Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. ငွေလဲနှုန်းစနစ်ပြင်ဆင်ရန် မြန်မာနိုင်ငံကို IMF ကူညီမည်

(AFP သတင်းမှ 1 Sept 2011 ရက်စွဲပါ “IMF to help Myanmar reform exchange rate” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom မြန်မာနိုင်ငံကို မျက်စိကျ

(DVB သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံနှင့် အခွင့်အလမ်းများအပေါ် ထိုင်းတို့ အရယူသင့်

(1 September 2011 ရက်စွဲပါ The Nation မှ Nalin Vibomchart ရေးသားသော “Seize opportunities to regain Burma” ကို ဘာသာ ပြန်ဆိုသည်)

***************************************************************************************************

ငွေလဲနှုန်းစနစ်ပြင်ဆင်ရန် မြန်မာနိုင်ငံကို IMF ကူညီမည်

(AFP သတင်းမှ 1 Sept 2011 ရက်စွဲပါ “IMF to help Myanmar reform exchange rate” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာအစိုးရသစ်က စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားနေသည့် လက္ခဏာပြသနေ ခြင်းကြောင့် ယင်းနိုင်ငံ၏  ရှုပ်ထွေးသော ငွေလဲနှုန်းစနစ်ကို ခေတ်မှီအောင် အကူအညီပေးရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ စီးပွားရေးပညာရှင်များ မြန်မာနိုင်ငံသို့ သွားရောက်ကြ မည် ဟု IMF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

                ကမ္ဘာတစ်လွှား Burma ဟု လူသိများသော အဆိုပါနိုင်ငံသို့ အောက်တိုဘာလ ဒုတိယအပတ်တွင် IMF ၏ နည်းပညာအဖွဲ့ သွားရောက် မည်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအဖွဲ့အစည်း IMF ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Gita Bhatt က ပြောကြားခြင်း ဖြစ်သည်။

                မြန်မာအာဏာပိုင်တွေဆီကနေ သူတို့ရဲ့ ငွေလဲနှုန်းစနစ်ခေတ်မှီအောင် ပြင်ဆင်ပြောင်းလဲရာမှာ ငွေပေးချေ၊ လွဲပြောင်းမှုလုပ်လို့မရအောင် ကန့်သတ်ပိတ်ပင်ထားမှုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုချက်ကို ကျွန်မတို့ လက်ခံရရှိ ထားပါတယ်” ဟု သူမက ပြောကြားသည်။

                လာမည့် အောက်တိုဘာခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်များကို ဆက်လက်ပြောကြားရန် သူမကငြင်းဆိုထားသော်လည်း မြန်မာအစိုးရအာဘော် New Light of Myanmar သတင်းစာတွင် “မြန်မာတာဝန်ရှိသူ များက IMF နှင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး ထိပ်တန်းဦးစားပေး ဖြစ်သည့် ငွေလဲနှုန်းပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်ရန်အတွက် နိုင်ငံခြားသို့ လေ့လာရေးသင်တန်းသားများစေလွှတ်ထားကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရသည်။

                နိုင်ငံတကာ ကုန်သွယ်ရေးတွင် အဓိကအတားအဆီးသဖွယ် ဖြစ်နေသည့် ငွေလဲနှုန်းကွာဟမှုပြဿနာကို ဈေးကွက်စီးပွားရေးစစ်မှန်စွာ ပြောင်းလဲခြင်းနှင့်အတူ ဖြေရှင်းသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းပြောကြား သည့်အတိုင်း သတင်းစာက ရေးသားထားသည်။

                မြန်မာနိုင်ငံတွင် ဈေးကွက်ပေါက်ဈေးထက် များစွာတန်ဖိုးမြင့်သတ်မှတ်ထားသည့် တရားဝင်ငွေလဲနှုန်း အပါအဝင် ငွေခွန်စနစ်အမျိုးမျိုးကို အသုံးပြုလျက်ရှိသည့်အပြင် နိုင်ငံသားများ နိုင်ငံခြားငွေကိုင်ဆောင်ခြင်း မပြုရန် အစိုးရက ကန့်သတ်ချုပ်ချယ်ထားသည်။

                ၂၀၀၈ ခုနှစ်က IMF စီးပွားရေးပညာရှင်နှစ်ဦးရေးသားထုတ်ပြန်သော (အဖွဲ့၏ အာဘော်ကို အပြည့်အဝ ကိုယ်စားပြုခြင်း မရှိသည့်) အစီရင်ခံ စာတွင် “ငွေလဲနှုန်းစနစ်ကြောင့် မြန်မာနိုင်ငံ၏ ရလဒ်ဆုံးရှုံးမှုသည် ၎င်းနိုင်ငံ၏ ၂၀၀၆-၂၀၀၇ စီးပွားရေး ပမာဏာ၏ ၁၄ မှ ၁၇ ရာခိုင်နှုန်းအထိရှိသည်” ကို တွေ့ရှိထားကြောင်း ဖော်ပြခဲ့သည်။

                မြန်မာနိုင်ငံသည် IMF ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် အဖွဲ့၏ စီးပွားရေးပညာရှင်များ တစ်နှစ်လျှင် တစ်ကြိမ်ခန့်သွားရောက်လေ့ ရှိပြီး ပုံမှန်ဆွေးနွေးတိုင်ပင်ခြင်းအတွက် ၂၀၁၀ ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် သွားရောက်ခဲ့ကြသည်ဟု Bhadd က ဆိုသည်။

                မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကပင် စစ်တပ်(တပ်မတော်)က အုပ်ချုပ်လာခဲ့သော်လည်း မနှစ်ကနိုဝင်ဘာလ ရွေးကောက်ပွဲများအပြီးတွင် လွှတ်တော်သစ်ကို ခေါ်ယူစည်းဝေးကာ ယခုနှစ်အစောပိုင်းတွင် အရပ်ဖက်အစိုးရထံ နာမည်ခံ အာဏာ လွှဲပြောင်းပေးခဲ့သည်။

                ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီလိုလားသည့် အတိုက်အခံများနှင့် အမေရိကန်ပြည်ထောင်စု က “မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲပုံကို များစွာ စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း တပ်မတော်က အာဏာဆက်လက်ချုပ်ကိုင်ထားမှုကြောင့် အပြောင်းအလဲများမှာ လုံးဝဟန်ဆောင် ဖန်တီးမှု ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

                မြန်မာတပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် အဓမ္မ ခိုင်းစေမှု(ပေါ်တာဆွဲမှု) နှင့် လိင်အကြမ်းဖက်မှုကို အသုံးပြု နေခြင်း အပါအဝင် မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်ညှင်းပန်း ခြင်း ကိစ္စများကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ကျောက်မျက်စီးပွားရေး ကဏ္ဍအပါအဝင် စီးပွားရေး ပိတ်ဆို့ အရေးယူဒဏ်ခတ်သည့် အစီအစဉ်များကို ယခုတိုင် ဆက်လက်ချမှတ်ထားဆဲဖြစ်သည်။

**************************************************************************

ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom မြန်မာနိုင်ငံကို မျက်စိကျ

(DVB သတင်းကို ဘာသာ ပြန်ဆိုသည်)

ရုရှားနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom မှ တာဝန်ရှိသူများ မြန်မာနိုင်ငံ၊ မြို့တော်နေပြည်တော်သို့ ယခုလ သြဂုတ်လ အစော ပိုင်း ရက်သတ္တပတ်အတွင်း လာရောက်လည်ပတ်ခဲ့ကြောင်း International Oil Daily က ရေးသားဖော်ပြသည်။ Gazaprom ကုမ္ပဏီသည် အာရှ ဒေသ တွင်း သဘာဝဓာတ်ငွေ့တူးဖော်မှုလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်နည်းလမ်းရှာဖွေလျက်ရှိရာ မြန်မာနိုင်ငံရှိသဘာဝဓာတ်ငွေ့စီမံကိန်းများ၌ ပါဝင်လုပ်ကိုင် နိုင်ရေး အတွက် စိတ်ဝင်စားလျက်ရှိသည်။

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အရန်သဘာဝဓာတ်ငွေ့ပမာဏအများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ရာ အဆိုပါ Gazaporm သည်လည်း သဘာဝ ဓာတ်ငွေ့ အမြောက်အမြားတူးဖော်သည့်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်လာသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တစ်နှစ်တည်းအတွင်း သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အခွန်ဘဏ္ဍာငွေ အမေရိကန်ကန်ဒေါ်လာ ၁၇ ဒဿမ ၂ ဘီလီယံရရှိခဲ့သည်။ အဆိုပါပမာဏမှာ မြန်မာနိုင်ငံ စုစုပေါင်း ဂျီဒီပီ၏ သုံးပုံ တစ်ပုံနှင့်ညီမျှသည်။

ယခု နေပြည်တော်သို့လာရောက်လည်ပတ်ကြသည့် အရာရှိကြီးများမှာ Gazprom ၏နယ်သာလန်နိုင်ငံအခြေစိုက် နိုင်ငံတကာအဖွဲ့ခွဲဖြစ်သော Gazprom EU International မှတာဝန်ရှိသူများဖြစ်ကြသည်။ ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်နေသည့် အီးယူ အဖွဲ့ဝင် နိုင်ငံတွင်မှတ်ပုံတင်ထားခြင်းလည်းဖြစ်သည်။ ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်သော E.ON မှာလည်း Gazprom တွင် အစုရှယ်ယာ ထည့်ဝင် ထား ကြောင်း သိရသည်။

မြန်မာအစိုးရကမူ Gazprom မှ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းသုံးနည်းပညာနှင့် စက်ပစ္စည်းများ၊ သိုလှောင်ထိန်းသိမ်းရေးပစ္စည်းများ၊ ပိုက်လိုင်းများနှင့် ဘူမိဗေဒဆိုင်ရာ လေ့လာမှုများပြုလုပ်ပေးရန် ကမ်းလှမ်းမည့်အရေးကိစ္စကို စိတ်ဝင်စားလျက်ရှိသည်။ သတင်းပေးပို့ချက်များအရ Gazprom သည် စီးပွားရေးတိုးတက်မှုနှေးကွေးလျက်ရှိသည့် ဥရောပဒေသနှင့် ဝေးကွာသည့်နေရာများတွင် ဈေးကွက်သစ်များ ထပ်မံရရှိအောင် ကြိုးပမ်းလျက် ရှိကြောင်း၊ အကြောင်းမှာ စွမ်းအင်ဆာလောင်မွတ်သိပ်လျက်ရှိသည့် တရုတ်နိုင်ငံက လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဥရောပဒေသမှ ဈေးကွက် ဝယ်လိုအားမျာဖြစ်ပေါ်ရရှိအောင်ကြိုးပမ်းနေခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။ သို့သော် ယခုအခါ တရုတ်နိုင်ငံသည် ဗဟိုအာရှနိုင်ငံများနှင့် အိမ်နီးချင်းမြန်မာနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့ရင်းမြစ်များရရှိရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းနေရဆဲဖြစ်သည်။ မြန်မာအစိုးရကလည်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်ရေးအခန်းကဏ္ဍတွင် ပြည်တွင်အတတ်ပညာများ ပိုမိုဖြစ်ပေါ်ရရှိလာအောင် ကြိုးပမ်းလျက်ရှိသည်။

**********************************************************************

မြန်မာနိုင်ငံနှင့် အခွင့်အလမ်းများအပေါ် ထိုင်းတို့ အရယူသင့်

(1 September 2011 ရက်စွဲပါ The Nation မှ Nalin Vibomchart ရေးသားသော “Seize opportunities to regain Burma” ကို ဘာသာ ပြန်ဆိုသည်)

                တရုတ်သည် ကုန်သွယ်မှုတန်ဖိုးအရ မြန်မာနိုင်ငံ၏အကြီးဆုံး စီးပွားရေးပါတနာဖြစ်လာသည်။ တရုတ်သည် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး ဖွင့်သော မူဝါဒအပေါ်မှ အကျိုးအမြတ်များစွာရပြီး ထိုင်းနိုင်ငံနေရာကို ရယူခဲ့ခြင်းဖြစ်ကြောင်း မြန်မာနှင့်ထိုင်း စီးပွားရေးလုပ်ငန်းရှင်များရော ထိုင်းရင်းနှီး မြှုပ်နှံမှု ဘုတ်အဖွဲ့ BOI ကပါ ပြောကြားခဲ့သည်။

                ထိုင်း ရင်းနှီးမြှုပ်နှံသူများသည် အလားအလာကောင်းသော ဈေးကွက်များ အထူးသဖြင့် မြန်မာနိုင်ငံကို ထိုးဖောက်သင့်သည်။ အစိုးရကလည်း ထိုင်းကုမ္ပဏီများကို ယင်းတို့၏ လုပ်ငန်းများကို မြန်မာနိုင်ငံသို့ သာမကပဲ တရုတ်၊ အိန္ဒိယနိုင်ငံများသို့ ချဲ့ထွင်ရန် အားပေးမြှင့်တင်ပေးရန် လိုကြောင်း ဆွေးနွေး ပွဲတွင် ပြောကြားခဲ့ကြသည်။

                BOI ၏ နိုင်ငံတကာရေးရာ ဗျူရိုဒါရိုက်တာ ဖြစ်သူ Vasana Mututanont က “Thai Investors move forward in India and Burma” အမည်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောကြားခဲ့ရာတွင် ထိုင်းနိုင်ငံသည် 1988 မှ 2008 ထိ မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားဖက် ဖြစ်ခဲ့ကြောင်း၊ သို့သော် လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း တရုတ်ကို နေရာဖယ်ပေးခဲ့ရသည်ဟု ဆိုသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် ဇွတ်အတင်း ဈေးကွက် ချဲ့ထွင်ခဲ့ရာ ယခု အခါ ဈေးကွက်အတွင်း၌ လူသုံးကုန်အများစု ရောက်နေပြီ ဖြစ်သည်။

                “ထိုင်း ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံကို လစ်လျူရှု မနေနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အခန်း ကဏ္ဍရဖို့ စဉ်းစားသင့်ပါတယ်” ဟု သူမက ပြောသည်။ “မြန်မာအစိုးရကလည်း လယ်ယာစိုက်ပျိုးရေး အဓိက နိုင်ငံကနေ ၂၀၃၀ မှာ စက်မှုနိုင်ငံဖြစ်ဖို့ ရည်မှန်းထားတယ်။ ဒီတော့ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုန်သွယ်ဖို့ ပိုပြီး လိုအပ်လာပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဒီ မူဝါဒအပေါ်မှာ အခွင့်အလမ်း ရှိနေပါတယ်” ဟု သူမက ပြောသည်။

                အဆိုပါဆွေးနွေးပွဲကို ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ စက်မှုစီးပွားရေးနှင့် နိုင်ငံတကာ ကုန်သွယ်မှု လေ့လာရေးဗဟိုဌာနမှ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး ထိုင်းကုမ္ပဏီများ အိန္ဒိယနှင့်  မြန်မာတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများ သုတေသနပြုချက်ကို ဖော်ထုတ် ဆွေးနွေးခဲ့ ကြသည်။

                မြန်မာနိုင်ငံ ငါးထွက်ကုန်နှင့် ပို့ကုန်အသင်း ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော်က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်က သွင်းကုန် အမေ ရိကန်ဒေါ်လာ (4.53) ဘီလီယံတင်သွင်းခဲ့ရကြောင်း၊ တရုတ်၊ ထိုင်းနှင့်စင်္ကာပူတို့မှ အများဆုံးတင်သွင်းရကြောင်းပြောသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ် မှု တန်ဖိုးမှာ အများဆုံး ဖြစ်ပြီး ဒေါ်လာ (9.5)ဘီလီယံ ဖြစ်ကြောင်း ပြောသည်။ ထို့နောက် ထိုင်းနိုင်ငံက ဒုတိယလိုက်သည်ဟု ဆိုသည်။

                ယင်းက ပြောကြားရာတွင် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ငါးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အစားအသောက်၊ သစ်၊ ဘိလပ်မြေနှင့် အခြေခံ အဆောက်အဦကဲ့သို့သော ကဏ္ဍအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများစွာ ရှိကြောင်း ပြောသည်။ သို့သော် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ရနိုင်သလောက် အကျိုးအမြတ် မရှိသေးပါ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။

                “နှစ်နိုင်ငံအစိုးရဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသင့်ပါတယ်။ ကျွန်တော်ထင်တယ်။ ဒီနေ့ထိတော့ ကောင်းနေတယ်လို့ ထင်ပါတယ်။ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ ရင်းနှီး မြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ ခဏတာသာလုပ်ပြီး ပြန်ထွက်သွားတဲ့ပုံစံ hit-and-run style စီးပွားရေး ကိုပဲ စဉ်းစားတာ မဟုတ်တောပဲ ရေရှည်ကို စဉ်းစား လာပါလိမ့်မယ်” ဟု ယင်းက ပြောသည်။

                ထိုင်း စီးပွားရေးအနေဖြင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းရောင်းချရုံ စဉ်းစားခြင်းထက် ကျော်လွန်၍ ရင်းနှီးမြှုပ်နှံမှုများအတွက် စီစဉ်သင့်သည်ဟု ယင်းက ပြောသည်။ မြန်မာနိုင်ငံသည် ပစ္စည်းများအား နိုင်ငံခြား ဈေးကွက်သို့ တင်ပို့ရန် အကန့်အသတ်များ ရှိနေသည်။ ဆိပ်ကမ်းကဲ့သို့သော အထောက်အကူပစ္စည်းများ မရှိသော ထိုင်းနိုင်ငံသည် ကုန်ပစ္စည်း တင်ပို့မှု ဗဟို ဖြစ်ရန် လိုသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက် တင်ပို့ခြင်းထက် ကုန်ကျမှု သက်သာနိုင်သည်။ ထိုင်းကုမ္ပဏီများသည် ထုတ်လုပ်မှုအတွက် မြန်မာနိုင်ငံမှ ကုန်ကြမ်းကို အသုံးပြုနိုင်သည်။ မြန်မာ ကုမ္ပဏီများသည် ထုတ်ပိုးမှုကို ထိုင်းနိုင်ငံတွင် ပြုလုပ်ပြီး ဖြန့်ဖြူးမှု ဗဟိုဌာနအဖြစ် အသုံးပြုနိုင်သည်။

                ထိုင်းကုမ္ပဏီဖြစ်သော Oriental Unique မှ မန်နေးဂျင်းဒါရိုက်တာ Vichai Kemtongkum က ပြောကြားရာတွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ နှင့် ထိုင်း ဘတ်ဘီလီယံချီ၍ ကုန်သွယ်သင့်သော်လည်း တရုတ်ကို ခွဲပေးခဲ့ရကြောင်း ပြောသည်။ ယင်း၏ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် 1994 ကတည်း က စီးပွားရေး လုပ်နေခဲ့သည်။ အတားအဆီးတစ်ခုမှာ မြန်မာ လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ရာတွင် လုံခြုံမှုနှင့် တည်ငြိမ်မှုကို မသိရှိရသဖြင့်ဟု ဆို သည်။

                “ကျွန်တော် သိသမျှတော့ မြန်မာနိုင်ငံမှာ ထိုင်းမှာထက် ပိုပြီး စိတ်ချရပါတယ်။ မြန်မာ လုပ်ငန်းရှင်တွေဟာ ယုံကြည်ရပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော် စီးပွားရေးလုပ်လာတာ ကြာပြီ။ တစ်ခါမှ လိမ်တာမခံရပါဘူး” ဟု ယင်းက ပြောသည်။

                နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ဒုညွှန်ချုပ် Surasak Chuasuknothing က ပြောကြားရာတွင် အိန္ဒိယနိုင်ငံသည် အခြေခံ အဆောက်အဦတွင် ဒေါ်လာ ၂ ထရီလီယံကျော် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေခြင်းကြောင့် ထိုင်းကန်ထရိုက်တာများသည် အဆိုပါအခွင့်အရေးကို လက်လွှတ် မခံသင့်ဟု ဆိုသည်။

**********************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment