Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၃.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသမ္မတက အတိုက်အခံအုပ်စုများ၏ အသံကိုလည်း နားထောင်မည်ဟု ဆို

(22 August  2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar’s president says government will listen to opposition groups ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာသမ္မတနှင့် အတိုက်အခံ ခေါင်းဆောင်တို့ ဆွေးနွေးမှု ဘန်ကီမွန်း ကြိုဆို

(UN News Centre မှ 22 Aug 2011 ရက်စွဲပါ “Ban welcomes talks between Myanmar’s President and Opposition Leader” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ကုလကိုယ်စားလှယ် မြန်မာနိုင်ငံသို့ တစ်နှစ်တာအတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်

(Golf Times မှ 22 Aug  2011 ရက်စွဲပါ “ UN envoy enters Myanmar for first time in year ” သတင်းဆောင်းပါး ကို ဘာသာ ပြန်ဆိုသည်)

  1. ဗိုလ်ချုပ်များ အတွေးအမြင်ပြောင်းလဲတော့မည်လော

(21 August 2011  ရက်စွဲပါ The Star online မှ “General in retreat?” ကို ဘာသာ ပြန်ဆိုသည်)

  1. ကမ္ဘာ့စီးပွားရေး နှေးကွေးမှုအပေါ် စိုးရိမ်မှုကြောင့် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၉၀၀ ကျော်စံချိန်တင်မြင့်တက်

(BBC News မှ 23 Aug 2011 ရက်စွဲပါ “Gold hits record high of $ 1900 on global growth fears” သတင်းကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************************************************

မြန်မာနိုင်ငံသမ္မတက အတိုက်အခံအုပ်စုများ၏ အသံကိုလည်း နားထောင်မည်ဟု ဆို

(22 August  2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar’s president says government will listen to opposition groups ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံ သမ္မတသစ်သည် လွှတ်တော်သို့ တနင်္လာနေ့က ပြောကြားရာတွင် ၎င်း၏ အစိုးရသည် နိုင်ငံရေးပါတီများနှင့် တင်းမာမှုများ လျော့ သွားရေး ကြိုးစားလျက်ရှိကြောင်းနှင့် တိုင်းရင်းသားအုပ်စု အမျိုးမျိုးနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

                သမ္မတဦးသိန်းစိန်က ၎င်း၏ မိန့်ခွန်းတွင် သောကြာနေ့က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းကို ဖော်ပြခဲ့ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံစကားပြောဆိုမှုများကို ပျော်ရွှင်၍ အားရကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

                စစ်အစိုးရလက်ထက်က ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ဦးသိန်းစိန်သည် ယခင်ခေါင်းဆောင်များ ထက်စာလျှင် အစွန်းမရောက်သူဟု ဆိုရမည် ဖြစ်သည်။ ၎င်းသည် နိုဝင်ဘာလ ရွေးကောက်ပွဲများအပြီး မတ်လတွင် သမ္မတဖြစ်လာသူ ဖြစ်ပြီး၊ နိုဝင်ဘာ ရွေးကောက်ပွဲကို ဝေဖန်သူများက စစ်တပ်က ချုပ်ကိုင်နိုင်ရေးအတွက် အမည်ခံ အရပ်သားအစိုးရ တစ်ခုအတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။

                ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒီမိုကရေစီနည်းလမ်းမကျဟု ဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ဦးသိန်းစိန်က ပြောကြားရာတွင် ၎င်း၏ အစိုးရသည် အခြေခံဥပဒေကို လက်မခံသေးသော နိုင်ငံရေးအုပ်စုများနှင့် တင်းမာမှု လျော့ပါးအောင် ကြိုးစား လျက် ရှိသည်ဟု ဆိုသည်။

                အခြေခံဥပဒေတွင် အစိုးရအဖွဲ့တွင် စစ်တပ်ကို ဆက်လက်လွှမ်းမိုးစေရန် ပြုလုပ်ထားပြီး 2008 ခုနှစ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် စတင်အသက်ဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် 1962 ကတည်းက စစ်တပ်က အုပ်ချုပ်ခဲ့ပြီး အစိုးရဆန့်ကျင်သူများကို သွေးထွက်သံယိုသည် အထိ နှိပ်ကွပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် 1990 ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း အာဏာလွှဲပေးခဲ့ခြင်း မရှိပေ။

                ဦးသိန်းစိန်က ၎င်း၏ အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် လိုလားကြောင်းနှင့် နယ်စပ်ဒေသများ ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ်မှု အပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့သည်။

                ဝေဖန်သုံးသပ်သူများကမူ ဦးသိန်းစိန်သည် အနောက်နိုင်ငံ အရေးယူပိတ်ဆို့မှုများ ချက်ချင်း ရုတ်သိမ်းရေး အတွက် သဘောထားပျော့ပြောင်းမှု အပေါ်ယံပြသနေခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

                ဦးသိန်းစိန်က လွှတ်တော်သို့ ပြောကြားရာတွင် ၎င်း၏ အစိုးရသည် မြန်မာနိုင်ငံအနေဖြင့် 2014 တွင် အာဆီယံ ဥက္ကဋ္ဌ နေရာအတွက် အဆင် သင့် ဖြစ်နေပြီ ဖြစ်ကြောင်း အာဆီယံအသင်းကြီးသို့ တရားဝင် အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။

                2006 ခုနှစ်က မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ အတွက် အလှည့်ကျခဲ့သော်လည်း အနောက်နိုင်ငံများက အဖွဲ့ကြီးကို သပိတ်မှောက်မည်ကို စိုးရိမ်သဖြင့် စွန့်လွှတ်ရန် ဖိအားပေး ခံခဲ့ရသည်။

                2014 တွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌနေရာ ရယူရေးကိုလည်း အနောက်နိုင်ငံများက ဝေဖန်လျက် ရှိသည်။

                “အာဆီယံ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာပေးပြီး အဖွဲ့ကြီးရဲ့ အသိအမှတ်ပြုမှုနဲ့ ဒေသတွင်း ခေါင်းဆောင်မှုကဏ္ဍကို ပေးမှာဖြစ် တဲ့အတွက် သေချာစွာ ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ် ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

                အာဆီယံသည် မြန်မာနိုင်ငံကို 1997 ခုနှစ်က အနောက်နိုင်ငံများမှ ပြင်းထန်စွာ ကန့်ကွက်နေသည့်ကြားမှ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

***********************************************************

မြန်မာသမ္မတနှင့် အတိုက်အခံ ခေါင်းဆောင်တို့ ဆွေးနွေးမှု ဘန်ကီမွန်း ကြိုဆို

(UN News Centre မှ 22 Aug 2011 ရက်စွဲပါ “Ban welcomes talks between Myanmar’s President and Opposition Leader” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ယခင်အပတ်က တွေ့ဆုံမှုနှင့်အတူ နိုင်ငံ အတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အကျိုးတူနယ်ပယ် တွေ့ရှိရန် ရည်ရွယ်သော ဆွေးနွေးမှုများအပေါ် ကျေနပ်အားရမှု ရှိသည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက  ပြောကြားခဲ့ကြခြင်းကြောင့် မိမိအနေဖြင့် အားတက်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့ ပြောကြားလိုက်သည်။

                အလားအလာကောင်းသည့် သောကြာနေ့က တွေ့ဆုံမှု၏နောက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထားမည့် ထိပ်ပိုင်းအဆင့် ဒိုင်ယာလော့ ဆွေးနွေးမှုများ အဆက်မပြတ်ရန် ဦးတည်သည့် နောက်ထပ် ခြေလှမ်းသစ်များ လိုက်ပါလာလိမ့်မည်ဟု အထွေထွေအတွင်းရေးမှူးချုပ်က မျှော်လင့်လျက်ရှိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သော ကြေညာချက်အရ သိရှိရသည်။

                ယခုတွေ့ဆုံမှုနှင့် လတ်တလော အခြားတိုးတက်ဖြစ်ပေါ်မှုများက မြန်မာနိုင်ငံကို ရှေ့သို့ရွေ့အောင် တွန်းနိုင်ခြင်း ရှိ/ မရှိ ဆိုသည့်အချက်မှာမူ သက်ဆိုင်သည့် အုပ်စုအားလုံးက အပြန်အလှန် မည်သို့မည်ပုံ ဆက်ဆံဆောင်ရွက်ကြမည် ဆိုသည့် အပေါ်တွင် မူတည်နေသည်ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။

                ယခုကဲ့သို့ အခွင့်အလမ်းကို ဖမ်းဆုပ်ပြီး ရေရှည်ခံရေစိမ်ခံမည့် ငြိမ်းချမ်းမှုနှင့် စည်းလုံးမှုကို ရရှိနိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းရေး သဘောထား ကို လက်ခံပြသခဲ့ကြခြင်းမှာ အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

                ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားပေးမြှင့်တင်ရာတွင် မြန်မာနိုင်ငံသားအားလုံး ပါဝင် ဆောင်ရွက်နိုင်ကြမည့် အခွင့်အရေးကိုပေးရန်အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးကိစ္စကို ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်ရန် ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ထပ်မံ တိုက်တွန်းတောင်းဆိုလိုက်သည်။

***********************************************************

ကုလကိုယ်စားလှယ် မြန်မာနိုင်ငံသို့ တစ်နှစ်တာအတွင်း ပထမဆုံး ပြန်လည် ဝင်ရောက်

(Golf Times မှ 22 Aug  2011 ရက်စွဲပါ “ UN envoy enters Myanmar for first time in year ” သတင်းဆောင်းပါး ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာအစိုးရက ၎င်းတို့အပေါ် ဝေဖန်သူများနှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားသည့် လက္ခဏာများ ပေါ်ထွက်လာချိန်တွင် ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ်သည် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးရန်အတွက် တစ်နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ နိုင်ငံသို့ မနေ့က ပြန်လည် ရောက်ရှိလာခဲ့သည်။

                မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana သည် မနေ့က နေပြည်တော်တွင် နိုင်ငံခြားရေး ဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့နှင့် လွှတ်တော်အစည်းအဝေး မတက်မီ တွေ့ဆုံရန် စီစဉ်ထားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ အထက်ပါ ကုလကိုယ်စားလှယ်သည် မြန်မာအာဏာပိုင်များကို လူသိရှင်ကြား ဝေဖန်ပြောဆိုသူတစ်ဦးဖြစ်၍ မနှစ်က နောက်ဆုံးလာရောက်ခဲ့သော မြန်မာခရီးစဉ် အပြီးတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် အကြုံးဝင်ကြောင်း၊ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးသင့်ကြောင်း အကြံပြုတင်ပြခဲ့သည့်အတွက် တပ်မတော်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးများကို ဒေါသ ထွက်စေခဲ့သည်။

                နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အတော်များများ ပြုလုပ်ပြသရန် တောင်းဆိုထားသည့်အထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို လွှတ်ပေးရန် ကိစ္စလည်း ပါဝင်သည်။

                ရန်ကုန်မြို့တော်မှ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း က Mr Quintana မနေ့က ရောက်ရှိလာခဲ့ပြီး ၅ ရက်ခန့် နေထိုင်လိမ့်မည်ဟု အတည်ပြု ပြောဆိုသည်။

                Quintana သည် မြို့တော်ဟောင်း ရန်ကုန်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံရန် စီစဉ်ထား သည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားရာ၊ အာဂျင်တီးနားရှေ့နေ နှင့် ဒီမိုကရေစီ ခေါင်းဆောင်အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်လာ လိမ့်မည် ဖြစ်သည်။

                ၂၀၁၀ ဖေဖော်ဝါရီလက Quintana ၏ နောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ကာလဖြစ်၍ တွေ့ဆုံခွင့် မရခဲ့ပါ။ ထို့နောက်ပိုင်း ထပ်မံလာရောက်ရန် တောင်းဆိုမှုများကို မြန်မာအစိုးရက မကြာသေးမီ အချိန်အထိ ပယ်ချထားသည်။

                ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း အစိုးရနှင့် အမြင့်ဆုံးအဆင့် တွေ့ဆုံမှု အဖြစ် သောကြာနေ့က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် Quintana ၏ ယခုနောက်ဆုံးခရီးစဉ် ရောက်ရှိလာခြင်း ဖြစ်သည်။

                အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံရေး လှုပ်ရှားမှု ခရီးစဉ်အဖြစ် ယခုလအစောပိုင်းက ရန်ကုန်မြို့တော် အပြင်ဖက်သို့ ဘေးကင်းရန်ကင်း ခရီးထွက်ခဲ့ခြင်းကို ကြည့်ပါက သူမနှင့်အစိုးရအကြား ဆက်ဆံရေး သိသာစွာ နွေးထွေးတိုးတက်လာခြင်းကို မြင်နိုင်သည်။

                Quintana က ခရီးမထွက်မီ ကြေညာချက် ထုတ်ပြန်ရာတွင် မနှစ်က ရွေးကောက်ပွဲများအပြီး ဧပြီလတွင် အစိုးရသစ် အာဏာလွှဲပြောင်း ယူပြီးနောက် တစ်စုံတစ်ရာ ကွဲပြားခြားနားသော နိုင်ငံရေး အခြေအနေ ဖြစ်ထွန်းလာသည့် အချိန်တွင် မိမိ၏မစ်ရှင် သွားရောက်ခြင်းဖြစ်ကြောင်းနှင့် မိမိ၏ အဓိက ရည်ရွယ်ချက်မှာ အဆိုပါ ရှုထောင့်မှနေ၍ လူ့အခွင့်အရေး အနေအထားကို အကဲဖြတ်ရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

                ၇ နှစ် ဆက်တိုက် နောက်ဆုံးအကြိမ် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က တပ်မတော် နိုင်ငံရေး ကိုယ်စားလှယ်များ အနိုင်ရအောင် လှည့်စားဖန်တီးထားသည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး ရက်ပိုင်းအကြာတွင် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

                ယခုအခါ မြန်မာနိုင်ငံတွင် အရပ်ဖက်အစိုးရက တရားဝင်အာဏာ လွှဲပြောင်းရယူအုပ်ချုပ်နေသော်လည်း အစိုးရအဖွဲ့ဝင် နေရာများကို ယခင် ဗိုလ်ချုပ်ဟောင်းများကသာ အများစု ရယူထားကြသည်။

                ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးနေသော ယာယီနိုင်ငံကူးလက်မှတ် အရေအတွက် မှာလည်း ပြီးခဲ့သည့် ၁၂ လ အတွင်း ၄ ဆ များလာခဲ့သည်ဟု မနေ့က သတင်းများတွင် ဖေါ်ပြထားသည်။ သြဂုတ်လတွင် ကုန်ဆုံးပြီး သတ်မှတ်ကာလအတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကို ထုတ်ပေးသည့် ယာယီ နိုင်ငံကူးလက်မှတ် ၅၃၀,၀၀၀ ကို လွန်ခဲ့သော တစ်နှစ်ခန့်အတွင်းက ထုတ်ပေးခဲ့သည့် အရေ အတွက် ၁၁၈,၀၀၀ နှင့် နှိုင်းယှဉ်တွေ့မြင်နိုင်ကြောင်း မြန်မာတိုင်းမ်သတင်းက ဆိုသည်။

                ယင်းသို့ တိုးမြင့်လာခြင်းမှာ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်သမားအဖြစ် မှတ်ပုံတင်ရန် ကြိုးစားနေကြသော မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်ကိစ္စ လွယ်ကူချောမွေ့စေရန် တာချီလိတ်၊ ရနောင်း စသော နယ်စပ်မြို့များတွင် မှတ်ပုံတင်ရုံးခွဲများ ဖွင့်ပေးရန် အစိုးရက ဆုံးဖြတ်ခဲ့ ခြင်းကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၂ သန်းခန့် ရှိနေကာ မှတ်ပုံမတင်ရသေးသူ ခန့်မှန်းခြေ ၁ သန်းခန့် ရှိသည်ဟု သိရသည်။

“ရနောင်းရုံးခွဲကို ဖွင့်လှစ်တာ တစ်နှစ်လောက်ပဲ ရှိသေးပေမဲ့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေအတွက် အဆင်ပြေတာကြောင့် နိုင်ငံကူးလက်မှတ် အများဆုံး ထုတ်ပေးခဲ့ရပါတယ်” ဟု မြန်မာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ယာယီနိုင်ငံကူးလက်မှတ်များ၏ သက်တမ်းကို ၃ နှစ်မှ ၆ နှစ်ထိ တိုးမြှင့်ပေးခဲ့သည်။ ထိုင်းနိုင်ငံတွင် ထိုင်းအစိုးရက ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရန် ကြိုးစားနေသကဲ့သို့ အခွင့်အရေးများ ကာကွယ်ပေးရန် ဥပဒေများ ထုတ်ပြန်ထားသော်လည်း ပြည်ပ အလုပ် သမားများအပေါ် နှိပ်စက်ညှဉ်းပန်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်လျက် ရှိသည်။

အဂတိလိုက်စားမှုနှင့် ပွဲစားစနစ်ကြောင့် အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးမူဝါဒနှင့် အစီအစဉ်များ၏ ထိရောက်မှုကို အားနည်းသွားစေ သည်ဟု ကုလသမဂ္ဂ လူကုန်ကူးမှု အထူးကိုယ်စားလှယ် Joy Ezeilo က ထိုင်းနိုင်ငံ တစ်လွှား ၁၂ ရက်ကြာ ခရီးလှည့်လည်ပြီးနောက် ဘန်ကောက် မြို့တော်တွင် သောကြာနေ့က ပြောကြားလိုက်သည်။

လိင်မှုဆိုင်ရာ မတရားအမြတ်ထုတ်မှု၊ ကလေးသူငယ်ပြည့်တန်ဆာ ခိုင်းစေမှုများနှင့် လိင်ဖျော်ဖြေရေး ခရီးသွား လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေသည်ဟု ပြောကြားလိုက်သော Ezeilo က စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ရေလုပ်ငန်းတွင် အဓမ္မလုပ်သား တရားမဝင် အသုံးပြုမှု တိုးမြင့်လာသည့် အထောက်အထားများ တွေ့ရှိထားသည်ဟု ပြောကြားထားသည်။

********************************************************

ဗိုလ်ချုပ်များ အတွေးအမြင်ပြောင်းလဲတော့မည်လော

(21 August 2011  ရက်စွဲပါ The Star online မှ “General in retreat?” ကို ဘာသာ ပြန်ဆိုသည်)

              ယနေ့အခါတွင် မြန်မာ့နိုင်ငံရေးမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်တိုးတက်လျက် ရှိသည်။ သို့သော်လည်း အဆိုပါ တိုးတက်မှုမှာ မည်မျှအထိ ရောက်နိုင်မည် ဆိုသည်ကို သံသယများရှိနေဆဲ ဖြစ်သည်။

                မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းရေးမှာမူ အလှမ်းဝေးနေဆဲ ဖြစ်သည်။ သို့သော် ကြိုးစား အားထုတ်မှုများကိုမူ မြင်တွေ့ နေရသည်။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်လက်အောက်တွင် ဆယ်စုနှစ်များစွာ ဒုက္ခခံစားခဲ့ရပြီး ယခု တဖြည်းဖြည်းထင်ရှားလာသည့် အချက်မှာ အနာဂတ်သည် ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုကလည်း အဆုံးအဖြတ် ပြုသည် ဆိုသည့်အချက် ဖြစ်သည်။ အထီးကျန်ပြုထားရေး မူဝါဒသည် အရေးကြီး သော ကိစ္စတစ်ရပ် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ၏ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသည် ထင်သလောက်မပေါက်ခဲ့ပေ။ မြန်မာနိုင်ငံ အစိုးရသစ်တွင် အငြိမ်းစားဗိုလ်ချုပ်များ လွှမ်းမိုးသည် ဆိုသော်လည်း ယခုအခါဖြစ်ပေါ်တိုးတက်မှု နှစ်ခုက အစိုးရသစ်က မည်သို့ပုံဖော်မည် ဆိုသည်ကို အရေးပါစွာ တွေ့ရသည်။

                ပထမတစ်ခုမှာ မြန်မာနိုင်ငံအတွက် ကုလသမဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံသို့ ဩဂုတ်လ ၂၁ ရက်တွင် ရောက်ရှိမည့် ကိစ္စဖြစ်သည်။ ၄င်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် ၄င်း ရောက်မလာမီတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုအတွက် လက္ခဏာများ ဖြစ်ပေါ်နေသည်။

                ယခု Quinatana ၏ ငါးရက်ကြာခရီးစဉ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစီမံခန့်ခွဲမှု အသစ်အောက်တွင် လူ့အခွင့်အရေးအခြေအနေများကို အကဲခတ်မည်ဟု မျှော်လင့်ရသည်။ လာမည့် ကြာသာပတေးနေ့တွင် ၄င်းသည် သတိထား၍ ကြည့်ရမည့် အကောင်းမြင် သဘောထားနှင့် တိုးတက်မှု များကို ဆက်လက်စောင့်ကြည့်ရန် အကြောင်းပြချက်များ ပါရှိသည့် ကျေညာချက် ထုတ်ပြန်လိမ့်မည် ဖြစ်သည်။ ကုလသမဂအေဂျင်စီများအပြင် အမေရိကန်၊ အီးယူတို့နှင့် ဆက်ဆံရေးလည်း ပါဝင်ပါသည်။ အမေရိကန်နှင့် အီးယူသည် မြန်မာနိုင်ငံကို စီးပွားရေးအရ တောင့်တင်းစွာ ရပ်တည်နိုင်ရေး တွင် အကူအညီပေးနိုင်သူများ ဖြစ်သည်။

                အခြား အရေးကြီးသော အဖြစ်အပျက်တစ်ခုမှာ ဒေသတွင်းတွင် အာဆီယံနှင့် တိုက်ရိုက်ဆက်ဆံရေးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၄တွင် အာဆီယံဥက္ကဋ္ဌ နေရာယူရန် တောင်းဆိုထားသည်။ ၄င်းသည် ယခင် အလှည့်ကျစဉ်က မပြီးသေးသော ပြည်တွင်းရေးကြောင့်ဟု အကြောင်း ပြ၍ ငြင်းဆိုခဲ့သည်။ထို့ကြောင့် အာဆီယံသည် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်နေသည်။ ယခုဆိုလျှင် မျှော်လင့်ချက် အတွက် အကြောင်းပြစရာများ ရှိနေသည်။ အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင်ချက်များ ရှိနေသည်။ နိုဝင်ဘာ (၇) ရွေးကောက်ပွဲအပြီး ရက်များ မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်အား ခုနစ်နှစ်ကြာ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ထို့နောက်တွင် နှစ်ဖက်စလုံးသည် တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ နောက်ဆုံးစကား ပြောမှုများကို ဇူလိုင်(၂၅)တွင် စတင်ခဲ့သည်။ သုံးရက်အကြာတွင် ဒေါ်အောင်ဆန်း စုကြည်က အစိုးရနှင့် လက်နက်ကိုင်သူပုန် အုပ်စုများကို အပစ်အခတ်ရပ်ရန် တောင်းဆိုခဲ့ပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာ သြဇာလွှမ်းမိုးနိုင်မှု၏ သန်စွမ်းမှုကို ပြသခဲ့သည်။

                မကြာသေးမီရက်များအတွင်းက ဦးသိန်းစိန်အစိုးရသည် သူပုန်အုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း အသံပြုခဲ့သည်။ ယခုလ အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်တွင် နှစ်ကြိမ်တွေ့ဆုံခဲ့သည်။ ယခုလလယ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ဆန္ဒကို ဆန့်ကျင်လျက် ပဲခူးသို့ ခရီးထွက်ခဲ့သည်။ ခရီးထွက်လျှင် ဒုက္ခဖြစ်နိုင်ကြောင်း နေပြည်တော်မှ သတိပေး ခဲ့သော်လည်း အစိုးရတာဝန်ရှိသူများသည် သူမ၏ခရီးစဉ်တွင် အကူအညီပေးခဲ့ကြသည်။

                သတင်းများ၏ အဆိုအရ သူမ၏ကားတန်းမီးပွိုင့်များ အနီးသို့ရောက်လာချိန်တွင် မီးစိမ်းပေးထားသည်ဟု ဆိုသည်။ ထို့ကြောင့် အစိုးရက လိုလိုလားလား ကူညီသည်ဟု ဆိုရမည် ဖြစ်သည့်နည်းတူ အစိုးရသည် အရာရာကို ထိန်းချုပ်ထားသည်ဟူသော လက္ခဏာဟု ယူသော် ရသည်။ ထိုရက် များအတွင်းမှာပင် ဦးသိန်းစိန်သည် နိုင်ငံခြားတွင် နေထိုင်ကြသော အစိုးရဆန့်ကျင်သူများကို ပြန်လာပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးကြရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနေ့တွင်ပင် ၄င်းသည် ဒေါ်လာငွေတန်ဖိုးကျနေမှုကြောင့် ပို့ကုန်များထိခိုက်နစ်နာမှုဖြစ်နေသော စီးပွားရေး အခြေအနေကို စိတ်မကောင်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တိုင်းပြည်အများစု အတွက်မူ သမ္မတ၏ ထိုသို့သော လုပ်ဆောင်မှုကို အဓိပ္ပါယ်များများ ကောက်ယူ လိမ့်မည် မဟုတ်သော်လည်း မြန်မာနိုင်ငံအတွက်မူ လေးနက်စွာ ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်နေသည်။သမ္မတက တိုင်းပြည်မှ ထွက်ပြေးသွားသူ များ နှင့် ဒုက္ခသည်များသည် တိုင်းပြည်သို့ ပြန်လာရာတွင် ကြောက်ရွံ့နေစရာမလိုကြောင်း ပြောဆိုခဲ့သည်။ ၄င်းက လေးနက်စွာ စဉ်းစားရမည့် စီးပွားရေး အရ ပြဿနာများရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

                အစိုးရက ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အကြံပြုရေးအတွက် IMF အား ဖိတ်ကြားခဲ့ခြင်းသည် ကောင်းမွန်သော လုပ်ရပ် ဖြစ်သည်။ IMF ၏ အကြံပြုချက် အားလုံးသည် အသုံးဝင်မည်၊မ၀င်မည် မပြောနိုင်သော်လည်း ဖိတ်ကြားခဲ့ခြင်းကပင် ပိုမိုလမ်းပွင့်ပေးမှုကို ပြဆိုခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးပါတီ (၃၇) ခုမှ ကိုယ်စားလှယ်များအား နေပြည်တော်တွင် ပြုလုပ်မည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်သို့ ဖိတ်ကြားခဲ့သည်။ ၄င်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် မြို့တော်သစ်သို့ ပထမဆုံးခရီး ဖြစ်မည် ဖြစ်သည်။

                သို့သော် နေပြည်တော်သို့ သွားရောက်ခြင်း၊ ဖိုရမ်တက်ရောက်ခြင်းထက် အရေးကြီးသော ကိစ္စမှာ သူမနှင့် ဦးသိန်းစိန် တွေ့ဆုံခြင်းပင် ဖြစ် သည်။ ၄င်းတို့၏ တံခါးပိတ်ဆွေးနွေးမှုသည် မြန်မာနိုင်ငံတွင်းရော ပြည်ပတွင်ပါ အနှစ်သာရ အပြည့်ရှိသော ကိစ္စရပ်ဖြစ်ကြောင်း နှစ်ဖက်စလုံးက သဘောပေါက်ကြသည်။ အာဆီယံသည် လာမည့် နိုဝင်ဘာလ ဘာလီတွင် ကျင်းပမည့် အစည်းအဝေးတွင် မြန်မာနိုင်ငံအား ဥက္ကဋ္ဌနေရာ ပေးရေး၊ မပေးရေး ဆုံးဖြတ်ရန် စီစဉ်ထားသည်။ ယခုနှစ် အစောပိုင်းက ဦးသိန်းစိန်သည် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားအစိုးရ၏ သမ္မတ Susilo Bambang Yudhoyono အား ၂၀၁၄ တွင် ဥက္ကဋ္ဌနေရာ လျှောက်ထားမှုအား ထောက်ခံရန် ပုဂိုလ်ရေးအရ တောင်းဆိုခဲ့သည်။

                ယခုအချိန်အထိမူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် မြန်မာနိုင်ငံသို့ အလျင်စလို သွားရောက်လိုခြင်း မရှိပေ။ အချိန် မတိုင်မီ သွားရောက်ခဲ့မည်ကို သတိထားနေခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နိုင်ရန် အချိန်ပေးထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြဿနာ ပေါင်းစုံ၏ အလယ်ဗဟိုမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းတည်းဟူသော အချက်ပင်ဖြစ်သည်။ တစ်ချိန်က စစ်အစိုးရ ဖြစ်ခဲ့ဖူးသော မြန်မာအစိုးရသစ် သည် တိုင်းပြည်တွင် လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုများကို အမှန်တကယ်အလေးထားခြင်းရှိမရှိ ပြည်သူများရော၊ အတိုက်အခံများကပါ မယုံရဲ ဖြစ်နေပါသေးသည်။ ထို့ကြောင့်နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ယုံကြည်မှု ပျောက်ဆုံးနေရခြင်း ဖြစ်သည်။

                အာဆီယံ ကိုယ်ကလည်း မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာအတွက် ကြိုဆိုခဲ့ရခြင်းကို နောင်တမရလိုသည် ဖြစ်ရာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလှ သည် မဟုတ်ပေ။ ယုံကြည်မှု ရှိစေနိုင်သည့် အရေးပါသည့် လုပ်ဆောင်မှုမျိုးကလည်း မရှိဖြစ်နေရာ၊ သံသယများ ကာလရှည်ကြာခဲ့ရသည်။ သို့သော် လက်တွေ့တွင် တိုးတက်မှုအမှန်တရား အချို့လည်း ရှိနေသည်။

                ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဆင့်မြင့်တာဝန်ရှိသူများနှင့် ပို၍ ထိတွေ့လာခြင်း၊ တရားဝင် အခမ်းအနားများတွင် သူမ အား ပိုမိုတွေ့မြင်လာခြင်းများ ဖြစ်သည်။ ထိုအခြင်းအရာများ ဆက်လက်ဖြစ်နေလိမ့်ဦးမည်ဟု ယူဆရသည်။ တစ်ချိန်တည်းမှာပင် သူမနှင့် အာဆီယံ တို့၏ ထိတွေ့ဆက်ဆံမှုကလည်း အရေးကြီးသည်။ ယခုအထိမူ ထိုသို့ဆက်ဆံရေး လုံးဝမရှိသေးပေ။ လူတိုင်းမျှော်လင့်နေကြသော ပြုပြင်ပြောင်းလဲပြီး ဖြစ်သည့် မြန်မာနိုင်ငံကို မြင်ရရန် အချိန်ပေါ်တွင် များစွာ မူတည်နေပါသည်။ မေးရမည့်မေးခွန်းမှာ အစိုးရမူဝါဒဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည် လော။ သို့မဟုတ် အားနည်းသော စီးပွားရေးနှင့် ဗိုလ်ချုပ်အိုကြီးများ တွဲလျက်သွားနေဦးမည်လော ဟူ၍ပင် ဖြစ်သည်။

**************************************************************************

ကမ္ဘာ့စီးပွားရေး နှေးကွေးမှုအပေါ် စိုးရိမ်မှုကြောင့် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၉၀၀ ကျော်စံချိန်တင်မြင့်တက်

(BBC News မှ 23 Aug 2011 ရက်စွဲပါ “Gold hits record high of $ 1900 on global growth fears” သတင်းကို ဘာသာ ပြန်ဆိုသည်)

                တစ်ကမ္ဘာလုံး စီးပွားရေး နှေးကွေးနေမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ကြီးထွားလာခြင်းကြောင့် ကမ္ဘာ့ရွှေ တစ်အောင်စ ဈေးနှုန်းသည် ပထမဆုံး အကြိမ် ဒေါ်လာ ၁၉၀၀ ကျော်သွားခဲ့သည် ဟု သိရှိရသည်။

                တန်ဖိုးကြီး ရွှေသတ္တုသည် စောစောစီးစီးပင် အာရှဈေးကွက် တွင် ၀.၈% မြင့်တက်ကာ ၁၉၁၁ ဒေါ်လာ သို့ ရောက်ရှိသွားခဲ့သည်။ အမေရိကန် စီးပွားရေး နှေးကွေးမှုနှင့် ဥရောပ ကြွေးမြီပြဿနာများကြောင့် မရေရာသော ကာလမျိုးတွင် ဘေးကင်းသော ရင်းနှီးမြှုပ်နှံမှုဟု ယူဆကြသော ‘ ရွှေ ’ ဝယ်လိုအား ကြီးထွားလာခြင်း ဖြစ်သည်။

                အကဲခတ် လေ့လာသူများက ရွှေဈေးနှုန်း ဆက်၍ပင် မြင့်တက်နိုင်သည်ဟု ပြောကြားထားကြသည်။

                “အခုလောလောဆယ် အချိန်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေတွေကို ကြည့်ပြီးတော့ ပျော်နေကြပါတယ်။ ဒုက္ခရောက်တဲ့ ကာလမျိုးမှာ ဘေးကင်းနေတဲ့သဘောပေါ့ဗျာ။ ကောင်းမွန်တဲ့ အနေအထားမျိုး ဆက်တိုက်ဖြစ်လာမယ့် အခြေအနေ တစုံတရာကို မြင်ရတဲ့အထိ ဒီလိုပဲ ဆက်ဖြစ်နေဦး မှာပါ” ဟု Investec Australia မှ Darren Health cote က ပြောကြားသည်။

ဒေါ်လာနဲ့ ရွှေ

                နှေးကွေးနေသော စီးပွားရေးကို တွန်းတင်ရန် ကြိုးစားသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု အရန်ငွေကြေး အဖွဲ့က လှုံ့ဆော် တွန်းအား ပေး အစီအစဉ်သစ်များ ကြေညာဖွယ်ရှိသည်ဟူသော မှန်းဆမှုများကလည်း ရွှေဝယ်လိုအားကို မောင်းတင်ခဲ့သည်ဟု အကဲခတ်သူများက ဆိုသည်။

                ယခု သီတင်းပတ်ကုန်တွင် ကမ္ဘာတစ်လွှားမှ ဗဟိုဘဏ်အုပ်ချုပ်သူများသည် ဂျက်ဆန်ဟိုး ထိပ်သီးညီလာခံ၌ နှစ်လည် အစည်းအဝေး ကျင်းပ ဆုံဆည်းကြရန် စီစဉ်ထားကြသည်ဟုလည်း သိရှိရသည်။

                အဆိုပါ ထိပ်သီးညီလာခံ တွင် အမေရိကန် ဗဟိုဘဏ် ဥက္ကဌ Ben Bernanke က မိန့်ခွန်းပြောကြားရင်း လှုံ့ဆော်မှု အစီအစဉ်သစ်များ ကြေညာဖွယ် ရှိသည်ဟူသော မှန်းဆမှုများလည်း ကြီးထွားနေသည်။

                “QE 2 အိုင်ဒီယာဟာလည်း မနှစ်က ဂျက်ဆန်ဟိုးညီလာခံမှာ ထွက်ပေါ်လာခဲ့တာပါ” ဟု Phillip Futures မှ အွန်ရီလင်းက BBC သို့ ပြောကြားသည်။

                “ဒါကြောင့် ဒီနှစ်ညီလာခံမှာလည်း အလားတူ အစီအစဉ်တွေ ကြေညာလိမ့်မယ်လို့ ဈေးကွက်တွေက မျှော်လင့်နေကြပြီး ရွှေ ဝယ်လိုအားကို ထိုးတက်လာစေခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

                “တကယ်လို့ အစီအစဉ်သစ်တွေ ပိုမိုကြေညာပြီး တွန်းအားပေးမယ်ဆိုရင် ရွှေဈေးက ဒီထက်တောင် ပိုတက်သွားဦးမှာပါ” ဟု ဖြည့်စွက် ပြောကြားသူမှာ Fat Prophets မှ ကောလင်းဝှိုက်ဟက် ဖြစ်သည်။

                ၎င်းက ဆက်လက်၍ “လှုံ့ဆော်မှု အစီအစဉ်သစ်ဆိုသည်မှာ ဈေးကွက်တွင် အေးခဲမှုကို အရည်ဖျော်ရန် အမေရိကန်တို့က ငွေများ ထပ်မံ ရိုက်ထုတ်မည်ဟု ဆိုလိုခြင်းဖြစ်၍ အမေရိကန် ဒေါ်လာတန်ဖိုး ဆက်လက် ကျဆင်းနိုင်ဖွယ်ရှိသည်” ဟု ရှင်းလင်းပြောကြားသည်။

                “ရွှေဈေးနှုန်းကို မောင်းတင်နေတဲ့ အခြေခံအကြောင်းရင်းဟာ အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းမှုပဲ ဖြစ်ပါတယ်။ ဒီတော့ ပိုက်ဆံတွေ ပိုပြီး ရိုက်ထုတ်မယ်ဆိုရင် ရွှေဈေးနှုန်းလည်း ပိုတက်လာဦးမှာပေါ့” ဟု ကောလင်းက မှတ်ချက်ပေးသည်။

****************************************************************************************************************************

 

                

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment