Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၈.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာကလေးသူငယ် စစ်သားဖြစ်ခဲ့သူ အမေရိကန် ကွန်ဂရက်တွင် ရှင်းလင်းထွက်ဆိုမည်

(Huftington Post မှ 2 August 2011 ရက်စွဲပါ HRAC ထူထောင်သူ Jack Healey ၏ “Former Burmese child soldier to speak in congress” ကို ဘာသာပြန်ဆိုသည်)

ကျွန်တော့်အသက် ၁၄ နှစ် အရွယ်လောက်က ကိစ္စတွေကို အနည်းအကျဉ်းပြန်သတိရမိတာ ရှိပါတယ်။ အဲဒီအချိန်က ကျွန်တော်က အထက် တန်းကျောင်းမှာ ကျောင်းသားသစ်တစ်ယောက်ဖြစ်ပြီး စာသင်ခန်းထဲမှာကော အပြင်မှာပါ ဆူညံဆူညံဖြစ်အောင် လုပ်တတ်တဲ့ ကျွန်တော့် အပြုအမူကို ဆရာမတွေ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်လာတာကြောင့် နောက်ဆုံး ကျောင်းအုပ်ကြီးရုံးခန်းကို ရောက်သွားရတာ အံ့ဩစရာမရှိပါဘူး။ အဲဒီစာသင်နှစ် ဟာ ပျော်စရာကောင်းတဲ့နှစ်လို့ ကျွန်တော် မှတ်မိနေပေမဲ့ ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်တော့်အတွက် ထူးထူးခြားခြား အရေးပါတာ မဖြစ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့အပတ်ထဲမှာတော့ သူ့ရဲ့ ၁၄ နှစ်အရွယ်ဘဝ တစ်ခုလုံးကို သဲသဲကွဲကွဲ ပြက်ပြက်ထင်ထင် သတိရလာပါတယ် ဆိုတဲ့ သူတစ်ယောက်ဖြစ်တဲ့ ဟိန်းမင်းအောင်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဟိန်းမင်းအောင်ဟာ အရင်က မြန်မာကလေးသူငယ် စစ်သားတစ်ယောက် ဖြစ်ခဲ့ပြီး လောလောဆယ် Human Right Action Center ရဲ့ ဖိတ်ကြားမှုအရ မြန်မာအစိုးရစစ်တပ် မှာတုန်းက သူ့ရဲ့အတွေ့အကြုံတွေကို ကွန်ဂရက်မှာ ပြောကြားဖို့ အတွက် ကမ္ဘာတစ်ပတ်ရဲ့ ထက်ဝက်လောက်ခရီးကို လေကြောင်းနဲ့ လာရဲလောက်အောင် သတ္တိရှိတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။

ဟိန်းမင်းအောင် အသက် ၁၄ နှစ်အရွယ်မှာ စစ်တပ်ထဲကို အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်ပြီး အရပ်သားတွေကို သေနတ်နဲ့ပစ်ဖို့၊ နှိပ်စက်ညှဉ်းပန်းဖို့၊ အတင်းအကြပ်ခိုင်းလို့ တပ်က ထွက်ပြေးလာတဲ့အချိန်မှာ သူ့အသက်က ၁၆ နှစ်လောက်ပဲ ရှိပါသေးတယ်။

မြန်မာစစ်တပ်ထဲက အတွေ့အကြုံတွေကို ကွန်ဂရက်မှာ ပြောခိုင်းဖို့အတွက် ဟိန်းမင်းအောင်ကို ခေါ်ယူတဲ့ စီမံချက်ဟာ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ကျွန်တော်နဲ့ ကျွန်တော့်တပည့်အလုပ်သင် Grace Powell တို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးညှဉ်းပန်းမှုတွေကို ထိုင်ပြီး ဆွေးနွေးကြရာ ကနေ စတင်ခဲ့တာပါ။ Human Right Action Center (HRAC) မှာ အလုပ်သင်ဆင်းနေတုန်းမှာ ဘယ်ကိစ္စကို အထူးသီးသန့် လေ့လာမလဲလို့ ရွေးချယ်ခိုင်းတဲ့အခါ မြန်မာကလေးသူငယ် စစ်သားတွေ ကိစ္စကို ပစ်မှတ်ထား လေ့လာဖို့ Grace က ရွေးချယ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ဘယ်လိုနိုင်ငံမျိုးထက်မဆို ကလေးသူငယ် စစ်သားတွေပိုပြီး များတယ်လို့ ဖော်ပြထားတဲ့ Human Right Watch ရဲ့ အစီရင်ခံစာကြောင့် Grace အခုလို စိတ်အားထက်သန်လာတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဂရက်မှာ ပိုပြီး များများသိလာအောင် လုပ်ပါလို့ ကျွန်တော်က Grace ကို အကြံပေးခဲ့ပါတယ်။ အဲဒီနောက် ၂ နှစ် အကြာ မှာတော့ HRAC ဟာ ဟိန်းမင်းအောင်ကို ဝါရှင်တန်ကို ဖိတ်ခေါ်လိုက်ပြီး ကွန်ဂရက်လွှတ်တော်မှာ သတင်းအချက်အလက် ရှင်းလင်း ထွက်ဆိုဖို့ အတွက် သူ့ကို ဝိုင်းဝန်း ပြင်ဆင်ပေးနေပါတယ်။ ဒီပွဲပြီးရင် အထက်လွှတ်တော် ဆီးနိတ်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီက အရာရှိတွေဆီကိုလည်း သွားရောက် ပြောကြားရမှာ ဖြစ်ပါတယ်။

ဟိန်းမင်းအောင်ဟာ VOA၊ BBC မြန်မာပိုင်း၊ RFA အသံလွှင့်ဌာနတွေနဲ့ အင်တာဗျူးတွေ လုပ်ပြီးသွားလို့ အခု DVB နဲ့ နောက်ထပ်တစ်ခု လွှင့်ဖို့ စီစဉ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာ ဟိန်းမင်းအောင်ဟာ ဝါရှင်တန်က ရှုခင်းတွေ လိုက်ကြည့်ရင်း အုပ်စုသေးပေမဲ့ အရမ်းတက်ကြွတဲ့ ဝါရှင်တန်က မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံရင်း အချိန်တွေ ကုန်ခဲ့ပါတယ်။

အသက် ၁၄ နှစ် အရွယ်မှာ စစ်တပ်ထဲကို အဓမ္မခေါ်ဆောင်ခဲ့တဲ့ အကြောင်း အသေးစိတ် ပြောရမယ့် ရှင်းလင်းပွဲ နှစ်ခုစလုံးအတွက် ထွက်ဆိုချက်ကို ဟိန်းမင်းအောင်ပြင်ဆင်ထားပြီးပါပြီ။ လေ့ကျင့်ရေးစခန်းမှာ နေခဲ့ရတဲ့အချိန်တွေ၊ သူ့အထက်က လူတွေရဲ့လက်ထဲမှာ နှိပ်စက်ခံရပုံတွေ၊ တိုက်ပွဲနဲ့ ပထမဆုံး ကြုံတဲ့အချိန်မှာ ထိတ်လန့်ကြောက်ရွံ့ခဲ့ပုံတွေကို ဟိန်းမင်းအောင်က ရှင်းလင်းပြောကြားမှာပါ။ မြန်မာအစိုးရစစ်တပ်က မြန်မာ အရပ်သား တွေအပေါ် ကျူးလွန်တဲ့ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ ထိုင်းနိုင်ငံကို သူထွက်ပြေးလွတ်မြောက်ခဲ့ပုံတွေကိုလည်း ပြောပြဖို့ သူက စီစဉ်ထားပါ တယ်။ အဲဒီကနေ ဒုက္ခသည်စခန်းကို ရောက်သွားရပုံနဲ့ နယူးဇီလန်ကို ရွှေ့ပြောင်းနေထိုင်ဖို့ သူ့အတွက် ဘယ်လောက် ခက်ခဲခဲ့ရတယ် ဆိုတာကိုလည်း ဆက်လက် ပြောမှာဖြစ်ပါတယ်။

သူ့ရဲ့ ထွက်ဆိုချက်ကြောင့် မြန်မာနိုင်ငံမှာ ဒီနေ့အထိ စစ်တိုက်နေရတဲ့ တခြား ကလေးသူငယ် စစ်သား ၇ သောင်းနီးပါးရဲ့ အခက်အခဲ ဒုက္ခတွေ ကို ကမ္ဘာက ပိုပြီး သိလာလိမ့်မယ်လို့ ဟိန်းမင်းအောင်က မျှော်လင့်ထားပါတယ်။

ဝါရှင်တန်ကို အခုလို လာဖို့အတွက် ကမ္ဘာတစ်ပတ်ရဲ့ ထက်ဝက်လောက် ခရီးကို လာခဲ့ရတာ ဘယ်လို ခံစားရသလဲလို့ သူ့ကို မေးတဲ့အခါ နည်းနည်းတော့ ကြောက်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ရဲ့ ပြည်သူတွေအတွက် ကျွန်တော်ဒီကိစ္စကို လုပ်နေတာပါ။ ဒီတော့ သူတို့ အတွက် ဒီခရီးကို လာကို လာရပါမယ် လို့ ဟိန်းမင်းအောင်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။

*************************************************

တရုတ်စစ်သင်္ဘောများ မြောက်ကိုရီးယားသို့ ချစ်ကြည်ရေးခရီးလည်ပတ်

(Associated Press မှ 2 August 2011 ရက်စွဲပါ “Chinese warships visit N.Korea on Goodwill visit” ကို ဘာသာ ပြန်ဆိုသည်)

ဘေကျင်းနှင့် ပြုံယမ်း မဟာမိတ်နှစ်နိုင်ငံအကြား နှစ် ၅၀ မြောက် ချစ်ကြည်မှုအတွက် အထိမ်းအမှတ်ခရီးအဖြစ် မြောက်ကိုရီးယားဆိပ်ကမ်းသို့ တရုတ် စစ်သင်္ဘော ၂ စီး ဆိုက်ကပ် လည်ပတ်လျက် ရှိသည်။

မြောက်ကိုရီးယားအရှေ့ဖက် ကမ်းရိုးတန်း ဝန်ဆမ်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် တရုတ်စစ်သင်္ဘောများကို မြောက်ကိုရီးယား ပြည်သူများ နှင့် စစ်သားများက ကြိုဆိုနှုတ်ဆက်နေသည့် သတင်းရုပ်ပုံများကို Associated Press ၏ ကြာသပတေးနေ့ ရုပ်သံသတင်းများတွင် ပြသခဲ့သည်။

တရုတ်ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး တန်ဇောင်နှင့် မြောက်ကိုရီးယားရေတပ် ဗိုလ်ချုပ်ကြီး ကင်မြောင်ဆစ်တို့ နှစ်ဦး အပြန်အလှန် လက်ဆောင် များ လဲလှယ်ကာ ကွယ်လွန်သူ မြောက်ကိုရီးယား သမ္မတ ကင်အီဆွန်း၏ ရုပ်တုရှေ့တွင် ပန်းစည်းများ ချကာ ဂါရဝ ပြုခဲ့ကြသည်ဟု သိရှိရသည်။

ထို့နောက်တွင် ရေတပ်ဗိုလ်ချုပ်များက မြောက်ကိုရီးယား ရေတပ်ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး စုဝေးခေါ်ယူထားသော လူအုပ်က စစ်သင်္ဘောများကို ကြိုဆိုကာ ချစ်ကြည်ရေး ဟူသော စကားလုံးကို ကြွေးကြော်ခဲ့ကြ သည်ဟု ဆိုသည်။

တန်ဇောင်သည် တရုတ်မြောက်ပိုင်း ရေတပ်ဖွဲ့၏ အကြီးအကဲ တပ်မှူးဖြစ်သည်။

*******************************************

ကမ္ဘောဒီးယား ဆန်တင်ပို့ရောင်းချမှု ထိုင်း၊ ဗီယက်နမ်တို့နှင့်အပြိုင်မြင့်တက်

(Oryza News ကိုဘာသာပြန်ဆိုသည်)

စပါးအထွက်နှုန်းအထူးကောင်းမွန်ခြင်း နှင့် ဆန်အရည်အသွေး တိုးတက်ကောင်းမွန်လာခြင်း အစရှိသည် တို့ကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥပရောပအပါအဝင် အခြားသောဈေးကွက်များသို့ ကမ္ဘောဒီးယား ဆန်တင်ပို့မှုမှာ မြင့်တက်လျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခု ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဥရောပဈေးကွက်များနှင့် အခြားသော နိုင်ငံများသို့ ကြိတ်ခွဲပြီး ဆန်တန်ချိန် ၈၀၄၄၂ တန် တင်ပို့ရောင်းချနိုင်ခဲ့သည်။ ယမန်နှစ်က အလားတူ ကာလအတွင်း ဆန်တန်ချိန် ၁၇၁၄၄ တန်တင်ပို့နိုင်ခဲ့ရာမှ ယခုလိုမြင့်တက်လာခြင်းဖြစ်သည်။

အမေရိကန်ဈေးကွက်သို့ ဆန်တင်ပို့သော ကမ္ဘောဒီးယားကုန်သည်တစ်ဦးက "ယခင်တုန်းက အမေရိကန်ပြည်ထောင်စု ဈေးကွက်ကို ကမ္ဘောဒီးယား ဆန်တွေတင်ပို့ဖူးပါတယ်။ ဒါပေမဲ့ ကနဦးတင်ပို့မှုတွေ ပြုလုပ်ပြီး နောက်ပိုင်း ကုမ္ပဏီတွေက ဆန်အရည်အသွေးကောင်းမွန်အောင် ဆက်လက် မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ အဲဒီတော့ Customer တွေက Complain တက်လာကြတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီတွေလည်း ဆက်မလုပ်ကြ တော့ပါဘူး။ ဒါပေမဲ့ အခုတော့ နောက်ဆုံးပေါ်အဆင့်မြင့်ခေတ်မီနည်းပညာသုံး စက်တွေနဲ့ သီးနှံမျိုးကောင်းမျိုးသန့်တွေရှိလာတဲ့ အတွက်ကြောင့် ကမ္ဘောဒီးယား ဆန်အရည်အသွေးကို ကျွန်တော်တို့အာမခံနိုင်ပြီဖြစ်ပါတယ်"  ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင် အမေရိကန်ပြည်ထောင်စုသို့ ကမ္ဘောဒီးယားဆန်တင်ပို့သော ကုမ္ပဏီသုံးခုသာရှိသေးပြီး ၎င်းတို့က အမေရိကန် ပြည်ထောင်စု စားနပ်ရိက္ခာနှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့၏ တင်းကြပ်သော စံချိန်စံနှုန်းများနှင့် ကိုက်ညီအောင်မဖြစ်မနေ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုကြသည်။ ထိုကုမ္ပဏီသုံးခုကတင်ပို့သော ဆန်များကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား၊ မာဆက်ချူးဆက်၊ ရိုဒီအိုင်လန်နှင့် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်များမှ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိကြောင်း၊ အနာဂတ်ကာလတွင် အမေရိကန်ပြည်ထောင်စုသို့ ပိုမိုတင်ပို့နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ၎င်းတို့ကဆိုသည်။

ကမ္ဘောဒီးယားတွင် ယခုနှစ်အတွက် ပြည်ပသို့ဆန်တင်ပို့ရန် ဆန်စပါးတန်ချိန် ၃ ဒဿမ ၉ သန်း သို့မဟုတ် ကြိတ်ခွဲပြီးဆန်တန်ချိန် ၂ ဒဿမ ၅ သန်း ခန့်ရှိကြောင်း အစိုးရအေဂျင်စီဖြစ်သော Camcontrol ကဆိုသည်။

ကမ္ဘောဒီးယားဆန် ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရန် စပါးရိတ်သိမ်းသည့်အဆင့်မြင့်နည်းပညာအတွက် ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း အဆိုပါအေဂျင်စီက ဆိုသည်။ သမိုင်းကြောင်းကိုကြည့်လျှင် ကမ္ဘောဒီးယားဆန်များကို ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသို့တင်ပို့ပြီး ထိုမှ တစ်ဆင့် ပြည်ပဈေးကွက်သို့ တရားမဝင်တင်ပို့ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘောဒီးယားက တရားဝင်ဆန်တင်ပို့ခဲ့သည့် တန်ချိန်စုစုပေါင်းမှာ တစ်သန်းခန့် ရှိသော်လည်း လေ့လာဆန်းဆစ်သူများက တရားမဝင် တင်ပို့သည့်ဆန်တန်ချိန်မှာ ပို၍ပင်များပြားကြောင်းပြောဆိုကြသည်။

ကမ္ဘောဒီးယားသည် ပြိုင်ဘက်ဆန်တင်ပို့သည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆန်စပါးထုတ်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံကောင်းများ နည်းပါးလျက်ရှိပြီး ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်ပို့သည့် ထိုင်းနှင့် ဗီယက်နမ်နှစ်နိုင်ငံ အကြား ပိတ်မိနေသလိုဖြစ်နေသည်။ ထိုင်းသည် နှစ်စဉ် ဆန်တန်ချိန် ၁၀ သန်းခန့် တင်ပို့ ရောင်းချလျက်ရှိပြီး ဗီယက်နမ်၏ နှစ်စဉ်ဆန်တင်ပို့မှုမှာ တန်ချိန် ၇ သန်းခန့်ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏တရားဝင်ခန့်မှန်းချက်အရ ကမ္ဘောဒီးယားတွင်ထွက်ရှိသည့် ဆန်စပါးတန်ချိန် ၈ ဒဿမ ၅ သန်းခန့်မှ ကြိတ်ခွဲထုတ်လုပ်သော ဆန်တန်ချိန်မှာ ၆ ဒဿမ ၆ သန်းတန်ခန့်ရှိကြောင်းသိရသည်။ ကမ္ဘောဒီးယား၏ နှစ်စဉ် ပြည်တွင်းဆန်စားသုံးမှုပမာဏမှာ တန်ပေါင်း ၂ သန်းခန့်ဖြစ်သည်။ အဓိက အများဆုံးစိုက်ပျိုးသော မိုးစပါးရိတ်သိမ်းမှုမှာ ဖေဖော်ဝါရီလတွင်အဆုံးသတ်ပြီး ပမာဏအနည်းငယ်သာစိုက်သည့် နွေစပါးရိတ်သိမ်းမှုမှာ မေလတွင် ပြီးဆုံးသည်။

*****************************************

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးမြှင့်တင်ရန် သဘောတူ

(The Daily Star မှသတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်သွားရန် ဘင်္ဂလားဒေ့ရှ်ပူးတွဲကုန်သွယ်ရေး ကော်မရှင်နှင့် မြန်မာနိုင်ငံတို့ သဘော တူညီလိုက်ပြီဖြစ်ကြောင်း Daily Star သတင်းစာကရေးသားဖော်ပြသည်။

ကျယ်ပြန့်သော အရောင်းအဝယ်ကိစ္စအဝဝကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ပြီး နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ စီးပွားရေးမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ Sayed Mahmudul Huq က အိမ်နီးချင်းနှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅၀၀ အထိမြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း၊ လက်ရှိအနေအထားတွင် နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ သန်း ၁၆၀ ဖြစ်ကြောင်း ပြောကြားသည်။ မစ္စတာ Sayed Mahmudul Huq သည် မြန်မာနိုင်ငံ၊ မြို့တော်သစ် နေပြည်တော်တွင် ဇူလိုင်လ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပ ပြုလုပ်သော ငါးကြိမ်မြောက်ကုန်သွယ်ရေး ကော်မရှင်အစည်းအဝေးသို့တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့တက်ရောက်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ghulam Hussain ကဦးဆောင်ပြီး ဆွေးနွေးပွဲတွင် အခြားသောအစိုးရအရာရှိကြီး အချို့နှင့် ပုဂ္ဂလိကစီးပွားရေးစွန့်ဦးတီထွင်သူများက ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေး မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကုန်ပစ္စည်းတင်ပို့မှုတစ်ခုအတွက် ပို့ကုန်တန်ဖိုးအမြင့်ဆုံး သတ်မှတ်မှုကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၅၀၀၀၀ ထိ တိုးမြှင့် သတ်မှတ်ရန် နှစ်နိုင်ငံစလုံးကသ ဘောတူညီခဲ့ကြသည်။ အဆိုပါဆုံးဖြတ်ချက်သည် သြဂုတ်လ ၁ ရက်နေ့မှ စတင်သက်ဝင်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းသူများသည် ပမာဏကြီးမားများပြားသော ကုန်ပစ္စည်းများအတွက် ငွေပေးချေရာတွင် နိုင်ငံခြားဘဏ် များက ထုတ်ပေးသည့်ငွေလွှဲ လက်မှတ်ဖြင့် တတိယနိုင်ငံတစ်နိုင်ငံသို့ ပေးပို့ကာ ငွေချေလျက် ရှိကြသည်။

"ကျွန်တော်တို့ကုန်သွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကွာဟချက် ကျဉ်းမြောင်းလာရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ဂျုံ၊ စပါးအစရှိတဲ့နှံစားသီးနှံများအပါအဝင် ပုဂ္ဂလိကအခန်းကဏ္ဍလုပ်ဆောင်မှုအောက်မှာရှိတဲ့ ထုတ်ကုန်ပစ္စည်းများ ကုန်သွယ်မှုမြှင့်တင်ရေး နဲ့ အဆင်ပြေ ချောမွေ့စေရေး အစရှိတာတွေကိုဆွေးနွေးခဲ့ကြတာပါ" ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

ထို့ပြင် ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ စီးပွားရေးအရာရှိကြီးများက Asian Clearing Union ငွေပေးချေမှုစနစ်ဖြင့် ကျယ်ပြန့်သော အရောင်းအဝယ် လုပ်ငန်း ကိစ္စအဝဝအား မည်သို့မည်ပုံလုပ်ကိုင်ဆောင်ရွက်မည်ဟူသောအချက်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု အဆိုပါဝန်ကြီးဌာန၏ အဆိုအရသိရသည်။ ကမ်းရိုးတန်းဒေသရေကြောင်းသွားလာမှု ဆိုင်ရာ ပူးတွဲကော်မတီတစ်ရပ်ကိုလည်း ဆွေးနွေးပွဲ၌ ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။ ယင်းရေကြောင်းသွားလာမှု ကော်မတီသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွင်ပါ အခြေစိုက်မည်ဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရေကြောင်း သွားလာမှု လမ်းကြောင်းများ သတ်မှတ်ဖော်ထုတ်ခြင်း၊ နှစ်နိုင်ငံအကြား ကုန်စည်သယ်ဆောင်မှုပြုမည့် သင်္ဘောလိုင်းများ ကုန်စည်အတင်၊ အချပြု လုပ်နိုင်မည့် ဆိပ်ကမ်းနေရာများသတ်မှတ်ပေးခြင်း အစရှိသည်တို့ကို တာဝန်ယူလုပ်ကိုင်သွားမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf မြို့နှင့် မြန်မာနိုင်ငံ၊ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ နယ်စပ်ဒေသမြို့ဖြစ်သော မောင်းတောတို့၌ ကြီးမား ကျယ်ပြန့်သော လက္ကားဈေးကွက်များဖြစ်ပေါ်လာရေးအတွက် အလားအလာများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်းများစွာရှိသည့်အားလျော်စွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စွန့်ဦးတီထွင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအခန်းကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံကြရန် မြန်မာအစိုးရက ဆွေးနွေးပွဲတွင်တိုက်တွန်းခဲ့သည်။ ထိုသို့လုပ်ကိုင်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ဖြစ်ထွန်းစေမည့် လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ ရည်းမှန်းချက်အဖြစ် ဘင်္ဂလားဒေ့ရှ်စွန့်ဦးတီထွင်သမားများကို နှစ်ရှည်လယ်ယာမြေငှားရမ်းခွင့် ပြုသွားရန် အသင့် ရှိကြောင်း မြန်မာအစိုးရကဆိုသည်။

*******************************************

အာဆီယံ ပါလီမန်များ ထိပ်သီးအစည်းဝေး လာမည့်လတွင် ကမ္ဘောဒီးယား လက်ခံ ကျင်းပမည်

(3 Aug 2011 ရက်စွဲပါ  Xinghu ၏ Cambodia to host ASEAN parliamentary summit next month ကို ဘာသာ ပြန်ဆိုသည်)

                ကမ္ဘောဒီးယားသည် စက်တင်ဘာ 18- 24 တွင် ပြုလုပ်မည့် (32) ကြိမ်မြောက် General Assembly of ASEAN Inter- Parliamentary (AIPA) တွေ့ဆုံပွဲ ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး ဒေါ်လာ (1.5) သန်း သုံးစွဲမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ပါလီမန် အမတ်တစ်ဦးက အင်္ဂါနေ့က ပြောသည်။

                ကမ္ဘောဒီးယား အမျိုးသားပါလီမန် ၏ စီးပွားရေး၊ ဘဏ္ဍာရေး၊ ဘဏ် နှင့် စာရင်းစစ် ကော်မရှင် ဥက္ကဌ ဖြစ်သူ Cheam Yeap က ပြောကြားရာ တွင် ထိပ်သီး အစည်းအဝေး ကာလ တွင် လုံခြုံရေး အတွက် လုံခြုံရေး အင်အား (3000) ကျော် တာဝန် ချထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

                အစည်းအဝေး အစီအစဉ် မူကြမ်းများအရ လာမည့် AIPA တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် အမျိုးသမီးရေးရာ၊ ရွှေ့ပြောင်းလုပ်သားများ ၏ ရပိုင်ခွင့်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် ASEAN အဖွဲ့ဝင်များ အကြား အားကောင်းစွာ ပူးပေါင်းဆောင်ရွက်ရေး နှင့် ဆက်ဆ့ရေး အတွက် ဆွေးနွေးကြမည် ဟု သိရသည်။

******************************************

ဂျပန် အစိုးရ ယန်းငွေ လဲလှယ်မှုတွင် ဝင်ရောက် ကိုင်တွယ်

( 4 Aug 2011 ရက်စွဲပါ CNN News မှ Japan’s government moves to intervene in the Yen ကို ဘာသာ ပြန်ဆိုသည်)

                ဂျပန်အစိုးရသည် တစ်နှစ်အတွင်း တတိယ အကြိမ် အဖြစ် ၎င်း၏ ငွေကြေး ဖြစ်သော ယန်း (Yen) ငွေပေါ်တွင် ဝင်ရောက် ကိုင်တွယ်မှု ပြုခဲ့သည် ဟု ဂျပန် ဘဏ္ဍာရေးဝန်ကြီး ၏ အဆိုအရ သိရှိရသည်။

                “ဂျပန်ဟာ ဆူနာမီ ဒေသမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေပါတယ်။ တကယ်လို့ ယန်းငွေဟာ ဆက်ပြီး တန်ဖိုးတက်နေရင် ဂျပန် စီးပွားရေးနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို အနုတ်လက္ခဏာ ဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာပါမယ်” ဟု ဂျပန် ဘဏ္ဍာရေးဝန်ကြီး Yoshihiko Noda က သတင်းထောက်များ သို့ ပြောကြားခဲ့သည်။ “ဒါကြောင့် အစိုးရ က ငွေကြေးဈေးကွက်ကို ဝင်ရောက်စွက်ဖက်ရတာပါ။ ကျွန်တော်တို့ဟာ ငွေကြေးဈေးကွက်ရဲ့ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်ပါ့မယ်” ဟု ၎င်းက ပြောသည်။

                ကြေညာချက်အပြီး မိနစ် အနည်းငယ်အကြာတွင် Nikkei စတော့ ညွှန်းကိန်းသည် ပွိုင့် 100 ထိုးတက်သွားခဲ့ပြီး၊ ယန်းငွေသည် ဒေါ်လာထက် အားနည်းသွားခဲ့သည်။

                Bank of Japan က အဆိုပါ လှုပ်ရှားမှုအတွက် သတင်းထုတ်ပြန်ချက်ဖြင့် တုန့်ပြန်ခဲ့ရာ၊ ၎င်းအနေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံခြားငွေ လဲလှယ်မှု ဈေးကွက်ကို ဝင်ရောက် ကိုင်တွယ်ခြင်းသည် ဈေးကွက်အတွင်း ဈေးနှုန်းဖွဲ့စည်းပုံ တည်ငြိမ်ရေးကို အထောက်အကူ ပြုမည်ဟု ပြင်းပြစွာ မျှော်လင့်သည်ဟု ဆိုသည်။

                ဂျပန်နိုင်ငံ ၏ စီးပွားရေးသည် မတ်လ (၁၁) ရက် ငလျင်၊ ဆူနာမီ နှင့် နျူကလီယာ ပြဿနာများ အပြီးတွင်လည်း ဆက်လက် ရုန်းကန် ရလျက် ရှိပြီး အမေရိကန် ဒေါ်လာ ဈေးကျမှုကြောင့် ပြင်းထန်စွာ အထိနာခဲ့ပါသည်။ အမေရိကန် ၏ ကြွေးမြီ ပြဿနာများ ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် တွင်လည်း မသေချာမှုများ ရှိနေရာ ယန်းငွေ ဖြင့် လဲလှယ်ရာတွင် ဒေါ်လာ တန်ဖိုး ကျစေပါသည်။

                ဂျပန် ကား ထုတ်လုပ်သူများ နှင့် လျှပ်စစ်ကုမ္ပဏီများ က ဒေါ်လာ ကျဆင်းနေမှုကြောင့် ငွေကြေးလဲလှယ်ရာတွင် ၎င်းတို့၏ ရှယ်ယာ အမြတ်ငွေများ ဆုံးရှုံးသွားကြောင်း ရှုမြင် နေကြပြီ ဖြစ်သည်။ ဂျပန် မှ ပို့ကုန် တင်ပို့ သူများသည် ကမ္ဘာဈေးကွက် တွင် အမေရိကန် ဒေါ်လာဖြင့် လည်ပတ်ကြရသော်လည်း၊ ဂျပန်နိုင်ငံတွင်း တွင်မူ ယန်းငွေ လဲလှယ် အသုံးပြုကြရသည်။ JP Morgan Japan က ခန့်မှန်းရာတွင် ပြီးခဲ့သည့် ရက်သတ္တပတ် ( ၆ ) ပတ် အတွင်း အမေရိကန် ဒေါ်လာ ထိုးဆင်းမှုကြောင့် ရှယ်ယာ အမြတ်ငွေ ခန့်မှန်း 5% ခန့် ကျဆင်း ခဲ့သည် ဟု ဆိုသည်။

                အပြင်းထန်ဆုံး ထိခိုက်သူမှာ ကမ္ဘာ့အကြီးဆုံး ကား ထုတ်လုပ်သူ တိုယိုတာ ဖြစ်သည်။ တိုယိုတာ က ခန့်မှန်းရာတွင် ဒေါ်လာ နှင့် လဲလှယ်ရာတွင် ယန်း ( 1 ) ယန်း ဈေးတက်တိုင်း ခန့်မှန်းခြေ ဒေါ်လာ ( 385 ) သန်း ရှုံးမည် ဟု ဆိုသည်။ အဆိုပါ တွက်ချက်မှု ကို အခြေခံလျှင် ဇူလှိုင်လ တွင် တိုယိုတာ ကုမ္ပဏီသည် ငွေကြေး လဲလှယ်မှု တစ်ခုတည်းပေါ်မှ ဒေါ်လာ (1) ဘီလီယံကျော် ရှုံးမည် ဖြစ်သည်။

                တိုယိုတာ မော်တော် ကော်ပိုရေးရှင်း သည် ယခုအပတ် တွင် 2012 ဘဏ္ဍာနှစ် ပထမ လေးလပတ် ဝင်ငွေ ကို ကြေညာခဲ့ရာ၊ ဤ ငွေကြေး လဲလှယ်မှု နှုန်းထားဖြင့် ဆက်လက် ရှင်သန် ရန် မလွယ်ကြောင်း ပြောသည်။ အကြီးတန်း စီမံခန့်ခွဲရေး အရာရှိ Takahiko Ijichi က ပြောကြားရာတွင် “ အမြဲတမ်း ပြောင်းနေတဲ့ ငွေကြေား လဲလှယ်မှုနှုန်း အပေါ်မှာ လိုက်လျော ညီထွေ ရှင်သန်ဖို့ဆိုတာ ကျွန်တော်ရဲ့ ကံပါပဲ၊ ဒါပေမယ့် ဒီအခြေအနေမှာ တစ်ဒေါ်လာ ကို ယန်း ( 80 ) ကနေ ( 76 ) ယန်း ထိ တက်လာတော့၊ ကျွန်တော်တို့ ပို့ကုန် တင်ပို့သူတွေ ဟာ အလွန်တစ်ရာ ခက်ခဲပြီး လုပ်ရ ကိုင်ရ ကြပ်လာပါပြီ ” ဟု ဆိုသည်။

*******************************************

မဲခေါင်မြစ်၏ GMS အဖွဲ့ဝင် ခြောက်နိုင်ငံ ဗီဇာ တစ်ခုတည်း စနစ်အတွက် ရည်ရွယ်

(3 Aug 2011 ရက်စွဲပါ Philippine Star မှ GMS member countries deliberate on introduction of single visa for (6)countries ကို ဘာသာ ပြန်ဆိုသည်)

                မဲခေါင်မြစ်၏ Greater Mekong Subregion ( GMS ) အဖွဲ့ဝင် ခြောက်နိုင်ငံ ဖြစ်သော တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ထိုင်းနိုင်ငံ တို့သည် ယခုနှစ် တွင် မြန်မာနိုင်ငံ ၌ ကျင်းပမည့် GMS ခရီးသွား ပြပွဲ တွင် အဖွဲ့ဝင် နိုင်ငံများ အတွက် ဗီဇာ တစ်ခုတည်း စနစ်ကို စတင် ကျင့်သုံးနိုင်ရန် ဆွေးနွေးမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်း မှ သတင်း အရ ဗုဒ္ဓဟူးနေ့ က သိရှိရသည်။

                ခရီးသွားပြပွဲ ကို GMS ၏ ခရီးသွား လုပ်ငန်းအဖွဲ့ က ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး မဲခေါင်မြစ်ဝှမ်း နိုင်ငံများ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် ၏ အစိတ်အပိုင်း အဖြစ် ခရီးသွား ကဏ္ဍ တိုးတက်ရန် ရည်ရွယ်၍ ရှေးဟောင်းမြို့တော် ပုဂံ တွင် ကျင်းပမည် ဖြစ်သည်။

                ခရီးသွားပြပွဲနှင့် အတူ ( 4500 ) ရှည်သော မဲခေါင်မြစ် သည် တရုတ်နိုင်ငံ Qinghai တွင် အစပြုပြီး မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ တို့ကို ဖြတ်သန်း စီးဆင်းပြီး တောင်တရုတ်ပင်လယ် သို့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ အနီး မှ စီးဝင်ပါသည်။

                မြန်မာနိုင်ငံ သည် GMS အဖွဲ့ဝင် ခြောက်နိုင်ငံ ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး၊ အခြား အဖွဲ့ဝင်များ နှင့် ပိုမိုနီးကပ်သော စီးပွားရေး ဆက်ဆံမှုများ ရှိရန် လုပ်ကိုင်လျက် ရှိသည်။

                2011 ခုနှစ် ၏ ပထမ လေးလ တွင် မြန်မာနိုင်ငံ သို့ ကမ္ဘာလှည့် ခရီးသည် ( 140,000 ) လာရောက်ခဲ့ကြောင်း ကိန်းဂဏန်းများ အရ သိရှိရပြီး၊ 2010 ခုနှစ် က ယခုကဲ့သို့ အချိန်မျိုးတွင် ( 109,000 ) ဦးသာ လာရောက်ခဲ့ရာ ( 30,000 ) ပိုမို လာရောက်ခဲ့သည်။

                ကမ္ဘာလှည့် ခရီးသည် အများစု မှာ ရန်ကုန်၊ မန္တလေး နိုင်ငံတကာ လေဆိပ်များ မှတဆင့် လာရောက်ကြပြီး မူဆယ် နှင့် တာချီလိတ် နယ်စပ်များ မှ လည်း လာရောက်ကြသည်။

                မြန်မာနိုင်ငံသို့ တရုတ်ပြည် မှ ခရီးသည်များ အများဆုံး လာရောက်ပြီး၊ ဂျာမနီ၊ စပိန်၊ နော်ဝေ၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် အိန္ဒိယတို့က အစဉ်လိုက် လာရောက်ခဲ့ကြသည်။

*******************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment