိုယ်စားပြုပြီး အရာရာကို ယခင်အတိုင်း မပြောင်းမလဲ ရှိနေစေရန်သာ လုပ်ဆောင်လိုသည့် ဆန္ဒရှိသည်။ ၎င်း၏ လမ်းညွှန်ဆရာ ယခင်စစ်အစိုးရခေါင်းဆောင် သန်းရွှေသည် အစိုးရအား နေ့စဉ်အုပ်ချုပ်ရေး တာဝန်မှ အနား ယူခဲ့ပြီး အဆိုပါအာဏာအတွက် ကွက်လပ်ထားပစ်ခဲ့သည်။ ဒုတိယသ္မတသည် အဆိုပါ အာဏာအား အရယူရန် စိုင်းပြင်းနေပြီး ပြုပြင်ပြောင်းလဲရေး စိတ်ဓါတ်ရှိသူ သမ္မတအား နစ်နာအောင်လုပ်ရန် ကြိုးပမ်းလျှက်ရှိသည်။

                ပိုမိုရှုပ်ထွေးစေသောကိစ္စမှာ ကန့်လန့်ကာ နောက်ကွယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(U.S.D.P) ခေါင်းဆောင်များသည် နောက်နှစ်လခန့်အကြာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၎င်းတို့သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

                သန်းရွှေသည် နိုင်ငံရေး မြင်ကွင်းမှ နောက်ဆုတ်သွားခဲ့ပြီဖြစ်သော်လည်း ၎င်းချန်ထားရစ်ခဲ့သည် အခြေအနေသည် အစိုးရသစ်၏ လုပ်ဆောင် ချက်များတွင် အဖျက်အဆီး၊ အတားအဆီးဖြစ်လျှက် ရှိသည်။ သုံးသပ်သူအများစုကမူ သန်းရွှေသည် ထိုကဲ့သို့ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ သည်ဟု ယုံကြည်နေကြသည်။

                သန်းရွှေသည် အနာဂတ်တွင် နိုင်ငံအား ချုပ်ကိုင်ပြီး ၎င်းမိသားစု၏ အာဏာနှင့် စည်းစိမ်ချမ်းသာကို အန္တရာယ်ပြုနိုင်မည့်၊ အားကောင်းမည့် စစ်တပ်ခေါင်းဆောင် တစ်ဦး ပေါ်ထွက်မလာစေရန် ကြိုးပမ်းရာတွင် ရည်ရွယ်ချက်ဖြင့် ထိုအာဏာအတွက် ကွပ်လပ်တစ်ခု ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအာဏာ ကွက်လပ်ဖြစ်နေခြင်းကြောင့် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး အစီအမံများမှာ မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေရခြင်းဖြစ်သည်။

                ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရန် ကတိကဝတ်များပြုထားပြီးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သော အသိုင်းအဝိုင်းမှ သိရှိရသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲနှင့် နောက်ငါးနှစ်ရွေးကောက်ပွဲတွင် U.S.D.P ကအနိုင်ရရှိရေးအတွက် ပြုပြင်ပြောင်းလဲရေး လိုအပ်သည်ကို ၎င်းက သိရှိ ထားသည်။

                သို့သော် ယခုအာဏာကို ခွဲဝေဖြန့်ထားသည့် တည်ဆောက်ပုံတွင် အစိုးရအဖွဲ့၊ ဥပဒေပြုလွှတ်တော်နှင့် စစ်တပ်တို့ ပါဝင်နေရာ လုပ်ဆောင် ချက်များ ပျက်စီးရာပျက်စီးကြောင်း လုပ်နိုင်သည့် အရာတစ်ခု ထင်ထင်ရှားရှားရှိနေသည်။ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး (မြန်မာနိုင်ငံတွင် ၎င်းကို အမည်ပြောင်ဖြင့် ရှစ်လုံးဟု ခေါ်ကြသည်) သည် မြန်မာ့နိုင်ငံရေးမြင်ကွင်းတွင် ရေဘဝဲအသစ်တစ်ကောင်ဖြစ်လာပြီး တိုင်းပြည်၏ စီးပွားရေးအရ၊ နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲမှုများကို လည်ပင်းညှစ် သတ်မည် ပြုသကဲ့သို့ အနှောင့်အယှက် ပြုမည့်သူဖြစ်သည်။

                ၎င်းသည် သမ္မတအာဏာကို အခွင့်မရှိဘဲ အခွင့်အရေးရလျှင် ရသလို ဝင်ရောက်စွက်ဖက်လျှက်ရှိသည်။ ၎င်းတရားဝင် လွှမ်းမိုးနိုင်သော နေရာ လည်း အနည်းငယ်သာကျန်ရှိပြီး၊ ၎င်းဦးဆောင်သည့် ကုန်သွယ်ရေးကောင်စီမှာလည်း ဖျက်သိမ်းခံခဲ့ရပြီး ဖြစ်သည်။ ၎င်းသည် အနှောင့်အယှက်ပေးသူ သက်သက်သာ ဖြစ်သည်ဟု အကြီးတန်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။ အကယ်၍ ၎င်းသာ တိုင်းပြည်ခေါင်းဆောင်ဖြစ်ခဲ့လျှင် ပြဿနာဖြစ်ပါ ပြီဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

                တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်သော ကက်ဘိနက် အစည်းအဝေးအပြီးတွင် ဝန်ကြီးများသည် ဦးသိန်းစိန်မပါဘဲ ၎င်း၏ ရုံးခန်းတွင် စု၍ လက်ဘက်ရည်သောက်ရင်း အဆူအပူ အဟိန်းအဟောက်ခံရတတ်သည်။။ အထူးသဖြင့်  ယခင်က ၎င်းကုန်သွယ်ရေး ကောင်စီ ဥက္ကဋ္ဌ အဖြစ် ထုတ်ကုန် သွင်းကုန်လိုင်စင်များ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းများကဲ့သို့သော စီးပွားရေးကိစ္စများတွင် သြဇာ လွှမ်းမိုးမှုရှိနိုင်ရန် ကြိုးပမ်းလျှက် ရှိသည်။

                ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် တစ်ရက်လျှင် နှစ်ကြိမ် ၎င်းထံအစီရင်ခံရသည်ဟု နေပြည်တော်မှလာသော သတင်းများအရ သိရသည်။ သမ္မတနှင့် ဒုတိယ သမ္မတအကြား တိုက်ပွဲမှာ အသေအချာပင်ရှိနေသည်။ ထိုတိုက်ပွဲသည် လွန်ခဲ့သောသုံးလကျော်က ဦးသိန်စိန် ပါလီမန်သို့ ပြောကြား ခဲ့သော အစိုးရ၏အစီအစဉ်များနှင့် အမြင်များကို အကောင် အထည် ဖော်နိုင်ခြင်းရှိမရှိ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။

                အဆိုပါအာဏာလွန်ဆွဲပွဲ နောက်ကွယ်တွင် ပြောင်းလဲမှုအချို့ကို လိုလားသော ပြုပြင်ပြောင်းလဲရေးဝါဒီများနှင့် ပြောင်းလဲမှုမှန်သမျှကို ဆန့်ကျင် သော သဘောထားတင်းမာသူများ အကြေား အခြားတိုက်ပွဲများစွာလည်း ရှိနေသေးသည်။

                အရေးအကြီးဆုံး ရုန်းကန်ရမည့် အချက်တစ်ခုမှာ လာမည့်နှစ်များအတွင်း စစ်တပ်၏ အခန်းကဏ္ဍကို ကျော်လွန်အောင် လုပ်ဆောင်နိုင်ရေးပင် ဖြစ်သည်။ စစ်တပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လက်ထက်တွင်စစ်တပ်သည် နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှုမရှိတော့သည်မှာ ရှင်းရှင်းလင်းလင်း ဖြစ်နေပုံရသည်။ သူတို့၏ စစ်တန်းလျားကို ပြန်သွားပြီဖြစ်သည်။ စိတ်ဝင်စား ဖွယ်ကောင်းသည်မှာ ယခုနှစ်အစောပိုင်းက ပြုလုပ်သော လွှတ်တော် အစည်းအဝေးများတွင် စစ်တပ်မှ လွှတ်တော်အမတ်များ လုံးဝ ငြိမ်သက်နေခြင်းပင်ဖြစ်သည်။

                ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က လွှတ်တော်အစည်းအဝေးမစတင်မီ စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ်များအား သိက္ခာကျနေသာ စစ်တပ်ကို ၎င်းတို့၏နိုင်ငံရေးလုပ်ဆောင်ချက်များဖြင့် ပြန်လည်တည်ဆောင်ရေးမှာ ၎င်းတို့၏ တာဝန်ဖြစ်ကြောင်း မှာကြားခဲ့သည်။ ရင့်ကျက်သော နိုင်ငံရေး သမား များ ဖြစ်လာရေးမှာ ၎င်းတို့၏တာဝန်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အနာဂတ် မြန်မာနိုင်ငံကို ကိုယ်စားပြုသူများ ဖြစ်သောကြောင့် ဖြစ်သည်ဟု မင်းအောင်လှိုင်က မှားကြားခဲ့သည်။ လက်ရှိပြဿနာများအတွက် အစိုးရဟောင်းကို မင်းအောင်လှိုင်က အပြစ်တင်ခဲ့သည်ဟု စစ်တပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

                လွန်ခဲ့သော လများအတွင်းက မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ အကြီးတန်း တာဝန်ရှိသူများနှင့် အခြားအစိုးရ တာဝန်ရှိသူများက အစိုးရသစ် အမှန်တကယ် တာဝန်ယူနေကြောင်း၊ အာဏာရှင်အစိုးရဟောင်းမှာ ကျန်ခဲ့ပြီဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။

                ထိုကဲ့သို့သော အပြောမျိုးကို ရေဘဝဲကြီး တင်အောင်မြင့်ဦးမှ ကျေနပ်နေလိမ့်မည်မဟုတ်ချေ။ ၎င်းက သူ၏ သြဇာလွှမ်းမိုးမှုဖြင့် အစိုးရအဖွဲ့နှင့် လွှတ်တော်အပေါ် စစ်တပ်က ဖိအားပေးမှုကို လိုလားသူဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ခန့်က ဒုတိယသမ္မတသည် ကာကွယ်ရေး ဦးစီးချုပ်ကို ၎င်းအား လာရောက်တွေ့ဆုံရန် မိန့်ကြားခဲ့သည်။ တွေ့ဆုံစဉ် ၎င်းက စစ်ဦးစီးချုပ်အား အာဏာ တည်ဆောက်ပုံကို ပြောပြခဲ့ပြီး ၎င်းကသာ boss ဖြစ်ကြောင်း၊ စစ်တပ်တွင် ၎င်းက ဦးသိန်းစိန်ထက် ရာထူးကြီးခဲ့ကြောင်း ပြောခဲ့သည်။ ငြိမ်နေသော မင်းအောင်လှိုင်မှာ ဒုတိယသမ္မတ၏ စော်ကား မှုကို ခံခဲ့ရသည်။ ရှစ်လုံးမှ ၎င်းအား ဆေးလိပ်ပြာခွက်ဖြင့် ပစ်ပေါက်ခဲ့ရာ လွဲသွားသဖြင့် အနားသို့လာခိုင်းပြီး ဒုတိယအကြိမ် ပစ်ပေါက်ခဲ့ရာ နဖူးသို့ ထိခဲ့ သည်ဟု ဆိုသည်။

                သို့သော် လက်ရှိအချိန်တွင် စစ်ဦးစီးချုပ်သည် စစ်သားသက်သက်သာဖြစ်ပြီး စစ်တပ်ကို ပြုပြင်ပြောင်းလဲ၍ စစ်သားပိုမို ပီသစေရန် ရည်ရွယ် ချက်ရှိသူဖြစ်သည်။ စစ်တပ်မှ အချို့သတင်းများအရ ၎င်းသည် စစ်တပ်၏ ၈၈ မျိုးဆက်သစ် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် ဦးသိန်းစိန်အား ထောက်ခံသူတစ်ဦးဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။

                သို့သော် ယခုအခြေအနေအတိုင်း မပြောင်းမလဲ ရှိနေစေလိုသော အင်အားစုများသည် နေရာတကာတွင် ပေါ်ထွက်နေပေသည်။ ပြီးခဲ့သည့် နှစ်က သန်းရွှေက စစ်တပ်မှ၊ ဝန်ကြီးရာထူးမှ နှုတ်ထွက်ခိုင်းပြီး ရွေးကောက်ပွဲဝင်စေခဲ့သော USDP မှ လူကြီးများသည် လက်ရှိအစိုးရနှင့် လွှတ်တော် တွင် နေရာမရခြင်းကြောင့် မကျေမနပ်ဖြစ်လျက်ရှိသည်။ ၎င်းတို့သည် လက်ရှိ ကစားပွဲအတွင်းသို့ ပြန်ဝင်နိုင်အောင် ကြိုးပမ်းလျက်ရှိသည်။

                အမှန်တကယ်တွင်မူ သန်းရွှေသည် ၎င်းတို့ကို ရည်ရွယ်ချက်ဖြင့် အနာဂတ်စီမံကိန်းမှ ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။ သန်းရွှေသည် စစ်တပ်နှင့် အစိုးရတွင် ပိုမိုငယ်ရွယ်သော မျိုးဆက်သစ်များအား အလိုရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ စစ်တပ်သစ္စာခံ လူကြီးဟောင်းများသည် ပါတီတွင်း သြဇာနှင့် နေရာရရှိရေး ကြိုးစားလျှက်ရှိပြီး ၎င်းတို့၏ အာဏာကို ထူထောင်လျှက်ရှိသည်။ ၎င်းတို့သည် ယခင်က အဘိုးကြီးသန်းရွှေ၏ မျက်စိနှင့်နားများ ဖြစ်ခဲ့ရာ ယခုအခါ သန်းရွှေအား နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်ရန် နားချလျှက် ရှိသည်။ လက်ရှိအာဏာ အဆောက်အဦကို ကျော်လွန်၍ ချုပ်ကိုင် နိုင်မည့် နိုင်ငံ့ဥသျှောင်အဖွဲ့ကဲ့သို့သော အဖွဲ့မျိုးထူထောင်ရန် အားပေးလျှက် ရှိသည်။

                အဆိုပါ သဘောထားတင်းမာသော အဘိုးကြီးများသည် သန်းရွှေအား ပုံမှန်တွေ့ဆုံသော လူများတွင် အပါအဝင်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် သည် သမ္မတဖြစ်ပြီးတည်းက သင်္ကြန်တွင်း တစ်ကြိမ်သာ သန်းရွှေနှင့် တွေ့ဆုံခဲ့ရသည်။

                ဦးအောင်သောင်းနှင့် ဦးဌေးဦးတို့သည် ၎င်းတို့ပါတီ၏ ရာထူးများကို အကြောင်းပြု၍ နေရာတစ်နေရာ ရရှိရန် စိတ်အား ထက်သန်နေပြီး သန်းရွှေအား ထိုရည်ရွယ်ချက်ဖြင့် တွေ့ဆုံနေသည်။ ၎င်းတို့က သန်းရွှေအား တိန့်ရှောင်ဖိန်ကဲ့သို့၊ လီကွမ်ယု ကဲ့သို့ နေရာတစ်ခု စဉ်းစားရန် တိုက်တွန်း လျက် ရှိသည်။ အဘိုးကြီး ထိုအဆိုပြုမှုများကို ပယ်ချခဲ့ပြီး အမှန်တကယ် အနားယူမည့် ပုံစံရှိသည်။

                ယခုအချိန်တွင် အဆိုပါ နိုင်ငံရေးအရ လျှို့ဝှက်စီမံနေမှုများသည် မြန်မာနိုင်ငံ ရှေ့ဆက်သွားရမည့် လမ်းကြောင်းတွင် ပြဿနာများပင် ဖြစ်သည်။ တစ်မျိုးတစ်ဘာသာ လမ်းညွှန်ဒီမိုကရေစီသို့သာ သွားလိုပုံရပေသည်။

*****************************************************

ရဲတံခွန် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းမှ ရဟတ်ယာဉ်ပျက်ကျ၍ ၃ ဦးသေဆုံး

(Monsters and Critics မှ 11 July 2011 ရက်စွဲပါ Offshore helicopter crash kills 3 in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ့ကမ်းလွန်ရေနံဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုနေသော ရဟတ်ယာဉ်တစ်စင်း တနင်္လာနေ့က ပျက်ကျခဲ့ရာ ၃ ဦး အသက် ဆုံးရှုံးခဲ့ရကြောင်း ကုမ္ပဏီ သတင်းရပ်ကွက်က ပြောကြားသည်။

Petrorus Malaysia အတွက် အသုံးပြုနေသော ရဟတ်ယာဉ်သည် ရဟတ်ယာဉ်မှူး၊ တွဲဖက်ရဟတ်ယာဉ်မှူးနှင့် ခရီးသည် ၁၀ ဦး တင်ဆောင် ကာ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်း၊ ကမ်းလွန်ဓာတ်ငွေ့တူးစင်ပေါ်မှ ပျံတက်ကာစတွင် အင်ဒါမန် ပင်လယ်ထဲသို့ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု အမည် မဖော် လိုသော တာဝန်ရှိသူတစ်ဦးက ဂျာမန်သတင်းဌာန dpa သို့ ပြောကြားသည်။ တွဲဖက်ရဟတ်ယာဉ်မှူးအပါအဝင် သေဆုံးသူ ၃ ဦးစလုံးမှာ မြန်မာ ဝန်ထမ်း များဖြစ်၍ ကျန် ၉ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

ရဲတံခွန်ဓာတ်ငွေ့သိုက်ကို မြန်မာ့စွမ်းအင်ဝန်ကြီးဌာနနှင့်အတူ မလေးရှား Petronas ၊ ဂျပန် Nippon ၊ ထိုင်း PTTEP ကုမ္ပဏီများက ပူးပေါင်း အကောင်အထည်ဖော် လုပ်ကိုင်လျက် ရှိပြီး ထွက်ရှိလာသော ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချလျက်ရှိသည်။

*****************************************************

အမေရိကန်ဗိုလ်ချုပ်ကြီးမိုက်မူလန်က မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ တရုတ်ကူညီရန်တောင်းဆို

(AFP သတင်းမှ 10 July 2011 ရက်စွဲပါ US Admiral Mullen asks for China help on North Korea ကို ဘာသာ ပြန်ဆိုသည်)

ထပ်မံရန်စကျူးကျော်မှုများမပြုလုပ်ရန် မြောက်ကိုရီးယားကို သတိပေးလိုက်သည့် အမေရိကန်ထိပ်တန်း စစ်ဖက် အရာရှိကြီးတစ်ဦးအား တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်းတည်ငြိမ်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ပြုံယမ်းအပေါ် ဩဇာကြီးမားသော ဆက်ဆံရေးကို အသုံးပြုရန် တနင်္ဂနွေနေ့က တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန် စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်က အမေရိကန်ပြည်ထောင်စုသည် အာရှပစိဖိတ်ဒေသတွင် ကာလရှည်ကြာ တက်ကြွလှုပ်ရှားနေဦးမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ကြီးမားလာသော ကဏ္ဍကို ထည့်သွင်းဖို့ကြိုးစားခြင်းအပြင် ဝါရှင်တန်၌ အခြားနည်း မရှိပါဟု အခိုင်အမာပြောဆိုသည်။

“မြောက်ကိုရီးယားနိုင်ငံနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းကို သမိုင်းမှတ်တမ်းတစ်ခုတည်းအပေါ် အခြေခံပြီး မှန်းဆရမယ်ဆိုရင်တော့ သူတို့က ဆက်ပြီးရန်စကြဦးမှာပါပဲ” ဟု ဗိုလ်ချုပ်ကြီးမိုက်မူလန်က ဘေဂျင်းသို့ ရောက်ရှိပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။ “ကျွန်တော့် အထင်ပြောရရင် အခုဖြစ်လာနိုင်တဲ့ ရန်စတိုက်ခိုက်မှုတွေဟာ သူတို့ (ပြုံးယမ်း) အရင်က လုပ်ခဲ့ဖူးတာတွေထက် ပိုပြီး အန္တရာယ် များလိမ့် မယ်လို့ ယူဆပါတယ်” ဟု မိုက်မူလန်က ဆိုသည်။ ၂၀၁၀ မတ်လအတွင်း က တောင်ကိုရီးယားစစ်သင်္ဘော တော်ပီဒိုထိမှန် နစ်မြုပ်ကာ ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့သည့်ဖြစ်ရပ်အတွက် ဆိုးလ်က ပြုံးယမ်းကို စွပ်စွဲခဲ့ပြီးနောက်ပိုင်း အရှေ့မြောက်အာရှဒေသတွင် တင်းမာမှုများ ကြီးထွား လာခဲ့သည်။ ယင်းစွပ်စွဲချက်ကို ပြုံးယမ်းက စိတ်ဆိုးမာန်ဆိုး ငြင်းဆိုခဲ့သော်လည်း နိုဝင်ဘာလတွင် တောင်ကိုရီးယားနိုင်ငံပိုင်ကျွန်းကို အမြောက်ဖြင့် ရန်စ ပစ်ခတ်မှု ကြောင့် တောင်ကိုရီးယားအရပ်သား ၂ ဦးနှင့် စစ်သား ၂ ဦးသေဆုံးခဲ့ရသည်။

ကိုရီးယားနှစ်နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်သော ကိုရီးယားကျွန်းဆွယ် နျူကလီယားဖျက်သိမ်းရေးဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲမှာလည်း ပြုံးယမ်း နှုတ်ထွက်သွားခြင်းကြောင့် ၂၀၀၉ ဧပြီလတွင် ရပ်ဆိုင်းသွားခဲ့ပြီး ယင်းနောက် တစ်လခန့်အကြာတွင် ပြုံယမ်းက ဒုတိယ အကြိမ်နျူကလီယား စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။

“ဒေသတွင်းတည်ငြိမ်မှု ရရှိရေးကို ကျွန်တော်တို့ အားလုံး အာရုံစိုက်နေကြရတယ်။ ဒီမှာက မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကို လေးစားဖို့ ဆိုတဲ့ ခက်ခဲတဲ့ စိန်ခေါ်မှု ကြီးထွားလာတာရယ်၊ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ကိစ္စရယ် နှစ်ခု ရှိနေတယ်။ တရုတ်ခေါင်းဆောင်ပိုင်းကတော့ ပြုံယမ်းက ခေါင်းဆောင်တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိခဲ့သလို ပုံမှန်ကျင့်သုံးဆက်ဆံနေခဲ့တာဖြစ်လို့ သူတို့အနေနဲ့ အရင်အတိုင်း ဆက်လုပ်ကြဖို့အချက်က တကယ်ကို အရေးကြီးနေပါ တယ်” ဟု မိုက်မူလန်က မှတ်ချက်ပေးသည်။

********************************************************

အရေးယူမှုများ ဖြေလျှော့ပေးခြင်းကြောင့် မြန်မာနိုင်ငံရှိ တူရကီလုပ်ငန်းရှင်များ အကျိုးအမြတ်အခွင့်အလမ်းများ ရနိုင်

(8 July 2011 ရက်စွဲပါ Today’s Zaman ရေးသားသော Relaxed Sanctions Equal Lucrative Opportunities for Turkish Entrepreneurs in Myanmar ကို ဘာသာပြန်ဆိုသည်)

ရွေ့လျားမှုအလွန်မြန်ဆန်ပြီး အန္တရာယ်များသော လုပ်ငန်းများကိုသာ ရွေးချယ်လုပ်ကိုင်တတ်သော တူရကီမှ စီးပွားရေးလုပ်ငန်းရှင်များသည် ကမ္ဘာပေါ်တွင် ပုံမှန်မဟုတ်ဆုံးသော နိုင်ငံများတွင် လုပ်ကိုင်နေသည်မှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စဖြစ်နေပေသည်။ တူရကီစီးပွားရေးသမားများသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မော်လမြိုင်တို့တွင် အမြတ်များများရနိုင်သော စီးပွားရေးမဟာမိတ်များ ရှာဖွေပြီး တံခါးခေါက်လျက် ရှိသည်ဟု ဆိုလျှင် အံ့ဩစရာဖြစ်လိမ့်မည် မဟုတ်ပေ။ အထက်က ပြောခဲ့သလိုပင် ယင်းတို့သည် မြန်မာနိုင်ငံတွင် နေရာယူထားပြီးဖြစ်လောက်ပေပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနိုင်ငံကြီးဖြစ်ပြီး ဧရိယာလည်း ကြီးမားကာ (၅၆)သန်းသော လူဦးရေသည် တူရကီနိုင်ငံမျှ ကြီးမား သော နိုင်ငံတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ရွေးကောက်ပွဲအပြီးတွင် အငြိမ်းစားစစ်သားများနှင့် လက်ရှိစစ်တပ်မှ စစ်သားများ ပါဝင်ထားသော ပါလီမန်သည် စစ်အစိုးရကို ဖျက်သိမ်းခဲ့သည်။ စစ်အုပ်ချုပ်ရေးပြီးဆုံးသွားခြင်းသည် တိုင်းပြည်တွင် လိုအပ်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသည့်ပုံ ရှိနေသည်။ လွန်ခဲ့သောနှစ်ငါးဆယ်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနှင့် အလားအလာအကောင်းဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာ ပေါ်တွင် ဆန်တင်ပို့မှုအများဆုံး နှင့် အဓိကစွမ်းအင် ထုတ်လုပ်သော နိုင်ငံဖြစ်ခဲ့သည်။

အသက် (၇၈) နှစ်ရှိပြီဖြစ်သော အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ယင်း၏နေရာတွင် ဆက်ခံရန် စစ်ဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်။ အစိုးရအဖွဲ့နှင့်စစ်တပ်တွင် ယင်း၏ သစ္စာခံယူမည့်သူများကိုသာ အဓိကရာထူးများ ပေးထားပြီး အာဏာရှင်ဟောင်း သန်းရွှေသည် ၎င်းအား ဖယ်ရှားပစ်နိုင်မည့် နောက်ထပ်အာဏာရှင်တစ်ဦး ပေါ်ထွက်မလာအောင် ကာကွယ်နိုင်ခဲ့သည်။ ယင်းသည် ကန့်လန့်ကာ နောက်ကွယ်မှ ဩဇာ လွှမ်းမိုးမှု ရှိနေဆဲဖြစ်ကြောင်း ပညာရှင်များက သဘောတူ လက်ခံထားကြသည်။

အနည်းငယ်သော လူများကမူ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများ ချက်ခြင်း ပြုလုပ်ရန် မျှော်လင့်ခဲ့ကြသည်။ လူဦးရေ၏ ၃၀% ဆင်းရဲမွဲတေနေသော တိုင်းပြည်တွင် ယခင်အစိုးရဗိုလ်ချုပ်များကပင် အငြိမ်းစား ယူ၍ ဆက်လက်ချုပ်ကိုင်နေခြင်း ဖြစ်သည်။ ညံ့ဖျင်းသောမူဝါဒ များနှင့် အနောက်နိုင်ငံမှ အရေးယူမှုများက တိုင်းပြည်၏ စီးပွားရေးကို ပိုမိုဆိုးရွားစေသည်။

စစ်အစိုးရ၏ သမိုင်းဝင်အာဏာလွှဲပြောင်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာအတိုက်အခံများက သံသယဖြင့်သာ ရှုမြင်ခဲ့ကြသည်။ မြန်မာ အတိုက်အခံအများစုသည် သွေးထွက်သံယိုနှိပ်စက်သော စစ်အာဏာရှင် အဆက်ဆက် လက်အောက်တွင် နေထိုင်ခဲ့ကြရသူများဖြစ်သည်။ စစ်အစိုးရ၏ အဖွဲ့ဝင်များသည် အစိုးရသစ်တွင် သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကက်ဘိနက်ဝန်ကြီးများ၊ ဒေသဆိုင်ရာဝန်ကြီး နေရာများကို ရယူ ထားကြသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်အစိုးရနှင့်ဆယ်စုနှစ်များစွာ အေးခဲသော ဆက်ဆံရေးရှိခဲ့ရာမှ ယခုအခါ အစိုးရသစ်နှင့် ဆက်ဆံရန် ကြိုးစားလာကြသည်။ အနောက်နိုင်ငံအရေးယူမှုများ အချိန်မရွေး ရုတ်သိမ်းမှုများ မဖြစ်နိုင်သေး သော်လည်း သုံးသပ်သူ အများစုက အရေးယူမှုများ မအောင်မြင်ကြောင်း ဆိုသည်။ သို့သော် အရေးယူမှုများကို အာရုံပြုမှု များ ရှိလာသည်။

အီးယူသည် မြန်မာအစိုးရအဖွဲ့ဝင် အချို့အပေါ် အရေးယူမှုအချို့ကို ဖယ်ရှားပေးခဲ့ပြီး ယင်း၏ အလိုက်သင့် ချဉ်းကပ်မှုကို ပြသခဲ့သည်။ အစိုးရ သစ်မှ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ဝန်ကြီးလေးဦးနှင့် ဒုဝန်ကြီး (၁၈)ဦးတို့အပေါ် ခရီးသွားလာခွင့်နှင့် ငွေကြေးဆိုင်ရာကန့်သတ်မှုများကို လျော့ချ ပေးခဲ့သည်။ ယခုဖြေလျော့မှုမှာ ၁၉၉၆ ခုနှစ်ကတည်းက စစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် အရေးယူမှုများချမှတ်ထားပြီးနောက် ပထမဆုံးအကြိမ် အလျှော့ ပေးခဲ့မှုဖြစ်သည်။ အမည်ခံ အရပ်သားအစိုးရအနေဖြင့် ပေးထားသည့်ကတိအတိုင်း လုပ်ဆောင်ရန် ပြီးခဲ့သည့်လက အီးယူက လူသိရှင်ကြား ပြောကြားခဲ့သည်။ သို့သော် ဝေဖန်သုံးသပ်သူများက အမည်ခံအရပ်သား အစိုးရသစ်အား အတုအယောင်သာဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့ပြီး အစိုးရအဖွဲ့ တွင် အငြိမ်းစားဗိုလ်ချုပ်များ၊ လက်ရှိ ဗိုလ်ချုပ်များနှင့် လက်တစ်ဆုပ်စာ ပညာရှင်အနည်းငယ်သာ ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

အီးယူကောင်စီက ဇွန်လ ၂၀၁၁ ကြေညာချက်တွင် အစိုးရ၏ အရပ်သားဝန်ကြီးများအား ဗီဇာလျှောက်ခွင့် ပိတ်ထားခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်းခြင်းတို့ကို တစ်နှစ်ဖယ်ရှားပေးမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံခြားရေး ဝန်ကြီးသည် အနောက်နိုင်ငံနှင့် ဆက်ဆံရေးတွင် ကြားလူအဖြစ် လိုအပ်သည်ဟု ဆိုသည်။ “အစိုးရမှာ အပြောင်းအလဲတွေ ဖြစ်နေပြီးဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်၊ အစိုးရသစ်ကို သူ့ရဲ့ လုပ်ဆောင်မှုနဲ့ အကဲဖြတ်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် David Lipman က ပြောကြားခဲ့သည်။ ယခုဖြေလျှော့ပေးခဲ့သော အစိုးရအဖွဲ့ဝင်များ သည် စစ်တပ်တွင် လုံးဝတာဝန်ထမ်းဆောင်ဖူးသူများ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက စစ်တပ်မှ ထွက်ခဲ့သူဖြစ်သည်။ အီးယူကောင်စီသည် အဆင့်မြင့်အီးယူ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းကိုလည်း ဖြေလျှော့ပေးခဲ့သေးသည်။

သို့သော် အခြားဝန်ကြီးများအပေါ် ကန့်သတ်ထားမှုများ၊ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာအရေးယူထားမှုများမှာ နောက်ထပ်တစ်နှစ် ဆက်လက် တည်ရှိနေဦးမည်ဖြစ်သည်။ ဝေဖန်သုံးသပ်သူများက ပြောကြားရာတွင် မြန်မာနိုင်ငံအပေါ် အရေးယူမှုများနှင့် ပတ်သက်၍ သဘောတူသူများ ရော မတူသူများကပါ ငြင်းခုန်လျက်ရှိကြရာ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပ တို့၌ အငြင်းပွားဖွယ်ကိစ္စတစ်ရပ်ဖြစ်လျက် နေသည်။ အရေးယူမှုများကို ဖြေလျော့ပေးစေလိုသူများ၏ အသံများသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီးနောက် ကျယ်လောင်လာခဲ့ပြီး အရေးယူမှုများသည် စစ်အစိုးရ ခေါင်းဆောင်များကို မထိဘဲ သာမန်ပြည်သူတိုင်းကို ထိခိုက်ကြောင်း၊ ထိုင်းနှင့်တရုတ်ကဲ့သို့သော တိုင်းပြည်များ ရှိနေခြင်းကြောင့် နိုင်ငံခြား ကုန်သွယ်မှု တွင်လည်း သက်ရောက်မှုနည်းကြောင်း ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်တပ်အစိုးရအပေါ် ချမှတ်ထားသော အရေးယူမှုများကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် စိတ်အား ထက်သန်နေသူ ဩစတြေးလျလူမျိုးများနှင့် ဂျာမန်ထံမှ ရုတ်သိမ်းရန် ဖိအားပေးမှုများ ရှိလာသည်။ ယင်းတို့၏ ငြင်းချက်ထုတ်မှုမှာ ဂန္ထဝင်မြောက် သယောင် ထင်ရပေရာ “အကယ်၍ မိမိတို့မလုပ်ခဲ့လျှင် တရုတ်၊ ဂျပန်နှင့် အရှေ့တောင်အာရှမှ စီးပွားရေးသမားများသည် ရွေးကောက်ပွဲပြီးသွားခြင်းကို အခွင့်ကောင်းယူလျက် အခွင့်အရေးယူသွားမည်ဖြစ်ကြောင်း၊ ယင်းတို့သည် တိုင်းပြည်၏ စီးပွားရေးအစစ်အမှန်ကို ကိုယ်စားမပြုကြောင်း သိသော် လည်း လျစ်လျူရှုမည်ဖြစ်ကြောင်း” ပြောခဲ့သည်။ အီတလီနှင့် စပိန်တို့ကလည်း အရေးယူမှုများကို ပြန်ပြင်ရန် တွန်းအားပေးခဲ့ပြီး ဗြိတိန်၊ ချက်နှင့် အခြား နိုင်ငံများက အရေးယူမှုများ ယခင်အတိုင်း ရှိနေစေလိုသည်။

ထိုသို့ ရုတ်တရက် ဖိအားပေးမှုများ ဖြစ်လာခြင်းမှာ မြန်မာနိုင်ငံသည် ဒေသတွင်း အရေးပါသော သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသူ ဖြစ်လာ ခြင်းကြောင့် ဖြစ်နိုင်သည်။ အဆိုပါတင်ပို့မှုရငွေသည် မြန်မာနိုင်ငံ GDP ၏ ၁၃% ရှိနေသည်။ ယခုလောလောဆယ်အားဖြင့် ဓာတ်ငွေ့များကို ထိုင်းနိုင်ငံ သို့သာ တင်ပို့နေပြီး ၂၀၁၃ နှောင်းပိုင်းတွင် စီစဉ်ထားသည့်အတိုင်းဖြစ်ခဲ့ပါက ပိုက်လိုင်းဖြင့် ယူနန်ပြည်နယ်သို့ တင်ပို့မည်ဖြစ်သည်။ ထိုဓာတ်ငွေ့များ သည် ဘင်္ဂလား ပင်လယ်အော်ရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှ ရရှိခြင်းဖြစ်သည်။

မကြာသေးမီက အီးယူထံမှ ပြန်ကြားရသော သတင်းများအရ အီးယူနိုင်ငံများသည် တရုတ်နိုင်ငံသို့ ရောင်းချမည့် ဓာတ်ငွေ့များကို အခြား နေရာများသို့ ပြောင်းလဲရောင်းချစေလိုသည်။ မဟာဗျူဟာမှာ အာရှဗဟိုမှ ဓာတ်ငွေ့မှ ဥရောပသို့ စီးဆင်းစေလိုသော အခြေခံမူအရဖြစ်သည်။ အဆိုပါ စဉ်းစားပုံသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းရေးကို ဩဇာလွှမ်းမိုးနိုင်ပေသည်။

သို့သော် မြန်မာနိုင်ငံမှာ “စားရမှာလည်း သဲနဲ့ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီဝင်းဝင်း” ဆိုသည့် သတိထားရမည့် နိုင်ငံတစ်ခုဖြစ်နေသည်။ အာဏာရအစိုးရများထံ နိုင်ငံရေးအရ အန္တရာယ်အလွန်ကြီးလှသည် ဖြစ်ရာ ကုမ္ပဏီများ၏ မူလရည်မှန်းချက်မှာ ဗိုလ်ချုပ်များအား မက်လောက်စရာ ငွေကို ပြ၍ ဗိုလ်ချုပ်များ၏ လိုလိုလားလားယဉ်ကျေးစွာ ပြန်လည် ဆက်ဆံမှုဖြစ်သည်။ သို့သော် ထိုသို့ ချောချောမွေ့မွေ့ဖြစ်ရေးမှာ ခန့်မှန်း၍ မလွယ် သော အခြေအနေဖြစ်ချေသည်။ အစိုးရအတွင်း အာဏာလွန်ဆွဲမှုများ၊ ခေါင်းဆောင်၏ အသက်အကန့်အသတ်စသည်များ ရှိသည်။ သို့ဆိုလျှင် မြန်မာ နိုင်ငံ အပေါ် မက်မောစရာ မည်သည်တို့ရှိနေသနည်း။ ရှင်းရှင်းလင်းလင်း သိနိုင်သည့် ဆွဲဆောင်မှုမှာ အကျိုးအမြတ်ပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် မည်သူနှင့်မျှ မဆက်သွယ်ရသေးသော ကုန်ပစ္စည်းဈေးကွက်ကြီးဖြစ်ပြီး အကျိုးအမြတ် မြင့်မားသည့်သဘောရှိနေသည်။ စွမ်းအင်နှင့်ပတ်သက်၍ ရှာဖွေတွေ့ရှိမှုများ၊ ထုတ်လုပ်မှုများရှိရာ သဘာဝဓာတ်ငွေ့များ၊ ရေအား လျှပ်စစ်များ ပါဝင်နေသည်။ ယင်းတို့သည် ဈေးကွက် နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုး၍ ဆွဲဆောင်လျက် ရှိသည်။ ထို့ကြောင့်အရေးယူမှုများ ဖြေလျော့ပေးနိုင်ရန် စဉ်းစားလုပ်ဆောင်လျက် ရှိနေကြ သည်။

မြန်မာအစိုးရသည် ရင်းနှီးမြှုပ်နှံမှုများအတွက် စိတ်အားထက်သန်လျက် ရှိသည်။ ဥပဒေစည်းမျဉ်းများ၏ အားနည်းချက်များ ရှိသော်လည်း အစိုးရ၏ တက်ကြွစွာ ပံ့ပိုးကူညီမှုများနှင့် သယံဇာတများက ဆွဲဆောင်မှုကို ပိုမိုဖြစ်စေသည်။ အရေးယူမှုများကြောင့် အနောက်နိုင်ငံကုမ္ပဏီများက အခြေအနေများ သဘောမပေါက်နိုင် ရှိနေချိန်တွင် အာရှတိုက်မှ ကုမ္ပဏီများကမူ နေရာယူထားပြီးဖြစ်နေသည်။ ပြိုင်ဆိုင်မှုနည်းပါးသဖြင့် အာရှတိုက် ကုမ္ပဏီများသည် ငွေကြေးကုန်ကျမှု သိပ်မရှိဘဲ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်နိုင်ခဲ့သည်။ ထို့အပြင် ပထဝီအနေအထားအရ နီးစပ်မှု၊ မြန်မာ ဈေးကွက်နှင့် အစိုးရဥပဒေများကို ပိုမိုနားလည်သဘောပေါက်ခြင်းကြောင့် အာရှတိုက်မှ ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်နှင့် ဥရောပမှ ရင်းနှီးမြှုပ်နှံ မှုများထက် နှာတစ်ဖျား သာနေသည်။

အဆိုပါတိုးတက်မှုဖြစ်စဉ်များသည် ရင်းနှီးမြှုပ်နှံမှုအသစ်များနှင့် ကုန်သွယ်မှုအခွင့်အလမ်းများ လမ်းပွင့်သွားစေရန်အတွက် လက္ခဏာများပင် ဖြစ်သည်။ တူရကီ စီးပွားရေး အုပ်စုများအနေဖြင့် မလုပ်ရသေးလျှင် မြန်မာနိုင်ငံကို ယင်းတို့၏ မဟာဗျူဟာကျသော ဈေးကွက်ဗျူဟာတွင် ထည့်သွင်း စဉ်းစားရမည့်အချိန် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ တန်ဖိုးသည် သူ့တွင်သာမဟုတ် ယင်းတို့၏ မဟာဗျူဟာကျသော ပထဝီအနေအထားအရ ဒေသ ဆိုင်ရာ အဆက်အသွယ် များကိုလည်း ပေးသည်။ ၎င်းသည် အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံ အနောက်ပိုင်း (ယူနန်) နှင့် အိန္ဒိယတို့နှင့် ဆက်သွယ် သော ဂိတ်ဝကဲ့သို့ဖြစ်ပြီး လူဦးရေ (၂) ဘီလျံရှိ စားသုံးသူများသော ဈေးကွက်ကြီး အလားအလာရှိနေသည်။ မြန်မာနိုင်ငံတွင် အလုပ် လုပ်ကိုင်ခြင်း ကြောင့် အဆိုပါဒေသတွင်း အခွင့်အလမ်းများနှင့် ချိတ်ဆက်မိနိုင်သည်ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment