Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၈.၂၀၁၁

ဘာသာပြန်သတင်းများ

ပို့ကုန်အခွန် လျှော့ချမှုမှ အကျိုးအမြတ်များ ကျပ်ငွေ တန်ဘိုးတက်ခြင်းကြောင့် ရေစုန်မျှော

၂၀၁၁ ဇူလိုင် လဆန်းတွင် ပို့ကုန်အခွန် ၃ ရာခိုင်နှုန်း လျှော့ချပေးမည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို ပုဂ္ဂလိကကဏ္ဍက ကြိုဆိုခဲ့ကြသည်။ သို့သော်လည်း ၃ ရာခိုင်နှုန်းထက် ပို၍ လျှော့ချပေးသင့်သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ယူဆလျက် ရှိသည်။ မည်၍မည်မျှ လျှော့ချပေးသင့်သည် ဟူသော ကိစ္စနှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး ကွဲပြားနေသည်။

တန်ဘိုးမြှင့် သစ်အချောထည် ထုတ်ကုန်များအတွက် ပို့ကုန်အခွန် အနည်းဆုံး ဖြစ်သင့်သည်ဟု ပြည်တွင်း သစ်လုပ်ငန်းနယ်ပယ်က ပြောကြားသည်။ အကယ်၍ အစိုးရအနေဖြင့် သစ်ပို့ကုန် လုပ်ငန်းမှ အခွန်ရလိုသည် ဆိုပါက သစ်အလုံးလိုက် တင်ပို့သည့် ကဏ္ဍ အပေါ်တွင်သာ အခွန် စည်းကြပ်သင့်သည်ဟု အချို့က ကျိုးကြောင်း ဆီလျော်စွာ တင်ပြကြသည်။ သို့မှသာလျှင် သစ်အလုံးလိုက် ရောင်းချမှုကို လျှော့ချနိုင်မည် ဖြစ်ကာ တန်ဘိုးမြင့် ထုတ်လုပ်မှု ကဏ္ဍကို ဖွံ့ဖြိုးစေရန် အထောက်အကူ ဖြစ်လိမ့်မည် ဟု အခိုင်အမာ စောဒက တက်ကြသည်။

ပို့ကုန်အခွန် ၃ ရာခိုင်နှုန်း လျှော့ချပေးသည် ဆိုသော်ငြားလည်း အမေရိကန် တစ်ဒေါ်လာနှင့် ညီသည့် မြန်မာကျပ်ငွေ နှုန်းထား တစ်နှစ်အတွင်း ၂၀ ရာခိုင်နှုန်းခန့် တန်ဘိုး တက်လာခြင်းကြောင့် အကျိုးအမြတ် အနည်းငယ်မျှသာ ရှိသည် ဟု သစ်ပို့ကုန် လုပ်ငန်းရှင်များ က ပြောကြားသည်။

မြန်မာနိုင်ငံ ဘစ်လုပ်ငန်းရှင်များအသင်း အမှုဆောင် ကော်မတီ အစည်းအဝေး တွင် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးက “ တိုင်းပြည်အတွက် အကျိုးရှိပြီး တည်ငြိမ်မှု ရှိမည့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းတစ်ခုကို ဆုံးဖြတ် သတ်မှတ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည် ” ဟု ပြောကြားခဲ့ကြောင်း မြန်မာအစိုးရ အာဘော် ကြေးမုံ သတင်းစာတွင် ဖေါ်ပြထားသည်။

စီးပွားရေး နယ်ပယ်အနေဖြင့် ရလာဒ်များ တည်ငြိမ်ခိုင်မာမှု ရှိလာသည်အထိ ငွေလဲနှုန်းအသစ်ဖြင့် ချိန်ညှိရသည့် အခက်အခဲများကို ရင်ဆိုင် ကြရလိမ့်မည် ဟု ပြောဆို နေကြကြောင်း ကြားသိရသည်။

*************************************************************************************                

မြန်မာနိုင်ငံ၏ ငွေလဲနှုန်းပေါင်းစုံ စုစည်းပြင်ဆင်မှုကို IMF ကူညီမည်

(Reuters သတင်း မှ 8 Aug 2011 ရက်စွဲပါ “ IMF to help Myanmar unify multiple exchange rates ” သတင်းကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ၏ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်မှု စနစ်စုစည်း အကောင်အထည်ဖော်မှုကို အကူအညီ ပေးရန်အတွက် အောက်တိုဘာ ဒုတိယ လဝက်ပိုင်းတွင် မြန်မာနိုင်ငံ သို့ သွားရောက်ကြမည် ဖြစ်ပြီး နိုင်ငံတကာ ငွေကြေး ကူးလူးဆက်ဆံမှုနှင့် ပတ်သက်၍ တားမြစ်ထားမှုများကို ရုတ်သိမ်းပေးမည် ဟု IMF အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီးက တနင်္လာနေ့ က ပြောကြားသည်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းစနစ် ခေတ်မှီအောင် ပြင်ဆင်ရာမှာ အကူအညီပေးဖို့နှင့် လက်ရှိ နိုင်ငံတကာ ကူးလူးကုန်သွယ်ရေးမှာ ငွေပေးချေမှုနဲ့ လွှဲပြောင်းမှုတွေအပေါ် တားမြစ်ထားတာတွေကို ရုတ်သိမ်းပေးဖို့အတွက် မြန်မာအာဏာပိုင်တွေရဲ့ တောင်းဆိုချက်ကို ကျွန်မတို့ လက်ခံ ရရှိထားပါတယ် ဟု IMF ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Gita Bhatl က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံမှ အရပ်ဖက်အစိုးရ အဖွဲ့သစ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး ဦးစားပေးပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်မည်ဟု ကတိပြုထားသည်။ သဘာဝ ဓါတ်ငွေ့သည် မြန်မာနိုင်ငံ၏ အကျိုးအမြတ် အရှိဆုံး ပို့ကုန်ပစ္စည်းတစ်ခု ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများက ယင်းနိုင်ငံ၏ ကြွယ်ဝသော သယံဇာတများကို သိုက်တူးရန် ကြိုးစားနေကြခြင်းကြောင့် မြန်မာနိုင်ငံ၏ ကြီးမားစွာ လှောင်ပိတ်နေသော စီးပွားရေးကဏ္ဍ ထဲသို့ ဒေါ်လာငွေများ စီးဝင်လျက် ရှိနေသည်။

အဆိုပါ နိုင်ငံတွင် တရားဝင် ငွေလဲနှုန်းစနစ်နှင့် တရားမဝင် ငွေလဲနှုန်း စနစ်များ ပါဝင်သော ငွေလဲနှုန်း စနစ်ပေါင်းစုံ ရှိနေသည်။ ကွဲပြားခြားနားသော ငွေပေးငွေယူ ကိစ္စများအတွက် ကွဲပြားခြားနားသော ငွေလဲနှုန်းများ ကို အသုံးပြုကြသည်။

အထက်ပါ စနစ်ကြောင့် လိမ်လည်မှုများ ဖြစ်ပေါ်စေပြီး ထင်သာမြင်သာ မရှိဘဲ မှောင်ပိတ်နေခြင်း၊ ပေးဆပ်မှု ကြီးမားခြင်းတို့ ရှိနေသည် ဟု IMF စီးပွားရေး ပညာရှင်များက ၂၀၀၈ ခုနှစ်တွင် အစီရင်ခံစာ ရေးသား ထုတ်ပြန်ခဲ့သည်။ ကွဲပြားခြားနားသော ငွေကြေးလဲလှယ်နှုန်းထားများကို စုစည်း ပြင်ဆင်ခြင်းသည် မြန်မာနိုင်ငံကို သယံဇာတ ပိုမိုထိရောက်စွာ ထုတ်ယူခြင်းမှ အကျိုးအမြတ်ရှိအောင် အထောက်အကူပြုလိမ့်မည် ဟု ၂၀၀၈ ခုနှစ် အစီရင်ခံစာက သုံးသပ်ထားသည်။

*************************************************************************************  

အိန္ဒိယသည် မြန်မာမှ ရေကြောင်းဖြင့် တရားဝင်သစ် တင်ပို့မှုများ၏ အဓိက ခရီးဆုံးနိုင်ငံဖြစ်

( IHB မှ 9 Aug 2011 ရက်စွဲပါ “ India is the main destination for ocean shipments of hardwood from Myanmar ” သတင်းကို ဘာသာ ပြန်ဆိုသည်)

လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမ လေးလပတ်အတွင်း မြန်မာဆိပ်ကမ်းများမှ ကျွန်းနှင့် သစ်မာ နှစ်မျိုးစလုံး တင်ပို့မှု အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော် သည် အိန္ဒိယသို့ ရောက်ရှိခဲ့ကြသည်။ ကျန် ၂၀ ရာခိုင်နှုန်း မပြည့်သည့် အပိုင်းမှာ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ရေကြောင်းဖြင့်ပင် ရောက်ရှိသွားကြသည်။ တရုတ်နိုင်ငံ နှင့် နယ်စပ်ဖြတ်ကူး သစ်ရောင်းဝယ်မှု အထောက်အထားများကိုမူ ရရှိနိုင်ခြင်း မရှိပါ။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ကျွန်းနှင့် သစ်မာ နှစ်မျိုးစလုံးအတွက် အရေးကြီးဆုံး ဈေးကွက် ဖြစ်နေသေးသည် ဟု ဆိုရမည်။

မနှစ်က မြန်မာနိုင်ငံမှ သင်္ဘောတင်ပို့မှုများ တွင် အိန္ဒိယ က သစ်မာ ၇၀ ရာခိုင်နှုန်း ဝယ်ယူကာ ထိပ်ဆုံးတွင် ရှိနေပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် ဗီယက်နမ်တို့က အဆင့်လိုက် ရပ်တည်နေကြသည်။ ထို့အပြင် ကျွန်းသစ် ၈၀ ရာခိုင်နှုန်း ကိုလည်း အိန္ဒိယနိုင်ငံ ကပင် ဝယ်ယူခဲ့ပြီး ကျန် ၂၀ ရာခိုင်နှုန်းကို ထိုင်း၊ တရုတ်၊ ဗီယက်နမ်တို့က ဝယ်ယူခဲ့ကြသည်။

*************************************************************************************

ဒေသတွင်း အမတ်များက မြန်မာနိုင်ငံ၏ အာဆီယံ ဥက္ကဌနေရာ အဆိုပြုမှုအား ဆန့်ကျင်

(9 Aug 2011 ရက်စွဲပါ The Jakarta Post မှ Regions Lawmakers oppose Myanmar bid to chair ASEAN ကို ဘာသာ ပြန်ဆိုသည်)

ASEAN Inter- parliamentary Myanmar Caucus ( AIPMC ) သည် 2014 ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌလုပ်ရန် အဆိုပြုချက်ကို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း တနင်္လာနေ့က ဖော်ပြလိုက်သည်။ မြန်မာနိုင်ငံတွင် ၎င်း၏ ဆိုးရွားသော လူ့အခွင့်အရေးမှတ်တမ်းများကို တိုးတက်အောင် ပြုပြင်ခြင်း မရှိသဖြင့်ဟု ငြင်းချက်ထုတ်ခဲ့သည်။

အမတ်များက လက်ရှိအာဆီယံ ဥက္ကဌ အင်ဒိုနီးရှားအား မြန်မာနိုင်ငံက ၎င်း၏ အဆိုပြုမှုကို ပြန်လည် ရုတ်သိမ်းရေးအတွက် အခြားအဖွဲ့ဝင်များက အတင်းဖိအားပေးရေး ကြားဝင် လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။ စစ်တပ်အစိုးရက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလာသည်အထိ ဖိအားပေးရမည်ဟု ဆိုသည်။

တနလာင်္နေ့က ဂျကာတာတွင် အာဆီယံ (44) နှစ်မြောက် အခမ်းအနား၏ အရန်ဆွေးနွေးပွဲတွင် AIPMC  ဥက္ကဌ  Eva Kusuma Sundari က AIPMC အနေဖြင့် မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၎င်း၏ ဥက္ကဌ နေရာ အဆိုပြုမှုအား ဆန့်ကျင်ရန် စတင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono အား အင်ဒိုနီးရှား သည် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ကတိကဝတ်များ ကို ပြသသည့် အနေဖြင့် အခြား အဖွဲ့ဝင်များကို မြန်မာနိုင်ငံအား မထောက်ခံရန် သိမ်းသွင်းပေးရေး တောင်းဆိုခဲ့သည်။

“ သမ္မတကြီး အနေနဲ့ 2014 မှာ အာဆီယံ ဥက္ကဌ နေရာ လျှောက်ထားမှု အတွက် ပယ်ချဖို့ ပြတ်ပြတ်သားသား ရပ်တည်ရပါမယ်။ အဓိက ကတော့ မြန်မာတွေ (23) နှစ်လောက် လူ့အခွင့်အရေး ချိုးဖောက် ခံထားရပါတယ် ” ဟု သူမ က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

သူမ၏ ပြောကြားမှုအရ မြန်မာနိုင်ငံတွင် ရက်စက်မှုပုံစံ အမျိုးမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သော်လည်း အာဆီယံ အဖွဲ့ဝင်များသည် အဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေး မူဝါဒ အရ မမြင်ဟန်ဆောင်ထားခဲ့ကြသည် ဟု ဆိုသည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ကမ္ဘာကြီးနှင့် ဆက်သွယ်ရန် လည်းကောင်း၊ လွတ်လပ်သော ကုန်သွယ်မှု နယ်ပယ်သို့ ဝင်ရောက်ရန် လည်းကောင်း၊ ၎င်းတို့၏ ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ဖက်တွယ် မထားသင့်တော့ပေ။ ထိုအစား အဖွဲ့ဝင်နိုင်ငံများသည် သံတမန်ရေးအရ ခြေလှမ်းများ လှမ်းခြင်း၊ အရေးယူမှုများ ချမှတ်ခြင်းဖြင့် မြန်မာနိုင်ငံအား ပြောင်းလဲမှုအတွက် တွန်းအားပေးရမည်ဟု သူမက ပြောသည်။

ပျောက်ဆုံးသော ပုဂ္ဂိုလ်များနှင့် ရက်စက်စွာ ပြုမူခံရသော လူများအတွက် အမျိုးသားကော်မရှင်၏ ဦးစီးအဖွဲ့ဝင် Krisbiantoro က ပြောကြားရာတွင် သမ္မတကြီးသည် မြန်မာနိုင်ငံ၏ အဆိုပြုမှုကို လက်ခံခဲ့မိပါက အခြားနိုင်ငံများနှင့် ကမ္ဘာ့လူ့အခွင့်အရေး အဖွဲ့များ၏ ဝေဖန်မှုများနှင့် ၎င်း၏ လူ့အခွင့်အရေး မှတ်တမ်း အပေါ် ပြင်းထန်သော မေးခွန်းများကို ရင်ဆိုင်ရလိမ့်မည်ဟု ဆိုသည်။

              “ အင်ဒိုနီးရှားဟာ အာဆီယံ ဥက္ကဌ အနေဖြင့် အခြားအဖွဲ့ဝင်များအား မြန်မာနိုင်ငံကို လူ့အခွင့်အရေးနှင့် ပိုမိုကောင်းမွန်သော ဒီမိုကရေစီ တည်ဆောက်ရန် ဖိအားပေးရေး အတွက် ကြားဝင် ဆောင်ရွက်ဖို့ အာဏာ ရှိပါတယ် ” ဟု ၎င်းက ပြောသည်။

              အာဆီယံ ခေါင်းဆောင်များသည်လာမည့် နိုဝင်ဘာလတွင် ဘာလီ၌ ကျင်းပမည့် အစည်းအဝေး ၌ 2014 တွင် မြန်မာနိုင်ငံက ဥက္ကဌအတွက် အဆိုပြုမှုအား ထောက်ခံခြင်းပြုမပြု ဆုံးဖြတ်မည် ဖြစ်ပြီး ယခင် အစီအစဉ် အတိုင်း 2016 တွင်မှ နေရာပေးရေး ပြု မပြု ဆုံးဖြတ်ရမည် ဖြစ်သည်။

*************************************************************************************

မြန်မာနိုင်ငံအနီး တရုတ်ပြည် အနောက်တောင်တွင် ငလျင်လှုပ်

(9 August 2011 ရက်စွဲပါ AP ၏ Quake hits southwestern China near Myanmar ကို ဘာသာ ပြန်ဆိုသည်)

အလယ်အလတ် အဆင့်ရှိ မြေငလျင်တစ်ခုသည် မြန်မာနိုင်ငံအနီး တရုတ်နိုင်ငံ အနောက်တောင်ဖက်တွင် အင်္ဂါနေ့က လှုပ်ခဲ့ရာ အိမ်များ ပျက်စီးခဲ့ပြီး အနည်းဆုံး လူ နှစ်ဦး ဒဏ်ရာ ရခဲ့ပါသည်။

တရားဝင် Xinhua သတင်းဌာနက ပြောကြားရာတွင် magnitude 5.2 ရှိ ငလျင် တစ်ခု သည် ယူနန်ပြည်နယ် Baoshan နယ်တွင် အင်္ဂါနေ့ ည 7:50 (1150 GMT) တွင် လှုပ်ခဲ့သည်ဟု ဆိုသည်။ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးကမူ ငလျင် သည် magnitude 5.0 ရှိသည် ဟု ဆိုသည်။

ကယ်ဆယ်သူများ နှင့် ဆေးကုသရေး အဖွဲ့များသည် အဆိုပါ ဒေသသို့ ဖြန့်ကျက် လွှတ်လိုက်ပြီ ဖြစ်သော်လည်း၊ အပျက်အစီး ကြီးကြီးမားမား ရှိကြောင်း သတင်း မရရှိသေးကြောင်း Xinhua က ပြောသည်။ သတင်းများ အရ ဒဏ်ရာ ရသူများမှာ အသေးစား ဒဏ်ရာများ ဖြစ်သည် ဟု သိရှိရသည်။ မိုးကာတဲများ၊ စောင်များ နှင့် အခြား အရေးပေါ် လိုအပ်သော ပစ္စည်းများ ထိုဒေသသို့ သွားရောက် ပို့ဆောင်နေပြီ ဖြစ်ကြောင်း Xinhua က ဆိုသည်။

ထိုဒေသတွင် မတ်လက လှုပ်ခတ်သော magnitude 5.8 ရှိ ငလျင်ကြောင့် လူ (25) ဦး သေဆုံးပြီး၊ ထောင်ပေါင်းများစွာသော အိမ်များ ပျက်စီးခဲ့သည်။ ထိုဒေသသည် Beijing မှ 1454 မိုင် ( 2340 ကီလိုမီတာ ) အနောက်တောင်တွင် ရှိသည်။

ယခုနှစ် များအတွင်း တရုတ်နိုင်ငံတွင် လှုပ်သော ငလျင်များတွင် အဆိုးဆုံးမှာ စီချွမ် ပြည်နယ် တွင် 7.9 magnitude ရှိ ငလျင် ဖြစ်သည်။ ထိုငလျင်ကြောင့် လူပေါင်း ( 90,000 ) ခန့် သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ရှိခဲ့သည်။

*************************************************************************************

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment