Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၈.၂၀၁၁

ဘာသာပြန်သတင်းများ

အင်ဒို-မလေး ဘာသာစကားကို အာဆီယံဘာသာစကားအဖြစ် တရားဝင်သတ်မှတ်ရန် အဆိုပြု

(Kpmpas မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

အင်ဒိုနီးရှားနှင့် မလေးရှားနှစ်နိုင်ငံ စားပွဲဝိုင်းဆွေးနွေးပွဲတွင် အာဆီယံပါလီမန်များအဖွဲ့ (AIPA) က လက်သင့်ခံခဲ့သည့် အတိုင်း အင်ဒို-မလေး ဘာသာစကားကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)၏ တရားဝင် ဘာသာစကားအဖြစ်သတ်မှတ်ရန် အကြံပြုချက် ထွက်ပေါ်ခဲ့ကြောင်း နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်သူတစ်ဦးက ဇူလိုင်လ ၂၉ ရက်နေ့တွင်ပြောကြားသည်။

"ဆွေးနွေးပွဲမှာ အင်ဒို-မလေး ဘာသာစကားကို အာဆီယံ၏ တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်ဖို့ အကြံပြုချက် ပြုလုပ်ခဲ့ကြပါတယ်" ဟု International Study Institute of FISIP(Social and Political Science faculty) မှ ဒါရိုက်တာ Nazaruddin Nasution ကပြောကြားသည်။

အဆိုပါဖိုရမ်တွင် ပါဝင်ဆွေးနွေးကြသူများက အင်ဒို-မလေး ဘာသာစကားကို အာဆီယံတရားဝင် ဘာသာစကား အဖြစ် သတ်မှတ်ရန် အကြံပြု ထောက်ခံသွားကြမည် ဖြစ်ပြီး လာမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံ အကြီးအကဲခေါင်းဆောင်များက အတည်ပြုချက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အင်ဒိုနီးရှားနှင့် မလေးရှားစားပွဲဝိုင်းဆွေးနွေးပွဲ(ဖိုရမ်)ကို ကွာလာလမ်ပူမြို့တွင် ဇူလိုင်လ ၂၅ ရက် နေ့မှ ၂၆ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်ကို Foreign Policy Study Group(FPSG)၊ မလေးရှား၊ Eminent Persons Group(EPG)၊ အင်ဒိုနီးရှာမှ Indonesia Council on World Affairs(ICWA) နှင့် International Study Institute/FISIP တို့က စပွန်ဆာပေးခဲ့ခြင်းဖြစ်သည်။

ယင်းစားပွဲဝိုင်းဆွေးနွေးပွဲသို့ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ပါလီမန် အမတ်များ၊ အစိုးရမဟုတ်သော အင်စတီကျူးရှင်းများနှင့် အင်ဒိုနီးရှား-မလေးရှားနှစ်နိုင်ငံမှ သံတမန်ဟောင်းများ တက်ရောက်ခဲ့ကြပြီး ပြည်သူများအချင်ချင်းပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် အစိုးရများအချင်းချင်း ပူးပေါင်းလက်တွဲနိုင်မှုတို့ ပိုမိုဖွံ့ဖြိုးလာအောင် မည်သို့မည်ပုံဆောင်ရွက်မည်ဟူသောအချက်များကိုလည်းဆွေးနွေးခဲ့ကြသည်။

ယခင်ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Nazaruddin Nasution ကပြောကြားရာ တွင် အင်ဒိုနီးရှားက အာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားစဉ် အင်ဒိုနှင့်မလေးရှားနှစ်နိုင်ငံမှ ကတိပြုဆောင်ရွက်ချက်များရရှိရန်လိုအပ်သည်ဟု ဆိုသည်။ အမေရိကမှ ဒေသတွင်းအဖွဲ့အစည်းများသည် အမေရိကန် စပိန်ဘာသာစကားကို အင်္ဂလိပ်ဘာသာစကားနှင့်အတူ ဒေသတွင်းဘာသာ စကားအဖြစ် ကာလကြာရှည်စွာ အသုံးပြုခဲ့သည့် သာဓကရှိသည်ကိုတွေ့ရကြောင်း ၎င်းကဆိုသည်။ ယခုဆိုလျှင် AIPA ကလည်း အင်ဒိုနီးရှား- မလေးရှား ဘာသာစကားကို အာဆီယံဘာသာစကားအဖြစ် တရားဝင်သတ်မှတ်ရန်လက်သင့်ခံထားပြီဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်ဟူ၍ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံတွင် လူဦးရေသန်း ၆၀၀ ခန့်ရှိသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို အင်ဒိုနီးရှားက ၂၀၁၁ ခုနှစ်တွင်ရယူခဲ့ပြီး မေလတွင် ၁၈ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကို လက်ခံ ကျင်းပပေးနိုင်ခဲ့သည်။

၂၀၁၅ ခုနှစ် အာဆီယံလူ့အသိုင်းအဝိုင်းတစ်ရပ် ပေါ်ထွန်းရေးအတွက် အပြန်အလှန်ဆက်ဆံရေး၊ ဒေသတွင်း အရေး၊ နိုင်ငံတကာအရေးကိစ္စ များကို ရင်ဆိုင်ဖြေရှင်းရာတွင် အင်ဒိုနီးရှားနှင့် မလေးရှားအကြား မတူညီမှုများကို ဘေးဖယ်ပြီး တူညီမှုများကို ဦးစားပေးသွားရန် ယခုစားပွဲဝိုင်း ဆွေးနွေးပွဲ၌ အကြံပြုပြောဆိုခဲ့ကြသည်။ အစ္စလာမ်၊ ဒီမိုကရေစီ၊ ပြောင်းရွှေ့လုပ်သားများပြဿနာ၊ ယဉ်ကျေးမှု၊ သတင်းမီဒီယာ အပါအဝင် ပါလီမန်ချင်း ဆက်ဆံရေး အစရှိသည့် အရေးကိစ္စများသည် ယခုဆွေးနွေးပွဲတွင် လွန်စွာလေးနက်သည့်အကြောင်းအရာများဖြစ်ခဲ့သည်။

Nazaruddin Nasution က စားပွဲဝိုင်းဆွေးနွေးပွဲ၌ နှစ်နိုင်ငံပြည်သူများ အချင်းချင်းဆက်ဆံမှု ပိုမွန်ကောင်းမွန် လာရေးကို နည်းလမ်းပေါင်းစုံ ဖြင့်လုပ်ကိုင်သွားရန် အကြံပြုပြောဆိုကြကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပါလီမန်များ၊ အန်ဂျီအိုများ၊ ပညာရှင်များ၊ ကျောင်းသားများ အပါအဝင် လူအများစု အပြန်အလှန်ဆက်ဆံရေး ပေါ်ပေါက်လာအောင် လည်း လုပ်ဆောင်ရမည့် အချက်များလည်း ပါဝင်ကြောင်း ပြောဆိုသည်။

****************************************

အွန်လိုင်းတွင် အန္တရာယ်အရှိဆုံး မြန်မာနိုင်ငံ

(ID Net မှ 29 July 2011 ရက်စွဲပါ “Most dangerous country online- Myanmar” ကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၁၁ ပထမ ၄ လပိုင်းအတွက် လေ့လာပြုစုထားသော ဆိုက်ဘာ ခြိမ်းခြောက်မှု အညွှန်းဇယားတွင် ပွဲဦးထွက်ပါဝင်လာခြင်းဖြင့် ကမ္ဘာတလွှား Web တိုက်ခိုက်မှုလမ်းကြောင်း၏ နံပါတ် (၁) ရင်းမြစ်ဖြစ်လာသည်ဟု အသစ် ထုတ်ပြန် သော အစီရင်ခံစာ (မှတ်ပုံတင်ရန် လိုအပ်) အရ သိရှိရသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် Akarnai ၏ နောက်ဆုံးထုတ်လေးလပတ် အစီရင်ခံစာတွင် ဆိုက်ဘာခြိမ်းခြောက်မှု ဇယား၏ ထိပ်ဆုံးသို့ မြန်မာနိုင်ငံ ရုတ်တရက်ရောက်ရှိလာခြင်းမှာ တွေ့နေကျ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဟု တင်ပြထားသည်။

အဆင့်သတ်မှတ်ချက်

အစီရင်ခံစာ ပြုစုခဲ့သည့် ၄ နှစ်တာ ကာလအတွင်း ဇယားထဲ၌ မြန်မာနိုင်ငံပါဝင်လာခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။ ထို့အပြင် မြန်မာနိုင်ငံမှာ ဆိုက်ဘာ တိုက်ခိုက်မှုများသည် ဖေဖော်ဝါရီ  လကုန်နှင့် မတ်လဆန်းက Port-80 ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုနှင့် ဆက်စပ်နေပုံ ရသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

Akamai ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စစ်ဆေးတွေ့ရှိထားသော ဆိုက်ဘာ တိုက်ခိုက်မှု ၁၃% အတွက် တာဝန်ရှိပြီး သီးသန့် Port ၂၅ ခုကိုသာ ပစ်မှတ်ထားခဲ့သည်ဟု ဆိုသော်လည်း တိုက်ခိုက်မှု၏ ၄၅% မှာ Port 80 ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုကမူ အရေအတွက် သောင်းဂဏန်းရှိသော Port များကို ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ဆေးတွေ့ရှိထားသော ဆိုက်ဘာ တိုက်ခိုက်မှု ၅၀% အတွက် တာဝန်ရှိသော အညွှန်းဇယားတွင် နံပါတ်(၂) အဆင့် သတ်မှတ်ခံရသည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုမှ ဆိုက်ဘာ တိုက်ခိုက်မှုများသည် သီးသန့်ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ယေဘုယျအားဖြင့် ဖြန့်ကျက် တိုက်ခိုက်သည့်သဘောကို အထင်အရှား တွေ့ရှိရသည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။

ဆိုက်ဘာ ခြိမ်းခြောက်မှုဇယား၏ ထပ်ဆုံး ၅ နိုင်ငံမှာ မြန်မာ၊ အမေရိကန်ပြည်ထောင်စု၊ ထိုင်ဝမ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ဖြစ်သည်။

(ယခု ဆောင်းပါးနှင့် ပတ်သက်၍ ပိုမို သိရှိလိုပါက ZD Net Asia မှ Myanmar No.1 Source of Web Attacks ကို ဖတ်ရှုနိုင်ပါသည်။)

*********************************************

တရုတ်၏ အင်တာနက်ဆင်ဆာများကို ရှောင်ရှားရန် နည်းလမ်း

(31 July 2011 ရက်စွဲပါ NPR မှ “A new way around Internet censorship?” ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံသည် အင်တာနက်ဆင်ဆာလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်များနှင့် ကော်ဖီဆိုင်များအား အများပြည်သူသုံး Wi-Fi အသုံးပြုမှုများအား စောင့်ကြည့်ရန် ပြောကြားခဲ့ပြီး သို့မဟုတ်ပါက ဒဏ်ငွေနှင့် အခြားပြစ်ဒဏ်များကျခံရမည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆင်ဆာများပြားသော နိုင်ငံများတွင် ပါဝင်သည်။ မြန်မာ၊ အီရန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံ အများအပြား သည် ဆင်ဆာများပြားသော နိုင်ငံများဖြစ်ကြသည်။

ယခုအခါ မီချီဂန်တက္ကသိုလ်တွင် အင်တာနက်အသုံးပြုသူများက ပိတ်ပင်ထားသော အရာများကို ရှောင်ရှားနိုင်ရန် Software အသစ်များကို ရေးသားလျက်ရှိသည်။ အဆိုပါ တက္ကသိုလ်ကွန်ပြူတာဌာန လက်ထောက်ပါမောက္ခ Alex Halderman သည် Telex ကဲ့သို့သော စနစ်သစ်ကို ရေးသားခဲ့သူ တစ်ဦးတွင် ပါဝင်ခဲ့သည်။

ယင်းက ယခုအပတ်အကုန်က All Thing Considered ဧည့်သည် Guy Raz အား ပြောကြားရာတွင် ဆင်ဆာနိုင်ငံများမှ ပြည်သူများသည် ဆင်ဆာကို ရှောင်ရန် ပြည်ပရှိ အခြားနိုင်ငံတစ်ခုမှ တခြားသူ၏ ဆာဗာအား ချိတ်ဆက်ရန် လိုအပ်သည်ဟု ဆိုသည်။

“ဒီစက်တွေဟာ အဲဒီတိုင်းပြည်တွေက ပြည်သူတွေထံက လာချိတ်တာကို လက်ခံပြီး သူတို့သုံးလိုတဲ့ ဆင်ဆာလုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို ကြည့်လို့ ရအောင် ပြန်ပို့ပေးပါတယ်၊ ဒါပေမဲ့လည်း ဆင်ဆာလုပ်တဲ့ အစိုးရက ပြင်ပက ဆာဗာကို သိသွားရင်တော့ လိုက်ပိတ်ဦးမှာပဲ”ဟု Halderman က ပြောသည်။

ဆက်လက်ပြီး ယင်းက Telex သည် ထိုပြဿနာကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ၊ အင်တာနက်တစ်ခုလုံးကို အင်တာနက် တိုက်ဖျက်ရေး ကိရိယာအသွင်ပြောင်းပေးလိမ့်မည်ဟု ဆိုသည်။ ထိုစနစ်တွင် အစိတ်အပိုင်းနှစ်ပိုင်း ပါဝင်သည်ဟုလည်း ပြောသည်။

“ပထမကတော့ သင့်ရဲ့ကွန်ပြူတာထဲမှာ Software တင်ပေးရပါမယ်။ Telex Station လို့ခေါ်တဲ့ အစိတ်အပိုင်းတွေ ရှိပါတယ်။ ဆင်ဆာလုပ်တဲ့ တိုင်းပြည်ပြင်ပက ISP တွေက အင်တာနက်ထဲကို Telex Station တွေ ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်” ဟု ယင်းကဆက်လက်ပြောသည်။

အကယ်၍ သင်သည် တရုတ်ပြည်တွင် ပိတ်ထားသော ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် You Tube ကို ကြည့်လိုပါက You Tube.com ဟု ရိုက်ထည့် လိုက်ရပါမည်။ Telex Station က သင် You Tube သို့ ဆက်သွယ်နေကြောင်း တွေ့ရှိပြီး ဆင်ဆာမရှိသော ဝက်ဘ်ဆိုက်အသွင်သို့ ပြောင်းပေး ပါလိမ့်မည်။ ဤနည်းဖြင့် သင်သည် You Tube အား ကြည့်နေရ လိမ့်မည့်ဖြစ်သော်လည်း ဆင်ဆာကို ကြည့်ရခြင်းဖြစ်သည်။ သင်သည် ပိတ်မထားသော ဝက်ဘ်ဆိုက်အား ကြည့်နေရသကဲ့သို့ ဖြစ်နေပါလိမ့်မည်။

Telex စနစ် အလုပ်ဖြစ်ရန် Internet Service Providers (ISP) များ၏ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း Halderman က နားလည်ထားသည်။ “ကျွန်တော်တို့က ဒီနည်းပညာကို အစိုးရအဆင့်က တုန့်ပြန်နိုင်တယ်ဆိုတာ နားလည်ပါတယ်၊ အစိုးရအဆင့် ဆင်ဆာတွေကလည်း အမြင်ကျယ်ဖို့လိုပါတယ်။ အစိုးရတွေက ISP တွေမှာ Telex ကို ထည့်ပေးဖို့ မက်လုံးတွေပေးဖို့ လိုပါတယ်” ဟု ယင်းက ဆိုသည်။

သို့သော်အကြမ်းဖက်သမားများနှင့် ဆိုးသွမ်းသူများက ပိတ်ထားသော ဝက်ဘ်ဆိုက်များသို့ Telex ကို သုံး၍ ဝင်ရောက်လျှင် မည်သည့်ကိစ္စရပ် တို့ ဖြစ်လာမည်နည်း။

“အကြမ်းဖက်သမားတွေဟာ သူတို့ကို ခြေရာမခံနိုင်တဲ့နည်းနဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ဖို့ ထိရောက်တဲ့ နည်းတွေ ရှိတာကတော့ ကံမကောင်း တာပါပဲ၊ သူတို့အတွက် Telex စနစ်ဟာ အလွန်လွယ်ကူလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု Halderman က ပြောကြားသွားသည်။

***************************************************

ဂျက်တိုက်လေယာဉ်ကိစ္စ ဆုံးဖြတ်ရန် နီးကပ်လာ၍ အမေရိကန်နှင့် တရုတ်တို့ ထိုင်ဝမ်အကြောင်း ဆွေးနွေး

(AFP သတင်းမှ 31 July 2011 ရက်စွဲပါ “US, China talk on Taiwan as jet-decision nears” ကို ဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ်သို့ ဂျက်တိုက်လေယာဉ်များ ရောင်းချရေးကိစ္စ ဆုံးဖြတ်ရန် နီးကပ်လာခြင်းကြောင့် အခြေအတင် အချင်းပွားမှုကို ရှောင်ရှားရန် ဝါရှင်တန်က ကြိုတင်အရေးယူ ဆောင်ရွက်လျက်ရှိပြီး အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ထိုင်ဝမ်နှင့် ပတ်သက်သည့် ထိပ်တန်းအဆင့် ဆွေးနွေးပွဲများကို သောကြာနေ့တွင် ပြုလုပ်ခဲ့ကြသည်။

တရုတ်ပြည်မ၏ စစ်အင်အား ရုတ်တရက် ကြီးထွားလာမှုသည် အခိုင်အမာခြေကုပ်ရနေပြီဟု စိုးရိမ်ပူပန်နေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံ ထိုင်ဝမ်က ကာလကြာမြင့်စွာကပင် တောင်းဆိုထားသည့် F 16 ဂျက်တိုက်လေယာဉ်များ ရောင်းချပေးရန်ကိစ္စကို အောက်တိုဘာ (၁) ရက် နောက်ဆုံး ထား၍ ဆုံးဖြတ်ရန်ရှိသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

ထိုင်ဝမ်ဆိုင်ရာ တရုတ်တာဝန်ရှိသူ ဝမ်ရီသည် အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Willian Burns နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါ တံခါးပိတ် အစည်းအဝေး၏ အစီအစဉ်အချို့တွင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဌာန တာဝန်ရှိသူ က ပြောကြားသည်။

ထိုင်ဝမ်သို့ အမေရိကန် လက်နက်များ ရောင်းချမှုကို တရုတ်နိုင်ငံက တသမတ်တည်း ကန့်ကွက်ဆန့်ကျင်ခဲ့ရခြင်း မှာ ယင်းကိစ္စသည် တရုတ်- အမေရိကန်ဆက်ဆံရေးကို လည်းကောင်း၊ တရုတ်နှင့် ထိုင်ဝမ် ဆက်ဆံရေး ငြိမ်းချမ်းစွာ တိုးတက်လာမှုကိုလည်းကောင်း၊ ထိခိုက်ပျက်စီးနေခြင်းကြောင့် ဖြစ်ကြောင်း ဝမ်ရီက အလေးထားပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဆိုသည်။

နှောင့်နှေးကြန့်ကြာနေသော ထိုင်ဝမ်နိုင်ငံ၏ လက်နက်လိုအပ်မှု အစီရင်ခံစာကို ထုတ်ပြန်ရန် ဝန်ကြီး ကလင်တန်က သဘောတူလိုက်ပြီး ဖိအားများကို လျှော့ချသွားသည်ဟု ပြောကြားလိုက်သော ဆီနိတ်တာ John Cornyn က ဒုတိယဝန်ကြီး အမည်စာရင်းတင်သွင်းခြင်း ဟန့်တားမှုကို ဖြေလျှော့ အပြီး ကြာသပတေးနေ့ကမှ Willian Burns က နိုင်ငံခြားရေးဌာန နံပါတ် (၂) အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂျက်တိုက်လေယာဉ်များကို ဆီနိတ်တာ Cornyn ၏ မဲဆန္ဒနယ် တက္ကဆပ်တွင် တည်ဆောက်မည် ဖြစ်သည်။ အထက်ပါ လက်နက် ရောင်းချခြင်းကို အဆောတလျှင် ဆောင်ရွက်ရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို ယခင်အပတ်က လွှတ်တော်နိုင်ငံခြားရေးကော်မတီတွင် ကန့်ကွက်မဲ မရှိ မဲပေးခြင်းဖြင့် အမေရိကန်လွှတ်တော်က ထိုင်ဝမ်ကို အခိုင်အမာထောက်ခံကြောင်း ပြသခဲ့သည်။

၁၉၄၉ ခုနှစ်က တရုတ်ပြည်မကို စွန့်လွှတ်ထွက်ပြေးသွားသည့် ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသားဝါဒီများ အောင်မြင်စွာ တည်ထောင် ထားသည့် ထိုင်ဝမ်နိုင်ငံကို တရုတ်ပြည်မ ကွန်မြူနစ် အာဏာပိုင်များက လိုအပ်ပါက အင်အားသုံးပေါင်းစည်းရမည့် ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုက ၁၉၇၉ ခုနှစ်တွင် ဘေဂျင်းကို ပြောင်းလဲ အသိအမှတ်ပြုခဲ့သော်လည်း တစ်ချိန်တည်းတွင် ထိုင်ဝမ်ကျွန်းကိုယ်ပိုင် ကာကွယ်ရေးအတွက် အမေရိကန်က လက်နက်ရောင်းချပေးမည့် ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေကိုပါ အတည်ပြုခဲ့သည်။ အမေရိကန်အစိုးရသည် တရုတ်နိုင်ငံကို တိုင်ပင်ညှိနှိုင်းခြင်းမပြုဘဲ ဆုံးဖြတ်ချက်ချမည်ဟု အဆိုပါ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

*************************************************

မြောက်ကိုရီးယား 'နျူ' ဆွေးနွေးပွဲ တည်ကြည်လေးနက်မှုရှိဟု ဝါရှင်တန်ထုတ်ဖော်

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ပြုလုပ်သော ဆွေးနွေးပွဲ ပထမနေ့သည် လွန်စွာတည်ကြည်လေးနက်မှု ရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင် စုက ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်သံတမန် Stephen Bosworth နှင့် မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေး ဝန်ကြီး Kim Kye gwan တို့သည် နယူးယောက်မြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ နျူကလီးယား ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။ အမေရိကန်အရာရှိကြီးများက အဆိုပါ ဆွေးနွေးပွဲ သည် စူးစမ်းလေ့လာမှုတစ်ရပ်ဖြစ်ပြီး မြောက်ကိုရီးယားအနေဖြင့် ခြောက်နိုင်ငံနျူကလီးယားဆွေးနွေးပွဲကို ပြန်လည်စတင်လိုသည့် ဆန္ဒအမှန် တကယ်ရှိ၊ မရှိဟူသောအချက်ကို ချင့်ချိန်ကြည့်သည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းပြောကြားသည်။

"ယနေ့ နျူကလီးယားဆွေးနွေးပွဲများသည် များစွာတည်ကြည်လေးနက်ပြီး ကျွမ်းကျင်လိမ္မာမှုများပြည့်နှက်လျက် ရှိသည်" ဟု အမေရိကန် ပြည်ထောင်စုက ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။ "မနက်ဖြန်တွင် အဆိုပါဆွေးနွေးပွဲ ပြန်လည် ကျင်းပသွားနိုင်ရန် ကြိုးစားသွားပါမည်" ဟုလည်း ပါဝင်သည်။

မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီးကမူ "ဆွေးနွေးပွဲအနေအထားကကောင်းမွန်ပါတယ်။ အပြုသဘော ဆောင်ပြီး စိတ်ဝင်စားစရာ လည်း ကောင်းပါတယ်။ ဆွေးနွေးပွဲမှာကျွန်တော်တို့ အထွေထွေအရေးကိစ္စတွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်" ဟု ပြောကြားသည်။ အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယားအား ၂၀၀၅ ခုနှစ်တွင်လက်မှတ်ရေးထိုးထားသော စာချုပ်စာတမ်းအတိုင်း လိုက်နာဆောင်ရွက်စေလိုသည်။ အဆိုပါ စာချုပ်အရ မြောက်ကိုရီးယား အနေဖြင့် စွမ်းအင်နှင့် စီးပွားရေးအကူအညီများရယူနိုင်ရန်အလို့ငှာ နျူကလီးယား အစီအစဉ်များကို ရပ်ဆိုင်းပေရမည် ဖြစ်သည်။

"ကျွန်ုပ်တို့ ကြိုးပမ်းနေသည့်အချက်မှာ ရှင်းရှင်းလင်းလင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်ရှိပါသည်။ မြောက်ကိုရီးယား အနေဖြင့် သူ၏ကတိကဝတ် အတိုင်း ပြုမူဆောင်ရွက်လာရေးသာဖြစ်သည်" ဟု အမေရိကန်ပြည်ထောင်စု ကြေညာချက်က ဆိုသည်။

"မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားဖြုတ်သိမ်းရေးအတွက် ခိုင်မာသောအဆင့်သို့ ရောက်အောင် ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်သည်" ဟု ဖော်ပြပါရှိသည်။ ခြောက်နိုင်ငံဆွေးနွေးပွဲတွင် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ၊ အမေရိကန်၊ ရုရှား၊ တရုတ်နှင့် ဂျပန်တို့ပါဝင်ပြီး ယင်းဆွေးနွေးပွဲသည် ၂၀၀၈ ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့ရသည်။

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံသည် ယမန်နှစ်က တောင်ကိုရီးယားလူမျိုး ၅၀ ဦးသေဆုံးစေခဲ့သည့် တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ရသည်။

****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment