Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၉.၈.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာအတိုက်အခံ ခေါင်းဆောင် လာမည့်အပတ် နိုင်ငံရေးခရီး ထွက်ရန် စီစဉ်

(Monsters and Critics မှ 7 Aug 2011 ရက်စွဲပါ “ Myanmar Opposition Leader plans political trip next week ” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမအား မြန်မာအစိုးရက နိုင်ငံရေးလှုပ်ရှားမှုများ မလုပ်ရန် သတိပေးထားသော် လည်း သြဂုတ်လ ၁၄ ရက်တွင် ပဲခူးသို့ နေ့ချင်းပြန် နိုင်ငံရေးစည်းရုံးမှု ခရီးထွက်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် အတိုက်အခံ သတင်းရပ်ကွက်က ပြောကြားသည်။

“ရန်ကုန်မြို့တော် အရှေ့မြောက်ဖက် ကီလိုမီတာ ၈၀ အကွာမှာ ရှိတဲ့ ပဲခူးမြို့ကို သြဂုတ်လ ၁၄ ရက်မှာ နေ့ချင်းပြန် နိုင်ငံရေးခရီးစဉ်အနေနဲ့ သွားမှာပါ” ဟု အတိုက်အခံပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားခြင်း ဖြစ်သည်။

                သူမသည် ပဲခူးမှ စာကြည့်တိုက် ဖွင့်ပွဲနှစ်ခုကို တက်ရောက်မည် ဖြစ်ပြီး မြို့နယ်ပေါင်း ၃၀ မှ နိုင်ငံရေး ကွန်ယက် အုပ်စုများနှင့် တွေ့ဆုံမည် ဟု ဆိုသည်။

“မနက် ၆ နာရီမှာ ထွက်ခွါပြီး ညနေပိုင်းမှာ ပြန်လာမှာပါ။ ဒီတစ်ခေါက်ပြီးရင် နောက်ထပ် ရန်ကုန် အပြင်ဖက် ခရီးစဉ်တစ်ခုကို စီစဉ်ဦးမှာပါ ” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

၂၀၀၃ မေလက မြန်မာနိုင်ငံအနှံ့ နိုင်ငံရေး စည်းရုံးမှု ခရီးထွက်စဉ် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်လိုက် နောက်ပါ ထောက်ခံသူများကို တပ်မတော်အစိုးရ စည်းရုံးခိုင်းစေသော လူရမ်းကားများ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်နည်းတူ အဓိကရုဏ်းများ ပြန်လည် ဖြစ်ပွား နိုင်သည်ဟု မြန်မာအစိုးရအာဘော် သတင်းစာက ပြောင်ပြောင်တင်းတင်း သတိပေးမှု ပြုလုပ်ထားသည်။

အထက်ပါ အခင်းဖြစ်ရပ်တွင် သူမ၏ နောက်လိုက်နောက်ပါ များစွာ အသက်ဆုံးရှုံးခဲ့ရပြီး သူမကိုယ်တိုင် အသက်ဘေးမှ သီသီလေး လွတ်မြောက် လာခဲ့သည်။ ထို့နောက်တွင် နိုင်ငံတော် တည်ငြိမ်ရေး ပျက်ပြားစေသည့် စွပ်စွဲချက်များဖြင့် သူမကို အစိုးရက (၇) နှစ် ဆက်တိုက် အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင်မူ အစိုးရက သူမကို အကျယ်ချုပ် ထိန်းသိမ်းထားရာမှ လွှတ်ပေးခဲ့သည်။ ထိုနောက်ပိုင်း ဇူလိုင်လ ဆန်းတွင် ဗြိတိန်မှ ရောက်လာသော သူမ၏သားငယ်နှင့်အတူ ပုဂံဘုရားဖူး ခရီးထွက်ခွါခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် အာဇာနည်နေ့ ချီတက်ပွဲကို ဦးဆောင်ခဲ့ သည်။

လက်ရှိ အာဏာရ အစိုးရသည် သူမအား အစိုးရကို ခြိမ်းခြောက်သူအဖြစ် ရှုမြင်လာပါက ထပ်မံ ကန့်သတ်ရန် ဝန်လေးလိမ့်မည် မဟုတ်ဟု အကဲခတ် လေ့လာသူများက ယုံကြည်နေကြပြီး သူမ၏ ရေပန်းစားကျော်ကြားမှု၊ ပြည်သူလူထုက ချစ်ခင်မှုတို့ကို မရှု့စိမ့်နိုင်သော မြန်မာအစိုးရကြောင့် သူမ၏ လုံခြုံရေးကို အဓိက စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

ယခင်လက သူမနှင့် မြန်မာအစိုးရသစ် အဖွဲ့ဝင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းကြောင့် အစိုးရနှင့် အတိုက်အခံများ အကြား ဆွေးနွေးရေး အတွက် မျှော်လင့်ချက်များ ကြီးထွားလာစေခဲ့သည်။

*************************************************************************************                

နေပြည်တော်တွင် ခေတ်မီ မြေအောက်မီးရထားလမ်းဖောက်မည်ဟု ဆို

Global Post မှသတင်းကိုဘာသာပြန်ဆိုသည်။

စစ်အစိုးရလက်ထက်တွင် ပေါ်ထွန်းခဲ့သည့် မြန်မာနိုင်ငံမြို့တော်သစ်နေပြည်တော်တွင် မိုင်ပေါင်း ၃၁ မိုင် ရှည်လျားမည့် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာသုံး မြေအောက်ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်းကို ရုရှားကုမ္ပဏီတစ်ခုက လုပ်ကိုင်သွားမည် ဖြစ်ကြောင်း Voice of Russia အသံလွှင့် ဌာနက ဆိုသည်။

လွန်စွာ ညံ့ဖျင်းလှသော ရထားပို့ဆောင်ရေးစနစ်ကို အများစုက မှီခိုအားထားနေရပြီး လျှပ်စစ်မီး မကြာခဏ ပြတ်တောက်လေ့ရှိသော မြန်မာ နိုင်ငံတွင် ယင်းသို့ မြေအောက်ရထား ဖောက်လုပ်မည်ဟူသည့်ကိစ္စမှာ မျှော်လင့်မထားသော ဖွံ့ဖြိုးတိုးတက်မှု တစ်ခုဟုပင် ဆိုရမည်။

သို့သော် မြေအောက်ရထားလမ်း ဖောက်လုပ်မည့်နေရာမှာ လူဦးရေ လွန်စွာထူထပ်ခြင်း မရှိသော  နေပြည်တော်တွင် ဖြစ်ရာ စီမံကိန်း ပြီးဆုံးသွား ပါက အများပြည်သူများ ကြည့်ရှုလေ့လာစရာ တစ်ခုအဖြစ်သာ တည်ရှိနေမည်ဖြစ်သည်။

အဆိုပါနေပြည်တော်သည် မြန်မာအစိုးရ ဝန်ထမ်းများနှင့် လူအနည်းစုသာနေထိုင်သည့် မြို့တော်သစ်ဖြစ်ပြီး အစောင့် အကြပ်များ တင်းကြပ်စွာ ချထားသည်။ လူဦးရေများပြားထူထပ်ပြီး စီးပွားရေးလုပ်ငန်း အများဆုံး အခြေချလုပ်ကိုင်ရာ ရန်ကုန်မြို့မှာ ယခင်က မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်ခဲ့ သည်။

ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံလွှင့်ဌာနက မြေအောက်ရထားလမ်း ဖောက်လုပ်မည့် ဒီဇိုင်းပုံစံကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ နေပြည် တော်ကိုလည်း မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းနှင့်နှိုင်းယှဉ်ထားကြောင်းသိရသည်။

*************************************************************************************                

ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းအနီးနှင့် မဲခေါင်မြစ်တွင်သစ်မှောင်ခိုကူးသူများဖမ်းမိ

The Nation သတင်းစာမှသတင်းကိုဘာသာပြန်ဆိုသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် ဘတ်ငွေ သုံးသိန်းခန့် တန်ဖိုးရှိသည့် သစ်ပျဉ်ပြားများအား သင်္ဘောငယ် တစ်စီးပေါ်တွင် တရားမဝင် သယ်ဆောင်လာစဉ် တော်ဝင်ရေတပ်မှ အရာရှိကြီးများက ဖမ်းဆီးရမိလိုက် ကြောင်းသိရသည်။

အဆိုပါ သစ်များကို မြန်မာနိုင်ငံမှ တရားမဝင် မှောင်ခိုထုတ်ယူလာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ရောင်းချရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ရေတပ် အရာရှိကြီးများက ဆိုသည်။

တစ်ချိန်တည်းမှာပင် ချင်းရိုင်ပြည်နယ်၊ မဲခေါင်မြစ်အတွင်း ကင်းလှည့်နေသော ထိုင်းရေတပ်က ဘတ်ငွေငါးသိန်းခန့် တန်ဖိုးရှိသည့် ထိုင်းသစ်များ အား တရားမဝင်ခိုးထုတ်ရန် ကြိုးပမ်းနေသူ အမျိုးသားနှစ်ဦးကို ဖမ်းမိလိုက်သည်။

ပထမအမှုနှင့်ပတ်သက်၍ ထိုင်းရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Choomnoom Ardwong ကပြောကြားရာတွင် ရနောင်းမြို့ Koh Phayam သင်္ဘော ဆိပ်နှင့် နှစ်မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်ရာ စက်တပ်ရေယာဉ်ကြီးတစ်စီးကို HTMS Hua Hin ရေတပ်ကင်းလှည့်သင်္ဘောက တွေ့ရှိခဲ့ပြီး တက်ရောက် ရှာဖွေရာ တရားမဝင် မှောင်ခိုတင်သွင်းလာသော ပျဉ်ပြားအချပ် ၁၅၀ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားသည်။ ဖမ်းမိသည့်သစ်များနှင့်ပတ်သက်၍ စာရွက်စာတမ်းများ မပါရှိသောကြောင့် မြန်မာရေယာဉ်မောင်း Na Piew (အသက် ၄၀)နှင့် ရေယာဉ်လုပ်သားလေးဦးကို ဖမ်းဆီးလိုက်ကြောင်း ၎င်းက ဆိုသည်။

ရေယာဉ်မောင်းသူအဆိုအရ ၎င်းတို့သည် သြဂုတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်း၊ မြိတ်မြို့မှ ယင်းသစ်များအား ရနောင်းကမ်းခြေ ဒေသရှိ သစ်စက်သို့ ပို့ဆောင်ရန် ရေယာဉ်ပေါ် တင်ဆောင်ကာ ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။

အခြားသူတစ်ဦးကမူ မြိတ်မြို့၌ ထိုင်းနိုင်ငံသို့ အလားတူ မှောင်ခိုတင်ပို့မည့် သစ်ထည်များ ရှိနေကြောင်း ပြောကြားသည်။ ယင်းသစ်များသည် ထိုင်းနိုင်ငံဘက်၌ ဝယ်လိုအား များသောကြောင့် မှောင်ခိုတင်ပို့နေခြင်းဖြစ်သည်။

ရေယာဉ်မောင်းနှင့် လုပ်သားလေးဦး(စုစုပေါင်း ငါးဦး)ကို ထိုင်းရဲတပ်ဖွဲ့က တရားမဝင်သစ်များ မှောင်ခိုတင်သွင်းမှု၊ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မှုတို့ဖြင့်ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒုတိယအမှုဖြစ်စဉ်မှာ မှောင်ခိုသမားနှစ်ဦးသည် ထိုင်းသစ်များအား မဲခေါင်မြစ်တွင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရန် ကြိုးစားစဉ် မဲခေါင်ကင်းလှည့် အဖွဲ့က ဖမ်းမိလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘတ်ငွေ ငါးသိန်းခန့်တန်ဖိုးရှိသည့် သစ်များကို လှေပေါ်တွင် တင်ဆောင်ပြီး ရွှေတြိဂံဒေသအနီး မြန်မာ နိုင်ငံဘက်အခြမ်းသို့ သယ်ဆောင်သွားပြီးမှ တရုတ် နိုင်ငံသို့ တင်သွင်းမည်ဖြစ်ကြောင်း ကင်းလှည့်အဖွဲ့ကဆိုသည်။

သစ်မှောင်ခိုကူးသူနှစ်ဦးစလုံး ထိုင်းနိုင်ငံသား များဖြစ်ကြသည်။

*************************************************************************************                

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုကို ကုလသမဂ္ဂ သတိပြုမိစေ

( 7 August 2011 ရက်စွဲပါ Monsters and Critics မှ Peter Jassen ရေးသားသော Thailand’s human trafficking draws UN attention ကို ဘာသာ ပြန်ဆိုသည် )

မြန်မာနိုင်ငံ မြဝတီမြို့မှ အိဖြိုး ( ၁၈ နှစ် ) သည် ဘန်ကောက်မြို့ အနောက်ဖက် (30) ကီလိုမီတာအကွာရှိ ကမ်းရိုးတန်းမြို့ Samut Sakhon ရှိ ငါးအသားလုံး စက်ရုံတွင် အလုပ်လုပ်ရန် လွန်ခဲ့သော လေးနှစ်က ရောက်ရှိခဲ့ပါသည်။

သူမသည်လည်း ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများနည်းတူ ခရီးသွားစရိတ်နှင့် စစ်ဆေးရေးစခန်းတွင် ရဲအား လာဘ်ငွေ ပေးရန် ဘတ် 16,500 ( ဒေါ်လာ 550 ) အား မတတ်နိုင်ပေ။ အဆိုပါ ငွေများသည် လူကုန်ကူးမှုတွင် ဒေါ်လာငွေ သန်းပေါင်းများစွာ အမြတ်ထွက်စေသည်။

အိဖြိုးသည် တစ်ရက်လျှင် (၁၂) နာရီ အလုပ်လုပ်ပြီး၊ တစ်ပတ်လုံး အလုပ်ဆင်းရကာ တစ်လလျှင် ဘတ် 4,000 (133 ဒေါ်လာ) သာ ရရှိပြီး၊ အလုပ်ရှင်က အလုပ်ဝင်ရန် ကြိုပေးထားသော ငွေများအတွက် ဘတ် 1,000 ဖြတ်ပါသည်။

“၂ နှစ် စက်ရုံကနေ တစ်ခါမှ မထွက်ရဘူး။ ကြွေးတွေ အကုန်ဆပ်ပြီးတာတောင် ကျွန်မကို အပြင်ပေး မထွက်ဘူး။ ပိုင်ရှင်က ပြောတယ် နားရက် ယူခွင့် မပေးနိုင်ဘူးလို့ ဆိုပါတယ် ” ဟု အိဖြိုးက ပြောသည်။

နောက်ဆုံးတွင် သူမသည် စက်ရုံယူနီဖောင်း အောက်တွင် အဝတ်အစားများ ဖွက်၍ယူဆောင်ပြီး စက်ရုံ အနောက်ပေါက်မှ ထွက်ပြေးခဲ့သည်။

“ အခု အဲဒီစက်ရုံမှာ ခြံစည်းရိုးနံရံ အမြင့်ကြီး ကာလိုက်ပြီ၊ ထွက်မသွားနိုင်အောင်လို့ ” ဟု အိဖြိုးက ပြောသည်။ သူမသည် ယခုအခါ Samut Sakhon တွင် ပို၍ကောင်းသော အလုပ် လုပ်ကိုင်နေပြီး၊ ထိုင်းနိုင်ငံ ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရေးအဖွဲ့နှင့် ဆက်သွယ်နေပါသည်။ ယခုအခါ ရွှေ့ပြောင်းလုပ်သား တစ်သန်းခန့် ရှိနေပြီဖြစ်သည်။

သူမ၏ ခေတ်သစ် ကျွန်ပြုသော ဇာတ်လမ်းသည် အခြားသူများနှင့် စာလျှင် အလွန်မဆိုးဝါးသေးပေ။

ထိုင်းနိုင်ငံမှ လက်နက် တပ်ဆင်ထားသော ငါးဖမ်းလှေငယ်များပေါ်တွင် ကျွန်ပြုခံရသော မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမားများ၏ ဘဝမှာ ကြေက်စရာ ကောင်းလှပါသည်။

“ကျွန်တော့် သူငယ်ချင်းတစ်ယောက် စက်ထဲမှာ လက်ညှပ်ပြီး ပြတ်သွားတော့ ကျွန်တော် ထွက်ပြေးလာခဲ့တာပါ ” ဟု မြန်မာလုပ်သား နိုင်(၂၅ နှစ်) က ပြောသည်။

၎င်းသည် မြန်မာလူမျိုး အေးဂျင့်တစ်ဦး၏ ရောင်းစားခြင်းကို ခံခဲ့ရပြီး ထိုင်းနိုင်ငံတွင် ခြောက်နှစ် ကြာခဲ့ပြီ ဖြစ်သည်။ Samut Sakhon တွင် စက်ရုံ တစ်လှည့် ငါးဖမ်းလှေ တစ်လှည့် လုပ်ကိုင်ခဲ့ပါသည်။ Samut Sakhon တွင် မြန်မာလူမျိုး ၃ သိန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။

“ကျွန်တော် ဒီထိုင်းကို လာတုန်းက အိမ်က ချေးပေးလိုက်တဲ့ အကြွေးကို အကုန်မဆပ်နိုင်သေးတော့ ဘာပြဿနာပဲ တွေ့တွေ့ ပြီးအောင် ဆက် လုပ်နေရပါတယ်” ဟု နိုင်က ပြောသည်။ ၎င်းသည် လွန်ခဲ့သော ခြောက်နှစ်က ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ရာ ၎င်းသည် ငွေကျပ် ခြောက်သိန်း ( ဒေါ်လာ ၇၅၀ ) ချေးလာခဲ့ရပါသည်။

“ထိုင်းနိုင်ငံ Samut Sakhon ရှိ ပင်လယ်စာ ထုတ်လုပ်ရေးလုပ်ငန်းမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား လုပ်အား ခေါင်းပုံဖြတ်မှု အန္တရာယ် နှင့် ပတ်သက်သော အကဲဖြတ်ချက်အရ ထိုအလုပ်သမားများ၏ 57% သည် အဓမ္မလုပ်အားပေး စေခိုင်းခံရသည့် အတွေ့အကြုံ ရှိခဲ့ကြသည် ” ဟု ဇွန်လ 28 နေ့က ထုတ်ပြန်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဌာန Trafficking in Persons Report 2011 တွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် ထိုင်းနိုင်ငံ အား အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ရုရှားနှင့် ဇန်ဘီယာတို့နှင့်အတူ နှစ်နှစ် ဆက်တိုက် အမျိုး အစား နံပါတ် (2) တွင် ထည့်သွင်းထားပါသည်။

ကုလသမဂ္ဂ လူကုန်ကူးမှုဆိုင်ရာ အထူးကိုယ်စားလှယ်သည် ထိုင်းနိုင်ငံသို့ တနင်္လာနေ့တွင် လာရောက်၍ သြဂုတ်လ (၁၉)ရက်နေ့အထိ လူကုန်ကူးမှုအတွက် အရေးယူ ဆောင်ရွက်မှု ရှိ မရှိ၊ တိုးတက်မှု ရှိ မရှိ လာရောက်အကဲဖြတ်မည် ဖြစ်သည်။

“ ကျွန်တော်ရဲ့ ခရီးစဉ်အတွင်းမှာ ဒီကိစ္စ ပါဝင်လှုပ်ရှားနေသူတွေ၊ လူကုန်ကူးခံရသူတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ချင်ပါတယ်။ ဒါမှသာ သူတို့ရဲ့ အသံကို နားထောင်ပြီး ဥပဒေတွေ၊ မူဝါဒတွေ၊ အရေးယူ ဆောင်ရွက်မှုတွေအတွက် စဉ်စားနိုင်မှာပါ ” ဟု Joy Ngozi Ezeilo က ပြောသည်။

ထိုင်းအစိုးရက ၎င်း၏ ခရီးစဉ်ကို ကြိုဆိုခဲ့သည်။

“စောင့်ကြည့်ခံရတဲ့ စာရင်းမှာ အမျိုးအစား နံပါတ် (2) မှာ ပါဝင်နေတယ်ဆိုတော့ ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Thani Thingphakdi က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ပြဿနာတွေကို အရေးတယူ ဆောင်ရွက်ခဲ့ပါတယ်။ တိုးတက်မှုတွေ ရှိတယ်လို့လည်း ကျွန်တော် ခံစားရပါတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ၏ အားကောင်းပြီး အမျိုးမျိုးသော စီးပွားရေးသည် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှု နည်းသော အိမ်နီးချင်း နိုင်ငံများမှ တရားဝင်ရော တရားမဝင်ပါ ရွှေ့ပြောင်းလုပ်သားများအား ဆွဲဆောင်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်သည်။

ထိုင်းလူမျိုးများသည် ရာဘာနှင့် ဆီအုန်း စိုက်ပျိုးခြင်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်ခြင်းကို ရှောင်ရှားလာခဲ့ရာ အဆိုပါ ရွှေ့ပြောင်းလုပ်သား နှစ်သန်းက နေရာဝင်ယူ လုပ်ကိုင်လျက် ရှိသည်။

ထိုင်းနိုင်ငံသည် ၎င်း၏ နိုင်ငံသား ပြန်လည်စီစစ်ရေး လုပ်ငန်းစဉ်အရ သြဂုတ်လ (၁) ရက်နေ့အထိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ ရွှေ့ပြောင်း လုပ်သားများအား တရားဝင် ဖြစ်စေရန်အတွက် မှတ်ပုံတင်စေရာ လူပေါင်း ( 996,276 ) ဦး မှတ်ပုံတင်ပြီး ဖြစ်သည်။

ဇွန်လ (14) ရက်နေ့က ထိုင်း အလုပ်သမားဝန်ကြီးက အဆိုပါ ရွှေ့ပြောင်းလုပ်သားများ အလုပ်နှင့် ဆက်စပ်သော မတော်တဆဖြစ်မှုနှင့် ဖျားနာ မှုများအတွက် အသုံးပြုနိုင်ရန် ပုဂ္ဂလိက အာမခံ ရန်ပုံငွေတစ်ရပ် ထူထောင်ရန် အဆိုပြုခဲ့သည်။ အခြား ဖျားနာမှုများအတွက် မှတ်ပုံတင်ထားသော ရွှေ့ပြောင်းလုပ်သားများသည် အမျိုးသား ယူနီဗာဆယ် ကျန်းမာရေးစီမံချက်မှ ခံစားခွင့် ရမည်ဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားများအပေါ် နှိပ်စက်ညှင်းပန်းမှုများကို တရားရုံးတွင် တရားစွဲဆိုမှုများ နည်းပါးသည်။

“ထိုင်းအစိုးရ ဝန်ထမ်းများကြားတွင် အကျင့်ပျက် ခြစားမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်းကြောင့် လူကုန်ကူးမှုအတွက် ကောင်းမွန်သော အခြေအနေကို ဖန်တီးပေးနေသလို ရှိနေပါသည် ” ဟု အမေရိကန် နိုင်ငံခြားရေးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။

*************************************************************************************                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment