Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၇-၈-၂၀၁၁

ဘာသာပြန်သတင်းများ

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် လာမည့်အပတ် မြန်မာသို့လာမည်

(16 August 2011 ရက်စွဲပါ VOA News မှ “UN rights investigator to visit Burma next week” ကို ဘာသာပြန်ဆိုသည်)

ယခုနှစ်အတွင်း အမည်ခံ အရပ်သားအစိုးရ လက်ထက် လူ့အခွင့်အရေးများ တိုးတက်မှု ရှိမရှိ အကဲဖြတ်နိုင်ရန် လာမည့်အပတ်တွင် မြန်မာ နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သော Tomas Quintana က ပြောကြားလိုက်သည်။

Tomas Quintana က VOA မြန်မာပိုင်းသို့ အင်္ဂါနေ့က ပြောကြားရာတွင် ယင်း၏ ခရီးစဉ် အသေးစိတ်ကိုမူ ရေးဆွဲမပြီးသေးကြောင်း၊ သို့သော် ခရီးစဉ်၏ အဓိက ရည်မှန်းချက်မှာ အစိုးရသစ် လက်ထက် လူ့အခွင့်အရေး အခြေအနေကို လေ့လာရန် ဖြစ်ကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ယင်းနှင့်တွေ့ဆုံရန် စိတ်ဝင်စားသူအားလုံးနှင့် တွေ့ဆုံခွင့်ရရန် ခွင့်ပြုမည်ဟု မျှော်လင့်ကြောင်း လည်း ယင်းက ဆိုသည်။ Quintana က ၎င်းသည် ၂၀၀၈ ခုနှစ်ကတည်းက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းပြောသည်။ ပြည်သူလူထုအတွက် ပထမ ဆုံးနှင့် အခြေခံအကျဆုံး ဒီမိုကရေစီ ရပိုင်ခွင့်မှာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော နိုဝင်ဘာလက အနှစ်နှစ်ဆယ်အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မတ်လက စစ်အစိုးရနေရာတွင် အစိုးရ သစ် နေရာယူခဲ့သည်။ သို့သော် အတိုက်အခံပါတီများသည် တရားမျှတစွာ ယှဉ်ပြိုင်ခွင့် မရခဲ့ဘဲ အစိုးရသစ်တွင်လည်း စစ်ဗိုလ်ဟောင်းများနှင့် လက်ရှိ စစ်ဗိုလ်များ အပြင် ယင်းတို့၏ မဟာမိတ်များကသာ လွှမ်းမိုးနေခဲ့သည်။

Quintana သည် မြန်မာစစ်ခေါင်းဆောင်များ ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် လူသားချင်း မစာနာသည့် ရာဇဝတ်မှုများအတွက် ကုလ သမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရန် အဆိုပြုခဲ့ခြင်းကြောင့် မြန်မာအစိုးရအား တုန်လှုပ်စေခဲ့သည်။ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ဥရောကသမဂ္ဂ (၁၂) နိုင်ငံသည် အဆိုပါကော်မရှင်အတွက် ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။

********************************************************

ဒေါ်အောင်ဆန်းစုကြည်ကို ခရီးသွားခွင့်ပြုသည့် မြန်မာအစိုးရလုပ်ရပ်ကြောင့် အမေရိကန်အားတက်

(AFP သတင်းမှ 16 August 2011 ရက်စွဲပါ “US encouraged by Myanmar’s allowing Suu Kyi to travel” ကို ဘာသာ ပြန်ဆိုသည်)

                ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတွင်း ခရီးသွားခွင့်နှင့် သူမအပေါ် ထောက်ခံသူများကို မိန့်ခွန်း စကားပြောခွင့် ပြုခဲ့ သော မြန်မာနိုင်ငံမှ တပ်မတော် ကျောထောက်နောက်ခံ အာဏာပိုင်များ၏ လုပ်ရပ်ကို အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့တွင် ကြိုဆိုလိုက်သည်။

“မြန်မာအစိုးရနဲ့ သူမရဲ့ ဆွေးနွေးမှုတွေကလည်း ကျွန်မတို့ ဝါရှင်တန်ကို အားတက်စေပါတယ်” ဟု နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဗစ်တိုးရီးယားနူလန်း(Victoria Nuland)က သတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒါ့အပြင် သူမ ခရီးသွားခွင့် ရတဲ့အချက်၊ ခရီးသွား တုန်းမှာ မိန့်ခွန်းပြောခွင့် ရတဲ့အချက်နဲ့ သူမရဲ့ ဘေးကင်းရေး၊ လုံခြုံရေးကို စောင့်ရှောက်ဖို့အတွက် အစိုးရက တာဝန်ယူတဲ့အချက်တွေကြောင့်လည်း ကျွန်မတို့ အားတက်ရပါတယ်” ဟု သူမက ဆက်လက်ပြောသည်။

မြန်မာတပ်မတော်ခေါင်းဆောင်များ မဖုံးနိုင်၊ မဖိနိုင် ကြောက်ရွံ့ခဲ့ကြသည့် အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီ ခေါင်းဆောင်သည် ယင်းအချက် ကြောင့်ပင် ပြီးခဲ့သည့် အနှစ် ၂၀ နီးပါး အထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ပြီး ယခု အမည်ခံ အရပ်ဖက် အစိုးရသည်လည်း သူတို့အပေါ် ခြိမ်းခြောက်သည်ဟု ယူဆလာပါက သူမ၏ လွတ်လပ်ခွင့်ကို ထပ်မံကန့်သတ်ရန် ဝန်လေးလိမ့်မည်မဟုတ်ဟု အကဲခတ် လေ့လာသူများက ယုံကြည်လျက် ရှိသည်။

သို့သော်လည်း ပြည်သူချစ်သော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ မကြာသေးမီ ကာလများအတွင်း ၂ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခြင်းနှင့်အတူ သူမနှင့် အစိုးရအကြား ဆက်ဆံရေး တိုးတက်နွေးထွေးမှု လက္ခဏာများ လတ်တလော ထွက်ပေါ်လာခဲ့သည်။

တနင်္ဂနွေနေ့ကမူ သူမ လွတ်မြောက်ပြီးနောက်ပိုင်း နေထိုင်ရာ မြို့တော် အပြင်ဖက်သို့ ပထမဆုံး စည်းရုံးရေး ဆင်းသည့် ပဲခူးခရီးစဉ်တွင် သူမ ကို ထောက်ခံသူ ထောင်ပေါင်းများစွာသော ပရိသတ်များအား မိန့်ခွန်းပြောကြားရာတွင် “စည်းစည်းလုံးလုံးရှိကြရန်” သူမက တောင်းဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၉ ဇန်နဝါရီ၌ သမ္မတ ဘားရက်အိုဘားမား အာဏာ ရယူပြီးနောက် ယင်း၏ အစိုးရအဖွဲ့က မြန်မာအစိုးရ အပေါ် အချိန်ကြာ အရေးယူခဲ့သည့် မူဝါဒသည် အလုပ်မဖြစ်ဟု သုံးသပ်ကာ အရေးယူ ဒဏ်ခတ်ထားစဉ်အတွင်း မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားမည့် နှစ်လမ်းပြိုင် မူဝါဒကို စတင် ကျင့်သုံးခဲ့သည်။

ကမ္ဘာအနှံ့က ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့သော အငြင်းပွားဖွယ် နိုဝင်ဘာရွေးကောက်ပွဲ အပါအဝင် မြန်မာနိုင်ငံ၏ မဖြစ်စလောက် တိုးတက်မှုများ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်း အမေရိကန်တို့က ထုတ်ဖော် ပြောဆိုခဲ့သော်ငြားလည်း ယခုကဲ့သို့ အလားအလာ ရှိသည့် အချိန်မျိုးတွင် တွေ့ဆုံ ဆွေးနွေးမှု အစီအစဉ်နှင့် မူဝါဒကို ပြောင်းလဲရန်မလိုဟု ယူဆကြောင်း ပြောဆိုထားသည်။

*************************************************

ဒေသတွင်းပြဿနာများကြား၌ မြန်မာနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီများ တုံဏိဘာဝေ အသံတိတ်နေ

(UPI သတင်းမှ 16 August 2011 ရက်စွဲပါ “Energy companies Silent in Myanmar” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်င့၏ အာရှအိမ်နီးချင်း တိုင်းပြည်များက လာရောက်အကောင်အထည်ဖော်နေသော စွမ်းအင်စီမံကိန်းများသည် မြန်မာနိုင်ငံမှ ဒေသ တွင်း ပဋိပက္ခပြဿနာများ၊ အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ ဖြစ်မှုများအတွက် တစ်စိတ်တစ်ပိုင်း အပြစ်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများ က အပြစ်တင် ပြောဆိုလိုက်သည်။

တရုတ်စွမ်းအင် ကုမ္ပဏီများသည် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်ရန် လုပ်ကိုင်လျက်ရှိသည့်အပြင် မြစ်ကြောင်း ပိတ်၍ ရေလှောင်တမံများစွာ တည်ဆောက်ရန် စီစဉ်နေကြရာ ဧရာဝတီမြစ်သည်လည်း အပါအဝင်ဖြစ်နေသည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများ၌ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားမှုက ဒေသခံအရပ်သား ပြည်သူများအတွက် ပြဿနာများကို ဖန်တီးလျက် ရှိသည်။

အဆိုပါဒေသတွင်း တိုက်ပွဲကြောင့် ဒေသခံအရပ်သားများစွာ နေရပ်ကို စွန့်ခွာထွက်ပြေးလျက်ရှိရာ ခန့်မှန်းခြေ ရွာသား သုံးသောင်းခန့် ထွက်ပြေးခဲ့ကြသည်ဟု Earth Rights International က တင်ပြထားသည်။

ထိုသို့ ဒေသတွင်း တိုက်ပွဲများ အရှိန်မြင့်လာမှုကြောင့် အစုလိုက် အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်မှု ပြဿနာ ကြီးထွားလာခြင်းကို ယင်းဧရိယာ အတွင်းမှ စွမ်းအင်ကုမ္ပဏီများက မသက်ဆိုင်သကဲ့သို့ အသံတိတ်နေကြဆဲ ဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုက စောဒကတက် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှ တပ်မတော်နှင့် အစိုးရအပေါ်တွင် လွှမ်းမိုးနိုင်သော ဩဇာရှိပါလျက်နှင့် ယခုကဲ့သို့ တုံဏိဘာဝေ မသိချင်ဟန်ဆောင်နေသည့် ကိစ္စကို ခွင့်လွှတ်နိုင်စရာ မရှိဟု Earth Right International က ကြေညာချက် ထုတ်ပြန်သည်။

မြန်မာအစိုးရနှင့် ပူးပေါင်း၍ လုပ်ကိုင်နေသည့် ယင်းစွမ်းအင် ကုမ္ပဏီများသည် ၎င်းတို့၏ စီမံကိန်းများအတွက် အစိုးရက လုံခြုံရေး အကာ အကွယ်ပေးမှုကို တောင်းဆိုထားသည်ဟု လူ့အခွင့်အရေးအုပ်စုက ဆိုသည်။

********************************************

အိန္ဒိယ NHPC က မြန်မာနိုင်ငံ ရေအားလျှပ်စစ်စီမံကိန်းများအတွက် ပြင်ဆင်

(16 August 2011 ရက်စွဲပါ Hydroworld မှ “NHPC planning Myanmar Hydropower projects” ကို ဘာသာပြန်ဆိုသည်)

ထမံသီနှင့် Shwezaye ရေအားလျှပ်စစ်စီမံကိန်းများအတွက် အသေးစိတ် စီမံကိန်း အစီရင်ခံစာများအား ပြင်ဆင်လျက် ရှိကြောင်း အိန္ဒိယ၏ NHPC လီမိတက်က ကြေညာလိုက်သည်။

အဆိုပါရေအားလျှပ်စစ် စီမံကိန်းနှစ်ခုစလုံးသည် မြန်မာနိုင်ငံ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။ လက်ရှိအားဖြင့် NHPC တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၄) ခုကို လည်ပတ်နေပြီး ၅၂၉၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အိန္ဒိယအစိုးရပိုင် NHPC သည် မြန်မာအစိုးရနှင့် ၁၂၀၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် ထမံသီ ရေအားလျှပ်စစ်နှင့် ၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွှေဇရံ(Shwezaye) ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် သဘောတူခဲ့ကြသည်။

****************************************

နယ်စပ်ဖြတ်ကျော်စွမ်းအင် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး အာရုံပြုရန် ဂျပန်နှင့် မဲခေါင်ငါးနိုင်ငံ သဘောတူ

(15 August 2011 ရက်စွဲပါ Bernama မှ “Japan and five Mekong nations to focus on cross-border energy security cooperation” ကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှအချို့အစိတ်အပိုင်းများတွင် လျှပ်စစ်မီး မလုံလောက်မှုကြောင့် ဂျပန်နှင့် မဲခေါင်မြစ် ငါးနိုင်ငံသည် နယ်စပ်ဖြတ်ကျော် စွမ်းအင် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကို အာရုံပြုရန် သဘောတူခဲ့ကြသည်ဟု ဗီယက်နမ်သတင်းဌာနက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါသဘောတူညီချက်ကို တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော ယင်းတို့၏ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

သဘောတူညီချက်တွင် အဆိုပါ နိုင်ငံများသည် နိုင်ငံပေါင်းစုံ လျှပ်စစ်ဖြန့်ဝေရေး ကွန်ရက်တည်ဆောက်ရမည် ဖြစ်ပြီး ပိုမိုကြီးမားသော မဲခေါင် ဒေသခွဲ နိုင်ငံများ (GMS) ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ကိုပါ လျှပ်စစ်မီးပေးနိုင်ရန် စနစ်တစ်ခုပါ တည်ဆောက်ရန် ဖြစ်သည်။ ဂျပန်ကလည်း အဆိုပါဒေသတွင် လျှပ်စစ်မီး ရရှိနေသည့် အခြေအနေမှန်ကို လေ့လာရန် အဆိုပြုခဲ့သည်ဟု အဆိုပါသတင်းဌာနက ဆိုသည်။

ဝန်ကြီးများသည် ဒေသတွင်း စီးပွားရေးအခြေခံ အဆောက်အဦး တိုးတက်ရေးအတွက် အဆိုပါ အဓိက စီမံကိန်းများ အရှိန်မြှင့်ရန် အချိန်ဇယား တစ်ခုကို နောက်နှစ်ပတ်လည် အစည်းအဝေးတွင် ရေးဆွဲနိုင်ရန် သဘောတူညီခဲ့ကြသည်ဟု ဗီယက်နမ် သတင်းဌာနက သတင်းထုတ်ပြန်သည်။

*************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment