Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၈.၂၀၁၁

ဘာသာပြန်သတင်းများ

အစိုးရသစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကို ကမ်းလှမ်း

(BBC News မှ 12 August 2011 ရက်စွဲပါ “Burma Government offers Suu Kyi’s NLD ‘Reconciliation’ ” ကို ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏  NLD ပါတီ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း မြန်မာအစိုးရသစ်က ပထမဆုံး ဦးဦးဖျားဖျား ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက “အစိုးရသည် NLD ပါတီကို သတိထား၍ ဂရုတစိုက် ကိုင်တွယ်လျက် ရှိနေကြောင်း” ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရ ကိုယ်စားလှယ် ဝန်ကြီးတစ်ဦးနှင့် လတ်တလောတွင် နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ပြီးဖြစ်ရာ ဆက်ဆံ ရေး သိသိသာသာ တိုးတက်မှု လက္ခဏာတစ်ရပ်ဟု ဆိုနိုင်ပေသည်။ ယခင် မြန်မာစစ်ဖက် အုပ်ချုပ်သူများ၏ ရှုတ်ချပြောဆိုမှုကို အစဉ်တစိုက်ခံခဲ့ရသည့် NLD ပါတီသည် မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီးနောက်တွင် တရားဝင်ပါတီ မဟုတ်တော့ဟု ကြေညာ ဖျက်သိမ်းခြင်း ခံထားရသည့် ပါတီဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အနှစ် ၅ဝ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေသော်လည်း ပြည်တွင်း ပြည်ပမှ အကဲခတ် လေ့လာသူများက အဆိုပါ ရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ အင်အားကြီး တပ်မတော်က ဆက်လက်၍ အာဏာအမြစ်တွယ်နိုင်ရန် ရည်ရွယ်ဖန်တီး ထားသော အတုအယောင် တစ်ခုအဖြစ် ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြသည်။

အမျိုးသားပြန်လည်စေ့စပ်သင့်မြတ်ရေး

အစိုးရက သတင်းထုတ်ပြန်ရေးအဖွဲ့ဟု ခေါ်သော အဖွဲ့သစ်ကို ဦးဆောင်သည့် ဦးကျော်ဆန်းက NLD ပါတီနှင့် စေ့စပ် သင့်မြတ်ရေးကိစ္စကို မပြော စဖူး သောကြာနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

မိမိတို့အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားဖြင့် တရားဝင် ရပ်တည်ခွင့် မရှိတော့သော NLD ပါတီကို ဂရုတစိုက် သတိ ထား၍ ကိုင်တွယ်ခဲ့ပြီး အမျိုးသားရေး အကျိုးစီးပွားကို ပေါင်းစည်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ကမ်းလှမ်းနေပါသည်ဟု ဦးကျော်ဆန်းက ဆိုသည်။

“တကယ်လို့ NLD ပါတီ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ချင်တယ် ဆိုရင်တော့ တရားဝင် လုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဝင် ပါတီ ဖြစ်အောင် ဖွဲ့စည်းဖို့ လိုပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ NLD ပါတီကို ဖိတ်ခေါ်ဖို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် သောကြာနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့တွင် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးကြရာ လက်ရှိ သီတင်းပတ်များအတွင်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

တွေ့ဆုံမှုအပြီးတွင် ဒီမိုကရေစီစနစ် ဆက်လက် ပြောင်းလဲ တိုးတက်ရေးနှင့် စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆက်လက် တိုးတက် ဖွံ့ဖြိုးရေးအတွက် အပြုသဘော ဆောင်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် ကတိပေးသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တော်မှ မိုင် ၅ဝ (၈ဝ ကီလိုမီတာ) ခန့် ဝေးသော ပဲခူးမြို့သို့ ယခု သီတင်းပတ်ကုန်တွင် နေ့ချင်းပြန် ခရီးသွား၍ စည်းရုံးရေး ဆင်းရန် စီစဉ်ထားကြောင်း သိရှိရသည်။ ပဲခူးခရီးစဉ်သည် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ရန်ကုန်မြို့ပြင်ထွက်၍ စည်းရုံးရေး ဆင်းသည့် ခရီးဖြစ်မည်ဟု ဆိုသည်။

၂ဝဝ၃ ခုနှစ်က နောက်ဆုံး စည်းရုံးရေးဆင်းခဲ့သည့် ခရီးစဉ်တွင်မူ တပ်မတော်အစိုးရက စည်းရုံးစေခိုင်းထားသော လူရမ်းကားများက သူမ၏ မော်တော်ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် NLD အမာခံ ထောက်ခံသူ များစွာ အသက်ဆုံးရှုံးခဲ့ရပြီး ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားစေသည့် စွပ်စွဲချက်ဖြင့် ၇ နှစ်ဆက်တိုက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သူမ၏ NLD ပါတီသည်လည်း ၁၉၉၀ ခုနှစ်ကတည်းက တပ်မတော်အစိုးရစီစဉ်သော ရွေးကောက်ပွဲတွင် အနိုင်ယူပြီးနောက်ပိုင်း တပ်မတော် ၏ အငြှိုးတကြီး အဆက်မပြတ် ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။

NLD ပါတီသည် ထိုစဉ်က ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်ဖက်အုပ်ချုပ်သူများထံမှ အာဏာလွှဲပြောင်း ယူခွင့် မရခဲ့ပေ။

***************************************

မြန်မာအစိုးရသစ် FEC ကို ရုတ်သိမ်းမည်

(12 August 2011 ရက်စွဲပါ Monsters and Critic မှ “New Myanmar Government to Drop Foreign Exchange Certificate” ကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသစ်သည် လွန်ခဲ့သောအနှစ် ၂ဝ က နိုင်ငံခြားသားများအတွက် ထုတ်လုပ်ထားသော နိုင်ငံခြား ငွေလက်မှတ် FEC ကို ပြန်လည် ရုတ်သိမ်းရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက သောကြာနေ့က ပြောကြားခဲ့သည်။

“မကြာတော့တဲ့ ကာလမှာ FEC ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ “ကျပ်” နဲ့ နိုင်ငံခြားသုံးငွေသာ ရှိတော့မှာပါ” ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခု သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ အစိုးရသစ်တက်ပြီး ပထမဆုံးကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။

FEC ကို ၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံခြားသုံးငွေကို အစိုးရထိန်းချုပ်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဒေါ်လာ (၂ဝဝ) တန်ဖိုးရှိ FEC များ ဝယ်ယူကြရပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် အကူအညီ ပေးရေးအုပ်စုများသည် တရားဝင် ငွေစာရင်းလွှဲပြောင်းမှုအတွက် FEC ကိုသာ အသုံးပြုကြရပြီး ဒေါ်လာနှင့် FEC ကြား ငွေလဲလှယ်နှုန်း ကွာဟမှုကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ရသည်။

မှောင်ခိုဈေးကွက်တွင် နိုင်ငံခြားငွေလဲလှယ်မှု ပြုလုပ်ခြင်းကို ကာကွယ်ရန် FEC ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ငွေလဲလှယ် မှုနှုန်း အမျိုးမျိုး ရှိနေတာဟာ နိုင်ငံခြားငွေကို ဖလှယ်တဲ့နေရာမှာ အရမ်း ရှုပ်ထွေးပါတယ်။ အကျင့်ပျက်ခြစားမှုကိုလည်း ဖြစ်စေပါတယ်” ဟု မြန်မာ နိုင်ငံ၏ စနစ်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လများအတွင်းက မြန်မာကျပ်ငွေသည် ဒေါ်လာ FEC တို့ထက် စာလျှင် အားကောင်းလာခဲ့ရာ ယင်းမှာ ဈေးကွက်အတွင်းသို့ ဒေါ်လာ များစွာ ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်။

FEC ကို ကိုင်ဆောင်ထားသူများ အနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ အစိုးရသည် FEC ကို ကျပ်ငွေဖြင့် သော်လည်းကောင်း၊ ဒေါ်လာဖြင့်သော်လည်းကောင်း ပြန်လည် ဝယ်ယူမည်ဖြစ်သည်ဟု ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ သို့သော် မည်သည့်နှုန်းဖြင့် ဝယ်ယူမည် ဆိုသည်ကိုမူ ပြောကြားသွားခြင်း မရှိခဲ့ပေ။

*******************************************

ထိုင်း ရနောင်းဆိပ်ကမ်းအနီးနှင့် မဲခေါင်မြစ်တွင် သစ်မှောင်ခိုကူးသူများဖမ်းမိ

(The Nation သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် ဘတ်ငွေ သုံးသိန်းခန့်တန်ဖိုးရှိသည့် တရားမဝင်သစ်ပျဉ်ပြားများအား သင်္ဘောငယ် တစ်စီးပေါ်တွင် တော်ဝင် ရေတပ်မှ အရာရှိကြီးများက ဖမ်းဆီးရမိလိုက်ကြောင်းသိရသည်။ အဆိုပါ သစ်များကို မြန်မာနိုင်ငံမှ တရားမဝင်မှောင်ခိုထုတ်ယူလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ တွင် ရောင်းချရန်စီစဉ်ထားခြင်းဖြစ်ကြောင်း ရေတပ်အရာရှိကြီးများက ဆိုသည်။

တစ်ချိန်တည်းမှာပင် ချင်းရိုင်းပြည်နယ်၊ မဲခေါင်မြစ်အတွင်းကင်းလှည့်နေသော ထိုင်းရေတပ်က ဘတ်ငွေ ငါးသိန်းခန့် တန်ဖိုးရှိသည့် ထိုင်းသစ် များအား တရားမဝင်ခိုးထုတ်ရန်ကြိုးပမ်းနေသူ အမျိုးသားနှစ်ဦးအား ဖမ်းမိလိုက်သည်။

ပထမအမှုနှင့်ပတ်သက်၍ ထိုင်းရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Choomnoom Ardwong ကပြောကြားရာတွင် ရနောင်းမြို့ Koh Phayam သင်္ဘောဆိပ်နှင့် နှစ်မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်ရာ စက်တပ်ရေယာဉ်ကြီးတစ်စီးကို HTMS Hua Hin ရေတပ်ကင်းလှည့်သင်္ဘောကတွေ့ရှိခဲ့ပြီး တက်ရောက် ရှာဖွေရာ တရားမဝင်မှောင်ခိုတင်သွင်းလာသော ပျဉ်ပြားအချပ် ၁၅၀ ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းပြောကြားသည်။ ဖမ်းမိသည့်သစ်များနှင့် ပတ်သက်၍ စာရွက်စာတမ်းများမပါရှိသောကြောင့် မြန်မာရေယာဉ်မောင်း Na Piew (အသက် ၄၀) နှင့် ရေယာဉ်လုပ်သားလေးဦးကို ဖမ်းဆီး လိုက်ကြောင်း ၎င်းကဆိုသည်။

ရေယာဉ်မောင်းသူအဆိုအရ ၎င်းတို့သည် သြဂုတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်း၊ မြိတ်မြို့မှ ယင်းသစ်များအား ရနောင်း ကမ်းခြေဒေသရှိ သစ်စက်သို့ပို့ဆောင်ရန် ရေယာဉ်ပေါ်တင်ဆောင်ကာ ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။ အခြားသူတစ်ဦးကမူ မြိတ်မြို့၌ ထိုင်းနိုင်ငံသို့ အလားတူမှောင်ခိုတင်ပို့မည့် သစ်ထည်များ ရှိနေကြောင်းပြောကြားသည်။ ယင်းသစ်များသည် ထိုင်းနိုင်ငံဘက်၌ ဝယ်လိုအား များ သောကြောင့် မှောင်ခိုတင်ပို့နေခြင်း ဖြစ်သည်။

ရေယာဉ်မောင်းနှင့် လုပ်သားလေးဦး(စုစုပေါင်း ငါးဦး)ကို ထိုင်းရဲတပ်ဖွဲ့က တရားမဝင်သစ်များမှောင်ခိုတင်သွင်းမှု၊ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒုတိယအမှုဖြစ်စဉ်မှာ မှောင်ခိုသမားနှစ်ဦးသည် ထိုင်းသစ်များအား မဲခေါင်မြစ်တွင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရန် ကြိုးစားစဉ် မဲခေါင်ကင်းလှည့် အဖွဲ့က ဖမ်းမိလိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘတ်ငွေ ငါးသိန်းခန့်တန်ဖိုးရှိသည့် သစ်များကို လှေပေါ်တွင်တင်ဆောင်ပြီး ရွှေတြိဂံဒေသအနီး မြန်မာ နိုင်ငံ ဘက်အခြမ်းသို့ သယ်ဆောင်သွားပြီးမှ တရုတ်နိုင်ငံသို့ တင်သွင်းမည်ဖြစ်ကြောင်း ကင်းလှည့်အဖွဲ့က ဆိုသည်။ သစ်မှောင်ခိုကူးသူနှစ်ဦးစလုံးမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။

************************************************** 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment