Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်က ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦး သေဆုံး

(Daily Mail မှ 1 Sept 2011 ရက်စွဲပါ “Seven killed including two children after Second World War Bomb explode in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ နာမည်ကျော် တပ်မတော်အစိုးရ ပြောင်းလဲနေတာ ဟုတ်ရဲ့လား

(TIME မှ 31 August 2011 ရက်စွဲပါ “Is Burma’s Notorious Military Junta Reforming?” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

  1. တရုတ်နှင့် အိန္ဒိယ စစ်သင်္ဘောများ ဗီယက်နမ်အထွက်တွင် ရင်ဆိုင်မိဟုဆို

(AFP ၏ 1 Sept 2011 ရက်စွဲပါ “China confronted India warships off Vietnam: Report” ကို ဘာသာ ပြန်ဆိုသည်)

*********************************************************************************

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်က ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦး သေဆုံး

(Daily Mail မှ 1 Sept 2011 ရက်စွဲပါ “Seven killed including two children after Second World War Bomb explode in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်းတွင် မြစ်ထဲမှ ဆယ်ယူရရှိသော ဒုတိယကမ္ဘာစစ်ခေတ်မှ ဗုံးတစ်လုံးပေါက်ကွဲကာ ၇ ဦး အသက်ဆုံးရှုံးသွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သေဆုံးမှုတွင် ကလေးငယ် ၂ ဦးလည်း ပါဝင်သည်ဟု ပြောကာ အဆိုပါတာဝန်ရှိသူက မီဒီယာများအား ပြောရေး ဆိုခွင့်မရှိခြင်းကြောင့် အမည်မဖော်ပြရန် တောင်းဆိုထားသည်။

သေဆုံးသွားသူ ၇ ဦးသည် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က မြစ်ထဲ ဗုံးတစ်လုံးမျောနေသည်ကို တွေ့ရှိသဖြင့် ဆယ်ယူရန် ကြိုးစားစဉ် ပေါက်ကွဲ သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မှ ဗုံးများကို မကြာခဏဆိုသလို တွေ့ရှိရတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ နှစ်ပေါင်းများစွာအတွင်း ဗုံးတစ်လုံးထဲဖြင့် အရေအတွက် အများဆုံးသေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်များနှင့် ဗြိတိသျှတပ်များအကြား တိုက်ပွဲများစွာ ဖြစ်ပွား ခဲ့ခြင်းကြောင့် မပေါက်ကွဲသေး သည့် ဗုံးများ တန်နှင့်ချီကာ ဒေသတွင်း ပြန့်ကျဲ၍ ကျန်ရစ်သည်ဟု ဆိုသည်။

**********************************************************

မြန်မာနိုင်ငံ၏ နာမည်ကျော် တပ်မတော်အစိုးရ ပြောင်းလဲနေတာ ဟုတ်ရဲ့လား

(TIME မှ 31 August 2011 ရက်စွဲပါ “Is Burma’s Notorious Military Junta Reforming?” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

                မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်နီးပါးမျှ “မကြုံဘူးလျှင် ယုံဖို့ပင်ခက်သည့်” ရက်စက်ကြမ်းကြုပ်မှုများဖြင့် တပ်မတော် ခေါင်းဆောင်များ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် အုပ်ချုပ်ခဲ့ကြသော်လည်း လတ်တလော ဖြစ်ရပ်များကမူ မြန်မာ့အရေး စောင့်ကြည့်သူများအား “အပြောင်းအလဲ ဖြစ်လာပြီ လား” ဟူသော အတွေးဖြင့် အံ့အားသင့်စေခဲ့သည်။

                မနှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ အတွင်းက ရန်ကုန် အပြင်ဖက်သို့ ပထမဆုံးအကြိမ် စည်းရုံးရေးဆင်းရာတွင် ၂၀၀၃ ခုနှစ်က တပ်မတော်အစိုးရပိုင် လူမိုက်များ နှောက်ယှက်ခဲ့သည့် ဖြစ်ရပ်နှင့်မတူတော့ပဲ စိတ်ဓာတ် တက်ကြွနေသည့် လူအုပ်ကြီး၏ ကြိုဆိုထောပနာ ပြုခြင်းကိုခံခဲ့ရသလို ရန်ကုန်ကို နောက်တစ်ကြိမ်ခွာ၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက်တွင်လည်း သူမအနေဖြင့် ပျော်ရွှင်မှုနှင့် ကျေနပ်အားရမှု ရှိခဲ့သည်ဟု သိရှိရသည်။

                ကမ္ဘာ့ သက်ဆိုးအရှည်ဆုံး တပ်မတော်အာဏာရှင် အစိုးရများထဲမှ တစ်ခုသည် နောက်ဆုံးတွင် ပြုပြင် ပြောင်းလဲမှုကို ဦးတည်ကာ အခါလည်သား မတ်တပ်ရပ် လမ်းလျှောက်သလို တုံ့နှေးတုံ့နှေးဖြင့် စတင်နေသလား ဟူသော မေးခွန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများအကြားမှာပင် အမြင်ကွဲလွဲမှု ရှိလာခဲ့သည်။ “စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားစေလိုတဲ့ စေတနာရှိတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့ရသေးပါဘူး”ဟု ပြောကြားသူမှာ သြစတြေးလျ Griffith University မှ သုတေသန ပညာရှင် Andrew Selth ဖြစ်သည်။ “ဒါပေမယ့်လည်း လေ့လာ ဆန်းစစ်သူတွေ မျှော်လင့်မထားတဲ့ ပျော့ပြောင်းမှုဒီဂရီကို မြန်မာအစိုးရက ပြသခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရမှာပါ” ဟု ယင်းက ဆက်လက် ပြောဆိုသည်။

                အောက်တွင် မြန်မာအစိုးရ ပြုပြင် ပြောင်းလဲနေသည်ဟူသော လက္ခဏာငါးချက်နှင့် ယင်းတို့ ဟန်ဆောင်နေကြောင်း သတိထားရမည့် လက္ခဏာငါးချက်စီကို အသီးသီး ဖော်ပြထားသည်။

ကောင်းသတင်းများ

(၁) သမ္မတသစ်

                ဦးသိန်းစိန်သည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးထုတ် ကောက်ယူခံရသူ ဖြစ်သော်လည်း သူ ကိုယ်တိုင်မှာမူ အာဏာရှင် မဟုတ်ပေ။ “သူတာဝန်ထမ်းဆောင်ခဲ့တာဟာ ကိုယ်ကျိုး စီးပွားအတွက် မဟုတ်ပါဘူး။ ဒါ့အပြင် သဘောကောင်းပြီး ဆက်ဆံလို့ ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ တာဝန်ရှိသူအဖြစ် ယခင်လုပ်ကိုင်ခဲ့သော အကဲခတ် လေ့လာသူ Richard Horsey က ပြောကြားသည်။ “သူက အကြံကောင်း၊ ဥာဏ်ကောင်းတွေကို လိုလိုလားလား ကြိုဆိုတဲ့ သူဖြစ်သလို သူနဲ့ ဆွေးနွေး ရာမှာလည်း ထုံးတမ်းစဉ်လာ ဟန်ကြီးပန်ကြီး လုပ်မှုတွေမရှိဘူး ဆိုတာကို ပြသနေပါတယ်” ဟု Horsey က သုံးသပ်သည်။ ဦးသိန်းစိန်ကို တောင်အာဖရိက အသားရောင်ခွဲခြားမှု ခေတ်လွန်သမ္မတ FW de Klerk နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နယ်လဆင်မင်ဒဲလားနှင့် လည်းကောင်း အသီးသီးနှိုင်းယှဉ်လျှင် အထူးပင် ဆီလျော်ပေလိမ့်မည်။

(၂) ဗိုလ်ချုပ်အောင်ဆန်း ပြန်လည်ပေါ်ထွက်လာမှု

                မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဖြစ်နေသောကြောင့် သူ၏ရုပ်ပုံကို ငွေစက္ကူများနှင့် အစိုးရရုံး နံရံများပေါ်မှ တပ်မတော် အစိုးရက ဖယ်ရှား ပစ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က ကြိုဆို နှုတ်ဆက်သော အခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်ဘဝပုံတူကို ထင်ထင်ရှားရှား ချိတ်ဆွဲထားခြင်းမှာ သမ္မတကြီးသည် ဗိုလ်ချုပ်အောင်ဆန်းအား လေးစားသူဟူသော နောက်ထပ် လက္ခဏာတစ်ခု ဖြစ်ကြောင်း Horsey က ဆိုသည်။

(၃) အင်းစိန်ထောင် ခရီးစဉ်

                ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tomas Ojea Quintana သည် နိုင်ငံရေး အကျဉ်းသားများနှင့် စကားပြောဆိုနိုင်ရန် အတွက် ရန်ကုန်၏ နာမည်အပျက်ဆုံး အင်းစိန်ထောင်သို့ သွားရောက်ခွင့် ရခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။

(၄) ခပ်ပါးပါး လွတ်လပ်ခွင့် ရလာတဲ့ မီဒီယာ

                အစိုးရဆင်ဆာက ခွင့်လွှတ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့် True News ဂျာနယ်က လတ်တလော မျက်နှာဖုံးသတင်း တစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလို့ မှားယွင်းဖော်ပြခဲ့တာကို သတိပေးရုံသာ ပြုလုပ်ခဲ့သည်။ ဂျာနယ်စာစောင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းစကားတွေကို ဖော်ပြလို့ မရနိုင်သေးပေမယ့် သူမရဲ့ ဓာတ်ပုံတွေကိုတော့ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ရနေကြသည်။

(၅) ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ အကြီးအကဲ ရွေးချယ်မှု

                သမ္မတရဲ့ အကြံပေး အဖွဲ့ထဲက ပညာရှင်တွေ များစွာထဲမှာ ဦးမြင့် ကတော့ အများလေးစားကြတဲ့ စီးပွားရေး ပညာရှင် ဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

မကောင်းသော သတင်းများ

(၁) သမ္မတသစ်

                သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်သေးရုပ်သာဖြစ်၍ သူ၏ ရပ်တည် ရှင်သန်မှုကို ဆွဲဆန့်ရန်နှင့် တပ်မတော် အပေါ် ဖိအား လျော့စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဟန်ဆောင် လိမ်ညာ ပူးပေါင်း ပြနေသည်ဟု အချို့သော ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။ “တောင် အာဖရိက ရဲ့ FW de Klerk နဲ့တူတဲ့ ခေါင်းဆောင်မျိုးကို မြန်မာ တပ်မတော် ခေါင်းဆောင်တွေထဲမှာ ရှာတဲ့ ကိစ္စဟာ လမိုက်ည သန်းခေါင်ယံမှာ ကောက်ရိုးပုံထဲ အပ်ရှာရ သလိုပါပဲ” ဟု London School of Economics and Political Science မှ သုတေသန လေ့လာသူ မောင်ဇာနည်က ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

(၂) အင်းစိန်ထောင်

                အင်းစိန်ထောင်တွင်း အခြေအနေသည် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ အမှု စစ်ကြောသူများက ထိန်းသိမ်းခံ အကျဉ်းသားများကို စားမရ၊ အိပ်မရအောင် ပြုလုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ် အစိတ်အပိုင်းများကို မီးဖြင့် တို့ခြင်း တို့ဖြင့် ဖြောင့်ချက်ရအောင် ပြုလုပ်လျက် ရှိသည်ဟု ကုလ ကိုယ်စားလှယ် Quintana က အစီရင်ခံထားသည်။ သံဃာတော် ၂၂၅ ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို အစိုးရက ဖမ်းဆီး အကျဉ်းချထားကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထုတ်ဖော် ပြောဆိုထားသည်။

(၃) NLD ပါတီကို ဆက်လက် နှိပ်ကွပ်

                ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးအောင်လှမြင့်သည် မြန်မာပြည် အလယ်ပိုင်း ယင်း နေထိုင်ရာ ဇာတိမြို့မှထွက်ခွာ၍ ခရီးသွားခြင်းကြောင့် လတ်တလော ထောင်ဒဏ် ၁၆ လ ချမှတ်ခြင်း ခံခဲ့ရသည်။

(၄) အရှိန်မြင့်လာသည့် ပြည်တွင်း စစ်ပွဲများ

                မြန်မာ့ တပ်မတော်က ဆောင်ရွက်နေသော သောင်းကျန်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးများကြောင့် ယခုနှစ်အတွင်း ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ် များမှ ဒေသခံ တောသူတောင်သား ၅၀၀၀ ခန့် အိုးပစ်၊ အိမ်ပစ်၊ အိမ်မဲ့၊ ယာမဲ့ ဒုက္ခသည်များ ဖြစ်နေသည်ဟု Human Right Watch က အထောက် အထား ခိုင်လုံစွာ စွပ်စွဲထားသည်။ တစ်ခါတစ်ရံ မိုင်းကွင်းကို အတင်းဖြတ်လျှောက် ခိုင်းခြင်း ခံရသော အကျဉ်းသား ပေါ်တာ များအပေါ် မြန်မာ့ တပ်မတော်၏ နှိပ်စက်မှုများသည် စစ်ရာဇဝတ်မှုနှင့် အကြုံးဝင်သည်ဟု နယူးရောက် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ယုံကြည်လျက် ရှိသည်။

(၅) ထိန်းမရ သိမ်းမရ ဖြစ်သွားတဲ့ ကျပ်ငွေ

                အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးတက်သွားခြင်းကြောင့် ပို့ကုန်သမားများနှင့် တောင်သူ လယ်သမားများ အထိနာသွားကြသည်။ စီးပွားရေးအခြေအနေ ဆိုးဝါးကာ ဆင်းရဲတွင်းနက်မှုက ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်များတွင် ပြည်လုံးကျွတ် ဆန္ဒ ပြပွဲများ ဖြစ်ပေါ်စေခဲ့သလို ယခုလည်း နောက်ထပ် ဖြစ်ပွားလာမည့် အခြေအနေတစ်ခု ရှိနေသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများကို အမှန်တကယ် မောင်းနှင် နေသော အချက်မှာ တော်လှန်အုံကြွမှုကို ကြောက်ရွံ့ခြင်းသာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲလိုသော စိတ်ရင်းဆန္ဒမှန် မဟုတ်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုကြသည်။ အမှန်တကယ်တွင်လည်း မူဘာရတ်နှင့် ကဒါဖီတို့၏ လတ်တလော ဖြစ်ရပ်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား သန်းခေါင်ကျော် ထထိုင် ဇောချွေးပြန်စေလျက် ရှိသည်ဟု ယုံကြည်ရပေသည်။

******************************************************************

တရုတ်နှင့် အိန္ဒိယ စစ်သင်္ဘောများ ဗီယက်နမ်အထွက်တွင် ရင်ဆိုင်မိဟုဆို

(AFP ၏ 1 Sept 2011 ရက်စွဲပါ “China confronted India warships off Vietnam: Report” ကို ဘာသာ ပြန်ဆိုသည်)

တရုတ်စစ်သင်္ဘောသည် ဗီယက်နမ်ရေပြင်မှ ထွက်ခွာလာသော အိန္ဒိယရေတပ်သင်္ဘောများအား ရင်ဆိုင်၍ မည်သည့်သင်္ဘောဖြစ်ကြောင်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း Financial Times က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက် သတင်းစာက ဖော်ပြရာတွင် ထိုအဖြစ်အပျက်ကို သိရှိနေသူ ငါးဦးက ပြောကြားရာ၌ အိန္ဒိယ၏ ကုန်းပေါ်တွင်ရော ရေထဲမှာ ပါ သွားနိုင်သော တိုက်ခိုက်ရေး ရေယာဉ် INS Airavat က ဗီယက်နမ်မှ ထွက်ခွာလာပြီး မကြာမီနိုင်ငံတကာရေပြင်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည် ဟု ဆို သည်။

ဒေလီကလည်း အဆိုပါသင်္ဘောနှင့် အဆက်အသွယ်ပြုခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သော်လည်း ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့သည် ဆိုခြင်း ကိုမူ ငြင်းဆိုခဲ့သည်။

ဇူလိုင်လ (၂၂) ရက်နေ့က ဗီယက်နမ်၏ Nha Trang ဆိပ်ကမ်းမှထွက်ခွာလာပြီး ရေမိုင် ၄၅ မိုင် အရောက်တွင် ရေဒီယိုမှ “တရုတ်ရေတပ်” ဟု ဆိုသူတစ်ဦးက မေးမြန်းခဲ့ကြောင်း အိန္ဒိယအစိုးရကြေညာချက်တွင် ဖော်ပြခဲ့သည်။ “ခင်ဗျားတို့ တရုတ်ရေပိုင်နက်ထဲကို ဝင်ရောက်နေပါတယ်” ဟု ရေဒီယိုမှ ခေါ်နေသူက ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အိန္ဒိယသင်္ဘောအနေဖြင့် မည်သည့်သင်္ဘော၊ မည်သည့်လေယာဉ်မျှ မမြင်တွေ့ခဲ့ရ ကြောင်း၊ စီစဉ်ထားသည့်အတိုင်း ခရီးဆက်နိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“အိန္ဒိယအနေနဲ့ တောင်တရုတ်ပင်လယ်အပါအဝင် နိုင်ငံတကာရေပြင်တွင် လွတ်လပ်စွာ သွားလာခွင့်ကို ထောက်ခံပါတယ်၊ လက်ခံထားတဲ့ နိုင်ငံတကာဥပဒေရဲ့ စည်းမျဉ်းများနဲ့အညီ ဖြတ်သန်းသွားလာခွင့်ကိုလည်း ထောက်ခံပါ တယ်။ ဒါတွေကို အားလုံးက လေးစားသင့်ပါတယ်” ဟု ဒေလီက ဆိုသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တစ်ခုပြီးတစ်ခု လုပ်ဆောင်လာမှုများသည် ဒေသတွင်း အိမ်နီးချင်းများ အထူးသဖြင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကို စိတ်မသက်မသာဖြစ်စေသည်။ တရုတ်ကမူ တောင်တရုတ်ပင်လယ်တစ်ခုလုံး သည် ယင်း၏ အချုပ်အခြာပိုင်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ တောင်တရုတ်ပင်လယ်သည် တစ်ကမ္ဘာလုံးက ကုန်သွယ်မှု အတွက် သွားနေသောလမ်းကြောင်း ဖြစ်သည်။ ရေနံများကြွယ်ဝသော စပရတ်လေ ကျွန်းများကို ပိုင်ဆိုင်ကြောင်း တရုတ်က ဆိုနေသော်လည်း ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်းနှင့် မလေးရှားတို့ကလည်း တောင်းဆိုထားကြသည်။

ဗီယက်နမ်နှင့် တရုတ်တို့သည့် မြောက်ပိုင်းပိုကျသော ပါရာစဲလ်ကျွန်းများကိစ္စကို သီးခြားအငြင်းပွားနေသည်မှာ ကာလကြာပြီဖြစ်သည်။

အိန္ဒိယရေတပ်သင်္ဘော INS Aviravat သည် ဗီယက်နမ်တောင်ပိုင်း ဗဟိုဒေသရှိ Nha Trang နှင့် မြောက်ပိုင်းရှိ Haiphong ဆိပ်ကမ်းများသို့ ဇူလိုင်လ ဒုတိယလဝက်တွင် သွားရောက်လည်ပတ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မရရှိကြောင်း ဆိုသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ဆိုခွင့်ရပုဂ္ဂိုလ်က ယင်းသည် ကာကွယ်ရေးဝန်ကြီးဌာနသို့ စုံစမ်းမေးမြန်း ထားသော်လည်း ပြန်ကြားချက် တစ်စုံတစ်ရာ မရရှိ သေးဟု ပြောသည်။

အဆိုပါအဖြစ်အပျက်ကို သိရှိသူက AFP သို့ ပြောကြားရာတွင် ထိုကိစ္စသည် တရုတ်လုပ်ဆောင်နေကျ လုပ်ရပ် ဖြစ်ကြောင်း၊ ဤနယ်မြေသည် ယင်းတို့၏ နယ်မြေဖြစ်ပြီး ယင်းတို့၏ အချုပ်အခြာပိုင်နက်အတွင်း ‘ဘာလာလုပ်သလဲ’ ဟု ရန်စခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လများအတွင်းက ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့က ယင်းတို့၏ ငါးဖမ်းသမားနှင့် ရေနံရှာဖွေရေးရေယာဉ် များကို တောင်တရုတ် ပင်လယ်တွင် တရုတ်က နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း ကန့်ကွက်မှုများ ပြုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့သည့် ဇူလိုင်လက ထိုရေပြင်တွင် ရန်လိုမှုအား ကန့်ကွက်ခဲ့သည်။ ၎င်းရေပြင်တွင် လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ပင်တဂွန်က သတင်းထုတ်ပြန်ရာတွင် တရုတ်သည် ရေတပ်အင်အားတိုးချဲ့မှုကို အာရုံပြုနေကြောင်း၊ တောင်တရုတ် ပင်လယ်ရှိ မဟာဗျူဟာကျသော သင်္ဘောလမ်းကြောင်းနှင့် သတ္တုကြွယ်ဝသော ထိုဒေသကို လွှမ်းမိုးရန်ဖြစ်ကြောင်း ဆိုသည်။

တရုတ်ခေါင်းဆောင်များကမူ ယင်းတို့၏ စစ်တပ်ခေတ်မီရေး လုပ်ဆောင်မှုများသည် မိမိကိုယ်မိမိ ကာကွယ်ရေး အတွက်သာ ရည်ရွယ်ကြောင်း ပြောဆိုခဲ့ကြသည်။

****************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment