Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၆.၈.၂၀၁၁

ဘာသာပြန်သတင်းများ

၁၀ ကြိမ်မြောက် တရုတ်ဆန့်ကျင်ရေး ချီတက်ပွဲ ဗီယက်နမ်တွင် ခွင့်ပြု

(Asia One News မှ 14 August 2011 ရက်စွဲပါ “Vietnamese allow 10th anti-China rally” ကို ဘာသာပြန်ဆိုသည်)

တောင်တရုတ်ပင်လယ်အတွင်း နယ်မြေတောင်းဆိုမှု ပိုမိုချဲ့ထွင်လာသည့် တရုတ်တို့၏ ရည်မှန်းချက်များကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒ ပြသူ ၁၀၀ ခန့်က ဟနွိုင်းမြို့တော်တွင် တနင်္ဂနွေနေ့က ချီတက်ဆန္ဒပြခြင်းကို ဗီယက်နမ်အာဏာပိုင်များက ခွင့်ပြုခဲ့ကြရာ ဇွန်လအစောပိုင်းမှစ၍ ၁၀ ကြိမ် မြောက် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။

အရေးပါသော ကုန်သွယ်ရေကြောင်း သင်္ဘောလမ်းများကို ခွ၍တည်ရှိကာ ရေနံကြွယ်ဝစွာ ထွက်မည့် အလားအလာကောင်းနေသော ပါရာဆဲလ်နှင့် စပရက်လေကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ်တို့ ကာလများစွာ အငြင်းပွားခဲ့ကြသည်။

ဗီယက်နမ်ကဲ့သို့ ကွန်မြူနစ်နိုင်ငံတစ်ခုတွင် နိုင်ငံရေးချီတက်ပွဲများ မရှိသလောက် ရှားပါးလှသော်လည်း ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုံ အတွင်း ရေနံရှာဖွေနေသော သုတေသနသင်္ဘောမှ ရှာဖွေတိုင်းတာရေး ကေဘယ်ကြိုးများကို တရုတ်သင်္ဘောများက ဖြတ်တောက်ကာ နှောင့်ယှက်ခဲ့ သည်ဟု ဟနွိုင်းက မေလတွင် ပြောကြားပြီး နောက်ပိုင်း ဘေဂျင်းနှင့် တင်းမာမှုများ ကြီးထွားလာခြင်း ဖြစ်သည်။

ဇွန်လတွင် ဘေဂျင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တွင် ဗီယက်နမ်၌ တရုတ်ဆန့်ကျင်ရေးချီတက်ပွဲနှစ်ခုကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့သော်လည်း အခြားလမ်းပေါ် လှုပ်ရှားမှုများကို ဆက်လက်၍ ခွင့်ပြုထားခဲ့သည်။

တနင်္ဂနွေနေ့က မြို့လယ်ဟောင်ကင်းကန်တော်ကြီး တစ်ဝိုက်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲတွင် ကျောင်းသားများနှင့် ပညာတတ် လူငယ်များ ပါဝင်ခဲ့ကြပြီး အတိတ်က တရုတ်နိုင်ငံနှင့် အခင်းဖြစ်ပွားမှုများတွင် ကျဆုံးခဲ့ရသည့် ဗီယက်နမ်စစ်သည်များကို အမှတ်ရ ဂုဏ်ပြုသည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြကြောင်း သိရှိရသည်။

ဗီယက်နမ်တို့က တရုတ်တို့ လက်အောက်ခံ ဘဝဖြင့် အနှစ်တစ်ထောင်ခန့် နေခဲ့ရခြင်းအပြင် ယခုခေတ် ၁၉၇၉ နယ်ခြားစစ်ပွဲ၊ ၁၉၈၈ ခုနှစ်က ဗီယက်နမ်ရေလုပ်သား ၇၀ ကျော် အသက်သေဆုံးခဲ့ရသည့် စပရက်လေကျွန်း အရေးအခင်း စသည့် ဖြစ်ရပ်များကို ခါးသီးစွာ မှတ်သားထားကြဆဲ ဖြစ်သည်။

**********************************************

တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘော ပင်လယ်ပြင်စမ်းသပ်ခုတ်မောင်းမှု ပြီးဆုံး

(Associated Press မှ 14 August 2011 ရက်စွဲပါ “China’s first aircraft carrier ends sea trials” ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘော ကနဦးပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းမှု ပြီးဆုံးသွားပြီဟု တရုတ်သတင်းဌာနက ကြေညာ ခဲ့သည်။

တရုတ်သတင်းဌာနက ကြေညာရာတွင် ယခင်ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘောသည် ၅ ရက်ကြာ စမ်းသပ် ခုတ်မောင်းမှု ပြီးဆုံးကာ အရှေ့မြောက်ပိုင်း ဒါလီယန်ဆိပ်ကမ်းသို့ တနင်္ဂနွေနေ့က ပြန်လည်ဆိုက်ရောက် လာသည်ဟု ဖော်ပြထားသည်။ ဒါလီယန်ဆိပ်ကမ်း ပင်လယ်ပြင် အနီး တဝိုက် ဧရိယာအတွင်း တနင်္ဂနွေနေ့ ညနေခင်းအထိ သင်္ဘောများ၊ ရေယာဉ်များ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်ဟုလည်း သိရှိရသည်။

တရုတ်နိုင်ငံ၏ စစ်ရေးအင်အား ကြီးထွားလာခြင်း၊ အငြင်းပွား ပိုင်နက်ကိစ္စများတွင် နိုင်လိုမင်းထက် စောဒကတက် တောင်းဆိုမှု ကြီးထွား လာခြင်းတို့အပေါ် အိမ်နီးချင်းနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများ ပိုမို ဖြစ်ပေါ်နေသည့်ကြားမှပင် တရုတ်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် လေယာဉ်တင် စမ်းသပ် ခုတ်မောင်းခြင်းကို အရေးကြီးကိစ္စမဟုတ်သယောင်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ယခုလေယာဉ်တင်သင်္ဘောသည် သုတေသနနှင့် လေ့ကျင့်ရေးအတွက် ရည်ရွယ်သည်ဟု တရုတ်တို့က ပြောဆိုထားသည်။

တရုတ်တို့က အဆိုပါ အင်ဂျင်မပါ၊ လက်နက်ဗလာနှင့် ရေကြောင်းထိန်းသိမ်းရေးစနစ်နတ္ထိ ဖြစ်နေသော လေယာဉ်တင် သင်္ဘောပျက်ကို ၁၉၉၈ တွင် ယူကရိန်းနိုင်ငံမှ ဆွဲယူလာခဲ့ပြီးနောက် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုလုံး အချိန်ယူကာ ပြင်ဆင်မွမ်းမံမှု ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

*********************************************************

လေယာဉ်တင် သင်္ဘောဖျက် ဒုံးလက်နက်သစ် ထိုင်ဝမ်စမ်းသပ်တီထွင်

(Zee News မှ 15 August 2011 ရက်စွဲပါ “Taiwan developing new aircraft carrier killer” ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံက ပထမဆုံးလေယာဉ်တင် သင်္ဘောကို ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းခြင်းဖြင့် ဒေသတွင်း စိုးရိမ်စရာများကို အစပျိုးလိုက်ပြီး နောက်တွင် ထိုင်ဝမ်နိုင်ငံကလည်း အသံထက်မြန်သော လေယာဉ်တင်သင်္ဘော ဖျက်ဒုံးကျည်ကို ရွေ့လျားပစ်ခတ်နိုင်သော ပုံစံသစ်ဖြင့် အကောင် အထည်ဖော် စမ်းသပ်နေသည်ဟု တနင်္ဂနွေနေ့တွင် လွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်သည်။

လက်ရှိအသုံးပြုနေသော ရှန်ဖန်း (ရဲရင့်သောလေ) III ဒုံးကျည်စနစ်၏ မျိုးကွဲဖြစ်သည့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်သစ် စမ်းသပ်သုတေသန ပြုလုပ်ခြင်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေး ကော်မတီဝင် တစ်ဦးဖြစ်သော လွှတ်တော်အမတ် လင်ယုဖန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုမြေပြင် အခြေစိုက် ပစ်လွှတ်နိုင်မယ့် ပုံစံသစ်ဟာ ပိုပြီး ဝေးဝေးပစ်နိုင်မယ့်အပြင် ပိုပြီးလေးတဲ့ ထိပ်ဖူးကို သယ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု လင်ယုဖန်က ပြောကြားကာ လက်ရှိရေတပ်သုံး ရေပြင်မှ ရေပြင်ပစ် သင်္ဘောဖျက် ဒုံးကျည်နှင့် နှိုင်းယှဉ်သုံးသပ်ပြသွားသည်။

ယနေ့ ပြီးဆုံးသည့် ၂၀၁၁ ထိုင်ပေလေကြောင်းနှင့် ကာကွယ်ရေးနည်းပညာပြပွဲ မတိုင်မီတွင် မူရင်းရှန်ဖန်းIII ဒုံးကျည်ကို သတင်းထောက် များအား အနီးကပ် ကြည့်ရှုခွင့်ပြုခဲ့သည်ဟုလည်း သိရှိရသည်။

“လေယာဉ်တင်သင်္ဘောဖျက်သူ” ဟု သုတေသနပညာရှင်များက အမည်ပေးထားသော လက်နက်ကို ရှားရှားပါးပါးလူသိရှင်ကြား ပြသခဲ့ခြင်းမှာ တရုတ်နိုင်ငံက ပထမဆုံး လေယာဉ်တင်သင်္ဘောကို ရေချ အခမ်းအနားပြုလုပ်ကာ ပင်လယ်ပြင်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ထိုင်ဝမ်က အထူး သတိထားနေသည့် လက္ခဏာကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

“ရှန်ဖန်းဒုံးကျည်ရဲ့ အမြန်နှုန်းကတော့ သိပ်မြန်လွန်းတဲ့အတွက် ကာကွယ်ဖို့တောင် အရမ်းခက်ခဲပါလိမ့်မယ်” ဟု ဒုံးကျည်သုတေသန စီမံကိန်း ဒုတိယ အကြီးအကဲ ချိုင်ယုယင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်ဝမ်တို့၏ ဖရီဂိတ်စစ်သင်္ဘောနှင့် ဒုံးကျည်တင် သင်္ဘောများပေါ်တွင် ကီလိုမီတာ ၁၃၀ အကွာအဝေး အတွင်း အသံထက် ၂ ဆမြန်သော နှုန်း ဖြင့် ပစ်ခတ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

တရုတ်ပြည်သူ့တပ်မတော်၏ ပထမဆုံး လေယာဉ်တင် သင်္ဘောအုပ်စုကို တိုက်လေယာဉ်များ အပြည့်အဝဖြင့် စစ်ဆင်ရေးပြုလုပ်နိုင်ရန် အတွက် အချိန်ယူရလိမ့်ဦးမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားထားသော်လည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ပြည်မ၏ ရေတပ် တိုးချဲ့မှုကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

**********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment